Switch Mode

အပိုင်း(၁၂၃၁)

“နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်…” ဝမ်လင်း အနားရောက်လာသည်နှင့် သူက ထိုသရဖူနှင့်အဘိုးအိုကို ကြည့်သည်။ထိုသူ့ထံကနေ မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သူ ခံစားမိ၏။ ထိုသူသည် သူ့မန္တာန်များအတွက် စိတ်ဝိညာဉ်များကို အသုံးပြုကာ တိမ်ပင်လယ်တွင် ကျော်ကြားသည့် မကောင်းဆိုးဝါးတစ်ယောက် ဖြစ်သည်မှာ ရှင်းနေသည်။

ဤအခိုက်အတန့်၌ အရှင်တိမ်စိတ်ဝိညာဉ်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ စိတ်ဝိညာဉ်အပိုင်းအစများသည် ဒီရေအလား ဝမ်လင်းကို ဝါးမြိုပစ်ရန် တိုးဝင်လာကြသည်။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့ညာလက်ကို ဆုပ်ကာ လက်သီးတစ်လုံး ပစ်သွင်း၏။ ပြင်းထန်သောအားတစ်ခု ပေါ်လာကာ ထိုစိတ်ဝိညာဉ်အပိုင်းအစများနှင့် ထိပ်တိုက်တွေ့သည်။

မိုးကြိုးဟိန်းသံတစ်မျှ မည်ဟိန်း၏။ အနီးအနားရှိ ကြယ်မြူများပါ လွင့်စင်ကုန်သည်။ စူးရှရှအသံများ ထုတ်ဖော်လျက် လေပြင်းတစ်ခုသည် စိတ်ဝိညာဉ်အပိုင်းအစများကို ရိုက်ခတ်သွားသည်။ ၎င်းတို့ထဲမှ အချို့အစိတ်အပိုင်းများဟာ ချက်ခြင်း ပျက်စီးသွားသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်ကာ နောက်သို့ ခြေငါးလှမ်းခန့် ဆုတ်ရ၏။ ခြေငါးလှမ်းဆုတ်လိုက်ရပြီးနောက် သူ့မျက်နှာမှာ အနည်းငယ် ဖြူရောသွားသည်။ သူက အရှင်ဟွေစုန်ကို စူးရဲစွာ ကြည့်ကာ လှမ်းအော်ပြောသည်။ “အရှင်ဟွေစုန်… ဒါက ဘာသဘောလဲ…”

အရှင်ဟွေစုန်သည် ရယ်မောကာ မတ်တပ်ထရပ်ပြီး သူ့လက်ကို ဝေ့ယမ်းသည်။ ရွှေရောင် လင်းလက်သွား၏။ ထိုရွှေရောင်အလင်းက ရုတ်တရက် ဓားပျံထောင်ချီအဖြစ်သို့ ပြောင်းလဲသည်။ ၎င်းဓားတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဓားကန့်လန်ကာအဖြစ် အရှင်တိမ်စိတ်ဝိညာဉ်၏ စိတ်ဝိညာဉ်အစိတ်အပိုင်းများကို ထပ်မံ မတိုက်ခိုက်နိုင်ရန် ဟန့်တားသည်။

“အရှင်တိမ်စိတ်ဝိညာဉ်။ ရောင်းရင်းကျင့်ကြံသူလုက ငါ ဖိတ်ခေါ်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်ပါ။ သင် ဒီအဘိုးအိုကို မျက်နှာသာ အချို့ပေးဖို့ မျှော်လင့်ပါတယ်…”

သရဖူနှင့် အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်းကို အေးစက်စက် ကြည့်ကာ အပြုံးတုတစ်ခု လှစ်ဟကာ ပြောသည်။ “သင်က သင့်ကိုယ်သင် ဖုံးကွယ်ထားတာပဲ။ ဒါပေမဲ့ သင့်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မန္တာန် ပိုင်ဆိုင်ထားတယ်…”

ထိုသို့ ပြောရင်း သူ့ညာလက်ကို ဆန့်ထုတ်ကာ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များကို စုစည်းစေသည်။ ၎င်းတို့က သူ့နောက်တွင် ဧရာမစိတ်ဝိညာဉ်ကိုးခုအဖြစ်သို့ ပြောင်းသွား၏။ယင်းတို့က လောင်ကျွမ်းလျက် အက်သံများ ပေးစွမ်းနေသည်။

“ရောင်းရင်းကျင့်ကြံသူလု…အရှင်တိမ်စိတ်ဝိညာဉ်က သင့်ခွန်အားကို စမ်းသပ်ရုံပါပဲ။ သူ့မှာ ရန်ပြုလိုတဲ့စိတ် မရှိပါဘူး။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့…”

အရှင်ဟွေစုန်က ပြုံး၍ လက်နှစ်ဖက်ဆုပ်သည်။

ဝမ်လင်း၏အသွင်မှာ သုန်မှုန်နေ၏။သူက ခွန်းတုန့်မပြန်ပေ။ သူက သူတို့နှင့် မနီးမဝေးနေရာတွင် ထိုင်ချကာ အကွာအဝေးတစ်ခုသို့ ကြည့်နေ၏။ သူ့မျက်နှာထက်တွင် မည်သည့်စိတ်ခံစားမှုမှ ရှိမနေ၊ သူ ဘာတွေးနေသည်အား သိဖို့ရာ မဖြစ်နိုင်ပေ။

အရှင်ဟွေစုန်က စိတ်ထဲကနေ နှာခေါင်းရှုံ့၏။ သူနှင့်အရှင်တိမ်စိတ်ဝိညာဉ်တို့က တစ်ယောက်နှင့်တစ်ယောက် ဖျပ်ခနဲ ကြည့်ကာ ခပ်မြန်မြန် အကြည့်ချင်း ပြန်ရုတ်သည်။

အရှင်တိမ်စိတ်ဝိညာဉ်က အရှင်ဟွေစုန်ထံနားထဲသို့ သတင်းစကား လှမ်းပို့၏။ “ဒီလူက ဝူချင်းကို သတ်နိုင်စွမ်းတော့ တကယ်ရှိတယ်။ ဒါပေမဲ့ သူနဲ့ ငါတို့လို နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်တွေကြားမှာတော့ ကွာခြားချက်တစ်ခု ရှိနေဆဲပဲ။ ငါ ကိုယ်တိုင် တိုက်ခိုက်ရရင်တော့ သူ့ကို အသက်ရှုချိန်ဆယ်ကြိမ်အတွင်းမှာ သတ်နိုင်တယ်။ ငါတို့သာ ပူးပေါင်းလိုက်ရင်တော သူ့ကို ချက်ခြင်း သတ်ပစ်နိုင်မှာ…”

အရှင်ဟွေစုန်သည် မျက်လုံးမှိတ်ကာ အရှင်တိမ်စိတ်ဝိညာဉ်ထံ ပြန်သတင်းပို့၏။ “ငါ သူနဲ့ ပတ်သတ်လို့ စိုးရွှံ့တာ နတ်ဘုရားကလန်ဝင် ဖြစ်နိုင်လောက်တဲ့ သူ့နောက်ခံပုံရိပ်မဟုတ်ဘူး။ သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့် ဖြစ်တာ ရှင်းနေတာပဲ။ ဒါပေမဲ့ သူ့မန္တာန်ဟာ ဝူချင်းကို ချက်ခြင်း သတ်ပစ်နိုင်ခဲ့တယ်။ သူဟာ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားတာ သိသာနေတယ်။ငါသာ သူ့ကျင့်ကြံမှုအဆင့် အစစ်အမှန်ကို မသိရရင် ကိုင်တွယ်ရတာ နည်းနည်းခက်လိမ့်မယ်။ ဒါပေမဲ့လည်း သင်တို့နှစ်ယောက် တိုက်ခိုက်တာကို တွေ့ပြီးတဲ့နောက်တော့ ငါ နည်းနည်း စိတ်သက်သာရာ ရသွားခဲ့ပြီ။ ဒါပေမဲ့ ဒီလူဟာ ဉာဏ်များလွန်းတယ်။ ဒါ့ကြောင့် ငါတို့ အထဲ ဝင်တာနဲ့ သူ့ကို နည်းနည်းလောက် ထပ်စမ်းသပ်ကြည့်လိုက်အုံး…”

အရှင်တိမ်စိတ်ဝိညာဉ်၏မျက်လုံးက သဘောတူညီဟန်ဖြင့် လက်ခနဲ ဖြစ်သွား၏။

ဝမ်လင်းသည် ခေါင်းငုံ့ကာ ထိုင်နေ၏။သူ့မျက်လုံးအတွင်း အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်ကို မည်သူမျှ မမြင်လိုက်ပေ။ သူသည် သူ့စွမ်းအားပြည့် အသုံးပြုခဲ့သည့်ပုံ ရသော်လည်း အမှန်တကယ် နောက်ဆုတ်ခဲ့ရ၏။ သူက ဤမွန်းစတားအိုများ ရှေ့တွင် သူ့အစစ်အမှန်ခွန်အားကို ထုတ်ပြရလောက်အောင် မတုံးပေ။

“နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်…။ တကယ် သန်မာတာပဲ။ ဒီမန္တာန်ထဲမှာ ပါတဲ့ မူလစွမ်းအင်တစ်ခုနဲ့တင် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တွေ တက်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး။ ဒါပေမဲ့လည်း ငါသာ ငါ့ရဲ့အစွမ်းထက်ဆုံး ရတနာတွေနဲ့အတူ တိုက်ခိုက်ရင်တော့ ရှုံးလောက်မှာ မဟုတ်ဘူး။ ငါ ကြိုလုပ်ဖို့ လိုတာက အရှင်ဟွေစုန်နဲ့ အဲ့လူတို့ တစ်ဖက်တည်း မဖြစ်သွားဖို့ပဲ…”

ဝမ်လင်း၏အသွင်က တည်တည်ငြိမ်ငြိမ်ပင်။ သူက သူ့အတွေးနှင့် ပတ်သတ်၍ အနည်းငယ်မျှသော သဲလွန်စကိုပင် မထွက်ပေါ်စေပေ။

အမာရွက်များနှင့်အဘိုးအိုကလည်း တိုက်ပွဲကို တွေ့မြင်၏။ သူသည် သူ့လက်ချောင်းထိပ်ရှိ ကွင်းထံ ငြိမ်သက်စွာ ကြည့်နေရင်း သူ့အကြည့်က အရှင်ဟွေစုန်ထံ မကြာမကြာ ရောက်သွား၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသာ မျက်လုံးမှိတ်လျက် တည်ငြိမ်စွာ ထိုင်နေ၏။ သူမသည် ဖြစ်ပျက်ခဲ့သည်ကိုလည်း မကြည့်ပေ။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်လွန်နေ၏။ နေနှင့်ညက ဤမြူများ ခြုံလွှမ်းနေသည့် အရိုင်းကုန်းမြေတွင် ရောယှက်လေ၏။ နေ့လား၊ညလား ခွဲခြားဖို့ရာ မဖြစ်နိုင်ပေ။ နောက်ထပ် တစ်နာရီလောက်ကြာပြီးနောက် အကွာအဝေးတစ်ခုကနေ ဓားစွမ်းအင်တန်းတစ်ခု ပျံသန်းထွက်လာ၏။

ထိုဓားစွမ်းအင်သည် အလွန်အမင်း ထက်ရှဟန် ပေါ်ကာ ကြမ်းကြုတ်သည်။ ၎င်းဓားစွမ်းအင်က ကြယ်မြူများကို မရွှေ့လျားစေဘဲ သူတို့ငါးယောက်ထံသာ တန်းတန်းမတ်မတ် ဦးတည်လာနေ၏။

ထိုဓားစွမ်းအင် အနား မရောက်လာခင်မှာပင် ဓားဖိအားတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ထိုဓားဖိအားက အလွန်အမင်းမောက်မာသည့်အော်ရာ ပါ၏။ အရှင်ဟွေစုန်က ခေါင်းမော့ကာ ပြုံးသည်။

ထိုဓားစွမ်းအင် ရောက်ရှိလာကာ အကြီးအကဲဖန် ဆိုသည့် လူရှေ့တွင် ထိုးစိုက်လာ၏။၎င်းမှာ ဗြတ်နှစ်ပေ၊အရှည်ခုနစ်ပေရှိ ဓားရှည်တစ်လက်ပင်။ ၎င်းဓားထံကနေ အေးစက်စက်စွမ်းအင်တို့ ပျံ့နှံ့သည်။

ထိုဓား၏ အထက်တွင် လှိုင်းများ ပေါ်လာ၏။ ထိုလှိုင်းများ ပိုမို၍ ပြင်းပြင်းထန်ထန် ဖြစ်လာကာ လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။

ထိုသူသည် အရပ်ပု၏။ ဖျပ်ခနဲ ကြည့်ပါက သူသည် ကောင်လေးတစ်ယောက်နှင့်ပင် တူဦးမည်။ သေချာကြည့်မှသာ ကြောက်မက်ဖွယ်ကောင်းသည့်အသွင်သဏ္ဌာန် ရှိသည်ကို တွေ့ရပေမည်။

သူက လှိုင်းများထဲကနေ လှမ်းထွက်ကာ ဓားဘေးနားတွင် ထိုင်သည်။ သူက မြေပြင်ထက်တွင် ထိုးစိုက်နေသော ဓားထက် ခေါင်းတစ်ဝက်လောက်သာ ပိုမြင့်၏။

“သင် ငါ့ကို ဘယ်လို မြေပုံမျိုး ပေးခဲ့တာလဲ…အရှင်ဟွေစုန်…။ငါ ဒီနေရာကို ရှာတွေ့ဖို့ အချိန်အတော်ယူခဲ့ရတယ်…”

သူ့အသံက ထက်ရှ၏။ သူသည် လူတိုင်းကို သုန်မှုန်စွာ ကြည့်၏။ သူက ဝမ်လင်းကို တွေ့သည့်အခါ အံ့အောသွားသည်။ သို့သော် ဘာမှတော့ မပြောပေ။

အရှင်ဟွေစုန်က ပီပြင်စွာပြုံး၍ ဆိုသည်။ “ညီလေးသွန်းမူ…ဒီအတွက် ငါ့ကို အပြစ်မတင်ပါနဲ့…”

ထိုအရပ်ပုပုကောင်လေးက နှာခေါင်းရှုံ့ကာ ခပ်စူးစူး ပြောသည်။ “ဒီနေရာက ပြန်လည်မွေးဖွားခြင်းဆေးလုံးတွေ ရှိတယ်လို့ သင် ပြောခဲ့တယ်။ ဒါ အမှန်ပဲလား…”

အရှင်ဟွေစုန်က ခေါင်းညိတ်၏။ “တစ်ရာရာခိုင်နှုန်း မှန်တယ်။ ငါ ဝင်ခဲ့တဲ့ အချိန်တုန်းက အပြင်ဘက်ပိုင်းထိပဲ ရောက်ခဲ့ပြီး အတွင်းနက်ပိုင်း ဆက်မသွားနိုင်ခဲ့ဘူး။ဒါပေမဲ့ ငါ ပြန်လည်မွေးဖွားခြင်းဆေးလုံးတစ်လုံးကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဆေးလုံးကို သားရဲတစ်ကောင် စောင့်ကြပ်နေတာ။ ဒါ့ကြောင့် ငါ ဒါကို မရလာတာပဲ…”

“ဘယ်လို သားရဲမျိုးလဲ…”

“အဆင့်ဆယ့်နှစ် မြူနဂါး…”

ထိုကောင်လေးက စဉ်းစားသွား၏။ထို့နောက် သူ့မျက်လုံးက တလက်လက် ဖြစ်၏။

“ပြန်လည်မွေးဖွားခြင်းဆေးလုံး…” ဝမ်လင်းက ထိုစကားကို ကြားသည့်အခါ သူ့အမူအရာသည် ပုံမှန်အတိုင်း ရှိနေ၏။ သို့သော် သူ့စိတ်ကမူ လှုပ်ရှားမိ၏။ သို့ရာတွင် သူသည် အရင်က ပြန်လည်မွေးဖွားခြင်းသစ်သီးအကြောင်း လုံးဝ မကြားခဲ့ဖူးချေ။ အရှင်ဟွေစုန်၏အမူအရာကို ကြည့်ပါက ယခုသူ့ခရီးမှာ ထိုသစ်သီးအတွက်သာ ဖြစ်ဟန် မတူပေ။

စဉ်းစားနေရင်း ဝမ်လင်း၏အကြည့်က ထိုကောင်လေးထံ ဖြတ်သန်းသွား၏။ သူသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်တွင် ရှိနေပေသည်။

ကောင်လေးက အနည်းငယ် စဉ်းစားကာ အရှင်ဟွေစုန်ကို ပြောသည်။ “ငါတို့ မထွက်ခွာသေးဘူးဆိုတော့ နောက်ထပ် တစ်ယောက်ယောက်များ ထပ်ရောက်လာဖို့ ရှိသေးတာလား…”

“တစ်ယောက်ကျန်သေးတယ်…” အရှင်ဟွေစုန် စကားမဆုံးခင်မှာပင် သူက ရုတ်တရက် ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံ ကြည့်သည်။ တစ်ချိန်တည်းလိုလို ကောင်လေးနှင့်အရှင်တိမ်စိတ်ဝိညာဉ်တို့ကလည်း မော့ကြည့်ကြ၏။

ဝမ်လင်းက မြေပြင်ထု အနည်းငယ် တုန်ခါသွားသည်ကို ရှင်းလင်းစွာ ခံစားမိသည်။သူ လှမ်းမျှော်ကြည့်သည့်အခါ မြူများထဲကနေ ဤအရိုင်းကုန်းမြေထံ လာနေသော ခပ်မြင့်မြင့်ပုံရိပ်တစ်ခုကို မြင်သည်။ ထိုပုံရိပ်နီးသထက် နီးလာချိန်တွင် ခရမ်းရောင်ဝတ်စုံဖြင့် ဗလတောင့်တောင့်လူကြီး တစ်ယောက်အသွင် ပေါ်ထွက်လာသည်။

သူ နီးကပ်လာနေရင်း မြေပြင်က ပို၍ပင် တုန်ခါ၏။

ထိုလူ နီးကပ်လာသည့်အခါ ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ထိုဗလတောင့်တောင့်လူကြီး၏‌ နောက်သို့ လှမ်းကြည့်သည်။ သူ့နောက်တွင် သားရဲများ ရှိနေ၏။ သူတို့က မများလှသော်လည်း ရာချီတော့ ရှိနေဆဲသာ။ သို့ရာတွင် ထိုသားရဲများ၏ အဆင့်က မြင့်မားလှခြင်းတော့ မရှိပေ။

မျက်စိတစ်မှိတ်အတွင်း ထိုလူသည် လူတိုင်းရှေ့ ရောက်လာ၏။ သူက လူတိုင်းကို အေးစက်စက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောသည်။ “ငါ ရောက်လာပြီ…”

မည်သူကမျှ သူ့ လှုပ်ရှားမှုတစ်ခုတလေကို မတွေ့လိုက်ကြ၊သို့သော် သူ ထိုသို့ ဆိုရုံဖြင့် သားရဲရာချီသည် ဟိန်းအော်ကြသည်။ အချို့သားရဲများဆို အသွေးအသားပုံများအဖြစ် ရုတ်တရက် ပေါက်ကွဲသည်။ သိပ်မကြာခင်တွင် သူ့နောက်ရှိ သားရဲအားလုံးဟာ ပျက်စီးသေဆုံးကုန်သည်။

ထိုသားရဲများ သေဆုံးသွားချိန်၌ မြေပြင်သည် သွေးနီရောင်စွန်း၊သွေးနံ့များ သိပ်သည်းသွား၏။ တစ်ချိန်တည်းမှာ သားရဲများ၏ စိတ်ဝိညာဉ်များသည် ထိုဗလတောင့်တောင့်လူ ရှေ့တွင် စုဝေးကာ မြန်ဆန်စွာ သိပ်သည်းသည်။ ၎င်းတို့က တဖြည်းဖြည်းဖြင့် ဝဲကတော့အသွင်ပြောင်းကာ ထိုလူက သူ့ညာလက်ဖြင့် ဆက်ခနဲ ထိုးချသည်။ ဝဲကတော့သည် ချက်ခြင်း အနက်ရောင်ဆေးလုံးတစ်လုံးအဖြစ် သိပ်သည်းလေ၏။

ဗလတောင့်တောင့်လူက သူ့လက်ထဲရှိ‌ ဆေးလုံးကို ဝါးမြိုကာ တည်တည်ငြိမ်ငြိမ် ပြောသည်။ “ငါ ဒီကို ရောက်လာမှတော့ ဒီမှာရှိတဲ့ သားရဲတွေကိုလည်း သန့်စင်ပစ်ရမှာပေါ့…”

“တိုက်ပွဲသားရဲကလန်…” အရှင်တိမ်စိတ်ဝိညာဉ်၏အသွင်မှာ အလေးအနက် ဖြစ်၏။ သူက သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြော၏။ “တိုက်ပွဲသားရဲကလန်က ဘယ်ရောင်းရင်းများလဲ ငါ သိချင်မိပါတယ်။ ငါက အရှင်တိမ်စိတ်ဝိညာဉ်ပါ။ ငါက ဂုဏ်ဝင့်ထည်တဲ့ အရှင်ပိုထျန်နဲ့ သိပါတယ်…”

ကောင်လေး၏အမူအရာမှလည်း အလေးအနက် ဖြစ်လာသည်။ သူလည်း ထိုသူ့အား လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။

“အရှင်ပိုထျန်ဟာ ငါ့ စီနီယာအစ်ကိုပါ။ ငါကတော့ ချန်ထျန်ကျွင်း…” ဗလတောင့်တောင့်နှင့်လူ၏ အသံထဲတွင် တည်ငြိမ်မှုအပြင် ဂုဏ်ဝင့်မှုပါ ပါဝင်နေသည်။

“ဒီလူက နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် မွန်းစတားအိုတွေရဲ့ အာရုံစိုက်မှုကို ရနေတယ်ဆိုတာ သူ့ကလန်အပြင် အခြားတစ်ခုခုပါ ရှိနေလို့ နေမယ်။ ပိုအရေးကြီးတာက တိုက်ပွဲသားရဲကလန်ရဲ့ မန္တာန်ဟာ စိတ်ဝင်စားဖို့ ကောင်းနေတာ။ ဒါ့အပြင် သူဟာ ဒီနေရာကို ရောက်နေခဲ့ပြီးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို သတိမပြုမိခဲ့ဘူး။ ဒါဟာ ထူးဆန်းတယ်…”

ဝမ်လင်းက ဗလတောင့်တောင့်လူထံကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။

“တိုက်ပွဲသားရဲကလန်ရဲ့ ပုန်းကွယ်နိုင်တဲ့ စွမ်းရည်ဟာ တကယ့်ကိုပါပဲ။ အစ်ကိုချန် ဒီမှာ ရောက်နေတာ ငါ တကယ် မသိခဲ့ဘူး…”

အရှင်ဟွေစုန်က မတ်တပ်ထရပ်ကာ ရယ်မော၍ ပြောသည်။

ချန်ထျန်ကျွင်းက ခေါင်းအနည်းငယ် ညိတ်ပြကာ ပြောသည်။ “အရှင်ဟွေစုန်…အဆင့်ကိုးဒေသကနေ ငါ့ကိ ဆင့်ခေါ်နေတယ်။ငါ ကလန်ကို မြန်မြန် ပြန်ရမယ်။ ငါ့မှာ အချိန်သိပ်မရှိဘူး။ ဒါ့ကြောင့် သင် လုပ်စရာရှိတာ မြန်မြန် လုပ်မှ ဖြစ်မယ်…”

အရှင်ဟွေစုန်က ခေါင်းညိတ်၏။ သူက လူတိုင်းကို ကြည့်၍ ပြော၏။ “သင်တို့အားလုံး ဒီကို လာခဲ့တဲ့အတွက် ငါ အလွန်ပဲ ဝမ်းမြောက်ရပါတယ်။ ငါတို့အားလုံးဟာ ဒီခရီးစဉ်မှာ တစ်ခုခုကို ရကြလိမ့်မယ်။ သင်တို့ဘယ်သူကမှ လက်ဗလာနဲ့ မပြန်ရစေဘူး…”

သူက ခဏတာ တုံ့ဆိုင်းသွား၏။ထို့နောက် သူသည် ဝမ်လင်းကို ကြည့်ကာ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု…မူလသလင်းကျောက်တွေအပြင် ငါ့ သိတတ်မှုအနေနဲ့ သင်လည်း ရတနာအချို့ကို ရွေးချယ်နိုင်တယ်…”

ဝမ်လင်းက ခေါင်းအနည်းငယ် ညိတ်ပြသည်။

“ဘာမှ ထပ်ပြောမနေတော့ဘူး။ ငါတို့ အဲ့ရောက်တာနဲ့ ငါအသေးစိတ် မိတ်ဆက်ပြောပြပေးမယ်…။ ဒီလမ်းပါ…”

သူ့စကားဆုံးသည့်နောက် အရှင်ဟွေစုန်က ခြေတစ်လှမ်းလှမ်းကာ ကြယ်မြူများကြား တိုးဝင်သွားသည်။

ဖန်းဟု အမည်ရသည့် အကြီးအကဲကလည်း နီးကပ်စွာ လိုက်ပါသွား၏။ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုလည်း ထို့အတူပင်။ တိုက်ပွဲသားရဲကလန်၏ ချန်ထျန်ကျွင်းကလည်း ရှေ့သို့ တိုးရာ အနက်ရောင်အခိုးငွေ့အမျှင်တန်းနှစ်ခုသည် သိမ်းငှက်ကဲ့သို့သားရဲ နှစ်ကောင်အဖြစ် ပြောင်းသွားကာ သူလည်း နောက်သို့ လိုက်သည်။

“ရောင်းရင်းကျင့်ကြံသူလု…ဒီလမ်းပါ…” အရှင်တိမ်စိတ်ဝိညာဉ်က ဝမ်လင်းကို အပြုံးမမည်သောအပြုံးဖြင့် ကြည့်သည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။သူလည်း ရှေ့သို့ ပျံသန်းလိုက်သည်။ အရှင်တိမ်စိတ်ဝိညာဉ်က ပျံသန်းထွက်ရင်း ဝမ်လင်းကို အေးစက်စက် ကြည့်၏။ သူတို့ခြောက်ယောက်သည် အလင်းတန်းခြောက်ခုအဖြစ် ပြောင်းကာ အရှင်ဟွေစုန် ဦးဆောင်သည့်အတိုင်း ဟင်းလင်းပြင်တွင် ဖြတ်သန်းလာကြသည်။

***

Comment

  1. hlaingzinphyo941 says:

    good

Leave a Reply

Options

not work with dark mode
Reset