အရှင်တိမ်စိတ်ဝိညာဉ်က သည်ကိစ္စကို ထားလိုက်တော့၏။သူက ထပ်မပြောတော့ပေ။ အဘိုးအိုဖန်း၏ စိတ်ထဲတွင် ရှုပ်ထွေးနေ၏။သူက ဝမ်လင်းကို ခုလေးတင် ရန်စသလို ပြောမိသည့်အတွက် သတိထားနေသည်။ ဝမ်လင်း၏ အေးစက်စက်အကြည့်ကို တွေးမိသည့်အခါ သူသည် လေအေးတစ်ချက် မရှိုက်သွင်းမိဘဲ မနေနိုင် ဖြစ်ရ၏။
အရှင်ဟွေစုန်က အလေးအနက် ပြောလာ၏။ “သင်တို့ရဲ့ နတ်ဘုရားအာရုံကို ခပ်ဝေးဝေးထိ မဖြန့်ကျက်ကြနဲ့။ မဟုတ်ရင် ဒီနေရာက သားရဲတွေကို စွဲဆောင်မိလိမ့်မယ်။ ဒီနေရာဟာ အပြင်ဘက်ဒေသသာ ဖြစ်နေပေမယ့်လည်း ဒီမှာတင် အဆင့်ဆယ့်နှစ်သားရဲတွေ ရှိတယ်။ဒါ့အပြင် ပေတစ်ထောင်ထက် ပိုမြင့်အောင်လည်း မပျံသန်းကြနဲ့…”
ဝမ်လင်းက ကောင်းကင်ထက်ရှိ ခုနစ်ရောင်စုံအလင်းကို ကြည့်ကာ စဉ်းစားနေ၏။ ထိုခုနစ်ရောင်စုံအလင်းမှာ အလွန်ထူးဆန်းကာ သူ့အား ထူးဆန်းသောခံစားချက်တစ်ခု ပေးစွမ်းနေ၏။ ၎င်းအလင်းထံ၌ ဥပဒေထဲရှိ နားမလည်နိုင်သောပြောင်းလဲမှုတစ်ခု ပါနေဟန် တူသည်။
“ဒီနေရာကို ဘယ်လိုခေါ်လဲ…” တိုက်ပွဲသားရဲကလန်က ချန်ထျန်ကျွင်းက မေးသည်။
အရှင်ဟွေစုန်က ရှေ့တည့်တည့်သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါကတော့ ခုနစ်ရောင်စုံနယ်မြေလို့ ခေါ်တယ်…”
“ဒီနေရာရဲ့ အပြင်ဘက်ဒေသဟာ မြူသားရဲတွေနဲ့ ပြည့်နှက်နေတာ။ ငါ ရခဲ့တဲ့ မူလသလင်းကျောက်တွေဟာလည်း ဒီကပဲ။ ငါ ဒီကို အကြိမ်အနည်းငယ် လာခဲ့ဖူးတယ်။ဒါပေမဲ့ ဒီဒေသရဲ့ ဗဟိုချက်ထိ သွားနိုင်စွမ်း မရှိခဲ့ဘူး..”
“ဒီမှာ ရှေးဟောင်းလူ အကြွင်းအကျန် အချို့လည်း ရှိနေတယ်။ ငါ လေ့လာထားသလောက် ဒီမှာ ကောင်းကင်ဘုံသားတွေနဲ့ အလွန်ထူးဆန်းတဲ့လူအချို့လည်း ရှိနေတယ်…”
ထိုသို့ ပြောရင်း သူက ရှေ့တည့်တည့်သို့ လက်ညှိုးထိုးပြသည်။
“ရောင်းရင်းကျင့်ကြံသူတို့ ကျေးဇူးပြုပြီး ငါ့နောက်က လိုက်ခဲ့ပါ။ ထွက်မသွားကြနဲ့။ ဒီနေရာဟာ အလွန် အန္တရာယ်များတယ်။ သင်တို့သာ ပေါ့ဆမိရင် ဒီမှာတင် သေသွားနိုင်တယ်…”
ထိုသို့ပြောပြီးနောက် သူက စင်မြင်ကဲ့သို့နေရာကနေ အောက်ဘက်သို့ ဆင်းကာ ရှေ့တည့်တည့်သို့ လျှောက်သွားသည်။
လူတိုင်းက အရှင်ဟွေစုန်အနီးအနားကနေ ကပ်လိုက်လာ၏။ သူတို့က ရှေ့သို့ ဖြည်းဖြည်းချင်း သွားနေကြသည်။ တစ်ချိန်လုံး အရှင်ဟွေစုန်က အလေးအနက် ဖြစ်နေလျက် သူသည် စင်မြင်လိုနေရာကနေ မြေပြန့်ရှိရာသို့ ဆင်းလာ၏။ သူတို့သည် မြူများနှင့် ပြည့်နှက်နေသည့် တောင်တန်းများထဲသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လျက် သူသည် ဘေးပတ်လည်ကို ကြည့်၏။ ဤနေရာတွင် သစ်ပင်ဟူ၍မရှိ၊ တောင်ကတုံးများသာ ရှိသည်။ မတူညီသောမြူအမျိုးအစားများက အုပ်စိုလိုက် သူ့ဟာသူ တစ်သီးတခြား ရှိနေပြီး တစ်ခုနှင့်တစ်ခု ရောယှက်ကြခြင်း ရှိမနေပေ။
ဤအခိုက်အတန့်၌ ချန်ထျန်ကျွင်းက ရုတ်တရက် ရပ်၏။ သူက သိပ်မဝေးသောနေရာရှိ တောင်တစ်လုံးကို ကြည့်သည်။ ထိုတောင်နှင့် လမ်းတစ်ဝက်တွင် ကျောက်ဂူတစ်ခုကို ခပ်ရေးရေး မြင်ရသည်။
ထိုဂူမှာ သာမန်မဟုတ်တာ သိသာသည်။ အကြည့်တစ်ချက်ဖြင့်ပင် တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းဂူအဖြစ် ပြုလုပ်ထားသည်ကို သိနိုင်သည်။
“အဲ့မှာ ဂူတစ်ခု တကယ် ရှိနေတာပဲ။ ဒါပေမဲ့ အဆင့်ဆယ့်နှစ်သားရဲတွေ အဲ့ဂူကို စောင့်ကြပ်နေကြတယ်။ နောက်ဆုံးအကြိမ် ငါ လာခဲ့တုန်းက ငါဟာ သူတို့ကို မြှားခေါ်ပြီး အထဲကို ဝင်ခဲ့တာ။ အဲ့အတွက် ပစ္စည်းတစ်ချို့ ငါ ရခဲ့တယ်…”
အရှင်ဟွေစုန်က ခပ်တိုးတိုး ပြောရင်း ချန်ထျန်ကျွင်းကို ကြည့်သည်။ ထို့နောက် သူက ရှေ့သို့ ဆက်လျှောက်လာ၏။
ချန်ထျန်ကျွင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေ့ဆုံးရှိ အရှင်ဟွေစုန်ကို ကြည့်၏။ မည်သူကမျှ သူ ဘာတွေးနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။
လူတိုင်းက ရှေ့သို့ သွားနေကာ လမ်းကြောင်းက ပိုပို ကျဉ်းမြောင်းလာသည်။ အရှင်ဟွေစုန်က ဤနေရာဖြင့် သေချာရင်းနှီးနေ၏။ ရှေ့တည့်တည့်တွင် လမ်းဆက်မရှိတော့သည်နှင့် သူက ဦးတည်ချက် ပြောင်းသည်။ထိုအခါ အခြားလမ်းတစ်ခု ပေါ်လာနေ၏။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ လူတိုင်းသည် အတွင်းဘက်ထိ သွားလေလေ ထည်ဝါမှုအငွေ့အသက်ကို ခံစားမိကြသည်။ ထိုခံစားချက်က အားကောင်းလှ၏။ ၎င်းထည်ဝါမှု သူတို့ပေါ်သို့ ကျဆင်းလာချိန်၌ သူတို့၏စိတ်ကိုပါ တုန်ယင်စေသည်။
အရှင်ဟွေစုန်၏ အမူအရာက ပို၍ အလေးအနက် ဖြစ်လာကာ သူ အရှိန်လျော့၏။ သူက အချိန်အတန်ကြာသည့်အထိ တစ်ခုခုကို တွေးနေကာ သေချာ လှမ်းနေသည်။
ဝမ်လင်းက တစ်လမ်းလုံး ငြိမ်သက်နေ၏။ သို့သော် သူ့မျက်လုံးတို့က တောက်ပနေသည်။ သူက ဤနေရာရှိ အတားအဆီးများစွာကို သတိပြုမိခဲ့ပြီး ဖြစ်၏။ သို့ရာတွင် အများစုဟာ သက်တမ်းရင့်နေကြကာ ပျက်စီးနေပြီ။ သို့သော် အချို့ကတော့ အသက်ဝင်နေဆဲပင်။
ဝမ်လင်းကို တုန်လှုပ်စေသည်က ထိုအတားအဆီးများ၏ စွမ်းအားပင်။ ထိုအတားအဆီးများသည် ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ လှိုဏ်ဂူထဲက အတားအဆီးများထက် ပို၍ အားကောင်းနေ၏။ ၎င်းတို့ ပျက်စီးသွားခဲ့ခြင်းကြောင်သာမဟုတ်ပါက သူတို့ အခုနေရာထိ ရောက်လာဖို့ပါ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ ဖြတ်သန်းသွားသည့်နေရာကို ပြန်ကြည့်သည့်အခါ သူတို့က ကီလိုမီတာငါးထောင်ကျော် သွားခဲ့ပြီး ဖြစ်၏။ သူတို့က ရှေ့တည့်တည့်ရှိ တောင်တန်းများကို အခုထိ ဖြတ်သန်းကြခြင်း မရှိသေးဘဲ ထိုတောင်တန်းများ၏ နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသည်ကို သိဖို့လည်း မဖြစ်နိုင်တော့ချေ။
ဤခုနစ်ရောင်စုံနယ်မြေ၌ ညဟူ၍ မရှိပေ။ ခုနစ်ရောင်စုံအလင်းကသာ ကောင်းကင်ထက်တွင် ပြည့်နေ၏။
အရှင်ဟွေစုန်၏သွားနှုန်းက နှေးသထက်နှေးလာကာ နောက်ဆုံးတွင် ရပ်သွားသည်။သူက ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူ သွန်းမူ…ပြန်လည်မွေးဖွားခြင်းဆေးလုံးဟာ ရှေ့က သိပ်မဝေးတဲ့နေရာမှာ။ဒါပေမဲ့ အဲ့နေရာမှာ အဆင့်ဆယ့်နှစ်သားရဲတစ်ကောင် ရှိနေတယ်။ဒါ့ကြောင့် သင် ဒါကို လိုချင်ရင် နည်းနည်းတော့ ဒုက္ခများနိုင်တယ်…”
အရှင်ဟွေစုန်၏ ရှေ့တွင် လမ်းကျဉ်းတစ်ခုရှိနေ၏။ထိုလမ်း၏ ဘေးတွင် ညှို့မှိုင်းသည် တောင်များ ရှိနေ၏။ ရံဖန်ရံခါ ကျောက်တုံးအချို့က တောင်ပေါ်ကနေ လိမ့်ဆင်းကျသံ ကြားရသည်။
ထိုအသံကလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်နေသည်။
ထိုလမ်းကျဉ်းကတော့ မြူခပ်ပါးပါး ပိတ်ဆို့ထားကာ မြူများအဆုံးတွင် အရိုးစုတစ်ခု ရှိနေသည်။ ထိုအရိုးစု၏ အဝတ်အစားများက စုတ်ပြဲနေလျက် အရိုးစုပတ်လည်တွင် ခြုံလွှမ်းထားသည်။
အရိုးစု၏ ကိုယ်တွင်းပိုင်းအရိုးများကို ရှင်းလင်းစွာ မြင်နေရ၏။ ၎င်းအတွင်း၌ ခုနစ်ရောင်စုံဆေးလုံးတစ်လုံး ရှိနေသည်။ထိုဆေးလုံးက ပြည့်စုံခြင်း မရှိတော့၊အက်ကြောင်းများ ဖြစ်နေသည်။ ဆေးလုံး၏ အချို့အစိတ်အပိုင်းဆို အရည်ပါပျော်နေ၏။
၎င်းမှာ တစ်စုံတစ်ယောက် စုပ်ယူထားသည့် ဆေးလုံးဖြစ်၏။ သို့သော် ထိုသူက မသေခင် ဆေးလုံးကို လုံးဝ စုပ်ယူနိုင်ခဲ့၏။နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ဆေးလုံးထံမှ ခပ်ဖျော့ဖျော့ရနံတစ်ခုကို ထုတ်လွှတ်နေဆဲ၊ အခုချိန်ထိ ဆေးလုံးက တောက်ပနေဆဲပင်။
ထိုရနံ့ကို ရသည့်အခါ ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။၎င်းရနံ့က ထူးဆန်းလှ၏။ ထိုဆေးနံ့ သူ့နှာခေါင်းထဲ ဝင်လာချိန်တွင် သူ့မူလစိတ်ဝိညာဉ်ကို တုန်ခါသွားစေသည်။ သူ့စိတ်က အတိတ်ကို စတင်အောက်မေ့လာ၏။ သူ့မျက်လုံးရှေ့တွင် အတိတ်မြင်ကွင်းများ အထိန်းအချုပ်မဲ့စွာ ပေါ်လာသည်။
ကံကောင်းစွာဖြင့် ဝမ်လင်းက သတိမပြတ်ထားတတ်သူ ဖြစ်နေခြင်းပင်။ သူက သူ့လျှာထိပ်ကို ကိုက်လိုက်ရာ သူ့မျက်ဝန်းတို့က ရုတ်တရက် ပြန်ကြည်လင်သွားသည်။ သူက စိတ်ထဲကနေ မင်သက်နေမိ၏။ သူက လူတိုင်းကို ကြည့်လိုက်သည်။ အဘိုးအိုဖန်းက သူ့အာရုံငါးပါးကို ပိတ်ဆို့ထားခဲ့ပြီး ဖြစ်နေ၏။ သူက သည်နေရာ၏ ထူးဆန်းမှုကို သိနှင့်ထားတာ သိသာပေသည်။
အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုကတော့ ခဏတာ စိတ်ရှုပ်ထွေးသွားသော်လည်း သိပ်မကြာတွင် ပြန်ကောင်းမွန်သွား၏။ တိုက်ပွဲသားရဲကလန်၏ ချန်ထျန်ကျွင်းကလည်း ခပ်မြန်မြန် ပြန်ကောင်းသည်။
“အစွမ်းထက်လိုက်တဲ့ ဆေးလုံးပဲ…”
“တကယ့်ကို ပြန်လည်မွေးဖွားခြင်းဆေးလုံးပဲ…” သွန်းမူက အသက်ခပ်ဝဝရှုသွင်း၏။ သူက ထိုဆေးနံ့ကို အရသာတွေ့နေပုံပင်။
“ရောင်းရင်းသွန်းမူက နေနဲ့လပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ကျင့်ကြံတယ်။ သူ သူ့ရဲ့ ပြန်လည်မွေးဖွားခြင်းကို နားလည်ဖို့လိုတယ်။သူသာ သူ့တာအိုကို ပြီးပြည့်စုံစေဖို့အတွက် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ကိုးကြိမ်တိုင် ပြည့်စုံစေမှ ဖြစ်မှာ။ဒါပေမဲ့ ကောင်းကင်ဘုံဟာ ရက်စက်တဲ့အတွက် ဒါကို အောင်မြင်ဖို့ ခက်ခဲလွန်းတယ်။ ပြောကြတာက ရှေးဟောင်းကျင့်ကြံခြင်းကမ္ဘာမှာ လူတစ်ယောက် တာအိုကို နားလည်သွားဖို့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ခွင့်ပြုနိုင်တဲ့ ပြန်လည်မွေးဖွားခြင်းဆေးလုံး ဆိုတာ ရှိတယ်တဲ့။
ဒါပေမဲ့လည်း ဒီဆေးလုံးပျောက်နေတာ ရှည်ကြာလွန်းခဲ့ပြီ။ ဆေးညွှန်းအစိတ်အပိုင်းတစ်ခုသာ တည်ရှိတော့တယ်။ ဒါ့ကြောင့် ပြန်လည်မွေးဖွားခြင်းဆေးလုံးကို သန့်စင်ဖော်စပ်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့က ပြန်လည်မွေးဖွားခြင်းစွမ်းအင်အချို့ကိုသာ သိပ်သည်းနိုင်တော့တယ်…”
အရှင်ဟွေစုန်က ဖြည်းဖြည်းချင်း ရှင်းပြလေ၏။
သွန်းမူအမည်ရ ကောင်လေး၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက အရှင်ဟွေစုန်ကို စူးရဲစွာ ကြည့်၍ ခပ်ရှရှအသံဖြင့် ပြောသည်။ “ရောင်းရင်းကျင့်ကြံသူ ဟွေစုန်က အတော်လေး သိထားတာ သေချာတယ်။ သင် ငါ့ကို လာရှာတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့မယ်လို့ ငါ ထင်တယ်…”
အရှင်ဟွေစုန်က ပြုံးရုံသာပြုံး၏။
“ဒီမြူတွေနောက်မှာ ရှိနေတဲ့ အရိုးစုအတွက်ကြောင့်သာ ဆိုရင် သင် ငါ့ကို ဒီလိုမျိုး ယဉ်ယဉ်ကျေးကျေး ဖိတ်ခဲ့မှာ မဟုတ်လောက်ဘူးမလား…”
သွန်းမူက မြူများကို ကြည့်၍ ပြော၏။
“အမှန်ပါပဲ။ ရောင်းရင်းကျင့်ကြံသူ သွန်းမူရဲ့ ပြန်လည်မွေးဖွားခြင်းတာအိုဟာ ငါတို့ရဲ့ ဒီခရီးစဉ်အတွက် အလွန်အကျိုးရှိတယ်။ ငါတို့က သင့်ကို ဒီဆေးလုံး ရဖို့အတွက် ကူညီပေးမယ်။သင်ကလည်း ဒီလမ်းကို ဖွင့်လှစ်ပေးရမယ်…”
အရှင်ဟွေစုန်က ပွင့်ပွင်းလင်းလင်း ဝန်ခံ၏။
“ကောင်းပြီ…” ကောင်လေးသွန်းမူက အရိုးစုအတွင်းရှိ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ကြည့်နေရင်း အနည်းငယ် စဉ်းစားနေသည်။ ထို့နောက် သူ့အမူအရာက အလေးအနက် ဖြစ်လာ၏။
အရှင်ဟွေစုန်က အလေးအနက်လေသံဖြင့် ပြောသည်။ “ဒါက နိဗ္ဗာနဖြိုခွဲခြင်းထိပ်ဆုံးအဆင့်တွေနဲ့ ယှဉ်နိုင်တဲ့ အဆင့်ဆယ့်နှစ်နဂါးပဲ။ဒါပေမဲ့ သားရဲဟာ သားရဲပါပဲ။ ငါတို့ ကောင်းကောင်း ပူးပေါင်းရင်၊ ရောင်းရင်းကျင့်ကြံသူသွန်းမူရဲ့ ပြန်လည်မွေးဖွားခြင်းမန္တာန်နဲ့ဆိုရင် မဖြစ်နိုင်တာ မဟုတ်တော့ဘူး…”
ချန်ထျန်ကျွင်းက နှုတ်ခမ်းသပ်၍ ဆို၏။ “ငါ ဒီနဂါးရဲ့ စိတ်ဝိညာဉ်ကို လိုချင်တယ်…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ပြော၏။ “ဒီနဂါးရဲ့ ခန္ဓာကိုယ်ကတော့ ငါ့အတွက်ပဲ…”
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်ကာ သူသည် ဖြည်းဖြည်းချင်း ပြော၏။ “ငါကတော့ ဒီမြူထဲမှာ ရှိတဲ့ မူလသလင်းကျောက်အားလုံး လိုချင်တယ်…”
သူတို့သုံးယောက် ထိုသို့ ပြောကြပြီးနောက် သူတို့၏အကြည့်က အရှင်ဟွေစုန်ထံ ကျရောက်သွားသည်။
အရှင်ဟွေစုန်က ရယ်မော၍ ပြော၏။ “ကောင်းပြီ။ ရောင်းရင်းကျင့်ကြံသူဖန်းနဲ့ငါက ဒီအရာတွေကို မလိုချင်ဘူး။ငါတို့က ဒီနေရာကို ဖြတ်ကျော်သွားချင်ရုံပဲ…”
ကောင်လေးသွန်းမူ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု တဖျပ်ဖျပ် ပေါ်လာ၏။ သူက အသက်ခပ်ဝဝရှုသွင်းသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်လုံးတို့က လင်းလက်လာပြီး နေနှင့်လတို့ တစ်လှည့်စီ ပေါ်သည်။ ထို့နောက် သူက မာန်သွင်းကာ သူ့ဘယ်လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၍ ညာလက်ကို ရှေ့တည့်တည့်သို့ ညွှန်သည်။
သူ့မျက်လုံးတို့မှာ တောက်ပနေ၏။ သူ့မျက်လုံးထဲရှိ နေနှင့်လ အမှတ်အသားတို့က ပို၍ ရှင်းလာသည်။ သူ့ဘေးပတ်လည်ရှိ လူတိုင်းက သူတို့၏ စိတ်ဟာ ပုံရိပ်ယောင်တစ်ခုထဲသို့ စုပ်သွင်းခံရသကဲ့သို့ ခံစားမိရ၏။
ဝမ်လင်းက ထိုကောင်လေးကို ကြည့်သည်။သူက လုံးဝ တည်ငြိမ်လျက် ရှိ၏။
နေနှင့်လအမှတ်အသားတို့ ပေါ်လာချိန်၌ ၎င်းတို့က တစ်ခုနှင့်တစ်ခု ပတ်၍ စတင်လှည့်လည်ပြီး ဝဲကတော့တစ်ခု ဖြစ်တည်သည်။၎င်းဝဲကတော့က မြူထဲသို့ တိုးဝင်သွား၏။
၎င်းက မြန်လွန်းသည်။မြူထဲသို့ ချက်ခြင်း အနားရောက်သွားသည်။ ၎င်း မြူထဲသို့ တိုးဝင်နေလျက် တစီစီအသံများ မြည်၏။ ဤအခိုက်အတန့်တွင် မြူများက ပြင်းထန်စွာ တဝီဝီလှည့်ပတ်ပြီး ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းဟိန်းသံက ဘေးတစ်ဖက်စီရှိ တောင်များကိုပါ စတင်တုန်ခါစေကာ ကျောက်တုံးကျောက်စများ ပြိုကျလာစေသည်။
တစ်ချိန်တည်းမှာ နဂါးခေါင်းကြီးတစ်ခု ထိုးထွက်လာ၏။ ငါးညှီနံသင်းသော လေပြင်းက လူတိုင်းထံ ရိုက်ခတ် တိုးဝင်လာသည်။
ထိုမျှသာဆိုလျှင် တော်သေး၏။ သို့သော် နဂါးဦးခေါင်း ပေါ်လာချိန်တွင် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်၏ ဖိအားတစ်ခုပါ ပေါ်လာသည်။ ထိုအဖြစ်က လူတိုင်း၏ စိတ်ကို ချက်ခြင်း တုန်လှုပ်သွားစေ၏။
သွန်းမူကောင်လေးက မာန်သွင်း၏။ နေနှင့်လသည် လူတိုင်းရှေ့ တိုးဝင်လာသည့် နဂါးဦးခေါင်းရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ နေနှင့်လတို့က အရူးအမူး လှည့်ပတ်ကာ ဖြစ်ပေါ်လာသည့် ဝဲကတော့က ဤနဂါးဦးခေါင်းကို ဆွဲငင်၏။
“ငါ့ ပြန်လည်မွေးဖွားခြင်းမန္တာန်က အသက်ရှုစာဆယ်ကြိမ်ကြာချိန်လောက်ပဲ တောင့်ခံနိုင်မှာ။ သင်တို့အားလုံး မြန်မြန် လှုပ်ရှားကြ…” ကောင်လေး၏အသွင်က ကြမ်းကြုတ်နေ၏။ သူ့နှဖူးထက်တွင် သွေးကြောများ ဖောင်းကြွနေသည်။ သူက ထိုင်ချကာ သူ့ညာလက်ကို ဝေ့ယမ်းရာ ခုနစ်ပေခန့်ဓား ပေါ်လာ၏။ ၎င်းက ဓားစွမ်းအင်တန်းအဖြစ် ပြောင်းကာ နဂါးထံ တိုးဝင်သည်။
ချန်ထျန်ကျွင်းက ရှေ့သို့ ခြေလှမ်းကာ ချိပ်ဟန်တစ်ခုဖြစ်စေ၏။ သူ့ဘေးပတ်လည်တွင် တစ္ဆေအလင်း တောက်ပလာသည်။ သူက ချက်ခြင်းလိုလို နဂါးနားသို့ ရောက်သွား၏။ ဖျပ်ခနဲ သူက နဂါး၏ဦးခေါင်းထက်သို့ ရောက်သည်။ သူက ထိုင်ချကာ နောက်ထပ်ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ဘေးပတ်လည်ရှိ တစ္ဆေအလင်းက သိပ်သည်းလာပြီး မထင်မှတ်စွာဖြင့် သူသည် နဂါး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေ၏။
အရှင်ဟွေစုန်က သူ့လက်ကို ဝေ့ယမ်းရာ ဓားတစ်သောင်း ပေါ်လာ၏။ ၎င်းတို့က နဂါးထံ ဓားမိုးအဖြစ် ကျဆင်း၏။ အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အေးစက်စက်လေပြင်းတစ်ခု ရိုက်ခတ်သည်။ အက်သံများ ပေါ်လာလျက် ဤလမ်းကျဉ်းတစ်လျှောက် ရေခဲများ ပေါ်လာပြီး နဂါးထံသို့ ပျံ့နှံ့သည်။
အဘိုးအိုဖန်းကလည်း ကြောင်ငေးမနေပေ။ သူက လေထဲသို့ ခုန်တက်ကာ သူ့လက်ကို ဝေ့ယမ်းပြီး လျှပ်စီးတန်းတို့ကို ဖြစ်စေသည်။ လျှပ်စီးမိုးကြိုးတန်းတို့ ကောင်းကင်ထက်ကနေ သက်ဆင်းလာ၏။
ဝမ်လင်းကလည်း နဂါးနားသို့ ရောက်သွား၏။သူက ညာလက်သီးဖြင့် နဂါး၏ဧရာမခန္ဓာကိုယ်ကြီးထံ လက်သီးချက်တစ်ချက် ပစ်သွင်းသည်။
တုန်ဟည်းသံများ မြည်ဟီးသည်။ နဂါးသည် ကောင်လေးသွန်းမူ၏ ပြန်လည်မွေးဖွားခြင်းချိပ်တံဆိပ်ကို ချိုးဖျက်နိုင်ရန် ကြိုးစားနေရင်း ဒေါသတကြီး ဟိန်းအော်နေသည်။
***