ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသည် တျန်ကုံးနယ်မြေတွင်တည်ရှိပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ နှစ်ပေါင်းများစွာ ကြာရှည်သော စစ်ပွဲများကြောင့် တျန်ကုံးနယ်မြေသည် ဆိုးဝါးလှသော အခြေအနေသို့ ရောက်ရှိနေသည်။ မှော်တိုက်ပွဲများကြောင့် မြေပြင်သည် ချိုင့်ခွက်ကြီးများဖြင့် ဇကာပေါက်သဖွယ်ဖြစ်ကာ မန္တန်အစီအရင်များ ပေါက်ကွဲခြင်းကြောင့် ထိုဒေသ၏ စိတ်စွမ်းအားများမှာလည်း ဖရိုဖရဲဖြစ်ကုန်လေသည်။ နေရာတစ်ခုလုံးမှာ အလွန်အန္တရာယ်ရှိသော နေရာဖြစ်သွားလေသည်။
စောစောပိုင်းက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသည် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အသာစီး အနိုင်ရလျက်ရှိပြီး ဂိုဏ်း၏ တစ်ဝက်ကျော်ထိ သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ မဟာမိတ်ဖြစ်သွားသောကြောင့် စစ်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းထဲ၌ အတွင်းပိုင်းပြဿနာများ လှိုက်စားလာခဲ့ သည်။
အထူးသဖြင့် တချိန်က ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအပိုင် ဖြစ်ခဲ့သော ဒေသများတွင် ပိုဆိုးသည်။ ဂိုဏ်းတစ်ခုလုံး၏ ပျက်စီးလုဆဲဆဲအခြေအနေကြောင့် သူတို့သည် ဘက်ပြောင်းခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုမူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ အရံ အဖွဲ့ဝင် ဖြစ်ရန် မျှော်လင့်ကာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ဆန့်ကျင်လာကြသည်။
တောင်ထိပ်များစွာသည် ပြိုကျပျက်စီးလျက်ရှိသည်။ မြစ်ချောင်းများမှာလည်း ကမ္ဘာ့မြေမျက်နှာပြင်မှ ပျောက်ကွယ်သွားကြသည်။ တောင်စဥ်တန်းတစ်ခုလုံးမှာလည်း မရှိတော့ပေ။ မရေမတွက်နိုင်သော ကျင့်ကြံသူများအပြင် မျိုးနွယ်စုများပါ ရုပ်အလောင်းဘဝရောက်သွားကြပြီး အရိုးများသည် မီးခိုးငွေ့တလူလူထွက်နေသည့် စစ်မြေပြင်တွင် ပြန့်ကျဲလျက်ရှိသည်။
ကောင်းကင်မှာပင် စစ်ပွဲအကျိုးဆက်ကြောင့် မီးခိုးများ၊ ပြာများ ပြည့်ကြပ်နေပေသည်။ ထို့နောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ ရောက်ရှိလာကြရာ ကောင်းကင်တွင် သွေးတိမ်များ၊ တောက်ပနေသည့် အဖြူရောင် အလင်းတန်းများ ပြည့်သွားလေသည်။ ထိုဂိုဏ်းများသည် မဟာမိတ်ဖွဲ့ကာ ပေါင်းစည်းခြင်း၏ အစောပိုင်းအဆင့်တွင် ရှိသေးရာ ပိုင်ရှောင်ချန်းက ဆက်သွယ်ပေးထားသည့်တိုင် ပေါင်းစည်းရာတွင် ခက်ခဲနေဆဲဖြစ်သည်။ ဂိုဏ်းနှစ်ခုမှာ နှစ်အတော်ကြာ ရန်သူများဖြစ်ခဲ့ကြရကား သူတို့ကြားမှ မယုံကြည်နိုင်မှုများသည် ကြီးမားပြင်းထန်နေဆဲဖြစ်သည်။
ဤစစ်ပွဲသာ မပေါ်ပေါက်ခဲ့ပါက ဂိုဏ်းနှစ်ခု ပေါင်းစည်းခြင်းသည် ဟာသတစ်ခုထက်ပိုခဲ့မည် မဟုတ်ပေ။ နောက်ဆုံးတွင် အားလုံး ပျက်စီးဆုံးရှုံးသွားနိုင်သည်။ သို့သော် ဤစစ်ပွဲကြောင့် သူတို့သည် အမှန်တကယ် စည်းလုံးညီညွတ်သွားနိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။
ဘုံရန်သူတစ်ဦးတည်းကို အတူတကွ တိုက်ခိုက်ရခြင်းသည် နှစ်ဖက်ဂိုဏ်းသားများကို ဖြည်းဖြည်းချင်း ရင်းနှီးလာစေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ ပူးပေါင်းတိုက်ခိုက်ခြင်းအတွက် အမှန်တကယ်ပင် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ ဖြစ်ပျက်နေသည်များမှာ အမှန်ပင် အိပ်မက်ဆိုးကြီး ဖြစ်လေသည်။ သိမ်းပိုက်ထားသည်မှာ မကြာသေးသော ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း အဖွဲ့များနှင့် ပြဿနာမရှင်းရသေးမီမှာပင် ရန်သူနှစ်ယောက်က ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ နောက်ကျောကို ဓါးဖြင့် ထိုးစိုက်သည့်အလား ရောက်ရှိလာခြင်းဖြစ်သည်။
လအနည်းငယ်အတွင်းမှာပင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ ကြီးမားသော ဆုံးရှုံးမှုများ ရှိနေပြီ ဖြစ်သည်။ တျန်ကုံးနယ်မြေ၏ ၆၀ရာခိုင်နှုန်းကျော်ကျော်မှာ သိမ်းပိုက်ခံလိုက်ပြီ ဖြစ်ကာ ဌာနချုပ်ဘုံကျောင်း ၁၇မှာလည်း သိမ်းပိုက်ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
ဂိုဏ်းအများစုနှင့် မတူသည်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတွင် ဌာနချုပ်မှာ တစ်ခုတည်း မရှိခြင်းဖြစ်သည်။ သူတို့တွင် စုစုပေါင်း၂၈ခုရှိပြီး တျန်ကုံးဒေသတစ်ခုလုံးတွင် ကွန်ယက်သဖွယ် ဖြန့်ကျက်ထားသည်။ ထိုနည်းဖြင့် ဒေသတစ်လျှောက် သူတို့၏ အာဏာစက်ကို ထိန်းသိမ်းထားခြင်းဖြစ်သည်။
အစောပိုင်း ထိုးဖောက်ဝင်ရောက်ခြင်းမှာ ယခု ပြီးဆုံးသွားပြီ ဖြစ်ပြီး ဒေသတစ်ခုလုံးတွင် နေ့တိုင်းပင် အသေးစားတိုက်ပွဲများ ဆင်နွှဲနေရသည်။ ဘုန်းခနဲ ပေါက်ကွဲသံများသည် နေရာတိုင်းမှ ထွက်ပေါ်နေကာ မြေပြင်မှာလည်း ပြင်းထန်စွာ တုန်ခါလျက်ရှိသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရသောကြောင့် ခုခံရန် အနိုင်နိုင်ဖြစ်နေသည်။ သူတို့၏ အမျိုးမျိုးသော ဌာနချုပ် ဘုံကျောင်းများတွင် ပုန်းအောင်းကာ နောက်ဆုံးခံတပ်အဖြစ်နေရသည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် လက်ရွေးစင်တစ်ယောက်ပြီး တစ်ယောက် အဖိုးမဖြတ်နိုင်သော စစ်ပွဲ အတွေ့အကြုံများကို ရရှိခဲ့ကြသည်။ စစ်လက်နက်အဖြစ် ချွန်မြနေအောင် သွေးထားသော ဓါးရှည်များနှင့်ပင် ဆင်တူသည်။
ဝိညာဥ်စွယ်၊ ရှန်ကွမ်းထျန်ယုံ၊ ကျိုးရှင်းချီ၊ ကုန်းစွန်းယွင်၊ ဟိုယွင်ဖေး…လုထျန်လဲ့၊ စုန့်ချွဲ၊ ရွှီရှောင်ရှန်း၊ ကျားလဲ့၊ နတ်ဆရာနှင့် အခြားမြောက်မြားစွာသော ကျင့်ကြံသူများသည် စစ်မြေပြင်တွင် နာမည်ရအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
ရွှယ်မေ့သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် တိုက်ပွဲတွင် မပါဝင်ခဲ့သော်လည်း တျန်ကုံးဒေသတွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် အထွတ်အထိပ်တွင် ရောက်ရှိနေရာ သူမတွင် ကမ္ဘာကြီးကိုပင် လှုပ်ခါနိုင်သည့် စွမ်းအားရှိလေသည်။
စစ်မြေပြင်တွင် ရန်သူများစွာကို သတ်ဖြတ်ကာ မထင်မှတ်ထားလောက်သည့် နာမည်ရရှိသွားသူ အခြားတစ်ယောက်လည်း ရှိသေးသည်။ ဂိုဏ်းထဲမှ အခြားလူများပင် သူမကို ကြောက်လန့်လာရသည်။ သူမကား ကုန်းစွန်းဝမ်အာမှ လွဲ၍ အခြားမဟုတ်ပေ။
သူမနှင့် အဆင့်တူသည့် ကျင့်ကြံသူတစ်ယောက်မှ သူမကို တိုက်ပွဲတွင် အနိုင်မတိုက်နိုင်ပေ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းစောင့်အကြီးအကဲများနှင့် တိုက်ပွဲအချို့၌ပင် သူမက အနိုင်ရခဲ့ရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှစ်ခုလုံးကို မှင်သက်မိသွားစေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ နာမည်ထွက်လာသော လက်ရွေးစင်များလည်း ရှိသည်။ ကျုံးတာအိုမှာ ထိုထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်များက မြေခဓါးချောက်ထဲတွင် ရှိစဥ်ကထက်ပို၍ ရင့်ကျက်လာခဲ့သည်။ ခါးသီးလှသော တိုက်ပွဲဖြစ်သောကြောင့် သူ့နာမည်မှာ အခြား ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများအတွက် လှုံ့ဆော်မှုတစ်ရပ်ဖြစ်ခဲ့သည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လက်ရွေးစင်များမှာလည်း အလားတူပင် ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ ကမ္ဘာဦးဆေးတာအိုသစ်စေ့မန္တန် ကို ကျင့်ကြံသည့် လင်းမူဖြစ်သည်။ သူသည် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီး ကောင်းကင်ကိုးသွယ် က တပည့်အဖြစ် လက်ခံပေးထားပြီ ဖြစ်သည်။
သူနှင့် ကျုံးတာအိုတို့သည် မြင်သူတိုင်းကို မူးမေ့သွားစေသည့် တိုက်ပွဲစွမ်းရည်များ ပိုင်ဆိုင်ထားကြသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ တောက်ပနေသော ကြယ်ပွင့်များပင်ဖြစ်သည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လက်ကျန်များထဲတွင် ချင်းမေ့ယွမ် ဟု အမည်တွင်သော မိန်းမပျိုတစ်ယောက်ရှိပြီး သူ၏ အဆိပ်စွမ်းရည်မှာ ကွယ်လွန်ပြီး ဖန်းလင်ထက်ပင် သာလွန်ကာ ပုံရိပ်ယောင်စွမ်းရည်များတွင်လည်း ကျောက်ရုန် ကိုပင် ကျော်လွန်နေခဲ့သည်။ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်နှင့် တိုက်ပွဲတွင် အချိန်ဆွဲထားနိုင်ခဲ့သည့်အပြင် စစ်မြေပြင်တွင် ဂိုဏ်းအတွက် အခြားတာဝန်ကြီးများကိုလည်း ထမ်းဆောင်ပေးခဲ့သည်။
လက်ရွေးစင်များသည် ညကောင်းကင်တွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်များအလား ဖြစ်ကာ တစ်ယောက်ချင်းစီသည် တိုက်ပွဲတွင် တောက်ပနေကြသည်။ သို့ရာတွင် ယခုမှ စစ်မြေပြင်ဆီသို့ တည်နေရာ ရွှေ့ပြောင်းကာ ရောက်ရှိလာသော ကြယ်တစ်ပွင့်လည်းရှိသည်။
အားလုံးသည် သူ့နာမည်ကို သိပြီးဖြစ်ကြသည်။ ထိုအမည်မှာ မမေ့နိုင်လောက်သော၊ သတိမထားမိဘဲ မနေနိုင်လောက်သည့် နာမည်မျိုးဖြစ်သည်။ ထိုသူမှာ ပိုင်ရှောင်ချန်းမှတပါး အခြားမဟုတ်ပေ။
တိုက်ပွဲတွင် ကိုယ်တိုင် လူလုံးထွက်မပြရသေးသည့်တိုင်၊ တိုက်ပွဲတွင် ပြောင်မြောက်စွာ တိုက်ခိုက်ခြင်းမပြုရသေးသည့်တိုင်၊ ရန်သူအများအပြားကို သတ်ကာ သွေးချောင်းစီးစေခြင်းမရှိသေးသည့်တိုင် သူသည် နှိုင်းယှဥ်၍ မရနိုင်သည့် တောက်ပနေသော ကြယ်တစ်ပွင့်ဖြစ်သည်။ သူ၏ အောင်မြင်မှုများမှာ ကြားရသူတိုင်းကို တုန်လှုပ်သွားစေသည် အထိဖြစ်သည်။
အလယ်တောင်ထိပ်သွေးသခင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သွေးကိုယ်တော်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူနှင့် ခေါင်းဆောင်ငယ်…
သူသည် ဂိုဏ်းနှစ်ခုကြားရှိ စစ်ပွဲကြီးကို လက်တစ်ဖက်တည်းလှုပ်ရှားကာ တားဆီးခဲ့သူဖြစ်သည်။ သူတစ်ယောက်တည်းက ထိုဂိုဏ်းနှစ်ခုကို ဆက်သွယ်ပေးကာ ပူးပေါင်းရန် ဖြောင်းဖြပေးခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ဖျက်ဆီးပစ်မည့် စစ်ပွဲကို စတင်ခဲ့သူမှာလည်း သူပင်ဖြစ်သည်။
လူတိုင်းက သူ့အကြောင်းကို ကြားဖူးကြကာ သူသည် အခြားလက်ရွေးစင်များထက် အမြင့်တစ်နေရာတွင် ရှိနေသူဖြစ်သည်။ အခြား လက်ရွေးစင်များက နာမည်ရရန် ကြိုးစားနေဆဲအချိန်တွင် သူက နာမည်ကြီးနေပြီးသားဖြစ်သည်။ သူ၏ လက်တစ်ချက် ဝှေ့လိုက်ခြင်းသည် စစ်ပွဲအခြေအနေကို ပြောင်းပြန်လှန်သွားစေနိုင်သည်။
သူ့အကြောင်းကို ကြားရသူတိုင်း တုန်လှုပ်ကြရသည်။ ကျုံးတာအိုသည် ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးကာ ပိုင်ရှောင်ချန်းအပေါ် ထားရှိသော သူ၏ အမုန်းအာဃာတမှာ ပို၍ တောက်လောင်လာသည်။ လင်းမူသည်လည်း သတင်းများကို ကြားပြီးနောက် ရက်အတန်ကြာ ဂူပိတ်တရားကျင့်သွားသည်။ ထွက်လာသောအခါ သူက ပိုင်ရှောင်ချန်းအတွက် အံ့ဩဖွယ်တစ်ခု ပြင်ဆင်လာခဲ့သည်ဟု ပြောလေသည်။
ပိုင်ရှောင်ချန်းသည် စစ်မြေပြင်သို့ ယခုထိ ရောက်မလာသေးသော်လည်း သူ၏နာမည်သည် စစ်မြေပြင်ရှိ လူတိုင်း၏ နားထဲတွင် ကျယ်လောင်ပြတ်သားစွာ ကြားနေရဆဲဖြစ်သည်။ တျန်ကုံးဒေသနယ်စပ်တစ်နေရာ၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ သိမ်းပိုက်ထားပြီးသော နေရာ၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဌာနချုပ်ဘုံကျောင်းဟောင်းတစ်ခုထဲတွင်၊ တောက်ပနေသည့် တည်နေရာရွှေ့ပြောင်းခြင်း အလင်းရောင်က ကောင်းကင်တွင် ထွက်ပေါ် လာသည်။
တည်နေရာရွှေ့ပြောင်းသည့် နေရာဘေးမှ တာဝန်ကျ ကျင့်ကြံသူများသည် ထိုအလင်းရောင်ကို သတိကြီးကြီးထား၍ စောင့်ကြည့်ကာ လူမှားထွက်လာလျှင် ချက်ချင်းတိုက်ခိုက်နိုင်ရန် အဆင်သင့်ပြင်ထားလေသည်။
ထိုအုပ်စုထဲတွင် ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့ ရှိလေသည်။ ထိုသုံးယောက်သည် အခြားကျင့်ကြံသူများနှင့် ကွဲထွက်ကာ သီးခြားစုဝေးနေသည်ကို ထောက်လျှင် သူတို့က ပို၍အဆင့်မြင့်သည်မှာ သိသာလှသည်။ သူတို့၏ ကျင့်ကြံခြင်း အခြေခံအဆင့်များအရလည်းကောင်း၊ သူတို့၏ နာမည်ကျော်ကြားမှုကြောင့်လည်းကောင်း သူတို့သည် တိုက်ပွဲရှေ့တန်းတွင် ရှိနေသင့်သူများဖြစ်သည်။ သို့သော် တိုက်ပွဲတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီးနောက် သူတို့သုံးယောက်ကို ဤနေရာသို့ ပြန်လည် တာဝန်ချပေးလိုက်သည်။
သူတို့အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် အမှန်တကယ် စိတ်မကြည်ကြပေ။ ပေဟန်လဲ့သည်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို သဘောမကျသည့် အပြင် နတ်ဆရာနှင့် ကျားလဲ့မှာလည်း နှစ်ယောက်ကြားတွင် ပြိုင်ဆိုင်မှုများ အနည်းငယ်ရှိနေသည်။ ထိုကဲ့သို့ အခြေအနေများမှာ ရှေ့တန်းတွင် အနေကြာသူများ၌ ဖြစ်နေကျဖြစ်သည်။
တည်နေရာရွှေ့ပြောင်းသည့် အလင်းရောင် ပိုပြင်းထန်လာသည်နှင့်အမျှ ထိုသုံးယောက်၏ မျက်လုံးများမှာလည်း ပိုမိုတောက်ပလာသည်။ နတ်ဆရာသည် နတ်ဘုရားအာရုံပညာရပ်တစ်ခုကို လုပ်ဆောင်နေပြီဖြစ်သည်။ ပေဟန်လဲ့၏ မျက်လုံးများမှ အေးစက်သော အလင်းရောင်များ ဖြာထွက်နေပြီး ကျားလဲ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားပြီး အခြေခိုင်မာခြင်းအဆင့်မဟာစက်ဝိုင်းအငွေ့အသက်များ ထွက်ပေါ် လာသည်။ အတော်ပင် ထိခိုက်ထားသော်လည်း အံ့ဩဖွယ် စွမ်းအားများ ထုတ်နိုင်ဆဲဖြစ်သည်။
ဤနေရာသို့ မကြာခဏ တည်နေရာရွှေ့ပြောင်းလာသူများရှိနေသော်လည်း စောင့်ကြပ်သည့် ကျင့်ကြံသူများမှာ ဤကဲ့သို့ တုန့်ပြန်မြဲဖြစ်သည်။ လွန်ခဲ့သောတစ်လက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတစ်စုသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပိုင်နက်အလယ်သို့ တည်နေရာ ရွှေ့ပြောင်းလာကာ ရုတ်တရာက် တိုက်ခိုက်ခဲ့ဖူးသည်။
အလင်းရောင် တဖြည်းဖြည်းမှိန်သွားသည်တွင် တည်နေရာရွှေ့ပြောင်းရောက်ရှိလာသူမှာ တစ်ယောက်တည်းဖြစ်ကြောင်း သတိထားမိသွားသည်။ သူ၏ အစိတ်အပိုင်းများ ထင်ရှားလာသည်နှင့်တပြိုင်နက် ပတ်ပတ်လည်မှ ကျင့်ကြံသူများ မျက်လုံးပြူးသွားကြသည်။
” ဂိုဏ်းတူဦးလေးပိုင် ”
” သွေးသခင်ညမုဆိုး ”
အားလုံးသည် အံ့ဩကာ အော်ဟစ်လိုက်ကြသည်။ ကျားလဲ့သည် တုန်လှုပ်စပြုလာကာ နတ်ဆရာသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပေဟန်လဲ့မှာမူ အေးစက်စက်ဖြင့် ဟွန့်ခနဲအသံထွက်လာသည်။
ရုပ်လုံးပေါ်လာပြီးနောက် ပိုင်ရှောင်ချန်းသည် တည်နေရာရွှေ့ပြောင်းရာနေရာမှ ထွက်ကာ နှုတ်ဆက်နေကြသော ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများကို လှည့်ပတ်ကြည့်လိုက်သည်။
“ဂါရဝပြုပါတယ်။ခေါင်းဆောင်ငယ် ”
“ဂါရဝပြုပါတယ် သွေးကိုယ်တော် ”
အစပိုင်းတွင် ပိုင်ရှောင်ချန်းသည် ပူပန်နေဟန်ရှိသည်။ သွေးရောင်ကောင်းကင်ကြီးကို မော့ကြည့်ကာ ရှူသွင်းလိုက်သည်တွင် လေထဲမှ သွေးညှီနံ့များကို သတိထားမိသွားပြီး သူသည် အမှန်တကယ်ပင် စစ်မြေပြင်သို့ ရောက်ရှိလာသည်မှာ သေချာသွားလေသည်။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။ အချိန်အတော်ကြာသွားပြီး နောက်ဆုံးတွင် အိပ်မက်ဆိုးတစ်ခုမှ ရုန်းထွက်နိုင်ခဲ့သည့်အလား တစ်ဖန်ပြန်၍ လွတ်လပ်မှုကို ခံစားလိုက်ရသည်။
အသက်ကို ပြင်းပြင်းရှူသွင်းကာ လေးနက်သော အမူအရာကို မျက်နှာတွင် တပ်ဆင်ကာ လျှပ်စီးကဲ့သို့ လက်နေသော မျက်လုံးများဖြင့် ဘေးမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
“စစ်ပွဲက ဘယ်လို အခြေအနေရှိလဲ။” ဟု မေးလိုက်သည်။ သူသည် အင်အားအပြည့်နှင့် ဖြစ်ကာ ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် သူ့ကို ကြည့်နေကြသည်။ ထို့နောက် နောက်ဆုံးတိုက်ပွဲအခြေအနေများကို စတင်ပြောကြတော့သည်။
ပိုင်ရှောင်ချန်းသည် ပြောသမျှ နားထောင်ပြီးချိန်တွင် အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ ထိုအချိန်မှာပင် သူတို့ဆီသို့ အလင်းတန်းတစ်ခုက ရုတ်တရက် ဝင်လာသည်။ ထိုသူမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းစောင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် လာခဲ့ရာ မျက်စိတစ်မှိန်အတွင်းတွင် ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။ ပိုင်ရှောင်ချန်းသည် ယခင်ကလည်း ဤဂိုဏ်းစောင့်အကြီးအကဲကို မြင်ဖူးသည်။
“ခေါင်းဆောင်ကြီးတွေက အမိန့်ပါးလိုက်ပါတယ်။ ခေါင်းဆောင်ငယ် ပိုင်ရှောင်ချန်းက ကျင့်ကြံသူတစ်စုကို ဦးဆောင်ပြီး အရင်က သိမ်းပိုက်ပြီးဖြစ်တဲ့ နယ်မြေတွေကို ရှင်းလင်းရေးလုပ်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသစ္စာခံတွေကို သုတ်သင်ရမှာပါ။ ပေါ်ပေါက်လာနိုင်တဲ့ တခြားပြဿနာတွေကိုလည်း အချိန်မဖြုန်းသရွေ့ သင့်တော်သလို စီမံဆောင်ရွက်နိုင်ပါတယ်။”
ပိုင်ရှောင်ချန်းသည် သူ့ကို ရှေ့တန်းသို့မပို့ဘဲ အတော်လေး အန္တရာယ်ကင်းကာ လွယ်ကူသော တာဝန်မျိုးကို ပေးခြင်းဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားသည်။
သိမ်းပိုက်ပြီး နယ်မြေရှိ မျိုးနွယ်စုအများစုသည် ဖော်ရွေကြမည်ဖြစ်ကာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ လက်ကျန်သစ္စာခံများမှာမူ အားနည်းပြီး အရေးမကြီးလှပေ။ ဤတာဝန်သည် သူ့အတွက်သာ အထူးဖန်တီးပေးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
ပိုင်ရှောင်ချန်းသည် အလွန်ပင် ကျေးဇူးကြီးမားလှသည်ဟု ခံစားနေရသော်လည်း သူ၏ အမူအရာမှာ လေးနက်ကာ တရိုတသေ ပုံစံဖြစ်ပြီး မျက်လုံးမှာလည်း တောက်ပသော အလင်းများထွက်နေကာ ပြောလိုက်သည်။
” တာဝန်ကို မထမ်းဆောင်နိုင်တာ တောင်းပန်ပါတယ် “