အဘိုးအိုဖန်က ပင့်သက်ရှိုက်မိနေ၏။ သူ လုံးဝ ကြောက်မိနေသည်။ သူက ထိုအေးစိမ့်မှုကို ခံစားရချိန်တွင် သူ့နတ်ဘုရားအာရုံကိုပင် မဖြန့်ကျက်ဝံ့တော့ပေ။သို့သော်သူက ထိုအေးစိမ့်မှုနှင့် ရင်းနှီးပေသည်။
သူ ဒုတိယအကြိမ် ဤနေရာသို့ လာခဲ့တုန်းက သူတို့ကြုံခဲ့ရသည့် အရာတစ်ခုကြောင့် သူတို့ထဲမှ ကျင့်ကြံသူတစ်ဝက်ကျော် ပျောက်ကွယ်သွားခဲ့ရသည့် အကြောင်းရင်းကို အခုထိ မမေ့သေးပေ။ ထိုဆန်းကြယ်လှသောတည်ရှိမှု၏ ရှေ့တွင် သူတို့က သေမျိုးများကဲ့သို့ ဖြစ်နေကာ တစ်စက်လေးပင် မခုခံနိုင်ချေ။
ဝမ်လင်းအတွက်ကတော့ သူ့ တည်နေရာကြောင့် အခြေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ မည်သူကမျှ သူ့လို မမြင်နိုင်ပေ။
“သင်တို့ရဲ့ နတ်ဘုရားအာရုံကို မဖြန့်ကျက်မိစေဖို့ သတိထားပါ…” အရှင်ဟွေစုန်က နတ်ဘုရားအာရုံဖြင့် နောက်ဆုံး ဆို၏။ သူသည် ဘာမှ ထပ်မပြောတော့ပေ။ သူ့ခန္ဓာကိုယ်က မလှုပ်မယှက်ဖြစ်သွားပြီး သူ့မျက်လုံးကိုပါ မှိတ်ထား၏။
ဝမ်လင်း၏မျက်လုံးရှေ့၌ လူတိုင်း၏နောက်ကနေ လူတစ်ယောက်ပေါ်လာ၏။ ထိုသူက မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသည်။ သို့သော် သူ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ အဝတ်အစားအောက်တွင်ပင် ထင်းထင်းကြီး မြင်နေရသည်။ အသွေးအသားတို့ကိုပါ မြင်ရ၏။ ထိုသူ့ထံ၌ အမွှေးအမျှင်ဟူ၍မရှိ၊ သူ ဖြည်းဖြည်းချင်း လျှောက်နေရင်း သူ့မျက်လုံးတို့မှာ အသက်မဲ့နေသည်။
သူက မနှေးမမြန် လှမ်းလာ၏။ အချိန်အတန်ကြာပြီးမှ သူသည် နဂါး၏အလောင်းဘေးနား ရောက်လာခဲ့သည်။ သူက ဘာတစ်ခုကို မမြင်သည့်အလား။သို့သော် နဂါးအလောင်းခန္ဓာကိုယ်နား သူ ရောက်လာချိန်တွင် နဂါးသည် ချက်ခြင်းပင် သွေးအိုင်အဖြစ်သို့ ပြောင်းသွားသည်။ ထိုသွေးအိုင်က သည်လူ၏ခန္ဓာကိုယ်ထဲသို့ မထင်မှတ်စွာ ဝင်သွားသည်က ထူးဆန်းသည်။
မီးခိုးရောင်ဝတ်စုံနှင့်လူက ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်လျှောက်နေစဉ်မှာပင် သူ့မျက်လုံးက အသက်မဲ့နေဆဲ ဖြစ်သည်။
သူတို့ကြား၌သွန်းမူလည်း မလှုပ်မယှက် ရပ်နေသည်။သို့သော် သူက မျက်မှောင်ကြုတ်မိ၏။ သူသည် အေးစိမ့်မှုက နီးကပ်လာနေခြင်းအား ခံစားရသည်။ ထိုသူက သူ့ဘေးသို့ ဖြတ်သွားချိန်တွင် သူ့မျက်လုံးထဲတွင် အေးစိမ့်မှု ပေါ်လာသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ မီးခိုးရောင်လူက ရပ်တန့်သွားကာ သွန်းမူထံ ခေါင်းလှည့်လာသည်။
သူတို့က အကြည့်ချင်း ဆုံသည့်အခါ သွန်းမူ၏စိတ်သည် တုန်လှုပ်သည်။ သူ့စိတ်က ဗလာကျင်းကာ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။ သူ့ဦးခေါင်းထက်တွင်လည်း နေနှင့်လပေါ်လာကာ စတင် လှည့်ပတ်သည်။ ၎င်းတို့က နေနှင့်လပြန်လည်မွေးဖွားခြင်းစက်ဝန်းကဲ့သို့ ဝဲကတော့အဖြစ် ပြောင်းသည်။
နေနှင့်လပြန်လည်မွေးဖွားခြင်းစက်ဝန်းက သွန်းမူ၏ အနှစ်သာရ ဖြစ်၏။ သူ့မန္တာန်များကို ကိုယ်စားပြုသည့် စာလုံးတော်တော်များများ ဤစက်ဝန်းပေါ်တွင် ရှိသည်။
သို့ရာတွင် ဤအခိုက်၌ ဝမ်လင်း၏စိတ်ကို တုန်လှုပ်သွားစေသည့်အချက်က နေနှင့်လပြန်လည်မွေးဖွားခြင်းစက်ဝန်းဟာ ထူးဆန်းစွာဖြင့် မီးခိုးရောင်လူထံ ရွှေ့လျားသွားခြင်းပင်။ ၎င်းက တဖြည်းဖြည်း သွန်းမူခန္ဓာကိုယ်ကနေ ခွဲထွက်ကာ မီးခိုးရောင်လူနှင့် ပေါင်းစပ်သွားသည်။
ကောင်လေးသွန်းမူ၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုလည်း ပျောက်ကွယ်ကာ သေခြင်းက အစားဝင်သွားလေ၏။ သူ့ထံ၌ ရှင်သန်ခြင်းအသက်ဓာတ် တစိုးတစိပင် မကျန်ခဲ့ချေ။
ထို့နောက် မီးခိုးရောင်လူက လှည့်၍ ရှေ့သို့ ဆက်လျှောက်လာသည်။
သွန်းမူ၏အသက်မဲ့ခန္ဓာက ခြေကြွလာကာ ထိုသူ့နောက်သို့ ဖြည်းဖြည်းချင်း လိုက်လာ၏။
ထိုထူးဆန်းသောမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း မလှုပ်မယှက် ရပ်နေ၏။ သူမရှေ့ရှိ ချန်ထျန်ကျွင်းကလည်း အတူတူသာ။
မီးခိုးရောင်လူက လူတိုင်းကို ကျော်ကာ တိတ်တဆိတ် လျှောက်လာ၏။ ကောင်လေးသွန်းမူက သူ့နောက်ကနေ လိုက်ပါလာကာ သူ့အမွှေးအမျှင်များက မြေပြင်ထက်သို့ ကျွတ်ကျကုန်သည်။
အဝတ်အစားများအောက်ရှိ သူ့ခန္ဓာကိုယ်ဟာလည်း တဖြည်းဖြည်း အထင်းသားမြင်လာရသည်။
ဝမ်လင်းရှေ့သို့ မီးခိုးရောင်လူ ရောက်လာဖို့ သိပ်မကြာလိုက်ပါ။ ဝမ်လင်းက မလှုပ်မယှက် ရှိနေ၏။ မီးခိုးရောင်လူက မရပ်တန့်ဘဲ ဝမ်လင်းကို ကျော်သွား၏။သူ့နောက်တွင် ကောင်လေးသွန်းမူ လိုက်ပါသည်။ သူတို့နှစ်ယောက်သည် တဖြည်းဖြည်း အကွာအဝေးတစ်ခု၌ ပျောက်ကွယ်သွားကြ၏။
ပတ်ဝန်းကျင်ရှိ အေးစိမ့်မှုက ဖြည်းဖြည်းချင်း လွင့်ပါးသွားရင်း လုံးဝ ပျောက်ကွယ်သည်။
အရှင်ဟွေစုန်၏ခန္ဓာကိုယ်က တုန်ယင်နေကာ သူသည် အသက်ပြင်းပြင်း ရှုထုတ်မိ၏။ သူ့နှဖူးထက်တွင်ပင် ချွေးစေးပြန်နေကာ သူက သုတ်သည်။ သူ့နောက်ရှိ လူသုံးယောက်ကလည်း အခုမှ စိတ်သက်သာရာ ရတော့၏။ သို့သော် သူတို့မျက်လုံးထဲ၌ တုန်လှုပ်ခြင်း ပြည့်နှက်နေသည်။
ချန်ထျန်ကျွင်း၏ စိတ်မှာ တုန်ယင်နေကာ သူက ခပ်တိုးတိုး ဆိုသည်။ သူ…သူ “ဘယ်သူလဲ…”
အရှင်ဟွေစုန်၏မျက်လုံးထဲတွင်လည်း ကြောက်လန့်နေမှုတို့ ရှိနေဆဲသာ။သူက ခပ်ရှရှအသံဖြင့် ဖြေ၏။ “အတွေးမဲ့သူ…”
“အရှင်ဟွေစုန်…ဒီနေရာက ဘယ်လို ငရဲမျိုးလဲ…” အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အရှင်ဟွေစုန်ကို စူးရဲစွာကြည့်နေသည်။ သူမ၏အမူအရာက အတော်လေး ဆိုးနေ၏။ သူမသည် သွန်းမူဘေးတွင် ရှိခဲ့သူ ဖြစ်သည့်အတွက်ကြောင့် ဘာဖြစ်ခဲ့သည်ကို ကောင်းကောင်းကြီး တွေ့ကြုံလိုက်ရသည်။
“ရောင်းရင်းကျင့်ကြံသူသွန်းမူက ငါ အကြံပေးတာကိုမှ နားမထောင်ခဲ့တာ။ အား…”
အဘိုးအိုဖန်း၏ မျက်လုံးထဲတွင်လည်း အခုထိ ကြောက်လန့်နေဟန် ရှိနေဆဲ ဖြစ်သည်။သူက ခေါင်းယမ်းမိ၏။
“ဒါက ဘယ်နေရာလဲဆိုတာ ငါ မသိဘူး။ ငါ ဒီနေရာကို ခုနစ်ရောင်စုံနယ်မြေလို့ပဲ ခေါ်တာ။ ဒီမီးခိုးရောင်လူကိုတော့ အသိမဲ့သူ လို့ခေါ်တယ်…”
“ဒီခုနစ်ရောင်စုံနယ်မြေထဲမှာ အသိမဲ့သူတွေ အများကြီး မရှိဘူး။သူတို့ပေါ်လာခဲ့ရင် သင်တို့ နတ်ဘုရားအာရုံကို မဖြန့်ကျက်၊မလှုပ်ရှားဘူးဆိုရင် ဘာအန္တရာယ်မှ မရှိဘူး။ သင် လှုပ်ရှားမိရင်တော့ ရောင်းရင်းကျင့်ကြံသူ သွန်းမူလိုမျိုး အဆုံးသပ်သွားလိမ့်မယ်…”
အရှင်ဟွေစုန်က အလေးအနက်လေသံဖြင့် ပြောသည်။
ဝမ်လင်းက မတ်တပ် ရပ်၏။ သူက အရှင်ဟွေစုန်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “အစတုန်းက ဒီမှာ အသိမဲ့သူတွေ အများကြီး မရှိဘူးမလား။ ဒါပေမဲ့ သင် ရောက်လာခဲ့တဲ့နောက် သူတို့ဦးရေဟာ ပိုများလာတယ်…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက နှာခေါင်းရှုံ့၏။ သို့သော် သူမက ဘာမှတော့ မပြောပေ။
ချန်ထျန်းကျွင်း၏အမူအရာက သုန်မှုန်နေသည်။သူက အရှင်ဟွေစုန်ကို စူးစိုက်ကြည့်ကာ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူဟွေစုန်…သင် ဒီကို ရောက်ခဲ့တာ နှစ်ကြိမ် ရှိခဲ့ပြီ။ သင်က အကြိမ်တိုင်းမှာ လူအနည်းငယ်ကို အသိမဲ့သူအသစ်တွေအဖြစ် ထားခဲ့လား…”
အရှင်ဟွေစုန်၏ အမူအရာက ရုပ်စိုးနေ၏။ သူက အချိန်အတန်ကြာသည့်အထိ တိတ်ဆိတ်နေသည်။ထို့နောက် သူက ခေါင်းညိတ်ကာ ခါးသီးစွာ ပြောသည်။ “စောနက ပေါ်လာခဲ့တဲ့ မီးခိုးရောင်လူဟာ ပထမဆုံးအကြိမ် ငါနဲ့အတူလာခဲ့တဲ့ ငါ့မိတ်ဆွေပဲ။ သူဟာ အသိမဲ့သူတစ်ယောက် ခေါ်သွားတာ ခံခဲ့ရတယ်…”
ချန်ထျန်ကျွင်းက အေးစက်စက်နှာခေါင်းရှုံ့ကာ ပြောသည်။ “ဒီကိုလာခဲ့တာ ငါ့အမှားပဲ။ ငါ နှုတ်ထွက်တယ်…” ထိုသို့ ပြော၍ သူက နောက်လှည့်ကာ သူတို့ လာခဲ့သည့် နေရာသို့ ပြန်လှည့်သွားသည်။သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။
အရှင်ဟွေစုန်က သူ့ကို မတားပေ။ ချန်ထျန်ကျွင်း ထွက်သွားသည့်နောက် သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “ငါ လမ်းမပြဘဲ သူ ပြန်သွားနိုင်မှာ မဟုတ်ဘူး။ ငါတို့ သိပ်မကြာသေးဘဲ အသိမဲ့သူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ရောင်းရင်းကျင့်ကြံသူ လုနဲ့ကျောက်…ဒီခုနစ်ရောင်စုံနယ်မြေရဲ့ အတွင်းဘက်ခြမ်းနဲ့အပြင်ဘက်ခြမ်းကြားမှာ လှိုဏ်ဂူတစ်ခုရှိတာ ငါ သိထားတယ်…”
“သင်တို့နှစ်ယောက်လုံး ဒီလှိုဏ်ဂူရဲ့ ပိုင်ရှင်ကို သိလိမ့်မယ်။ သူဟာ လွန်ခဲ့သောနှစ်ပေါင်းသောင်းရှစ်ထောင်က ကောင်းကင်ချိုးဖျက်ခြင်းကလန်ရဲ့တပည့်ခေါင်းဆောင် စစ်မာမိုပဲ…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏ အမူအရာက ပုံမှန်သာ ရှိနေသည်။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက အရှင်ဟွေစုန်ကို ကြည့်ကာ သူ ဆက်ပြောမည့် စကားကို စောင့်သည်။
“စစ်မာမို ဘယ်လောက် အစွမ်းထက်ခဲ့လည်းဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် သူဟာ ဆေးဝါးပညာရပ်မှာလည်း တော်လှတဲ့သူ။ သူဟာ ကပ်ဘေးတစ်ခု ဖြစ်စေခဲ့တဲ့ ဆေးညွှန်းကို ယူပြီး ထွက်သွားခဲ့တယ်။ဒီဆေးညွှန်းက အဆင့်ငါးဒေသမှာ ဘယ်လိုပြန်ပေါ်လာခဲ့လဲဆိုတာ ငါ မသိပေမယ့် စစ်မာမိုရဲ့ လှိုဏ်ဂူရှိတာတော့ ငါ သေချာ သိတယ်…”
“သူ အဲ့ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့လား ငါ မသိဘူး။ ဒါပေမဲ့ ဒီဆေးလုံး မရှိရင်တော့ သူ့လှိုဏ်ဂူထဲမှာ ရတနာများစွာ ရှိမှာ သေချာတယ်…”
သူ ထိုသို့ ပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ဝမ်လင်းထံ ပစ်ပေးသည်။
ဝမ်လင်းက ၎င်းကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ပြီး အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုထံ ပေးလိုက်သည်။
“အရင်တုန်းက ငါ ဒီကျောက်စိမ်းပြားကို ရှာတွေ့ခဲ့တာ။ ဒါ့ကြောင့်ပဲ ငါ သေချာတယ်လို့ ပြောနေတာ…” အရှင်ဟွေစုန်က တည်ငြိမ်စွာ ပြော၏။ သို့ရာတွင် ဝမ်လင်းနှင့်အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုတို့၏ အမူအရာက မပြောင်းမလဲ၊လောဘတက်သည့်ဟန်မဖြစ်ပေါ်ဘဲ ရှိနေသည်ကို တွေ့သည့်အခါ သူ မျက်မှောင်ကြုတ်သွား၏။
“ရောင်းရင်းကျင့်ကြံသူကျောက်…အခုကစပြီး ငါနဲ့ရောင်းရင်းကျင့်ကြံသူဖန်းတို့ဟာ သင့်ကို ငါတို့ သတ်ခဲ့တဲ့ သားရဲတွေကို ဝေမျှပေးမယ်။ဒါ့အပြင် အရင်က ငါ သင့်ကို ပြောခဲ့တဲ့နေရာ ရောက်ရင် အရင်ဆုံးပစ္စည်းဆယ်ခုကိုလည်း သင် ယူနိုင်စေရမယ်လို့ ငါ ကတိပေးတယ်…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက တုံ့ဆိုင်းသွားပြီးမှ မေးလာ၏။ “အဲ့နေရာကို ဝင်နိုင်ဖို့ သင် ယုံကြည်ချက် ဘယ်လောက် ရှိလဲ…”
အရှင်ဟွေစုန်က အနည်းငယ် စဉ်းစားပြီး ပြော၏။ “သင်နဲ့ ရောင်းရင်းကျင့်ကြံသူလုတို့ ကူညီပေးရင် ငါ (၆၀)ရာခိုင်နှုန်း သေချာတယ်…”
“ကောင်းပြီ…” အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ခဏတာ မျက်လုံးမှိတ်သည်။ ထို့နောက် သူမက ခေါင်းညိတ်ပြသည်။
အရှင်ဟွေစုန်က ဝမ်လင်းကို ကြည့်၍ ပြော၏။ “ငါနဲ့ရောင်းရင်းကျင့်ကြံသူကျောက်တို့ ပြောတဲ့နေရာဟာ ဒီခုနစ်ရောင်စုံလောကရဲ့ အတွင်းပိုင်းပဲ။ ဒီနေရာဟာ အန္တရာယ် ရှိပေမယ့်လည်း အကျိုးအမြတ်တွေလည်း များပြားတယ်။ ငါ တွေ့ထားတဲ့ သဲလွန်စတွေအရဆိုရင် အဲ့နေရာမှာ အဆင်ရှစ်ကနေ အဆင့်ဆယ့်သုံးထိ သားရဲတွေပါ ရှိကြတယ်။ ငါ ဆေးပင်တွေလည်း လုံလုံလောက်လောက် ပြင်ဆင်လာခဲ့တဲ့အတွက် အချိန်သာရမယ်ဆိုရင် ငါ ဆေးလုံးအများကြီးကို ဖော်စပ်နိုင်မှာ။ ရောင်းရင်းကျင့်ကြံသူလု သဘောတူရင် သင့်ကိုလည်း ပထမဆုံးဆယ်ခု ယူခွင့်ပေးနိုင်တယ်…”
ဝမ်လင်းက ငြိမ်သက်စွာသာ စဉ်းစားနေ၏။ သူ့စိတ်ထဲတွင်တော့ အရှင်ဟွေစုန်၏ ပန်းတိုင်မှာ ဘယ်နည်းနှင့်မှ အခုလောက် ရိုးစင်းနေမည် မဟုတ်တာ သိသည်။ ထိုသူ၏ ဉာဏ်များပုံအရ သူသည် သူ့ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
အရှင်ဟွေစုန်က ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု…ငါ သင့်ကို မြူသားရဲတွေ ရှိပြီး အန္တရာယ်လျော့ပါးတဲ့ နေရာအချို့ကို ခေါ်သွားပေးပြီး အဲ့နေရာရဲ့ မူလသလင်းကျောက်အားလုံးကိုလည်း စုစည်းပေးမယ်။ ဒါ့အပြင် ငါ စစ်မာမိုရဲ့လှိုဏ်ဂူထဲက ပစ္စည်းတွေကိုလည်း တစ်ခုတစ်လေတောင် မယူဘူး…”
“အရင်ဆုံး မူလသလင်းကျောက်တွေ သွားယူရအောင်…” ဝမ်လင်းက အရှင်ဟွေစုန်ကို ကြည့်သည်။
“ကောင်းပြီ…” အရှင်ဟွေစုန်က ဆက်ပြောမနေတော့ပေ။ သူက ဘေးပတ်လည်သို့ ကြည့်၏။ သူက လမ်းကျဉ်းအတိုင်း ဆက်မသွားဘဲ ဦးတည်ရာ ပြောင်း၏။ သူတို့သုံးယောက်က အကွာအဝေးတစ်ခုထံ ဦးတည်သွားလေ၏။
အရှင်ဟွေစုန်က ဤနေရာနှင့် ရင်းနှီးလှ၏။ တစ်နာရီကြာပြီးနောက် သူက မြူများပြည့်နှက်နေသည့် နောက်ထပ်တစ်နေရာ ရောက်လာသည်။ ဤနေရာမှာ မြူများခြုံလွှမ်းနေသည့် ချောက်တစ်ခုပင်။
ထိုနေရာသို့ ဝင်လာပြီးနောက် အရှင်ဟွေစုန်က အလွန်ဂရုစိုက်ကာ ရှေ့သို့ ဖြည်းဖြည်းချင်းသာ သွားသည်။ သူ မြူများနှင့် ပေတစ်ထောင်လောက် ရောက်လာချိန်တွင် ရပ်၏။ သူ့ညာလက်ကို ဆန့်ထုတ်ကာ ကောင်းကင်ဘုံကျောက်စိမ်းများစွာကို ပျံသန်းထွက်လာစေပြီး သူ့ဘေးပတ်လည်တွင် လှည့်ပတ်စေသည်။ ထို့နောက် သူ့လက်ကို ပြန်ရုတ်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားအားလုံး အမှုန့်ဖြစ်သွားလေသည်။
သူက အသက်ခပ်ဝဝရှုသွင်းပြီး ထိုအမှုန့်များကို မြူများထံသို့ ဦးတည်သွားရန် ဂရုတစိုက် ဝေ့ယမ်းသည်။
ထိုအခိုက်အတန့်၌ မြူများထံကနေ ဟိန်းသံတစ်ခု ထွက်ပေါ်လာကာ လိပ်နှင့်တူသည့် သားရဲတစ်ကောင်၏ဦးခေါင်းမှာ ပြူတစ်ထွက်လာပြီး ၎င်းက ကောင်းကင်ဘုံကျောက်စိမ်းအမှုန့်များကို စုပ်သွင်းသည်။
အရှင်ဟွေစုန်က ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထုတ်ယူကာ ဖုန်မှုန့်အဖြစ်သို့ ချေမွပစ်ရင်း ခပ်တိုးတိုး ပြောသည်။ “ရောင်းရင်းကျင့်ကြံသူဖန်း…”
အဘိုးအိုဖန်းက အရှင်ဟွေစုန်နှင့်အတူ အကြိမ်ကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။ သူသည် မြူထဲသို့ ကျွမ်းကျင်စွာ တိုးဝင်သွား၏။ လိပ်မြူသားရဲက နောက်သို့ ပြန်ကြည့်ကာ ချီတုံချတုံ ဖြစ်၏။ သို့သော် ဤအခိုက်အတန့်၌ ပိုများပြားသည့် ကောင်းကင်ဘုံကျောက်စိမ်းပြားအမှုန့်များ ပျံဝဲလာသည်။သားရဲက ၎င်းကို ချက်ခြင်း ဝါးမြိုပစ်၏။
ဝမ်လင်းက ထိုအခြင်းအရာကို မြင်သည့်အခါ သူ့မျက်လုံးက တောက်ပသွား၏။ သို့သော် သူက တည်ငြိမ်နေမြဲပင်။ သိပ်မကြာခင်တွင် အဘိုးအိုဖန်းက မြူများကြားကနေ တဟုန်ထိုး ပျံထွက်လာကာ လူတိုင်းဘေးသို့ ပြန်ရောက်လာသည်။အရှင်ဟွေစုန်က ပိုများပြားသည့် ကောင်းကင်ဘုံကျောက်စိမ်းမှုန့်များကို ပြန့်ကြဲစေကာ တဖြည်းဖြည်း နောက်ဆုတ်သည်။
သူက ပေတစ်သောင်းလောက်ထိ နောက်ဆုတ်လာပြီးမှ ကောင်းကင်ဘုံကျောက်စိမ်းမှုန့်များ ပြန့်ကြဲစေခြင်းကို ရပ်သည်။
“ဘယ်လောက်များလဲ…” အရှင်ဟွေစုန်က အဘိုးအိုဖန်းကို ကြည့်သည်။
“သုံးထောင် မပြည့်ဘူး…” အဘိုးအိုဖန်းက တုံ့နှေးမနေဘဲ သိုလှောင်အိတ်တစ်ခုကို ဝမ်လင်းထံ ကမ်းပေး၏။
“အချို့အဆင့်ဆယ့်နှစ်သားရဲတွေက ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ဝါးမြိုရတာကို နှစ်သက်ကြတယ်…။ သင်တို့က ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ အသုံးပြုပြီး မူလသလင်းကျောက်အချို့ကို ရနိုင်တယ်…”
အရှင်ဟွေစုန်က ထိုသို့ ပြော၏။
ထိုတူညီသောနည်းလမ်းကို အသုံးပြုကာ သူတို့သည် ပိုများပြားသည့်သားရဲများကို စိတ်ရှုပ်ထွေးစေသည့်နည်းဖြင့် မူလသလင်းကျောက်နှစ်သောင်းနီးပါး ရလာခဲ့သည်။ အရှင်ဟွေစုန်သည် ထိုမျှနှင့် ရပ်ပြီး လမ်းကျဉ်းထံ ပြန်လာသည်။
“ငါတို့အပြန်ကြရင် မတူညီတဲ့လမ်းကြောင်းကနေ ရောင်းရင်းကျင့်ကြံသူလုအတွက် မူလသလင်းကျောက်တွေ ပိုရအောင် ငါ လုပ်နိုင်တယ်။ အတိတ်တုန်းက အဖြစ်အပျက်ကို အခြေခံပြီး ပြောရရင် စုစုပေါင်း မူလသလင်းကျောက်(၆၀၀၀၀)၊(၇၀၀၀၀)လောက် ရနိုင်တယ်…”
“ဉာဏ်အလင်း၊ ကောင်းကင်ဘုံတာအို၏အကျဉ်းသား၊ သတ္တဝါအားလုံးဟာ အတိုင်းမသိ ကပ်ဘေးဒုက္ခတွေကို တောင့်ခံနိုင်ရမယ်…။ ဒီနက်ရှိုင်းတဲ့ အကျဉ်းထောင်ထဲကနေ ထွက်ဖို့ အတွေးတစ်ခုပါပဲ။ ကျင့်ကြံခြင်းလမ်းကြောင်းကို စောင့်နေရင်းပေါ့…”
အရိုးစုဘေးကနေ ရခဲ့သည့် ကျောက်စိမ်းပြားထံမှ အကြောင်းအရာများသည် ဝမ်လင်း စိတ်ထဲတွင် ပေါ်လာသည်။ သူသည် ခုနစ်ရောင်စုံလောကကို ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြ၏။
***