Switch Mode

အပိုင်း(၁၂၂၉)

နတ်မိစ္ဆာချပ်ဝတ်

“တစ်ယောက်နဲ့တစ်ယောက်မေ့ပစ်တာ ပိုမကောင်းဘူးလား။ ဒီလိုပဲ ကောင်းပါတယ်လေ…” ဝမ်လင်းက လီချန်မေ ထွက်သွားချိန်၌ မကြည့်ပေ။သူ့နှလုံးသားက ထိုအမျိုးသမီးအတွက် လှုပ်ရှားတော့မည် မဟုတ်ချေ။ သူ့နှလုံးသားက သေသွားခဲ့ပြီ ဖြစ်၏။ သူ့နှလုံးသားက လျိုမေ မကျေမနပ်စိတ်ဝိညာဉ်(ဝါ) သူ့သားကို ထုတ်ယူခဲ့ချိန်ကစ၍ စုတ်ပြဲသပ်၊တစစီ စုတ်ပြတ်သပ်သွားခဲ့ပေပြီ။

တစ်ယောက်နှင့်တစ်ယောက် မှီခိုနေတာထက် တစ်ယောက်အကြောင်းတစ်ယောက် မေ့ပစ်တာ ပိုမကောင်းပေဘူးလား။

မတူညီသောစိတ်ခံစားချက်နှစ်ခုက မတူညီသော ဘဝရည်ရွယ်ချက်နှစ်ခုနှင့် မတူညီသောရွေးချယ်မှုနှစ်ခုကို ကိုယ်စားပြုပေသည်။ ဝမ်လင်း၏ဘဝတစ်လျှောက်တွင် သူသည် လီချန်မေထက် ပိုလှ၊ပိုပါရမီရှိသော အမျိုးသမီးများကို တွေ့ဆုံခဲ့ရ၏။

အနီရောင်လိပ်ပြာ၊ရှီဇီဖန်၊ လျိုမေ၊မူပင်းမေ၊လုယန်ဖေ သို့မဟုတ် အစရှိသဖြင့်ပေါ့။

ထိုအမျိုးသမီးများနှင့် တွေ့ကြုံ ပတ်သတ်ခဲ့ရသော်လည်း အဆုံးသပ်တွင် လီမူဝမ်နှင့်လျိုမေတို့သာ သူ့နှလုံးသားထဲ ဝင်ရောက်ခဲ့၏။ ဝမ်လင်းက ခံစားချက်များကို နားလည်သည့်လူတစ်ယောက် မဟုတ်ပေ။ သူ့ဘဝ အစောပိုင်းချိန်တွေတုန်းက ပြောင်းလဲမှုများသည် သူ့ကို လူသတ်မိစ္ဆာတစ်ကောင်အဖြစ် ရှိစေခဲ့သည်။ သူ့လက်နှစ်ဖက်မှာ သွေးတို့ဖြင့် ရွှဲနစ်ခဲ့၏။ သူတို့ကိုယ်သူတို့ မိစ္ဆာဟု ညွှန်းကြသူများပင် ဝမ်လင်းကို ယှဉ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

သူက အချစ်ကို နားမလည်သည့်သူ။ သူ နားလည်ခဲ့သည်ဟု ကပ်သီးကပ်ဖဲ့ ဆိုရလျှင် အတိတ်တုန်းက မကျင့်ကြံခင်တုန်းက သူ ငယ်စဉ်ဘဝ လူငယ်အချိန်သာ ဖြစ်ပေလိမ့်မည်။ ထိုစဉ်တုန်းကတော့ သူက အရည်အချင်းစစ်စာမေးပွဲကို ဖြေ၊အရာရှိကြီးလုပ်၊ သူ့ဘေးတွင် ဇနီးတစ်ယောက်နှင့်အတူ အိမ်ပြန်မည်ဟု တွေးထင်ခဲ့ဖူး၏။ သူနှင့်သူ့ဇနီးက သူ့မိဘများနှင့်အတူ အတူနေထိုင်ကာ ဘဝကို အိုမင်းစေမည်ဟု တွေးထားခဲ့ဖူး၏။

သို့ရာတွင် ထျန်မိသားစုနှင့် မတော်တဆ တစ်ခု ကြုံရပြီးနောက် ဝမ်လင်းသည် တစ်ကြိမ်ပင် သေခဲ့ဖူးသွားပေပြီ။ ထိုအဖြစ်ကပင် သူ့စိတ်နေစိတ်ထားကို ကြီးစွာ ပြောင်းလဲစေခဲ့သည်။ ဝမ်းနည်းမှုက သူ့အား ဉာဏ်အလင်း ရစေခဲ့၏။ ကျင့်ကြံခြင်း၊ကျင့်ကြံခြင်း၊ကျင့်ကြံခြင်းကသာ ခွန်အားကို အလေးစိုက်ပေလိမ့်မည်။

တကယ်တော့ ဝမ်လင်းက လီမူဝမ်ပေါ်တွင်ပင် သူ့ခံစားမှုကို မသိခဲ့သည့်သူ ဖြစ်ခဲ့ဖူး၏။ လီမူဝမ် သေဆုံးသွားပြီးမှ သူ နှစ်ပေါင်းတစ်ထောင်ကျော် အထီးကျန်ဆန်စွာ ကုန်ဆုံးခဲ့သည်။ သူသည် တစ်ကိုယ်တည်း ကျင့်ကြံခြင်းလမ်းကို လျှောက်နေရင်း လီမူဝမ်အပေါ် ခံစားချက်ကို ပြန်ပြန်တွေးနေခဲ့၏။ခေါ်နေခဲ့၏။ တဖြည်းဖြည်း သူ အသက်ကြီးလာရင်း နားလည်လာခဲ့သည်။

လီမူဝမ်က လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်အတွင်း သူ့နှလုံးသားထဲ နက်သထက်နက်အောင် ဝင်ရောက်လာခဲ့ပေသည်။

အခြားတစ်ယောက်မှာ လျိုမေ၊ သူမလည်း ဝမ်လင်း၏နှလုံးသားထဲကို ဝင်ရောက်နိုင်ခဲ့၏။ သို့သော် သူမ၏ လမ်းကြောင်းမှာ ခြားနားလွန်းသည်။ ၎င်းမှာ နာကျင်လွန်းခဲ့ရ၏။သူ လျိုမေ့ကြောင့် နာကျင်လွန်းခဲ့၏။ အဆုံးသပ်တွင် လျိုမေသာ အနိုင်ရခဲ့သည်။ သို့သော် ထိုအနိုင်ရမှုမှာ ဝမ်လင်း၏ သေဆုံးနေသော နှလုံးသားကို တစစီ စုတ်ဖြဲပြီးမှ ရခဲ့ခြင်း၊သူမကိုယ်တိုင်လည်း သူမကိုယ်သူမ ရင်းနှီးခဲ့ရပေ၏။

ဝမ်လင်း၏ နှလုံးသားမှာ သေဆုံးခဲ့ပြီး၊တစစီဖြစ်ခဲ့ရပြီးပင်။ သူသည် အချစ်ကိစ္စတွင် ဘာမှ မတတ်သာခဲ့ပေ။ သည်တော့ တစ်ယောက်နှင့်တစ်ယောက် မေ့ပစ်တာ ပိုမကောင်းပေဘူးလား။

လီချန်မေ ထွက်ခွာသွားမှု၊သူမ၏ အပြာရောင်ဆံပင်ကို ထုတ်ဖော်ကာ သူမ၏ပုံရိပ်ကို ပြသခဲ့၏။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ သူမသည် အပြာရောင်ဆံပင် ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူ မဟုတ်လား။

သူမ ထိုသို့ ပြုလုပ်ရန် မလိုခဲ့ပေ။ သို့သော် သူမ လုပ်ခဲ့၏။

ကောင်းကင်ချိုးဖျက်ခြင်းကလန်၏ ပါရမီရှင် လီချန်မေက ဝမ်လင်းဘေးတွင် ထိုင်ခဲ့၏။ ဝမ်လင်းထံမှ ပန်းချီကား လက်ဆောင်ကိုလည်း ယူခဲ့၏။ ထိုအခြင်းအရာများကို ဤနေရာလေလံပွဲအတွင်းရှိ ကျင့်ကြံသူများ တွေ့မြင်ခဲ့ပေသည်။

လီချန်မေက ထိုနည်းလမ်းကို အသုံးပြုကာ လူအများအား ဝမ်လင်း နတ်ဘုရားကလန်ဝင် ဟုတ်၊မဟုတ် ဆိုသည့်အဖြေကို ပေးခဲ့ခြင်းသာ။

လေလံပွဲက ဆက်၍ ကျင်းပနေ၏။ သို့သော် ဝမ်လင်းထံသို့ ကြည့်သည့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်က ခြားနားသွားခဲ့ပေပြီ။

အရင်က လူအများအပြားသည် ဝမ်လင်းကို နတ်ဘုရားကလန်ဝင်တစ်ယောက်အဖြစ် မသေချာ၊မရေရာ ဖြစ်နေခဲ့၏။ သူတို့၏ ထိုသံသယကို စိတ်ထဲတွင် ကောင်းကောင်းဖုံးကွယ်ထားကြသည်။

သို့ရာတွင် ထိုသံသယအများစုမှာ လီချန်မေထွက်ခွာသွားခြင်းနှင့်အတူ လွင့်ပါးကုန်ကြလေပြီ။

“နောက်လာမဲ့ ပစ္စည်းက ကျောက်သားတောင်ပဲ…” လေလံပွဲမှ အကြီးအကဲက ဝမ်လင်းကို ကြည့်၏။သူ့လက်ထဲတွင် မပြည့်မစုံကျောက်တုံးတစ်ခု ပေါ်လာသည်။

၎င်းမှာ နေရာတိုင်းလိုလို အပျက်အစီးများ ရှိနေကာ ကြည့်ရတာ ရုပ်စိုးလှ၏။

ထိုကျောက်သားတောင်ကို ကြည့်နေရင်း ဝမ်လင်းသည် အတိတ်တုန်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာတုန်းက တိုက်ပွဲများကို ပြန်တွေးမိသည်။ ထိုကျောက်သားတောင်မှာ ပျက်စီးနေခဲ့ပြီ ဖြစ်၏။ ဝမ်လင်းက ၎င်းကို ခပ်များများ စုဆောင်း၍ သိပ်သည်းခဲ့ခြင်းပင်။၎င်းက သူ့သိုလှောင်နေရာလွတ်ထဲတွင် အသုံးမဝင်သည့် ရတနာတစ်ခု ဖြစ်နေခဲ့သည်။

“ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်ထောင်…” ခဏတာ ငြိမ်သက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံကနေ အသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ်လင်းနှင့် သိသော ပညာတတ်ဟန်အမျိုးသားက ခပ်တိုးတိုး ပြောသည်။ “ကောင်းကင်ဘုံကျောက်စိမ်းပြား ငါးထောင်…”

တာအိုမန္တာန်ကလန်မှ အကြီးအကဲကလည်း တည်ငြိမ်စွာ ဆို၏။ “တစ်သောင်း…”

ထိုကျောက်တုံးအတွက် မည်သူကမျှ မကမ်းလှမ်းကြပေ။ အချို့အစွမ်းထက်ကျင့်ကြံသူများကလွဲ၍ အများစုသည် ၎င်းမှာ တန်ဖိုးမရှိဟုသာ ထင်ကြသည်။ သို့ရာတွင် အစောပိုင်းတုန်းက ဝမ်လင်း ရတနာကျောက်စိမ်းကလန်သို့ ရတနာပစ္စည်းနှစ်ခု လေလံတင်ရန် ပေးခဲ့ချိန်က လူတိုင်းသည် ၎င်းရတနာများကို သေချာ ကြည့်ခဲ့ရ၏။

လူတိုင်းက ၎င်းကျောက်သားတောင်မှာ ဝမ်လင်း ပိုင်ဆိုင်မှန်း သိနေကြသည်။

ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်းလောက်ဖြင့် ဝမ်လင်းကဲ့သို့ လူမျိုးနှင့် မိတ်ဆွေဖြစ်ရသည်မှာ တန်သည်မဟုတ်လား။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင်တော့ ထိုကောင်းကင်ဘုံကျောက်စိမ်း တစ်သောင်းပမာဏကလည်း နည်းသည်တော့ မဟုတ်ပေ။

ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်၏။ အတားအဆီးတစ်ခုသည် ထိုကျောက်သားတောင်ထံ ပျံသန်းသွားသည်။၎င်းက ယင်းကျောက်သားတောင်ပေါ်သို့ ကျရောက်သွားချိန်၌ ရှေးဟောင်းအော်ရာတစ်ခု ရုတ်တရက် ပျံ့နှံ့လာသည်။

ထိုအဖြစ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အလေးအနက် ဖြစ်လာစေ၏။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများအတွက်တော့ ဘာမှ သိပ်မထူးလှပေ။ သို့သော် နိဗ္ဗာနကြိုမြင်ခြင်း၊နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကတော့ ဤကျောက်သားတောင်ကို စူးစိုက်ကြည့်ကာ စတင် စဉ်းစားကုန်သည်။

“တောင်စိတ်ဝိညာဉ်…” ဝမ်လင်းကို သိထားသည့် လှပသောအမျိုးသမီးက အနည်းငယ် အံ့အားသင့်သွား၏။ သူမက ထိုကျောက်သားတောင်ကို သေချာ ကြည့်သည်။ ထို့နောက် သူမ၏ လက်ကို ဝေ့ယမ်းကာ ပြောသည်။ “ကံမကောင်းစွာနဲ့ ဒါက ပျက်စီးနေတာပဲ…”

“ဒါက သာမန်ကျောက်သားတောင် မဟုတ်ဘူး။ ဒီကျောက်တုံးမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ရှိနေတယ်။ ကြည့်ရတာ ဒီဟာက ကောင်းကင်ဘုံနယ်မြေရဲ့ တောင်တစ်ခု ဖြစ်နေမလားပဲ…”

ပညာတတ်အမျိုးသားက တည်ငြိမ်စွာ ဆို၏။ “ကောင်းကင်ဘုံကျောက်စိမ်းပြားနှစ်သောင်း…”

“ဒီပစ္စည်းက ငါတို့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွေအတွက် အသုံးမဝင်ပေမယ့်လည်း ကလန်ရဲ့ ဂျူနီယာတွေ အထဲက မန္တာန်ကို နားလည်အောင် ဆင်ခြင်နိုင်တယ်။ ပို အရေးကြီးတာက ဒါဟာ ကောင်းကင်ဘုံနယ်မြေက ဖြစ်နေပြီး ဒီလိုဖြစ်အောင် သန့်စင်မွန်းမံထားတာ…”

တာအိုကလန်မှ အကြီးအကဲသည် ခဏတဖြုတ် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြော၏။ “ကောင်းကင်ဘုံကျောက်စိမ်းပြားသုံးသောင်း…”

“လေးသောင်း…” အကွာအဝေးတစ်ခုမှ အသံတစ်ခု ထွက်ပေါ်လာ၏။ သူက နောက်ဘက်ရှိ ကျောက်ပြားပေါ်တွင် ထိုင်နေသော ချူယောင်လုံပင်။

တာအိုမန္တာန်မှ အကြီးအကဲက ပြော၏။ “မူလသလင်းကျောက်တစ်ထောင်…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သူကမျှ ပြိုင်၍ ဈေးပေးရန် မကြိုးစားတော့ပေ။ သည်လိုဖြင့် တာအိုမန္တာန်မှ အကြီးအကဲသည် ၎င်းကို ဝယ်သွားသည်။

ကျောက်သားတောင် ရတနာက တွေ့ရမများသော်လည်း ဤလေလံပွဲကို ဂရက်ရိုက် လှိုင်းထန်စေသည့် အထိ မဖြစ်စေနိုင်ပေ။ သို့ရာတွင် နောက်ထပ်ယူသည့် ပစ္စည်းကတော့ အားလုံးကို တုန်လှုပ်သွားစေ၏။ ဝမ်လင်းပင် ထိုမျှ မမျှော်လင့်ထားမိပေ။

“ဒီရတနာကတော့ ချပ်ဝတ်တစ်ခုပဲ ဖြစ်ပါတယ်…” ရတနာကျောက်စိမ်းကလန်၏ အကြီးအကဲက အသက်ခပ်ပြင်းပြင်း ရှုသွင်းမိသည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် သံသယအငွေ့အသက်တို့ပါ ရှိနေ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အနက်ရောင်အခိုးငွေ့ ခပ်ပျစ်ပျစ် ပေါ်လာသည်။ ၎င်းအတွင်း၌ ချပ်ဝတ်အသွင်အရာတစ်ခု ခပ်ရေးရေး ရှိနေ၏။

ထိူအနက်ရောင်အခိုးအငွေ့ ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအချို့၏ အမူအရာများ ပြောင်းကုန်သည်။ သူတို့က သေချာ ကြည့်ကြသည်။ထိုသူများထဲ၌ အမာရွတ်နှင့်အဘိုးအို၊ ပညာတတ်အမျိုးသားနှင့် အခြားသူများ ပါဝင်ကြသည်။

“ရောင်းရင်းကျင့်ကြံသူလု ချိပ်ပိတ်မှုကို ဖယ်ပေးလို့ ရနိုင်မလား။ဒါမှ ငါတို့ သေချာ ကြည့်နိုင်မှာ မလို့…”

လေလံပွဲမှ အဘိုးအိုက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ ပြော၏။ ၎င်းမှာ ဝမ်လင်း ပိုင်ဆိုင်သည့် ပစ္စည်းတစ်ခုပင်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ထိုချပ်ဝတ်ထံ လက်ညွှန်သည်။ ၎င်းက ချပ်ဝတ်အပြင်ဘက်ရှိ အနက်ရောင်အခိုးငွေ့များထံ ပျံသန်းသွား၏။ ထိုအခါ အနက်ရောင်အခိုးငွေ့များ ဆူပွက်လာသလို ထင်မှတ်ရကာ အတားအဆီးအလွှာများ တစ်ခုပြီးတစ်ခု လွင့်ပြယ်သွားသည်။ နောက်ဆုံးတွင် အတားအဆီးများ ပျောက်ကွယ်သွားပြီးနောက် ၎င်းချပ်ဝတ်မှာ ခပ်ဝါးဝါး မြင်ရသည် မဟုတ်တော့။ မွန်းစတားဆန်သည့် မိစ္ဆာစွမ်းအင်များ ပေးစွမ်းနေသော ချပ်ဝတ်တစ်ခု ပေါ်လာခဲ့ပေသည်။

ထိုမိစ္ဆာစွမ်းအင်များက အားကောင်းလွန်းရာ လောကကို အရောင်ပြောင်းလဲစေသည်။ ဧရာမဝဲကတော့ကြီးတစ်ခု ကောင်းကင်ထက်တွင် ပေါ်လာသည်။၎င်းက လုံးဝ နက်မှောင်ကာ ဖြည်းဖြည်းချင်း လှည့်ပတ်၏။

ချပ်ဝတ်ပေါ်ရှိ ချိပ်ပိတ်မှုကို ဖယ်ရှားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးဟာ ငြိမ်ကျသွားသည်။ ကျင့်ကြံသူအားလုံး မျက်လုံးမျက်ဆန် ပြူးကုန်၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုများသည်ပင် မင်သက်မိကုန်၏။ သူတို့၏ မျက်လုံးတို့မှာ တောက်ပလာသည်။

အချို့ကျင့်ကြံသူများဆို အလန့်တကြား ထမတ်တပ် ရပ်၏။ သူတို့၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သည်။

အမာရွက်များနှင့်အဘိုးအိုက ပင့်သက်ရှိုက်ကာ ခပ်တိုးတိုး ရွတ်၏။ “နတ်ဘုရားကလန်ရဲ့ မိစ္ဆာချပ်ဝတ်…”

“နတ်မိစ္ဆာချပ်ဝတ်…”

“ဒါက တကယ့်ကို နတ်မိစ္ဆာချပ်ဝတ် ဖြစ်နေတာပဲ…”

“နတ်မိစ္ဆာချပ်ဝတ်ကို နတ်ဘုရားကလန်က ပိုင်တာ။ ၎င်းရဲ့ မိစ္ဆာစွမ်းအင်က သိပ်သည်းလွန်းတော့ ဒီချပ်ဝတ်ဟာ အဆင့်လေး နတ်မိစ္ဆာချပ်ဝတ် ဖြစ်နိုင်လောက်တယ်…”

လေလံပွဲတစ်ခုလုံးသည် ထိုချပ်ဝတ် ပေါ်လာမှုကြောင့် စတင် ဆူပွက်လာသည်။

လေလံပွဲသို့ လာသည့် ကျင့်ကြံသူများအားလုံးမှာ ဗဟုသုတ ကြွယ်ကြ၏။ အစွမ်းထက်ကြ၏။ စိတ်ဓာတ်သန်မာကြ၏။ သို့ရာတွင် အခုအခိုက်အတန့်၌ သူတို့၏ စိတ်ခွန်အားသည်ပင် ယင်းနတ်မိစ္ဆာချပ်ဝတ်ကြောင့် ပျက်စီးသွားရပေပြီ။

တာအိုမန္တာန်၏အကြီးအကဲ ဖြစ်သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ဟန် ပြုကာ ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူလု…သင် ဒါကို ရောင်းချင်တာ သေချာလို့လား…”

သူ ထိုသို့ ပြောလာသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံးသည် ချက်ခြင်း ငြိမ်သက်တိတ်သွားသည်။ လူတိုင်း၏အကြည့်က ဝမ်လင်းထံ ကျရောက်နေ၏။

ဝမ်လင်းက ထိုပြန့်ကြဲမိစ္ဆာချပ်ဝတ်ကို ကြည့်ကာ တည်ငြိမ်သည့် ဟန်ပန်ဖြင့် ရှိနေ၏။ သူက ထိုချပ်ဝတ်သည် နတ်ဘုရားကလန်နှင့် မထင်မှတ်စွာ ပတ်သတ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ဝမ်လင်း၏ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ နတ်ဘုရားကလန်အပေါ် စိတ်ဝင်စားမှု ပိုတိုးလာ၏။

ဝမ်လင်းက တည်တည်ငြိမ်ငြိမ် ဆိုသည်။ “ငါ မူလသလင်းကျောက်တွေပဲ လိုချင်တယ်…”

“ကောင်းတယ်…ငါ ဒါကို ဝယ်ဖို့အတွက် မူလသလင်းကျောက် သုံးထောင် ကမ်းလှမ်းတယ်..”

တာအိုကလန်၏အကြီးအကဲက ပြတ်သားသည့်လေသံဖြင့် ပြောလေ၏။

“ဒီအဘွားအိုက မူလသလင်းကျောက်ငါးထောင် ကမ်းလှမ်းတယ်…” ထိုအဘွားအိုသည် ဝမ်လင်းနှင့် ကြယ်မြေပုံ အရောင်းအဝယ်လုပ်ဖူးသည့်သူ ဖြစ်၏။ သူမက ထိုချပ်တဝ်ကို ထူးဆန်းစွာ ကြည့်ရင်း ဈေးကမ်းလှမ်းလိုက်သည်။

ပညာတတ်အမျိုးသားက အသက်ခပ်ပြင်းပြင်း ရှုကာ ပြောသည်။ “သင်တို့အားလုံး ဒီအရာကို ဝယ်ယူချင်နေလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ နတ်ဘုရားကလန်ဝင်တွေကသာ ဒီလိုအရာမျိုး ပိုင်ဆိုင်နိုင်လိမ့်မယ်။သူတို့က ဒီလိုမျိုး ထုတ်ပြလာခဲလွန်းတယ်။ ငါ ဒါကို ရမှ ဖြစ်မယ်။ မူလသလင်းကျောက် ရှစ်သောင်း…”

တာအိုမန္တာန်ကလန်၏အကြီးအကဲသည် အနည်းငယ် တွေဝေသွားပြီးနောက် အံတင်းတင်း ကြိတ်ကာ ပြော၏။ “မူလသလင်းကျောက်တစ်သောင်း…”

တာအိုကလန်သည် မူလသလင်းကျောက် အများကြီး ရှိမနေပေ။ တစ်သောင်းက သူ့အတွက် ကန့်သတ်ချက် ဖြစ်၏။

ထိုဈေးနှုန်းထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ မင်သက်ကုန်၏။ ဤအဆင့်လေလံတင်မှုက လူအများ ဝင်ပါနိုင်သည့် အရာမဟုတ်ပေ။ ထိုအခိုက်အတန့်၌ အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

“အဆင့်ခုနစ်မိလောကလန်က မူလသလင်းကျောက်(၁၃၀၀၀)…” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ထိုအသံထွက်ပေါ်ရာ လှမ်းကြည့်ကြ၏။ ထိုသူမှာ လက်ထဲ၌ ယပ်တောင်တစ်ချောင်း ကိုင်ထားသည့် အဝါရောင်ဝတ်စုံဖြင့်လူငယ် တစ်ယောက် ဖြစ်နေသည်။

တာအိုမန္တာန်ကလန်၏အကြီးအကဲက ချပ်ဝတ်ကို ကြည့်ကာ သက်ပြင်းသာ ချမိ၏။ သူသည် ဈေးပြိုင်ပေးခြင်းကို ရပ်လိုက်၏။ ကျန်သည့်သူအားလုံးလည်း ငြိမ်သက်သွားသည်။ဤက သူတို့၏ အကန့်အသတ်ဖြစ်ကာ သူတို့ထံ၌လည်း မူလသလင်းကျောက်အများအပြား ရှိမနေပေ။

“၁၅၀၀၀” ချူယောင်လုံ၏ အသံ ထွက်ပေါ်လာသည်။ သူ့အသံထဲ၌ တုန်ယင်နေဟန် အငွေ့အသက် ပါ၏။ သူ့အတွက်ပင် ထိုဈေးနှုန်းက သူ့စိတ်အား တုန်ယင်စေပေ၏။

အဝါရောင်ဝတ်စုံနှင့်လူငယ်က မျက်မှောင်ကြုတ်ကာ ပြောသည်။ “၁၈၀၀၀”

“၂၀၀၀၀” ချူယောင်လုံက အံတင်းတင်းကြိတ်ကာ ပြောသည်။

“၂၅၀၀၀” အဝါရောင်ဝတ်စုံနှင့်လူငယ်၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

“၃…၃၀၀၀၀” ချူယောင်လုံ၏ နှဖူးထက်တွင် ချွေးပြန်လာသည်။

“အဆင့်ငါးရတနာကျောက်စိမ်းကလန်က အဆင့်လောက်နဲ့ မင်း ဒီလောက်များတဲ့ မူလသလင်းကျောက်တွေ ဘယ်နေရာက ရခဲ့တာလဲ…” အဝါရောင်ဝတ်စုံနှင့်လူငယ်က မတ်တပ်ထရပ်ကာ ချူယောင်လုံကို စူးစိုက်ကြည့်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် အရိပ်အမြွက် ပေါ်လာသည်။ သို့သော် သူက ချူယောင်လုံ၏နောက်ခံကို သိနေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset