ဤအခိုက်၌ ကောင်လေးသွန်းမူ၏ ဓားသည် တုန်လှုပ်ဖွယ်ဓားစွမ်းအင်နှင့်အတူ ရောက်ရှိလာ၏။ ၎င်းက နဂါး၏အသွေးအသားကို ဖြတ်သန်း ထွင်းဖောက်သည်။ ချက်ခြင်းလိုလို အဘိုးအိုဖန်း၏ လျှပ်စီးမိုးကြိုးတို့ပါ သက်ဆင်းလာကာ နဂါးအား ပိုပြင်းထန်စွာ ဟိန်းအော်စေသည်။ နဂါး ပို၍ ရုန်းကန်လေလေ ကောင်လေးသွန်းမူ၏မျက်နှာက ပို၍ ဖြူရောလာသည်။သူ့ခန္ဓာကိုယ်ပါ စတင်တုန်ယင်လာ၏။
သွန်းမူက အော်ဟစ်လိုက်သည်။ “အသက်ငါးကြိမ်ရှုစာ ကြာချိန်…”
အရှင်ဟွေစုန်က ကွဲပြားသောချိပ်ဟန်များကို ဖြစ်စေကာ ဓားတစ်သောင်းကို နဂါးထံ ကျရောက်စေသည်။နဂါးက ဟိန်းသံပေးကာ ရုန်းကန်ပစ်ရာ ကောင်လေးသွန်းမူကို သွေးအန်စေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများပါ ဖောင်းကြွနေပြီး သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲနေသည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏ ရေခဲများက နဂါးနှင့် ထိမိသည်။ နဂါး တုန်ခါသွားကာ ရေခဲချပ်များ ပေါ်လာ၏။ သိပ်မကြာခင်တွင် နဂါးတစ်ကိုယ်လုံးကို ရေခဲများ ဖုံးသွားသည်။
နဂါးထံကနေ အနက်ရောင်အခိုးငွေ့များ စတင် ထွက်ပေါ်လာကာ ရေခဲ၏ စုပ်ယူခြင်းကို ခံရသည်။ ထိုမြင်ကွင်းက လူတိုင်းအား ထိုအဘွားအိုထံ အကြည့်ရောက်လာစေသည်။ ဝမ်လင်းက ထိုရေခဲက နဂါး၏အသက်ဓာတ်ကိုပါ စုပ်ယူနိုင်စွမ်း ရှိနေသည့် ထူးဆန်းသောအချက်ကို မြင်သည်။
နဂါးက ရုတ်တရက် ခေါင်းမော့ကာ ဟိန်း၏။ ကောင်လေးသွန်းမူ သွေးအန်ကာ ၎င်းကို ဆက်လက်၍ ချိပ်ပိတ်မထားနိုင်တော့ပေ။
ပြန်လည်မွေးဖွားခြင်းချိပ်ပိတ်မှု မရှိတော့သည်နှင့် နဂါးက ဟိန်းဟောက်လေ၏။ ၎င်း၏ဦးခေါင်းထက်တွင် ဦးဂြိုတစ်ချောင်း ရှိကာ ၎င်း ခန္ဓာကိုယ် ရွှေ့လျားလျက် မြူများကြားကနေ ထွက်လာ၏။ ၎င်း ထွက်လာသည်နှင့် မြူပမာဏမှာ လျော့ကျသွားသည်။
ချိပ်ပိတ်မှုပျောက်ကွယ်သွားပြီးနောက် နဂါးက လှုပ်ရှားရာ ၎င်းပတ်လည်ရှိ ရေခဲအားလုံး ချက်ခြင်း ပျက်စီး၏။ ရေခဲများက အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုထံ ပြန်လည် ပျံသန်းသွားကာ အနက်ရောင်အခိုးငွေ့များသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။သူမ၏မျက်လုံးက ပို၍ တောက်ပလာ၏။
“ဒီမွန်းစတားအိုတွေက သူတို့ရဲ့ မန္တာန်တွေကို အခုထိ ဖုံးကွယ်ထားနေသေးတယ်။ စိတ်ဝင်စားစရာပဲ…”
ဝမ်လင်းသည် မြောက်တက်လာသည့် နဂါးဦးခေါင်းထက်တွင် ပျံသန်းနေရင်း နှာခေါင်းရှုံ့၏။ သူက ပါးလွှာသောမြူများထံသို့ ဦးတည်လေသည်။
နဂါးက ၎င်း၏မြူပုံစံအသွင်ကနေ အထည်ဒြပ်ဖြစ်လာသည်နှင့် မူလသလင်းကျောက်အားလုံး လွင့်ပါးသွားကာ နဂါး၏မူလစွမ်းအင်အစိတ်အပိုင်း ဖြစ်လာသည်။
“ငါ ပြောထားတဲ့အတိုင်းသာ ငါ လုပ်မယ်။ ဒီမူလသလင်းကျောက်တွေအတွက် ငါ ကြိုးစားနေဖို့ မလိုဘူး…” ဝမ်လင်းသည် တိုက်ပွဲကို လစ်လျူရှုကာ မြူထဲသို့ တိုးဝင်သွားသည်။ သူ ဝင်လာသည်နှင့် သူက လွင့်ဝဲနေသော မူလသလင်းကျောက်များစွာကို တွေ့မြင်ရ၏။အချို့ဆို သလင်းကျောက်အဖြစ် ဖြစ်ပေါ်နေတုန်း ရှိသေးသည်။
သူက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ မူလသလင်းကျောက်ရာချီကို ယူ၏။ ထိုနည်းလမ်းဖြင့် မူလသလင်းကျောက်များကို စုဆောင်းခြင်းက ဝမ်လင်းကို အတော်လေး ကျေနပ်စေသည်။ သူက မြူကြားထဲ လျှပ်စီးတန်းအလား ရွှေ့လျား၍ နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ခဲ့သည့် မူလသလင်းကျောက်များကို စုစည်းသည်။
ဝမ်လင်းသည် နဂါးဟိန်းသံကို ကြားနေရဆဲ ဖြစ်၏။ အပြင်ဘက်မှ တိုက်ပွဲရှိ တုန်ခါမည်ဟီးမှုများကိုလည်း ကြားရသည်။ သူသည် မူလသလင်းကျောက်ထောင်ချီကို မြန်ဆန်စွာ စုစည်း၏။ အမှန်တော့ အဆင့်ဆယ့်နှစ်သားရဲအတွက် သည်လောက်များသည့် မူလသလင်းကျောက်များကို ချေဖျက်ဖို့မှာ မဖြစ်နိုင်ပေ။တကယ်တော့ ကျင့်ကြံသူများသည် မြူသားရဲများကို မြင့်တင်ပေးခြင်းမှာ အချိန်ကျလျှင် မူလသလင်းကျောက်များကို စုဆောင်းနိုင်ဖို့အတွက်သာ ဖြစ်သည်။
သို့သော် ဤခုနစ်ရောင်စုံနယ်မြေတွင်တော့ မည်သူကမျှ မြူသားရဲများထံကနေ မူလသလင်းကျောက်များကို လုယူဖို့အတွက် မလာကြပေ။ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်ပြီးနောက် ဤနေရာတွင် မူလသလင်းကျောက်များစွာ စုဆောင်းမိနေခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက သူ့ဘေးပတ်လည်ရှိ မြူများ ပို၍ ပြင်းပြင်းထန်ထန် တဝီဝီ ဖြစ်လာပြီး သိပ်သည်းတော့မည့် အရိပ်အယောင် ပြသလာတာကို သတိပြုမိ၏။ ၎င်းမြူများက ဦးတည်ရာတစ်ခုရှိ ရွှေလျားရင်း ကျုံ့နေ၏။
မူလသလင်းကျောက်ပမာဏကို တွက်ချက်ကြည့်ပြီးနောက် ဝမ်လင်းက ဆက်၍ မစုဆောင်းရန် လက်လျော့ကာ ဘေးတစ်ဖက်သို့ သွားသည်။ သူ လှုပ်ရှားနေရင်း မြူများ၏ သိပ်သည်းမှုမှာ ပိုမြန်ဆန်လာသည်။
ခဏအတွင်း မြူများအားလုံး ပျောက်ကွယ်ကာ နဂါးအမြှီးဖြစ်လာသည်။ နဂါးသည် ပေတစ်သောင်းခန့် ရှည်လျားကာ ၎င်း၏ခန္ဓာကိုယ်တစ်ဝက်က လေထဲတွင် ရှိနေသည်။ အမြှီးပိုင်းကလည်း ၎င်း၏ခန္ဓာကိုယ်နှင့်အတူ အထက်သို့ ပျံတက်သည်။
အဘိုးအိုဖန်းက တောင်တစ်ခုဘေးတွင် မှီလျက် ဖြူရောရောမျက်နှာဖြင့် ရှိနေ၏။ သူ့ရင်ဘက်တွင် သွေးများ ရွှဲနစ်နေသည်။ အရှင်ဟွေစုန်၊အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၊ကောင်လေးသွန်းမူတို့ကတော့ နဂါးဦးခေါင်းထက်တွင် တိုက်ခိုက်နေကြတုန်းပင်။ သူတို့အားလုံးက နဂါးမြောက်တက်လာမှုကို တားဆီးနိုင်ရန် မန္တာန်မျိုးစုံ အသုံးပြုကြ၏။
နဂါးဦးခေါင်းထက်ရှိ အနက်ရောင်ဦးချိုကနေ အနက်ရောင်အလင်းကို ထုတ်လွှတ်နေ၏။ ၎င်းအလင်း ဖျပ်ခနဲ လင်းလက်သွားနိုင်း အရှင်ဟွေစုန်နှင့်အခြားနှစ်ယောက်က ရှောင်ရ၏။ နဂါးက ငါးညှီနံအဆိပ်မြူများကိုလည်း မှုတ်ထုတ်နေသည်။၎င်းမှာ ရင်ဆိုင်ရ ခက်လှ၏။ သို့ရာတွင် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကနေလည်း သွေးများစီးကျနေသည်။
ဤအခိုက်အတန့်၌ နဂါးက ကောင်းကင်ယံတုန်ဟိန်းစေလောက်အောင် ဟိန်းအော်ကာ ပတ်ဝန်းကျင်ရှိ တောင်များကို တုန်ခါစေသည်။အချို့ကျောက်တုံးများကို လိမ့်ဆင်းကျလာစေသည်။ ခဏအကြာတွင် နဂါးဦးခေါင်းထက်ရှိ ဦးချိုက တောက်ပစွာလင်းလက်ကာ အနက်ရောင်လျှပ်စီးပိုက်ကွန် ပျံ့နှံ့လာ၏။ တစ်ချိန်တည်းမှာ အဆုံးမဲ့မူလစွမ်းအင်များ စုစည်းကာ ခုနစ်ရောင်စုံအလင်းအချို့ပင် စုပ်ယူခြင်း ခံရသည်။
ဝေါင်း…။
နဂါး၏ ဟိန်းအော်သံက လူတိုင်း၏စိတ်ကို တုန်လှုပ်စေသည်။ နဂါးသည် ဟိန်းသံ ပြုနေရင်း အနက်ရောင်လျှပ်စီးပိုက်ကွန်သည် ပေတစ်ထောင်လောက်ထိ ကြီးမားလာသည်။မူလစွမ်းအင်နှင့်ခုနစ်ရောင်စုံအလင်းတို့ကို စုပ်ယူနေလျက် ပုံရိပ်ယောင်များသည် နဂါးဘေးပတ်လည်တွင် ပေါ်လာသည်။
ထိုပုံရိပ်ယောင်အရိပ်များကလည်း နဂါးများ ဖြစ်ကြ၏။၎င်းတို့က ဤဧရိယာကို လှည့်ပတ်သဖြင့် အရှင်ဟွေစုန်နှင့်အခြားသူများကို အတင်း နောက်ဆုတ်ရသည်။
နဂါးသည် လေထဲသို့ မြောက်တက်ခါနီး ဖြစ်လာ၏။၎င်းသာ လေထဲသို့ ပျံတက်သွားသည်နှင့် လေထဲသို့ မြင့်မြင့်ပျံတက်၍ မဖြစ်သော ကျင့်ကြံသူများအတွက် ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် နဂါးအမြှီးပိုင်းကို ကြည့်သည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ့လက်နှစ်ဖက်ကနေ တစီစီအသံများ ထွက်ပေါ်လာ၏။ ရှေးဟောင်းနတ်ဘုရားစွမ်းအားက သူ့လက်နှစ်ဖက်တွင် စီးဆင်းမြင့်တက်လာကာ သူ လေထဲသို့ ခုန်တက်ပြီး နဂါးအမြှီးကို ဖမ်းဆုပ်၏။ ဝမ်လင်း၏ လက်နှစ်ဖက်ပေါ်ရှိ သွေးကြောများပါ ဖောင်းကြွလာသည်။
“ငါ့အတွက် ပြန်ဆင်းလိုက်စမ်း…”
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် နဂါးအမြှီးကို ကြမ်းတမ်းစွာ အောက်သို့ ဆွဲချသည်။ ထိုမြင်ကွင်းကား နဂါး၏မန္တာန်များကို ရှောင်နေရသည့် သူများအားလုံးကို တုန်လှုပ်သွားစေသည်။
လမ်းကျဉ်းဘေးရှိ တောင်ကို မှီနေသော အဘိုးအိုဖန်း၏မျက်လုံးမှာ ပြူးကျယ်သွား၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်လေသည်။
နဂါးက ရုန်းကန်နေလျက်၊ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားစွမ်းအားကလည်း သူ့ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာနေသည်။ နဂါးက ခေါင်းလှည့်ကာ ဝမ်လင်းထံ ဦးတည်ဝင်လာ၏။မန္တာန်များက ၎င်းနဂါး၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသည်။
သို့ရာတွင် ၎င်း၏ရုန်းကန်မှုက ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားစွမ်းအား မြင့်တက်မှုကို ပိုမြန်စေသည်။
“ဆင်းလာစမ်း…” သူက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသံအလား မာန်သွင်းဟစ်၏။ ဝမ်လင်း၏ လက်က နဂါးအမြှီးကို ကိုင်ကာ တုန်လှုပ်စွာကြည့်နေသည့် အခြားကျင့်ကြံသူများ ရှေ့မှာပင် ၎င်းနဂါးကို လမ်းကျဉ်းပေါ်သို့ ကိုင်ပေါက်ပစ်သည်။
နဂါး၏ ခန္ဓာကိုယ်က ပေတစ်သောင်းလောက် ရှိသော်လည်း၊ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းအစမျိုး ပိုင်ဆိုင်ထားသော်လည်း၊ ၎င်း၏ခန္ဓာကိုယ်က အစွမ်းထက်မန္တာန်အများစုကို ခုခံနိုင်စွမ်းရှိကာ မာကျောသော်လည်း ထိုအချက်များက ဝမ်လင်းမျက်စိရှေ့တွင်တော့ ဘာမှ မဟုတ်ပေ။
၎င်းက ကြေးခွံများရှိကာ မြူနဂါးမဟုတ်ဘဲ အစစ်အမှန်နဂါးတစ်ကောင် ဖြစ်နေလျှင်ပင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ရှေ့၌ ကောင်းကင်ထက်သို့ မြင့်တက်လာနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းသည် ဝေ့ယမ်းပစ်ရာ နဂါးက ရုန်းကန်နိုင်စွမ်း မရှိတော့ဘဲ ဟိန်းအော်၏။၎င်း၏ ခန္ဓာကိုယ်က ချက်ခြင်းလိုလိုပင် အောက်သို့ ကျရောက်သွားသည်။ အဘိုးအိုဖန်းသည် ကောင်းကင်တစ်ခုလုံးနက်မှောင်သွားသလို ခံစားရ၏။ သူ့စိတ်မှာ တုန်လှုပ်နေပြီ။သူသည် အရူးအမူး နောက်ဆုတ်သည်။ထိုနဂါး၏ခန္ဓာကိုယ်ကသာ သူ့ခန္ဓာကိုယ်ကို ဝင်ဆောင့်မိပါက သူ့ခန္ဓာကိုယ်သည် ချက်ခြင်းပျက်စီးသွားပေမည်ကို ပူပန်နေရ၏။
ဧရာမနဂါးကြီး မြေပြင်နှင့် ထိမှန်သွားချိန်တွင် ကောင်းကင်တစ်ခွင်၌ တော်လဲသံများ မြည်ဟည်း၏။ ဘေးနှစ်ဖက်ရှိတောင်များထံကနေ ကျောက်စကျောက်နမြောက်မြားစွာ ပဲ့ဆင်းကျသည်။ ခဏအကြာမှ အရာရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
နဂါး မြေပြင်ထက်သို့ ကျဆင်းသွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်က တွန့်လိမ်ကာ ၎င်း၏ဦးခေါင်းသည် စတင် အရည်ပျော်ပြီး အနက်ရောင်အခိုးငွေ့များ ထွက်လာသည်။ ချန်ထျန်ကျွင်းက နဂါးဦးခေါင်းထံကနေ ပျံသန်းထွက်လာသည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။
အရှင်ဟွေစုန်သည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူသည် နဂါးကို ကြည့်၏။ထို့နောက် ဝမ်လင်းကို ကြည့်မိသည်။ သူ့စိတ်ထဲတွင် စိမ့်ခနဲ ဖြစ်သွား၏။
ကောင်လေးသွန်းမူသည်ပင် နှုတ်ခမ်းသပ်မိ၏။ သူ ဝမ်လင်းထံ ကြည့်နေသော အကြည့်ထဲတွင် ထိတ်လန့်မှုအရိပ်အယောင်ပင် ပါနေသည်။
အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုလည်း ပင့်သက်ရှိုက်မိ၏။ သူမသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
အကြောက်လန့်ဆုံးကတော့ အဘိုးအိုဖန်းပင်။ သူက နဂါးအောက်ပြုတ်ကျလာသည်ကိုပါ မနည်းရှောင်လိုက်ရ၏။ သူသည် ဝမ်လင်း၏ ခြိမ်းခြောက်မှုကို တွေးမိသည့်အခါ သူ့ပါးစပ်ထဲတွင်ပါ ခါးသပ်သပ်ဖြစ်သွားသလို ခံစားမိသည်။
ဝမ်လင်း၏ အသက်ရှုသံသည် အနည်းငယ် ကြမ်းနေ၏။ သူက လူတိုင်းကို ပြန်ကြည့်သည်။ ထို့နောက် သူ့အကြည့်က သိပ်မဝေးသောနေရာရှိ အရိုးစုထံ ရောက်သွားသည်။ သူက လှမ်းလျှောက်သွားကာ အရိုးစုအောက်တွင် တွေ့သည့် ကျောက်စိမ်းပြားကို မြင်သည်။
သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ထိုကျောက်စိမ်းပြားနှင့်ဆေးလုံးတို့သည် သူ့လက်ထဲ ကျရောက်လာသည်။သူက ဆေးလုံးကို ကောင်လေးသွန်းမူထံသို့ ပစ်ပေးလိုက်၏။ သွန်းမူက ဖမ်း၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ပြ၏။
“ကျေးဇူးအများကြီး တင်ပါတယ်…”
ကျောက်စိမ်းပြားကို ကိုင်ထားလျက် ဝမ်လင်းကို တောင်ကိုမှီ၍ ထိုင်၏။ သူ့နတ်ဘုရားအာရုံကို ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်ကာ အကြောင်းအရာများကို သေချာ ဖတ်ကြည့်သည်။
အရှင်ဟွေစုန်က အဘိုးအိုဖန်းနားသို့ ရောက်လာ၏။သူ့ညာလက်ဖြင့် အဘိုးအို၏ ကျောကို ပုတ်ကာ ဆေးလုံးအချို့အား ပေး၏။ ထို့နောက် သူလည်း ထိုင်ချသည်။ သူသည် ဝမ်လင်းကို မကြာမကြာ လှမ်းကြည့်လေ၏။ သူ့မျက်လုံးထဲတွင်တော့ ထူဆန်းသောအလင်းတစ်ခု ရှိနေသည်။
သွန်းမူက ပြန်လည်မွေးဖွားခြင်းဆေးလုံးကို ကိုင်ထား၏။သူက စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေကာ ၎င်းကို သိမ်းဆည်းလိုက်သည်။ အခုချိန်က ဤဆေးလုံးကို သောက်သုံးရမည့်အခါ မဟုတ်သေးပေ။ သူက အသက်ခပ်ပြင်းပြင်း ရှုသွင်းကာ ဒဏ်ရာကုသရန် ထိုင်ချသည်။
ချန်ထျန်ကျွင်းကလည်း ထိုင်၏။ တိုက်ပွဲအတွင်း လူတိုင်းသည် အပြင်ဘက်တွင် ရှိကာ သူကတော့ နဂါး၏ခန္ဓာကိုယ်အတွင်း၌ ရှိနေ၏။ အပြင်ဘက်ကနေ တိုက်ခိုက်ပေးမှုများ မရှိပါက သူသည် နဂါး၏စိတ်ဝိညာဉ်ကို ရဖို့ မစွမ်းနိုင်လောက်ပေ။
သူက အခုထိ ထိုစိတ်ဝိညာဉ်ကို မစုပ်ယူရသေးသော်လည်း သူသည် အခုရှိနေသူအားလုံးထက် အများဆုံးအကျိုးအမြတ်ရလိုက်ခြင်းပင်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက နဂါး၏အလောင်းနားသို့ ရောက်လာကာ သူမသည် နဂါးပေါ်သို့ လက်တင်၏။ နဂါး၏ခန္ဓာကိုယ်ကနေ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး သူမကိုယ်ထဲသို့ ဝင်ရောက်သည်။
နာရီအနည်းငယ် အနားယူပြီးနောက် အရှင်ဟွေစုန်က လူတိုင်းကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။ “ဒီနေရာမှာ အဆင့်ဆယ့်နှစ်မြူသားရဲတွေ အများကြီး ရှိတယ်။ အန္တရာယ်ပိုများလေလေ ငါတို့အတွက် ပိုကြီးကြီးမားမား ရိတ်သိမ်းနိုင်လေပဲ…”
ဤအခိုက်အတန့်၌ နဂါးအလောင်းသည် အရိုးသာကျန်တော့၏။ ထိုအဘွားအို၏ မျက်နှာသည်ပင် နီမြန်းလာကာ မထင်မှတ်စွာဖြင့် သူမသည် အနည်းငယ် ပိုငယ်ရွယ်သွားသည်။
အဘိုးအိုဖန်းလည်း အတော်လေး ပြန်ကောင်းမွန်နေပြီ ဖြစ်၏။ သူက မတ်တပ်ထရပ်ကာ မြူများကင်းစင်နေသည့် လမ်းကျဉ်းကို ကြည့်၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။
အရှင်ဟွေစုန်က မတ်တပ်ထရပ်ကာ ရှေ့သို့ လျှောက်၍ ပြော၏။ “လူတိုင်းပဲ…သွားကြရအောင်…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၊ ချန်ထျန်ကျွင်းတို့က တစ်ပြိုင်နက်တည်းလိုလို ထလာကြ၏။ ကောင်လေးသွန်းမူတစ်ယောက်သာ အနည်းငယ် တုံ့နှေးပြီးမှ ထလာ၏။
ဝမ်လင်းက လူတိုင်းနှင့် အဝေးတွင် ထိုင်နေကာ လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်လျက် လှမ်းလျှောက်လာသည့်သူများကို ကြည့်နေသည်။ ထိုကျောက်စိမ်းပြားထဲ၌ တစ်ခုခုကို မှတ်တမ်းတင်ထား၏။ ထိုတစ်ခုခုမှာ ဤခုနစ်ရောင်စုံနယ်မြေနှင့် ပတ်သတ်သည်။
“ဒီနေရာက…” ဝမ်လင်း အတွေးစ ပျက်သွားကာ သူ့နောက်ရှိ လူတိုင်းထံ ရုတ်တရက် ကြည့်လိုက်၏။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားကာ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များပါ ထောင်မတ်သွားသည်။
တစ်ချိန်တည်းမှာပင် အရှင်ဟွေစုန်၊ကောင်လေးသွန်းမူတို့က ရုတ်တရက် ရပ်၏။ သည့်နောက် အဘွားအို၊ချန်ထျန်ကျွင်းတို့ကလည်း သတိပြုမိကြသည်။ အဘိုးအိုဖန်းကတော့ နောက်ဆုံးမှ သတိပြုမိသည်။
အရှင်ဟွေစုန်၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်လာကာ သူသည် နတ်ဘုရားအာရုံဖြင့် ခပ်သွက်သွက် ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ်…မလှုပ်ကြနဲ့…”
***