ဝမ်လင်းသည် ဤခုနစ်ရောင်စုံအက်ကြောင်းထဲသို့ ဝင်ရောက်ရာတွင် သူ့အစီအစဉ်နှင့်သူ ရှိပြီး ဖြစ်၏။ အရှင်ဟွေစုန်နှင့်သူ့ကြားက ပဋိပက္ခကိုလည်း ပိုတိုးသွားပေမည်။ ဝမ်လင်းက နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နိုင်၏။ နှစ်ယောက်ဆိုလျှင်ပင် အဆင်ပြေသေး၏။ သို့သော် ထိုဒုတိယမြောက်တစ်ယောက်က အရှင်ဟွေစုန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး မရှိဖို့တော့ လိုပေမည်။
ဝမ်လင်းက သွန်းမူဟု အမည်ရသည့် ကောင်လေးကို လျှို့ဝှက်၍ လေ့လာခဲ့၏။ထိုသူက ရက်စက်သည့်သူသာ ဖြစ်ကာ သူနှင့်အရှင်ဟွေစုန်တို့ကြား ဆက်ဆံရေးသည် ကိုယ်ပိုင်အကျိုးအတွက်သာ ဖြစ်ပေမည်။
ချန်ထျန်ကျွင်းကတော့ အရှင်ဟွေစုန်နှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေး မရှိပေ။ သူက သူ့ကိုယ်ပိုင်အစီအစဉ်နှင့်သူ ရှိပေလိမ့်မည်။
အရှင်ဟွေစုန်နှင့် ရင်းနှီးသည့် နောက်ထပ်နှစ်ယောက် ရှိသေး၏။ တစ်ယောက်က အဘိုးအိုဖန်း၊ တခြားတစ်ယောက်ကတော့ အရှင်တိမ်စိတ်ဝိညာဉ်ပင်။
ဝမ်လင်း၏ စမ်းစစ်ချက်အရ အရှင်ဟွေစုန် လူတိုင်းကို တည်တည်ငြိမ်ငြိမ် ဖိတ်ခေါ်နိုင်ခြင်းမှာ အရှင်တိမ်စိတ်ဝိညာဉ်ကြောင့်သာ ဖြစ်နိုင်သည်။ တကယ်တော့ သူတို့နှစ်ယောက်က အတူလက်တွဲလုပ်ကာ အဘိုးအိုဖန်းက သူတို့ဘက်တွင် ပါပေမည်။သူတို့ကြား၌ ထိုကဲ့သို့ ပတ်သတ်မှုကို ဖုံးကွယ်ထားကြပြီးပင်။
ထို့ကြောင့် အရှင်တိမ်စိတ်ဝိညာဉ်ကို ဖျက်စီးခြင်းသည် အရှင်ဟွေစုန်၏လက်တစ်ဖက်ကို ဖြတ်တောက်သည်နှင့် တူပေမည်။ အရှင်တိမ်စိတ်ဝိညာဉ်က သူ့အပေါ်တွင် အမြင်ဆိုးရှိကာ တစ်ချိန်လုံး သူ့အား လေ့လာနေခဲ့သည်။ ဝမ်လင်းက အရင်ဆုံး တိုက်ခိုက်ကာ ထိုအင်အားစုများ ပေါင်းသွားစေဖို့ အခွင့်အရေးမပေးရန် ဆုံးဖြတ်သည်။
အခုချိန်က တိုက်ခိုက်ဖို့ရာ အကောင်းဆုံးအခွင့်အရေးပင်။
“နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်…” ထိုအဆင့်ကျင့်ကြံသူကို တိုက်ခိုက်ရမည်ကို တွေးမိရုံဖြင့် သူသည် စိတ်လှုပ်ရှားမိသည်။ သူ့လက်ထဲရှိသံဓားဖြင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။
အတုအပနိဗ္ဗာနလေဟာနယ် ရတနာ၏ စွမ်းအားဟာ ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်သည်။ ဤအခိုက်၌ မွန်းစတားဆန်သောဓားစွမ်းအင်တန်းသည် အရှင်တိမ်စိတ်ဝိညာဉ်ထံ ဦးတည်ဝင်ရောက်လာသည်။
အရှင်တိမ်စိတ်ဝိညာဉ်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ဝမ်လင်းနှင့် သိပ်မဝေးသောနေရာတွင် ရှိနေကာ ခုနစ်ရောင်စုံအက်ကြောင်းဖြင့်လည်း အလွန်နီးနေပေပြီ။ သူ တွေးနေဖို့ပင် အချိန်မရှိဘဲ ဓားစွမ်းအင်သည် သူ့နား ချက်ခြင်း နီးကပ်လာသည်။ အရှင်တိမ်စိတ်ဝိညာဉ်က မာန်သွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့နောက်တွင် စိတ်ဝိညာဉ်မီးတောက်တစ်ခု ပျံသန်းထွက်လာကာ ဝမ်လင်း၏ဓားစွမ်းအင်ကို ဟန့်တားရန် ပြင်သည်။
မီးစိတ်ဝိညာဉ်က ဝမ်လင်းထံ ဦးတည်ဝင်ကာ ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့၏။ မီးတောက် ချက်ခြင်း ပျက်စီးသွား၏။၎င်းသည် ဓားစွမ်းအင်တန်း၏ ထွင်းဖောက်မှုကို တားဆီးနိုင်စွမ်း မရှိပေ။
ဤအခိုက်အတန့်တွင် အရှင်တိမ်စိတ်ဝိညာဉ်၏မျက်လုံးသည် ဒေါသကြောင့် ပြူးကျယ်နေသည်။ ဓားစွမ်းအင်တန်း နီးကပ်လာခိုက် သူက သူ့လျှာကို ကိုက်ကာ သွေးအဆီအနှစ်ကို ထွေးထုတ်သည်။ ထိုသွေးတို့က အရိုးခေါင်းတစ်ခုအသွင်ပြောင်းကာ ဓားစွမ်းအင်ကို ဝါးမြိုရန် ပြင်သည်။
ကျယ်လောင်စွာပေါက်ကွဲ၏။ အရှင်တိမ်စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့မျက်နှာပါ ဖြူရောသွားသည်။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်သွားသည်။ သို့သော် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံသူ မဟုတ်လား။ ထို့ကြောင့် ဝမ်လင်း၏ ဓားစွမ်းအင်က သူ့အား အပြင်းအထန် ဒဏ်ရာ ရသွားစေဖို့ရာအတွက် မလုံလောက်ပေ။ ပြန်ကန်အားကြောင့် ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ အက်ကြောင်းထဲ ပျောက်ကွယ်ခါနီး ဖြစ်သွားသည်။
“မင်း သေချင်နေတာပဲ…ဂျူနီယာ…” အရှင်တိမ်စိတ်ဝိညာဉ်သည် မာန်သွင်းကာ ရှေ့သို့ တရကြမ်း တိုးသည်။ သူသည် မြန်လွန်းသဖြင့် ဝမ်လင်းနားသို့ ချက်ခြင်းလိုလို ရောက်လာ၏။
ဝမ်လင်းထံ၌ သံဓားကို အင်အားပြည့်တိုက်ခိုက်ဖို့အတွက် လုံလောက်သောအချိန် ရှိမနေပေ။ သူ့မျက်လုံးထဲတွင် အေးစက်သွား၏။ ထိုအရာက သူမျှော်လင့်ထားသည့် အတောအတွင်းသာ ရှိနေသည်။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တစ်ယောက်ကို လွယ်ကူစွာ သတ်၍ ရနိုင်လိမ့်မည် မဟုတ်ပေ။ သူ့ရည်ရွယ်ချက်ကလည်း အရှင်တိမ်စိတ်ဝိညာဉ်ကို ဒဏ်ရာ ရစေရုံသာ ဖြစ်သည်။ ထို့အတွက် နောက် ဘာဆက်လုပ်မည်ကိုပါ သူ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။
ဝမ်လင်းက နောက်ဆုတ်ကာ အက်ကြောင်းထဲသို့ လုံးဝ ဝင်ခါနီး ဖြစ်နေသည်။အရှင်တိမ်စိတ်ဝိညာဉ်ကလည်း အနားရောက်လာကာ သူ့ခြေလှမ်းတစ်ဝက်ပင် အက်ကြောင်းထဲသို့ ခြေချလာခဲ့၏။ သူက ဘယ်လက်ကို မြှောက်ကာ မန္တန်တစ်ခု အသုံးပြုရန် ပြင်သည်။ ထိုအခိုက်မှာ ဝမ်လင်းက ညစ်ကျယ်ကျယ် ပြုံး၏။ သူက လှမ်းအော်၏။ “ရပ်တန့်ခြင်း…”
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်များ အရူးအမူး မြင့်တက်လာကာ ရပ်တန့်ခြင်းမန္တာန်အဖြစ် ပြောင်းလဲ၍ အရှင်တိမ်စိတ်ဝိညာဉ်အား ဝန်းရံ၏။ မျက်စိတစ်မှိတ်အတွင်း အရှင်တိမ်စိတ်ဝိညာဉ်၏ခန္ဓာကိုယ်က တန့်သွားသည်။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ရပ်တန့်ခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်သည့် မမြင်ရသောအမျှင်တန်းများကို ချိုးဖျက်ဖို့ တစ်ခဏာ လို၏။ သို့သော် ထိုအချိန်က ဝမ်လင်းအတွက် လုံလောက်ပေပြီ။ ဝမ်လင်းက အက်ကြောင်းထဲသို့ လှမ်းဝင်သွားသွားချင်း ဓားစွမ်းအင်တန်းတစ်ခုက အရှင်တိမ်စိတ်ဝိညာဉ်၏ ဦးခေါင်းထံ တိုးဝင်သည်။ ထို့အပြင် ရှေးဟောင်းနတ်ဘုရား၏စွမ်းအားနှင့် လက်သီးချက်ပါ သူ့ထံ တိုးဝင်လာ၏။
ဓားစွမ်းအင်တန်း နီးကပ်လာ၏။ အရှင်တိမ်စိတ်ဝိညာဉ်က ရပ်တန့်ခြင်းမန္တာန်ကနေ ချိုးဖျက်ကာ ရှောင်၏။ သို့သော် သူသည် နာကျင်စွာ ငြီးငြူလိုက်ရပြီး သူ့ညာလက်ကနေ သွေးများ ပန်းထွက်ကုန်သည်။ ဓားစွမ်းအင်က သူ့ညာလက်ကို ဖြတ်တောက်သွား၏။
ထိုအခိုက်မှာ ရှေးဟောင်းနတ်ဘုရားလက်သီးချက် ရောက်ရှိလာ၏။ အရှင်တိမ်စိတ်ဝိညာဉ်က လက်သီးချက်ကို သူ့မန္တာန်ဖြင့် ပိတ်ဆို့သော်လည်း ထိုအဖြစ်က သူ့ခန္ဓာကိုယ်အား ဘေးသို့ အတော်လေး ရွှေ့သွားစေသည်။
သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပေါ်လာ၏။ အက်ကြောင်းထဲသို့ ကူးပြောင်းနေချိန်တွင် သင်သည် တိမ်းစောင်းမှု လုပ်၍ မဖြစ်ပေ။ သင်သာ ထိုသို့ လုပ်ပါက ချက်ခြင်း နယ်မြေနှစ်ခုကြား ဖြတ်သန်းချိန်၌ အခြားတည်နေရာတစ်ခုခုကို ရောက်သွားနိုင်သည်။
ဝမ်လင်းက ဟင်းလင်းပြင်အက်ကြောင်းများစွာကို ဖြတ်သန်းဝင်ဖူး၏။ သူသည် ခုနစ်ရောင်စုံအက်ကြောင်းကို အရင်က မဝင်ဖူးသော်လည်း သူသည် နယ်မြေနှစ်ခုကြားရှိ အက်ကြောင်းအားလုံးမှာ ဤကဲ့သို့သာ ဖြစ်မည်ဟု ကောက်ချက်ချသည်။ ဤခုနစ်ရောင်စုံအက်ကြောင်းမှလည်း တည်ငြိမ်မှု မရှိပေ။ထို့အတွက် သူက ပို၍ သေချာသွားသည်။
သူ့ရည်ရွယ်ချက်မှာ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ဖို့အတွက် မဟုတ်ပေ။ ထိုအစား သူက အရှင်တိမ်စိတ်ဝိညာဉ်ကို ဒဏ်ရာရကာ အက်ကြောင်းထဲ ဝင်ရောက်ချိန်၌ ထိုသူ့တည်နေရာကို ပြောင်းသွားစေဖို့သာ ဖြစ်သည်။
ဤအရာများမှာ လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ မြန်ဆန်လွန်း၏။ သူ အက်ကြောင်းထဲဝင်လာချိန်၌ ဝမ်လင်း၏အမြင်မှာ ဝေဝါးသွားကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း ရပ်တန့်ခြင်းမန္တာန်အသုံးပြုခြင်း၏ တန်ပြန်ဒဏ်ကို ခံစားလိုက်ရသည်။ သို့သော် သူက ၎င်းဒဏ်ကို အတင်းဖိနှိပ်ပစ်သည်။ သူ့အမြင် ပြန်ကြည်လင်လာချိန်၌ သူသည် ထူးဆန်းသောကမ္ဘာတစ်ခုတွင် ပေါ်လာသည်။
ဤနေရာတွင် မြေပြင်နှင့်ကောင်းကင် ရှိ၏။ သို့သော် ကောင်းကင်က ခုနစ်ရောင်စုံအလင်းကို ပေးသည်။ မြေပြင်သည်ပင် ထိုအလင်းကြောင့် ခုနစ်ရောင်စုံ ဖြစ်ရ၏။ သို့ရာတွင် သည်ကမ္ဘာက မြူများနှင့် ခြုံလွှမ်းကာ ရှင်းရှင်းလင်းလင်း မရှိပေ။ အချို့နေရာများတွင်တော့ မြူများ ရှိမနေချေ။
ဝမ်လင်းက ထိုမြင်ကွင်းကို သေချာ မကြည့်ပေ။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သည်နေရာသို့ တည်နေရာရွှေ့ပြောင်းလာကြသူများအား ကြည့်သည်။ ထိုသူများထဲ၌ အရှင်တိမ်စိတ်ဝိညာဉ် မပါပေ။ ထိုကျမှ ဝမ်လင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူသည် အလောင်းအစားတစ်ခု လုပ်ခဲ့ခြင်း မဟုတ်လား။ ခုချိန်၌ သူ့ လောင်ကြေးက နိုင်သွားပြီကို သူ သိ၏။ သူ အရှင်တိမ်စိတ်ဝိညာဉ်အပေါ် လုပ်ခဲ့ပုံက အန္တရာယ်များလွန်း၏။ အရှင်တိမ်စိတ်ဝိညာဉ်သည် ကြိုမပြင်ဆင်ထားခြင်းကြောင့်သာ သူက ရပ်တန့်ခြင်းမန္တာန်ဖြင့် နှောက်ယှက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လူတိုင်းက ပေတစ်ထောင်လောက် ကျယ်သည့် စင်မြင့်နှင့်တူသော နေရာတစ်ခုပေါ်တွင် ရှိနေကြသည်။အဘိုးအိုဖန်းက သူ့ဘေးပတ်လည်သို့ ကြည့်ကာ အတိတ်ကို ပြန်အောက်မေ့၏။ သည်နေရာသို့ ရောက်လာသည်မှာ သူ့အတွက် သုံးကြိမ်မြောက် ဖြစ်သည်။ ပထမတစ်ကြိမ် သူတို့ ရောက်လာခဲ့ချိန်က သူ့မိတ်ဆွေအများစု သေဆုံးခဲ့သည်။ ဒုတိယတစ်ကြိမ်တွင်လည်း အများစု သေဆုံးခဲ့သည်။ ဒီနေ့တွင်တော့ သူအပါအဝင် သုံးယောက်သာ ကျန်တော့၏။
သွန်းမူအမည်ရ ကောင်လေးက ရှေ့တည့်တည့်ရှိ မြူများထံ အကြည့်ရောက်နေသည်။ သူက သူ့နှုတ်ခမ်းသူ သပ်ကာ ခပ်တိုးတိုး ဆိုသည်။ ဒီမြူတွေဟာ ကြယ်မြူတွေ မဟုတ်ဘူး…”
တိုက်ပွဲသားရဲကလန်၏ ချန်ထျန်းကျွင်းသည် ဤနေရာသို့ ရောက်လာပြီးနောက် အတော်လေး စိတ်လှုပ်ရှားနေသည်။ သူက အသက်ခပ်ပြင်းပြင်း အကြိမ်အနည်းငယ် ရှုသွင်းရှုထုတ်ပြု၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေသည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုတစ်ယောက်သာ အနည်းငယ် မျက်မှောင်ကြုတ်နေ၏။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို သိလိမ့်မည် မဟုတ်ပေ။
အရှင်ဟွေစုန်၏အမူအရာတွင်လည်း စိတ်လှုပ်ရှားဟန် ပေါ်နေ၏။ သို့သော် သူ့အကြည့်က ချက်ခြင်း အလေးအနက် ဖြစ်သွားသည်။ သူက ဝမ်လင်းကို ကြည့်ကာ မေးသည်။ “ရောင်းရင်းကျင့်ကြံသူလု…အရှင်တိမ်စိတ်ဝိညာဉ်ရော…”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောသည်။ “ငါ သူ ဘယ်သွားနေလဲ ဘယ်သိပါ့မလဲ…”
“အရှင်တိမ်စိတ်ဝိညာဉ်ဟာ သင့်နောက်မှာ။ သင်တို့နှစ်ယောက်က အက်ကြောင်းထဲ ဝင်ဖို့ နောက်ဆုံးကျန်ခဲ့တဲ့ နှစ်ယောက်ပဲ။ အပြင်ဘက်မှာ မတော်တဆတစ်ခုခုများ ဖြစ်ခဲ့လား…”
အရှင်ဟွေစုန်က မျက်မှောင်ကြုတ်၏။ သည်နေရာသို့ ရောက်လာသည့်အပျော်ပင် အရှင်တိမ်စိတ်ဝိညာဉ်ပျောက်နေမှုနှင့်အတူ ပျောက်ကွယ်သွား၏။ သူသည် ဆိုးရွားသောခံစားချက် ရနေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောသည်။ “အပြင်မှာ မတော်တဆတစ်ခုခု ဖြစ်ခဲ့လား၊မဖြစ်ခဲ့လားတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါ အက်ကြောင်းထဲ ဝင်လာတဲ့အချိန်မှာတော့ ဘာမတော်တဆမှုမှ မရှိခဲ့ဘူး…”
အဘိုးအိုဖန်းကလည်း ဝမ်လင်းကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု… ရောင်းရင်းတိမ်စိတ်ဝိညာဉ်ဟာ သင်နဲ့ သိပ်မဝေးတာ ငါလည်း သတိပြုမိတယ်။ သင်တောင် ဝင်လာပြီးမှ သူ ပျောက်နေတာ အဓိပ္ပာယ်မရှိဘူး…”
အရှင်ဟွေစုန်၏အမူအရာက သုန်မှုန်နေသည်။ သူက ဝမ်လင်းကို ကြည့်နေ၏။ သူ ဒေါသအတော် ထွက်နေပေပြီ။
သူတို့သုံးယောက်ကြားရှိ စကားများက ကျန်သည့်ကျင့်ကြံသူများကိုပါ အာရုံစိုက်လာစေသည်။ သွန်းမူ ဆိုသည့် ကောင်လေးက ပြုံး၍ ပြောသည်။ “စိတ်ဝင်စားစရာပဲ။ အက်ကြောင်းထဲ ဝင်ရုံ ရှိသေး လူတစ်ယောက် ပျောက်နေပြီ…”
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း ဝမ်လင်းကို ကြည့်၏။ သို့သော် သူမက စကားတော့ မဆိုပေ။
ချန်ထျန်ကျွင်းက မျက်မှောင်ကြုတ်၏။ သူသည် အကွာအဝေးတစ်ခုရှိ မြူထဲသို့သာ ကြည့်နေပြီး လစ်လျူရှုထားသည်။ သူ့မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားဟန် ထင်းနေ၏။
“ရောင်းရင်းကျင့်ကြံသူဖန်း…သင် ကိုယ့်စကားကိုယ် ဂရုစိုက်ပါ။ သင် အဓိပ္ပာယ်မရှိ ပြောလိုက်တဲ့အရာတွေဟာ သင့်အတွက် ကံဆိုးမှုကိုပဲ ဖိတ်ခေါ်လိမ့်မယ်…”
ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ အဘိုးအိုဖန်းကို ကြည့်သည်။
အဘိုးအိုဖန်း တုန်လှုပ်သွားမိ၏။ သူသည် ဝူချင်း၏ သေဆုံးခဲ့ရမှုအကြောင်း ပြန်တွေးမိကာ စကားများများ ပြောလိုက်သည့်အတွက် နောင်တရသွားသည်။ ထို့နောက် သူက အရှင်ဟွေစုန်ထံသို့ ကြည့်သည်။
“ရောင်းရင်းကျင့်ကြံသူလု…ကျေးဇူးပြုပြီး ငါ့ကို ရှင်းပြချက် ပေးအုံး…” အရှင်ဟွေစုန်က ဝမ်လင်းကို စူးနစ်စွာ ကြည့်၏။ သူသည် အရှင်တိမ်စိတ်ဝိညာဉ်က သည်လူငယ့်ကို စောင့်ကြည့်နေသည်အား သိထား၏။ အခုချိန်တွင် သူပျောက်နေပေပြီ။
“ဘယ်လိုဟာသလဲ…” ဝမ်လင်းက ဒေါသတကြီး ရယ်မော၏။ သူသည် အရှင်ဟွေစုန်ထံသို့ မထူးခြားနားဟန်ဖြင့် ကြည့်ကာ ပြောသည်။ “အရှင်တိမ်စိတ်ဝိညာဉ်ဟာ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်၊ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ရောင်းရင်းကျင့်ကြံသူ ဟွေစုန်က ငါ့ရှိကနေ ရှင်းပြချက်လိုချင်နေတာလား။ ဒါပေမဲ့ ငါ ဒါကို ပေးနိုင်စွမ်း မရှိဘူး…”
“အရှင်တိမ်စိတ်ဝိညာဉ်မှာ ခြေတွေလက်တွေပါတယ်၊ ဦးနှောက်ပါတယ်။ သူက ငါ့ကို သူ ဘယ်သွားမလဲ ဘာကြောင့်များ တင်ပြနေမလဲ။ အဓိပ္ပာယ်မရှိဘူး။ သင် တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်လိုနေတာ ဆိုရင်တော့ ငါသင့်အတွက် အဖော်လုပ်ပေးနိုင်တယ်…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ့စကားလုံးများ ထက်ရှလှသည်။
သွန်းမူက ဝမ်လင်းကို ကြည့်ကာ အရှင်ဟွေစုန်ထံသို့ ခပ်စူးစူးလေသံဖြင့် ပြော၏။ “စိတ်ဝင်စားစရာပဲ။ အရှင်ဟွေစုန်…ရောင်းရင်းလုရဲ့ စကားဟာ ကျိုးကြောင်းဆီလျော်တယ်။ အရှင်တိမ်စိတ်ဝိညာဉ်မှာ ခြေတွေ၊လက်တွေရှိတယ်၊ဦးနှောက်ရှိတယ်။ ဒီတော့ သူက ဒီထဲကို မဝင်လာချင်တာ ဖြစ်နိုင်သလို ဒါမှမဟုတ် သူက ငါတို့နဲ့အတူ မသွားချင်ပဲ တစ်ခြားနေရာကနေ သွားတာလည်း ဖြစ်နိုင်တယ်…”
အရှင်ဟွေစုန်သည် မျက်မှောင်ကြုတ်ထားတာ အနည်းငယ် ပြေလျော့သွား၏။ သူ့စိတ်ထဲတွင်တော့ သံသယ ရှိနေဆဲပင်။ အရှင်တိမ်စိတ်ဝိညာဉ်၏ ကျင့်ကြံမှုအဆင့်ဖြင့် သည် လုဆိုသည့် လူဟာ သူ့မြင့်မားလွန်းသည့် ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခြင်းကြောင့် မဟုတ်လျှင် ဤမျှ အချိန်တိုအတွင်း အရှင်တိမ်စိတ်ဝိညာဉ်ကို သတ်ဖို့ရာ မဖြစ်နိုင်ပေ။
သူ့အကြည့်က ဝမ်လင်းထံ ရောက်လာသည်။အရှင်ဟွေစုန်က အရှင်တိမ်စိတ်ဝိညာဉ် အသတ်ခံသည်ဟူသော အတွေးကို ဖျောက်ဖျက်ပစ်၏။ အထူးသဖြင့် အရှင်တိမ်စိတ်ဝိညာဉ်ဟာ သူ့လိုမျိုး ဤနေရာနှင့် အလွန်ရင်းနှီးသည်ဟု ယူဆမိချိန်တွင်ပင်။ သူတို့နှစ်ယောက်လုံးက ဤနေရာသို့ နှစ်ကြိမ်တိုင် ဝင်ခဲ့ဖူးကြ၏။
“ဖြစ်နိုင်တာက အရှင်တိမ်စိတ်ဝိညာဉ်ဟာ နောက်ထပ် ဝင်ပေါက်တစ်ခုကိုများ ထပ်တွေ့တာလား။ အထူးနည်လမ်းတစ်ခုကို အသုံးပြုပြီး တည်နေရာရွှေ့ပြောင်းပြီး သွားတာများလား။ ဒါက ဖြစ်နိုင်တယ်ဆိုပေမဲ့လည်း ဒီကျင့်ကြံသူလုက အရှင်တိမ်စိတ်ဝိညာဉ်ကို တိုက်ခိုက်ပြီး အခြားနေရာတစ်ခုကို တည်နေရာရွှေ့ပြောင်းသွားအောင် လုပ်ခဲ့တာလည်း ဖြစ်နေနိုင်တာပဲ။ ဒါပေမဲ့ အဲ့လိုသာအမှန်ဆိုရင် ဒီလုဆိုတဲ့လူဟာ ဒီနေရာကို ဘေးကင်းကင်းနဲ့ ဘယ်လိုများ ရောက်လာခဲ့လဲ…”
အရှင်ဟွေစုန်၏ စိတ်ထဲတွင် မသေချာ၊မရေရာ ဖြစ်နေသည်။ သို့သော် သူက ထိုအရာကို ဖိနှိပ်ထားရုံသာ တတ်နိုင်၏။ သူက ဝမ်လင်းကို ကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။ “ဒီကိစ္စမှာ ငါ အဆင်အခြင်မဲ့သွားခဲ့တယ်။ ရောင်းရင်းကျင့်ကြံသူလု စိတ်မရှိဖို့ ငါ မျှော်လင့်မိပါတယ်…”
ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့၏။ ထို့နောက် သူက လက်နှစ်ဖက်ဆုပ်သည်။သို့သော် သူက စကားတော့ ဆိုမနေပေ။
ဤအခိုက်အတန့်၌ ခုနစ်ရောင်စုံကမ္ဘာအတွင်းရှိ မြူများသိပ်သည်းစွာ ရှိနေသော တောင်ကြားတစ်ခုတွင် အရှင်တိမ်စိတ်ဝိညာဉ်သည် ထိုင်နေကာ သူ့ဘေးပတ်လည်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သူ့မျက်နှာကလည်း ဖြူရောနေ၏။ သူ့ညာလက်ကနေ မည်သည့်သွေးမှ စီးကျမနေတော့ပေ။ သို့သော် သူ့အမူအရာတွင်တော့ ထိတ်လန့်မှုကို ဖုံးကွယ်ထားသည်။
“သေစမ်း…။ ငါ ဒီနေရာကို တည်နေရာရွှေ့ပြောင်းခံလိုက်ရတာပဲ…” သူသည် ခြောက်ကပ်ကပ် နှုတ်ခမ်းကို လျှာဖြင့် သပ်၏။ သူ့စိတ်မှာ တုန်လှုပ်နေသည်။ သူက တောင်ကြားဝရှိ သိပ်သည်းသောမြူများကို ကြည့်လိုက်သည်။
ထိုသိပ်သည်းသောမြူများထံကနေ ငါးညှီနံ့လိုလို အနံ့နှင့် ဟိန်းသံများ ထွက်ပေါ်နေ၏။
***