Switch Mode

အပိုင်း(၁၂၃၂)

ကြယ်ရောင်စုံကောင်းကင်ယံသည် မြူများဖြင့် ဖုံးနေလျက်။ အလင်းတန်းခြောက်ခုသည် ၎င်းကောင်းကင်ကို ဖြတ်သန်းလာနေ၏။ အရှင်ဟွေစုန်သည် ဤလမ်းကြောင်းနှင့် ကျွမ်းဝင်နေသည့်ပုံ ပေါ်သည်။ ဦးတည်ရာကို စစ်ဆေးကြည့်ဖို့အတွက်ပင် သူက ကျောက်စိမ်းပြားကို မထုတ်ပေ။ သူသည် သွားလိုသည့်နေရာသို့ မြန်ဆန်စွာသာ ပျံသန်းနေသည်။

သူ့နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ဖြင့် သူသည် မြန်လွန်းလှ၏။ သူ့နောက်ရှိ လူတိုင်းကလည်း သူတို့၏ ကျင့်ကြံမှုကို အစွမ်းကုန်သုံးကာ မြန်ဆန်စွာ ပျံသန်းလိုက်လာသည်။

ဝမ်လင်းက နောက်ဆုံးတွင် ဖြစ်၏။ တကယ်တော့ သူ့ကျင့်ကြံမှုအစစ်အမှန်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မဟုတ်ပေ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် အဆောင်တစ်ခုကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်ပေါ်သို့ တင်၏။ လေပြင်းတစ်ခု သူ့ဘေးပတ်လည်တွင် ပေါ်လာကာ သူ လှမ်းထွက်သွား၏။

သူတို့သည် မြန်နှုန်းအပြည့်ဖြင့် ပျံသန်းနေ၏။ ရက်အနည်းငယ်ကြာပြီးနောက် မြူများဟာ ပိုသိပ်သည်းလာသည်။ သူတို့အားလုံးက အဆင့်ငါးဒေသအတွင်းနက်ပိုင်းတွင် ရှိနေကြကာ အရိုင်းကုန်းမြေတစ်ခု၏ အရိပ်ကို ခပ်ရေးရေး လှမ်းမြင်ရပေပြီ။

“ဒီနေရာပဲ…” အရှင်ဟွေစုန်က အလျင်စလို ပျံသန်းရာ ထိုအရိုင်းကုန်းမြေနား ချဉ်းကပ်၏။ ဤအရိုင်းကုန်းမြေမှာ ကြီးမားလှခြင်း မရှိပေ။ သို့သော် ကြမ်းကြုတ်သည့်သားရဲများစွာ ရှိသည်။ ကုန်းမြေအထက်တွင် ရှိနေရုံဖြင့် သားရဲဟိန်းသံများကို ကြားနိုင်၏။

“ဒီကုန်းမြေကို သိတဲ့သူ သိပ်မများဘူး။ သူတို့က ဒီကုန်းမြေကို သိရင်တောင်မှ ဒီနေရာမှာ ငါ ဖွက်ထားတဲ့ လျှို့ဝှက်ချက်ကိုတော့ တွေ့လိမ့်မှာ မဟုတ်ဘူး…”

အရှင်ဟွေစုန်က ပြုံး၍ ထိုကုန်းမြေကို ကြည့်သည်။

“ရောင်းရင်းကျင့်ကြံသူဖန်း…ဒီကုန်းမြေပေါ်မှာ ရှိတဲ့ ကျင့်ကြံသူအားလုံးကို ရှာပြီး သတ်ပစ်ဖို့ သင့်ကိုပဲ ဒုက္ခပေးရတော့မယ်။ သူတို့အားလုံးကို သတ်ခဲ့ပေး…”

အရှင်ဟွေစုန်က အမာရွက်များနှင့်အဘိုးအိုကို ထိုသို့ ပြော၏။

အဘိုးအိုဖန်းက ခေါင်းညိတ်သည်။ထို့နောက် သူ ပျောက်ကွယ်သွား၏။ သူ့နတ်ဘုရားအာရုံကို ဤကုန်းမြေတစ်ခွင်သို့ ဖြန့်ကျက်ကာ သူသည် ဆက်တိုက် ရှာဖွေတော့သည်။ သူ တွေ့သမျှ ကျင့်ကြံသူတိုင်းကို သတ်ပစ်လေ၏။

ဝမ်လင်းသည် သူ့ ခြေထောက်အောက်ရှိ အရိုင်းကုန်းမြေကို ကြည့်သည်။ သူက တစ်ခုခုမှားနေသလို ခံစားမိ၏။ သို့သော် ဘာလဲတော့ သူ မပြောနိုင်ပေ။ ဤအခိုက်အတွင် သူက စောင့်ကြောင့်ထိုင်ချကာ ဖုန်မှုန့်လက်တစ်ဆုပ်ကို ယူပြီး လေ့လာကြည့်သည်။

အစိမ်းရောင်ဝတ်စုံဖြင့်အဘိုးအို၏ မျက်လုံးမှာလည်း တလက်လက် ဖြစ်နေ၏။သူက ဘေးပတ်လည်သို့ ကြည့်ကာ အလေးအနက် ဖြစ်လာသည်။

အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်းကို ကြည့်ကာ နှာခေါင်းရှုံ့၏။ ဤအရိုင်းကုန်းမြေ၏ လျှို့ဝှက်ချက်ကို ဤနေရာတွင် အချိန်အကြာကြီး နေထိုင်ခြင်း မရှိပါက မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ကောင်လေးကလည်း ဘေးပတ်လည်သို့ ကြည့်၍ မျက်မှောင်ကြုတ်၏။ မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။ ချန်ထျန်ကျွင်းတစ်ယောက်သာ မလှုပ်မယှက် ရှိ၏။ သူက ထိုင်ချကာ မျက်လုံးမှိတ် ကျင့်ကြံသည်။

အဘိုးအိုဖန်း ပြန်ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။ သူက အရှင်ဟွေစုန်ကို ခေါင်းညိတ်ပြ၏။သူက စကားဖြင့် ပြောမနေပေ။

အရှင်ဟွေစုန်သည် အနည်းငယ် စိတ်လှုပ်ရှားလာ၏။သူက အသက်ခပ်ပြင်းပြင်း ရှုထုတ်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ လက်ဝေ့ယမ်းသည်။ မူလစွမ်းအင်မြောက်မြားစွာ သူ့ပတ်လည်တွင် ရုတ်တရက် စုစည်းလာ၏။၎င်းစွမ်းအင်တို့က မြူများအတိုင်း အထက်သို့ တဝီဝီ တက်ကာ သူ့ရှေ့တွင် ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။

အရှင်ဟွေစုန်၏ ဆံပင်ဖြူများက လေမတိုက်ပါဘဲ ဝဲလွင့်နေသည်။သူက မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို မြေပြင်ထက်သို့ ကြမ်းတမ်းစွာ ဖိချ၏။

မြေပြင်သည် ဘန်းခနဲ ပေါက်ကွဲကာ အဆုံးမဲ့ တုန်ဟည်းသံများ မြည်ဟီး၏။မြေပြင်ထု တုန်ခါနေရင်း အက်သံများကိုပါ ကြားရသည်။ အက်ကြောင်းများမှာ အကွာအဝေးတစ်ခုထိ ချဲ့ကား ရွှေ့လျားသည်။

မြေပြင်ထုသည် ပို၍ ပြင်းပြင်းထန်ထန် တုန်ခါ၏။ အရှေ့ဘက်ရှိ မိုးထိမြင့်သည့်တောင်တစ်လုံးထံမှ ခပ်ရှရှင်အလင်းတို့ တောက်ပ၏။ မြောက်ဘက်၊တောင်ဘက်၊အနောက်ဘက် ရှိတောင်များထံကလည်း အလားတူအလင်းမျိုး ထုတ်လွှတ်လေ၏။

တောင်လေးလုံးထံမှ အလင်းများသည် သာ၍ အားကောင်းလာကာ ချက်ခြင်း ပျံ့နှံ့သည်။ လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက ၎င်းတောင်လေးလုံးထံမှ အလင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ တောင်လေးလုံးအစီအရင်တစ်ခု ဖြစ်ပေါ်သည်ကို မြင်ရပေလိမ့်မည်။

ယင်းအစီအရင်အတွင်းရှိ မြေပြင်က တုန်ခါကာ တစစီ အက်ကွဲ၏။ ကျောက်လွှာတစ်ချပ် လေလဲသို့ မြောက်တက်လာသည်။

ဝမ်လင်းက လေထဲသို့ ပျံတက်လာသည့် ကျောက်လွှာကို ကြည့်ကာ သူ့မျက်လုံး ကျဉ်းမြောင်းသွားသည်။ မြေကြီးထုမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွတ်နေကာ အဖုအထစ်၊အကွေ့အမောက်ဟူ၍ ရှိမနေပေ။

မြေအောက်တွင်မူ ကွယ်ဝှက်နေသော ဧရာမစာလုံးကြီးတစ်လုံး ရှိသည်။

ထိုစာလုံးမှာ မန္တာန်တစ်ခုနှင့် မြေပြင်ထက်ကို ခပ်နှိပ်ထားကာ ကုန်းမြေ၏ နေရာတော်တော်များများကို သိမ်းယူထားသည်။ ထိုစာလုံးကို အပေါ်က ကျောက်လွှာက ထပ်ပေါင်း ဖုံးကွယ်ပေးထားပြန်၏။

ထိုကျောက်လွှာချပ်လေထဲသို့ ပျံတက်ကာ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ဝမ်လင်းက သူ့အား လျှပ်စီးတန်းတစ်ခုဖြင့် ပစ်ချသကဲ့သို့ ခံစားလိုက်ရသည်။ သူက ကျောက်လွှာချပ်ပျံသန်းသွားသည့်နေရာကို ကြည့်ကာ တုန်လှုပ်မိသည်။ သူသည် ဤနေရာမှာ ထူးဆန်းသည်ဟု ခံစားရသည့်အကြောင်းရင်းကို တွေးမိသွားသည်။

ဤအရိုင်းကုန်းမြေမှာ လုံးဝ မလှုပ်မယှက် တည်ရှိ၏။ တိမ်ပင်လယ်ရှိ ကုန်းမြေများသည် သပ်သပ်မတ်မတ် တည်မြဲမှု ရှိမနေ၊ ၎င်းတို့က ဟင်းလင်းပြင်အာကာသထဲ ဖြည်းဖြည်းချင်း တိုးဝင်လျက် ရှိနေ၏။ ထိုရွှေ့လျားမှုက နှေးလွန်းလှ၏။ ထောက်လှမ်းမိရန် ခက်ခဲ၏။သို့သော် တည်ရှိနေသည်။ သေမျိုးများကတော့ ၎င်းရွှေ့လျားမှုကို ဘယ်တော့မှ ခံစားမိလိမ့်မည် မဟုတ်ပါ။ သို့သော် အဆင့်တစ်ခုထိ ရောက်နေသည့် ကျင့်ကြံခြင်းအဆင့်ရှိသူများသည်ပင် ၎င်းရွှေ့လျားမှုကို ခပ်ရေးရေးသာ ခံစားမိပေလိမ့်မည်။

ဝမ်လင်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ ဒေသခံကျင့်ကြံသူ မဟုတ်ပေ။အရင်က သူ ရှိခဲ့ဖူးသည့် ကြယ်အဖွဲ့အစည်းများသည် ဂြိုဟ်များဖြင့်သာ ပြည့်နှက်နေလျက် အခုလိုမျိုး မြောလွင့်နေသည့် ကုန်းမြေများ မဟုတ်ခဲ့ချေ။ ထို့အတွက်ကြောင့် ထိုရွှေ့လျားမှု ခံစားချက်ဟာ သူ့အတွက် ရှင်းရှင်းလင်းလင်း ရှိနေသည်။ ဒေသခံကျင့်ကြံသူသာ ဖြစ်ပါက သူတို့သည် ထိုအချက်ကို အမှုမဲ့အမှတ်မဲ့သာ ရှိပေမည်။

“ရွှေ့လျားမှုကင်းမဲ့တဲ့ အရိုင်းကုန်းမြေ…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။

သည့်နောက်တွင် အရှင်ဟွေစုန်က ထိုင်ချကာ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သူ့ သိုလှောင်နေရာလွတ်ကို ဖွင့်၏။ ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ပျံသန်းထွက်လာသည်။၎င်းတို့ မြေပြင်ထက်သို့ ကျရောက်သွားချိန်၌ ၎င်းကျောက်စိမ်းပြားများအတွင်းရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးသည် ခြောက်သွေ့ကုန်ကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းသည်။

ကောင်းကင်ဘုံကျောက်စိမ်းပြားများ ဆက်လက် ပျောက်ကွယ်ကုန်ရင်း မြေပြင်သည် သိပ်သည်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။ ဧရာမစာလုံးဟာ သာ၍ ရှင်းလင်းလာ၏။ ၎င်းထံကနေ ညင်သာသောအလင်းတစ်ခုကို ပေးစွမ်းနေ၏။

ဆယ့်ငါးမိနစ်အကြာတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သိန်းကျော် သုံးစွဲပြီးခဲ့လေပြီ။ စာလုံးဟာ ပို၍ပို၍ တောက်ပလာပြီး အဆုံးသပ်တွင် ဤအရိုင်းကုန်းမြေတစ်ခုလုံး လင်းထိန်သွားသည်။

“ကောင်းကင်ဘုံအစီအရင်…အသက်ဝင်လော့…” အရှင်ဟွေစုန်သည် မာန်သွင်း၏။ ဤအခိုက်မှာ မြေပြင်ထက်ရှိ စာလုံးသည် ပြင်းထန်စွာ တောက်ပကာ မြေကမ္ဘာအက်သလို တုန်ဟည်း၏။

ဝမ်လင်းက ထိုစာလုံး ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် ၎င်းသည် ကုန်းမြေတစ်ခုလုံးသို့ ပျံ့နှံ့သည်ကို သိသည်။ ရုတ်တရက် အရိုင်းကုန်းမြေကပါ စတင် ရွှေ့လျားလာသည်။ ဤက တုန်ခါခြင်းမဟုတ်၊ရွှေ့လျားခြင်းသာ ဖြစ်၏။

ထိုကုန်းမြေသည် မြောက်အရပ်သို့ ရွှေ့လျားနေ၏။ သိသိသာသာ ရွှေ့လျားခြင်းပင်။ ဝမ်လင်းသာမက ကောင်လေး၊ချန်ထျန်ကျွင်း၊အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုတို့ပါ သည်အဖြစ်ကြောင့် တုန်လှုပ်မိကြသည်။ သူတို့က နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာ ဂရုတစိုက် လေ့လာသည်။

စာလုံး တောက်ပနေရင်း ကုန်းမြေသည် မြန်သထက်မြန်မြန် ရွှေ့လျားသည်။ တုန်ဟည်းသံများ ဆက်တိုက် ထွက်ပေါ်နေလျက်။၎င်းကုန်းမြေက အရင်နေရာကနေ လုံးဝ ရွှေ့သွားခဲ့ပေပြီ။

အရိုင်းကုန်းမြေ၏ အလယ်ဗဟိုတွင် ခုနစ်ရောင်စုံအက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းမှာ ကြီးမားလွန်းခြင်းမရှိ၊ ငါးပေမျှသာ ကျယ်သည်။ ခုနစ်ရောင်စုံအလင်းက ဤသေးငယ်သောအက်ကြောင်းကို ဟင်းလင်းပြင်အာကာသထဲ၌ အလွန်အမင်း သိသာထင်ရှားနေစေသည်။

“ဒါက…” ကောင်လေးသည် ထိုခုနစ်ရောင်စုံအက်ကြောင်းကို စူးစိုက်ကြည့်ကာ ပင့်သက်ရှိုက်မိသည်။သူက စိတ်လှုပ်ရှားနေ၏။ သူ့ပုံပန်းအသွင်မှာ နဂိုထဲက ရှုံ့တွနေရာ အခုလို စိတ်လှုပ်ရှားချိန်တွင်တော့ သာ၍ ကြောက်မက်ဖွယ်ကောင်းလာတော့သည်။

တိုက်ပွဲသားရဲကလန်မှ ချန်ထျန်ကျွင်းက အရှင်ဟွေစုန်ကို ကြည့်သည်။ သူ့အကြည့်က ခုနစ်ရောင်စုံအက်ကြောင်းထံသို့ ကျရောက်သွားသည်။

“ဒီအရိုင်းကုန်းမြေက မူလတုန်းက ဒီနေရာမှာ မဟုတ်ဘူး။ ငါ မတော်တဆ ဖြတ်သွားရင်းနဲ့ အက်ကြောင်း ပေါ်လာတာကို တွေ့ခဲ့တာ။ အဲ့ဒီနောက် ဒီအက်ကြောင်းကို ဖုံးထားဖို့အတွက် ငါဟာ ဒီနေရာထိ ကုန်းမြေတစ်ခုကို ရွှေ့လျားစေခဲ့တော့ အပြင်လူတွေ ဒါကို ရှာမတွေ့နိုင်တော့ဘူး…”

အရှင်ဟွေစုန်သည် ထိုသို့ ပြောရင်း ပြုံးနေ၏။ သူ့မျက်နှာထက်တွင် ဂုဏ်ယူမှုလည်း ရှိလေ၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက အက်ကြောင်းကို ကြည့်ကာ ပြောသည်။ “ဒီခုနစ်ရောင်စုံအက်ကြောင်းကို ဘယ်နေရာကို ဦးတည်တာလဲ…”

“ငါတို့အားလုံး အဲ့ရောက်သွားရင် သိလိမ့်မယ်…” အရှင်ဟွေစုန်သည် သူ့အောက်ရှိ ကုန်းမြေကို ထိန်းချုပ်ရင်း ရယ်မောကာ ဆိုသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် အက်ကြောင်းနှင့် အဝေးသို့ ရောက်သွား၏။

“ဒီအက်ကြောင်းက မတည်မြဲဘူး။ တိုက်ရိုက် မဝင်ရောက်နိုင်ဘူး။ငါတို့ထဲက နှစ်ယောက်သာ ဝင်သွားခဲ့ရင် ဒီအက်ကြောင်း ပျက်စီးသွားလိမ့်မယ်။ ဒါက ပျောက်သွားမှာ မဟုတ်ပေမဲ့လည်း ကျုံ့သွားလိမ့်မယ်။ ဒါဆိုပြန်ဖို့ ခက်ခဲသွားပြီ။ ဒါ့ကြောင့် ငါတို့ဟာ ဒီအရိုင်းကုန်းမြေကို လမ်းညွှန်တစ်ခုအဖြစ် အသုံးချပြီး ငါတို့လမ်းကို ဝင်စောင့်ရမယ်။ ဒီလိုနည်းနဲ့ အက်ကြောင်းဟာ မပျက်စီးသွားတော့ဘူး။ ဒီကုန်းမြေပေါ်မှာ ရှိတဲ့ ချိပ်ပိတ်မှုကြောင့် ငါတို့ ပြန်တဲ့အချိန်ကြရင် ဖိသိပ်အားဟာ အတော်လေး အားနည်းသွားလိမ့်မယ်…”

အရှင်ဟွေစုန်သည် ရှင်းပြနေရင်း ခုနစ်ရောင်စုံအလင်းက တဖြည်းဖြည်းဖြင့် အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားသည်။ လူတိုင်းအောက်ရှိ ကုန်းမြေက ပို၍ မြန်ဆန်စွာ ရွှေ့လျား၏။ သို့သော် ၎င်းက ရုတ်တရက် ရပ်တန့်သွားသည်။

အရှင်ဟွေစုန်က သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အရိုင်းကုန်းမြေထံ ညွှန်သည်။ ကုန်းမြေသည် စောနကထက် ပိုမြန်ဆန်စွာ ရွှေ့လျားသွားပြီးနောက် ခုနစ်ရောင်စုံအက်ကြောင်းထံသို့ ဝင်စောင့်၏။

၎င်းက မြန်သထက်မြန်မြန် ရွှေ့၏။ မျက်စိတစ်မှိတ်အတွင်း အကန့်အသတ်သို့ ရောက်သည်။ အမြန်နှုန်းကြောင့် ကုန်းမြေသည် ပို၍ ပြင်းထန်စွာ တုန်ခါကာ အနားစွန်းရှိ ကျောက်တုံးကျောက်စများ ပဲ့ကျကုန်သည်။

အထက်စီးမှ ကြည့်ပါက ဤကုန်းမြေ၏ အမြန်နှုန်းသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူထက်ပင် မြန်နေသည်ကို တွေ့ရပေမည်။

ကုန်းမြေသည် ရွှေ့လျားနေလျက် တုန်ဟည်းသံများ ကြယ်များကြားတွင် ပျံ့နှံ့သည်။ ကုန်းမြေပေါ်ရှိ လူများက တဖြည်းဖြည်း နီးသထက်နီးလာသည့် အက်ကြောင်းကို ကြည့်ကာ အလေးအနက် ဖြစ်လာသည်။ သူတို့အားလုံးက သတိအပြည့်ထားနေကြ၏။

ကုန်းမြေသည် ခုနစ်ရောင်အက်ကြောင်းထဲသို့ ချက်ခြင်း ဝင်စောင့်သွား၏။ ဤအခိုက်အတန့်တွင် ခုနစ်ရောင်စုံအလင်းက သိပ်သည်းကာ ဤဧရိယာကို ထွန်းလင်းစေသည်ဟုပါ ထင်မှားရသည်။

ကုန်းမြေ ဝင်တိုးနေချိန်တွင် အက်ကြောင်းသည် အားဖြင့်အတင်း ဖွင့်လှစ်ခြင်း ခံရသည်ဟု ထင်ရပြီး ချက်ခြင်းပင် ကြီးမားသွားသည်။

“သွားကြ…” အရှင်ဟွေစုန်က အက်ကြောင်းထံ တိုးဝင်ရင်း အော်ဟစ်၏။ လူတိုင်းကလည်း အမြင်ဆုံးအမြန်နှုန်းကို အသုံးပြုကာ ၎င်းအက်ကြောင်းထဲသို့ ဝင်ရောက်သည်။

ဤအခိုက်အတန့်၌ အပြင်ဘက်တွင် အရှင်တိမ်စိတ်ဝိညာဉ်နှင့်ဝမ်လင်းတို့သာ ရှိတော့၏။ အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်းကို အေးစက်စက်ကြည့်၏။ဝမ်လင်းကလည်း စိတ်ထဲကနေ အေးစက်စက်နှာခေါင်းရှုံ့သည်။ သို့သော် သူက အက်ကြောင်းထံသာ တန်းတန်းမတ်မတ် ဦးတည်သည်။ သို့ရာတွင် သူ အက်ကြောင်းထဲသို့ ဝင်ခါနီးတွင် ဝမ်လင်း၏မျက်ဝန်းထဲကနေ အေးစက်စက်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာကာ သူက ရုတ်တရက် နောက်လှည့်ကြည့်သည်။

အရှင်တိမ်စိတ်ဝိညာဉ်၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ ဝမ်လင်း နောက်ပြန်လှည့်ချိန်၌ သူ့ညာလက်ဖြင့် သံဓားတစ်လက်ကို ရုတ်တရက် ထုတ်ယူခဲ့ပြီးပင်။

၎င်းဓားက သံချေးများဖြင့် ပြည့်နေ၏။ သို့သော် ၎င်းသံဓားထံ၌ ကောင်းကင်တုန်လှုပ်စေနိုင်သည့် အော်ရာတစ်ခု ပါဝင်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset