Switch Mode

အခန်း ( ၂၈၉ )

ခေါင်းဆောင်ကြီးတို့..ကျုပ်ကို.. စစ်ထဲလွှတ်ပေးပါဗျာ

ပိုင်ရှောင်ချန်းမှာ ခေါင်းပေါက်ထွက်တော့မတတ်ခံစားလိုက်ရသည်။ မျက်လုံးပြူးလျက် ငှက်ကိုမော့ကြည့်လိုက်ပြီး သွပ်သွပ်ခါရူးချင်သွားလေသည်။ အမှန်တွင် ထိုငှက်၌ နာမည်နှစ်ခုရှိလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သွေးဝိညာဥ်ငဟစ်ငှက် ဟုခေါ်သော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်မူ ယန့်ဝေ့ခရုစုပ် ငှက်ဟုလူသိများလေသည်။

သို့သော်လည်း သူ့မှာ ၄င်းကို မည်သို့ခေါ်မှန်းအသေအချာမသိပေ။ သူ့ဘေးနှစ်ဖက်၌လည်း ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်နေလေသည်။ သူ့မျက်လုံးတို့တွင် မျက်ရည်တို့ဝဲတက်လာ၏။ သူ့မှာ ထိုငှက်ကို သေလောက်အောင် မုန်းနေလေပြီ။

“သောက်.. ငှက်”
သူက တွေးလိုက်သည်။
“ဘာလို့ လဲ။ ဘာလို့လဲ..။ ဘာလို့လဲ.။ ဘာလို့ ဒီမှာ ပေါ်လာတာတုံး” တုန်တုန်ယင်ယင်ဖြင့် သူ့မှာ ဘယ်ဘက်က စုန့်ကျင်းဝမ်ကိုကြည့်ပြီး တဖန် ညာဖက်က ဟိုရှောင်မေ့ကို ကြည့်ပြန်သည်။ နှစ်ယောက်လုံးက မျှော်လင့်ေနသောမျက်ဝန်းတို့ဖြင့် သူ့ကို စိုက်ကြည့်နေကြလေသည်။ ဘယ်သူ့ဖက်က သူရပ်တည်နေပါစေ၊ ကျန်တစ်ယောက်မှာ ရင်ကွဲပက်လက်ဖြစ်သွားလိမ့်မည်။

ပိုင်ရှောင်ချန်းက အံကြိတ်လိုက်ပြီးး နာမည်အသစ်ထွင်ရန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် စုန့်ကျင်းဝမ်က ရုတ်တရက်ပြောလိုက်လေသည်။
” ညမုဆိုး..နာမည်အသစ်ပေးပြီး ရှောင်ဖို့ ကြိုးစားရဲ ကြိုးစားကြည့်စမ်း”

” ကိုကြီးရှောင်ချန်း ”
ဟိုရှောင်မေ့က သဘောတူထောက်ခံကာ ” ကိုကြီးမမှတ်မိဘူး မပြောနဲ့နော် ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အရင်က ဒီလိုငှက်တွေကို ကိုကြီးမြင်ဖူးတယ်ဆိုတာ ညီမသိတယ်”

ထိုဖြစ်ရပ်မှာ အလွန်ရှားလေသည်။ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့က ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြပြီး လေးနက်သည့်မျက်ဝန်းများဖြင့် တစ်လှေတည်းစီးနေကြလေသည်။

“ငါ…ငါ..”
ပိုင်ရှောင်ချန်း၏မျက်နှာပြင်တွင် ချွေးစက်များစီးကျလာသည်။ ထိုအချက်ကြောင့် သူ၏မျှော်လင့်ချက်တို့ကွဲကြေသွားလေသည်။ အရင်သူတို့ဆေးယူလာစဥ်က သူက အလျင်အမြန်လှုပ်ရှားနိုင်လိုက်သော်လည်း ယခုအခိုက်အတန့်တွင်မူ ဖြစ်နိုင်သည့်ပုံမပေါ်ချေ။

” ငါဘာလုပျရမလဲ ”
သူက မျက်ရည်တစမ်းစမ်းဖြင့် တွေးလိုက်သည်။ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့တိုက်တွန်းနေသည်ကို ကြည့်ခြင်းအားဖြင့် ငှက်အခေါ်အဝေါ်ကို လုံးဝဂရုမစိုက်ပဲ သူတိုနှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်စေချင်နေသည်။

မျက်လုံးတို့နီရဲလျက် သူက ငှက်ကိုလက်ညှိုးထိုးလိုက်ပြီး အော်လိုက်သည်။
” ကောင်းပြီ။ မင်းတို့ကို ပြောပြမယ်..။ ဒီငှက်က… က.. ”

ရုတ်တရက် သူကလျှာကိုက်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုထုတ်ဖော်ကာ သူ့ကိုယ်ထဲတွင် ပရမ်းပတာဖြစ်စေလိုက်သည်။ ၄င်းက သူ၏ချီလမ်းကြောင်းဆီသို့ ပေါက်ကွဲထွက်သွားသဖြင့် ချိုမြိန်သောအရသာတစ်ခုက သူ့ပါးစပ်ပြည့်သွားပြီးနောက် သူက သွေးတစ်ပွက်အန်လိုက်သည်။ ထို့နောက် သူ၏အမြင်အာရုံတို့ဝေဝါးလာပြီး သတိလစ်မေ့မြောသွားလေသည်။

သူသတိမလစ်ခင်တခဏ၌ စိတ်မောလူမောဖြစ်ကာ သက်ပြင်းချသွားလေသည်။

စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့မှာ မှင်သက်သွားလေသည်။ သူတို့က ပိုင်ရှောင်ချန်းသွေးအန်သည်ကို မြင်လိုက်ရုံသာမက သူ့လက်ကို နှစ်ယောက်လုံးက ဆုပ်ကိုင်ထားသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံပရမ်းပတာဖြစ်နေသည်ကို သတိပြုမိလိုက်ကြ၏။ ဟိုရှောင်မေ့မှာ ပိုင်ရှောင်ချန်းကို အင်မော်တယ်ဂူထဲသယ်သွားရင်း ငိုတော့မလိုဖြစ်နေလေသည်။ စုန့်ကျင်းဝမ်မှာမူ စိတ်စွမ်းအင်ဆေးပမာဏအမြောက်အမြားကို ထုတ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ အတင်းထည့်လိုက်သည်။

မလှမ်းမကမ်းရှိ တောင်ထိပ်နှစ်ခုပေါ်မှ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့က ထိုသုံးပွင့်ဆိုင်အချစ် မြင်ကွင်း ကို ကြည့်ပြီး သနားကရုဏာသက်သွားကြလေသည်။

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သက်ပြင်းချပြီးပြော၏။
” ဒီကောင်စုတ်လေးကတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ရတာ လွယ်တယ်များထင်နေသလား။ ကျုပ်ဖြင့် လွန်ခဲ့နှစ်တွေထဲက မှတ်သွားတာပဲ ။ အင်္ကျီလက်ခါလိုက်တာနဲ့ ကျုပ်စိတ်ထဲကနေ ရင်နာစရာတွေကို ဖယ်ထုတ်ပစ်လိုက်တာ”

မြင်ရခဲသောပုံဖြင့် ခေါင်းဆောင်ကြီးထျယ်မုက သူ၏စကားကို ထောက်ခံလေသည်။ ခေါင်းတညိတ်ညိတ်နှင့် သူကပြော၏။
” အချစ်က ဒုက္ခအိုးပဲကွ..။ လွန်ခဲ့တဲ့နှစ်တွေက ကျုပ်လဲ စိတ်ဆင်းရဲဒုက္ခရောက်ခဲ့ရသေးတယ်။အမှန်တိုင်းပြောရင် ကျုပ် အခု အဲ့အကြောင်းတွေးလိုက်ရင် လွန်ခဲ့တဲ့နှစ်တွေက စန်းပွင့်ခဲ့တာတွေကို သတိတောင်မရတော့ဘူး”

အဘိုးအိုနှစ်ယောက်က အကြည့်ချင်းဖယ်လှယ်လိုက်ကြသည်။ ပထမဆုံးအချိန် သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုအပေါ် စိတ်သဘောချင်းတိုက်ဆိုင်ကြခြင်းဖြစ်သည်။ သူတို့ကခေါင်းခါလိုက်ရင်း ကိုယ့်အတိတ်အကြောင်းကိုယ် ပြန်တွေးမိလိုက်ကြလေသည်။

ရက်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းက မျက်လုံးတို့ဖွင့်လိုက်ပြီး သူ၏အင်မော်တယ်ဂူအတွင်းရှိ နံရံပေါ်တွင်ချိတ်ဆွဲထားသည့် ကြေးနီမှန်ကို အလောတကြီးသွားလိုက်သည်။ မှန်ကို ကြည့်လိုက်သောအခါ ဖြူဖပ်ဖပ် ပိန်လှီနေသော ပုံရိပ်ကိုတွေ့လိုက်လေသည်။ သူစိုးရိမ်ထားသည့်အတိုင်း သူ့ကမ္ဘာကြီးမှာ အမှောင်ဖုံးသွားလေပြီ။

တခဏကြာပြီးနောက် သူက သက်ပြင်းချလိုက်ပြီး လေကောင်းလေသန့်ရှူရန် အပြင်ထွက်လိုက်သည်။ သူ့အတွက် စိတ်အေးအေးဖြင့် အခြေအနေကိုမည်သို့မည်ဖုံရင်ဆိုင်ရမည်ကို တွေးရန်လိုလေသည်။

“ဒီတိုင်းဆက်သွားနေရင်အလုပ်မဖြစ်ဘူး။ သူတို့ကစားနည်းက ငါ့ကို သင်္ချိုင်းစောစောပို့လိမ့်မယ် …” သက်ပြင်းတချချနှင့် သူက အင်မော်တယ်ဂူတံခါးကိုတွန်းဖွင့်လိုက်ပြီး အပြင်သို့ထွက်အံ့ဆဲဆဲမှာပင် ကျောက်ရုပ်ဖြစ်သွားလေသည်။

“မင်းတို့နှစ်ယောက်…”
အင်မော်တယ်ဂူအပြင်ဘက်တွင် စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့ရပ်နေသည်ကို သတိထားမိလိုက်သောအခါ သူ့ နဖူးမှ ချွေးပေါက်ကြီးငယ်တို့ကျလာလေသည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမပြောနိုင်သော်လည်း ဤနေရာတွင် ဘေးချင်းကပ်ရပ်နေပြီး သူ့ကို ပြုံးကြည့်နေကြလေသည်။

“ညမုဆိုး… လမ်းလျှောက်သွားရအောင်” မျက်ဝန်းကလေးတို့ကဆွဲဆောင်မှုရှိစွာရွှန်းလဲ့နေလျက် စုန့်ကျင်းဝမ်ကပြောသည်။

“ကိုကြီးရှောင်ချန်း… ဒီတစ်ခါတော့ ငှက်ကို နာမည်မပေးခိုင်းတော့ပါဘူး” ဟိုရှောင်မေ့က ရှက်သွေးဖြာကာ ယခင်ထက်ပို၍ ဖြူဖြူစင်စင်နှင့် ဆွဲဆောင်မှုရှိနေသည့်ပုံဖြင့် ပြောသည်။

သို့တိုင်အောင် ထိုမိန်းမပျိုနှစ်ဦးလုံး၏မျက်လုံးက အမှတ်တမဲ့ သူ၏ခြေထောက်ကို ကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ ရှိသမျှအမွှေးတို့ထောင်ထလာသည်ကို ခံစားလိုက်၏။ ယခုတွင်မူ သူအမှန်ကိုသဘောပေါက်လိုက်လေသည်။ ထိုမိစ္ဆာမနှစ်ကောင်က သူ့အား ကစားရသည်ကို စွဲလမ်းနေကြသည်။ သူ့တို့ကစားနည်းတွင် သူမည်သည့်ဘက်ကို အရင်ခြေလှမ်းမည်က အဓိကကျလေသည်။

၄င်းက ရယ်စရာပင်။ ထိုမိစ္ဆာမနှစ်ကောင် လူသားပင်မဟုတ်တော့ချေ။ တဆတ်ဆတ်တုန်နေလျက် သူ့မှာ အပြင်ကိုပင် ခြေမချရဲတော့ပေ။

” အေး….မင်းတို့နဲ့ ဒီမှာ ဆုံရတာကောင်းပါတယ်. . ငါ..ငါ..နည်းနည်းပင်ပန်းနေလို့. ဒီနေ့တော့ အထဲမှာပဲ နေသင့်တယ်ထင်တယ် ..”

သူက မပြုံးချင်၊ ပြုံးချင်ဖြင့် ပြုံးလိုက်ပြီး နောက်သို့ ဆုတ်သွားလေသည်။ သို့သော်လည်း ထိုအခိုက်တွင် စုန့်ကျင်းဝမ်ထံမှ ဒေါသအငွေ့အသက်များထွက်ပေါ်လာပြီး ဟိုရှောင်မေ့မှာမူ မျက်နှာငယ်လေးဖြင့်ကြည့်ကာ မျက်ရည်တို့ဝဲတက်လာလေသည်။

တစ်ယောက်က စိတ်ဆိုးနေပြီး ကျန်တစ်ယောက်မှာ စိတ်ထိခိုက်သွားကာ အပြစ်ရှိသလိုခံစားနေလေသည်။

ပိုင်ရှောင်ချန်းမှာ ရူးတော့မတတ်ဖြစ်လာ၏။ သူ့ကိုယ်တွင်းတွင် ဂရုတစိုက်ဖန်တီးခဲ့သည့်စိတ်စွမ်းအားတို့ကို ရုတ်တရက်ထုတ်ဖော်လိုက်ပြီး အနာခံလိုက်လေသည်။ ပရမ်းပတာစွမ်းအားတို့က သူ့ကိုယ်တွင်း စီးဆင်းသွားသဖြင့် သူ့ပါးစပ်မှ သွေးတို့ပန်းထွက်သွားလေသည်။ နောက်တစ်ကြိမ် အမြင်အာရုံတို့အမှောင်ဖုံးသွားပြီး သူလဲကျသွား၏။

သတိမလစ်ခင် သူသက်ပြင်းမချတော့သော်လည်း သူ့မျက်လုံးတို့မှာ မျက်ရည်စများ ဝေ့ဝဲနေလေသည်။

နောက်နှစ်ရက်အကြာ ညသန်းခေါင်ယံချိန်တွင် ပိုင်ရှောင်ချန်းက ကျောက်ခုတင်ပေါ်တွင် လဲလျောင်းနေပြီး ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာ၏။ သူ့မျက်လုံးများမှ မျက်ရည်စများက နားသယ်စပ်နားအထိ စီးကျနေပြီး မျက်နှာကြက်ကိုကြည့်ကာ လှဲနေသည်။

” ဟိုရှောင်မေ့တစ်ယောက်ထဲရှိတုန်းက အရမ်းအဆင်ပြေခဲ့တာ.. ငါပြောသမျှလဲ ယုံတယ်… ခုတော့..”

” စုန့်ကျင်းဝမ်.. သူ့ဘာသာသူရှိတုန်းကလဲ အရာအားလုံးက ငါ့လမ်းအတိုင်းပဲ။ ဒေါသလေးလျှော့လိုက်ရင်. ငါတောင်းဆိုတာမှန်သမျှ လုပ်ပေးလိမ့်မယ်.. အခုများကျ… ”

“သူတို့နှစ်ယောက်အတူတူရှိရင် တော်တော်ကြောက်စရာကောင်းတာပဲ.. ” သူတို့တစ်ယောက်တည်းစီရှိစဥ်က မည်မျှ အပေးအယူမျှပြီး ပျော်စရာကောင်းခဲ့ကြောင်း ပြန်တွေးလိုက်သည်နှင့် မျက်ရည်တို့ပိုကျလာ၏။

“မဟုတ်သေးပါဘူးကွာ.. ဒီတိုင်းသာ ဆက်သွားနေလို့တော့.. ငါသေလိမ့်မယ်”

“သူတို့က ငါ့ကို ညှဥ်းပန်းနှိပ်စက်ပြီး သင်္ချိုင်းရောက်ဖို့ ကစားနေကြတာပဲ..။ ငါလဲ ရူးတော့မယ် ။ ပထမက ဆေး.. ပြီးတော့ ဟိုသောက်ငှက် ။ နောက်ပြီး ငါဘယ်ခြေလှမ်းမလဲ စောင့်ကြည့်ပြန်တယ် ။ မသိလိုက်ခင်မှာပဲ.. ဘယ်မျက်လုံးအရင်ဖွင့်မလဲ…ဘယ်ဖက်လက်လှမ်းမလဲပဲ ကြည့်နေကြတာ”

“ဒီမှာထပ်ပြီး မနေနိုင်တော့ဘူး။ အဲ့မိစ္ဆာမနှစ်ကောင်က ကြောက်ဖို့ကောင်းလွန်းတယ်။ ငါလဲ နှစ်ခါတောင် သွေးအန်ပြီးပြီ။ ဒီလိုဆက်လုပ်နေရင် ငါရဲ့သနားစရာအသက်လေး ပျောက်သွားလိမ့်မယ်”

“စစ်ဝင်တိုက်ရမယ်..”

“စစ်မြေပြင်မှာဆိုရင်…ငါအသတ်ခံရမယ့် အလားအလာရှိပေမယ့်လဲ ဒီမှာဆိုလို့ကတော့ အနှေးနဲ့အမြန်ရူးသွားမှာ အသေအချာပဲ”
သူကရုတ်တရက် အမှန်တကယ်စစ်ထဲ ပို၍ဝင်ချင်နေကြောင်းခံစားလိုက်ရလေသည်။ အမှန်မှာ သူ၏နှလုံးသားက လောချိန်တောင်တန်းမှထွက်ခွာသွားခဲ့သဖြင့် မည်သည့်နေရာဖြစ်ဖြစ်နေလိုစိတ် မရှိတော့ပေ။

သူ၏အမူအရာမှာ ဆုံးဖြတ်ချက်အပီအပြင်ထားသည့်ပုံဖြင့် ခြေကြွလိုက်လေသည်။ သူက လွန်ခဲ့သော တခဏကနှင့် ခြားနားသွားကာ သွေးကြောများထောင်လာပြီး သူ၏မျက်လုံးတို့မှာ စူးရှရှအလင်းတို့ဖြင့် တောက်ပနေလေသည်။ သူကအလျင်အမြန်ပင် အိတ်များကိုထုတ်လိုက်ပြီးနောက် အင်မော်တယ်ဂူတံခါးအား မြန်မြန်ဖွင့်လိုက်သည်။ နတ်ဘုရားအာရုံကို အလျင်အမြန်ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

လတ်တလောမှာ ညသန်းခေါင်ချိန်ဖြစ်ပြီး တိမ်မည်းများက လမင်းကြီးကို ဖုံးလွှမ်းနေလေသည်။ တစ်လောကလုံး မှောင်မိုက်နေပြီး ငှက်များနှင့် ညသတ္တဝါပေါင်းစုံတို့၏ အသံများမှ လွဲ၍ တိတ်ဆိတ်နေ၏။

သူက စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့ စောင့်မနေကြောင်းသေချာရန် ပတ်ဝန်းကျင်တစ်ခွင်ကို နိုးနိုးကြားကြားကြည့်လိုက်လေသည်။ ထို့နောက် လှစ်ခနဲထွက်သွားပြီး တောင်ပံတို့ကိုသုံး၍ ထုတ်နိုင်သမျှအရှိန်ဖြင့် ပျံသွားလေသည်။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့ပိုင်စားရာတောင်ထိပ်ဆီသို့ အလင်းတန်းသဖွယ် အမြန်ဆုံးအရှိန်ဖြင့် တရှိန်ထိုးသွားလေသည်။

စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့သတိထားမိသွားမည်ကို အသည်းအသန်ကြောက်လျက် ဘာအသံမှမထွက်အောင် မြန်နိုင်သမျှ မြန်မြန်သွားနေလေသည်။ မကြာမီ တောင်နှစ်လုံးသို့ ရောက်သွားပြီး တုန့်ခနဲရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူးလိုက်သည်။ မျက်ဝန်းတို့တွင် ပြတ်သားမှုများဖြင့် တောက်ပနေပြီး သူ၏မျက်နှာအမူအရာတွင် စိတ်ပိုင်းဖြတ်ထားမှုထင်ဟပ်နေ၏။ ရုတ်တရက် ပိုင်ရှောင်ချန်းနှင့် ညမုဆိုးတသားတည်းဖြစ်သွားသကဲ့သို့ ရဲစွမ်းသတ္တိအပြည့်ဖြင့် သာမန်ထက်ထူးထူးကဲကဲခံစားလိုက်ရပြီး ခန့်ညားအထင်ကြီးဖွယ်ဟန်ပန်နှင့် အကြင်နာမဲ့ရက်စက်ပုံပေါက်နေလေသည်။

အမြွှာညီနောင်တောင်ထိပ်အခြေဆီသို့ ဆက်သွားနေပြီး သူ့အသွင်က ယခင်ထက်အရပ်ပိုရှည်လာပုံပေါ်နေသည်။ ရက်စက်သွေးအေးမှုများ မျက်လုံးတို့တွင် တောက်လောင်နေလျက် သူက လက်နှစ်ဖက်ကိုယှက်ကာ ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။

“ကျွန်တော်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အမွေဆက်ခံသူအဆင့်ဂိုဏ်းသား ပိုင်ရှောင်ချန်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သွေးသခင်ညမုဆိုးပါ..။ ခေါင်းဆောင်ကြီးတို့ကို ဂါဝရပြုပါတယ်”

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့က မျက်လုံးတို့ဖြည်းညင်းစွာဖွင့်လိုက်ပြီး ပိုင်ရှောင်ချန်းကို တအံ့တသြငုံ့ကြည့်လိုက်ကြသည်။

သတ်ဖြတ်လိုစိတ်အခိုးအငွေ့များ ဘေးပတ်လည်တွင်ပေါ်ထွက်နေရင်း ပိုင်ရှောင်ချန်းက ပြောလိုက်သည်။
” မွေးစားအဖေ.. ၊ ခေါင်းဆောင်ကြီး ။ အလယ်တောင်ထိပ်ရဲ့ သွေးသခင်တစ်ပါးတစ်ယောက်အနေနဲ့ကော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ကော.. လုပ်သင့်လုပ်ထိုက်တာ ကျနော် လုပ်ရမယ် ။ ကျနော်.. ရန်သူတွေကို ရင်ဆိုင်ဖို့ စစ်မြေပြင်ကို သွားကိုသွားမယ်ဗျာ”

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့မှာ ထူးဆန်းသွားကြသည်။ တခဏမျှကြာပြီးနောက် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပြော၏။
” မင်းအခုထက်ထိ မသက်သာသေးဘူးမလား ”

“မွေးစားအဖေ… ဒီလောက် ဒဏ်ရာနည်းနည်းလေးက ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ကောင်းကျိုးနဲ့ ယှဥ်လိုက်ရင် မပြောပလောက်ပါဘူး” သူက ဒဏ်ရာတို့ကို လုံးဝဂရုမစိုက်သည့်အလား နှစ်လိုဖွယ်ပြုံးပြလိုက်သည်။ တချိန်တည်းမှာပင် သူ၏မျက်လုံးတွင်းရှိ ပြတ်သားမှုတို့က ပိုမိုပြင်းထန်လာ၏။
” ဒဏ်ရာမရပဲ ကျင့်ကြံသူတစ်ယောက်က ဘဝကို ဘယ်လိုဖြတ်သန်းမလဲဗျာ ။ အရေးကြီးတာက ဒဏ်ရာရဲ့ တန်ဖိုးပဲ ။ ကျနော့်အတွက်တော့ ဂိုဏ်းနှစ်ခုလုံးကို ကာကွယ်ဖို့ကြိုးစားရင်း ဒဏ်ရာရသွားတာလေ”

သူက ထိုကဲ့သို့စကားလုံးများကို ပြောရင်း ထိုနေရာတွင်ရပ်နေသောကြောင့် အလွန်ရဲရင့်နေသည့်ပုံပေါ်လေသည်။ သူကို မြင်လိုက်ရသည့်မည်သူမဆို အံ့အားသင့်သွားလိမ့်မည်။ သူက အကန့်အသတ်မရှိ ဖြောင့်မတ်တည်ကြည်နေသည့်ဟန်ရှိပြီး သံမဏိကဲ့သို့ မာကြောကာ သေရမည်ကို စိုးစဥ်းမှ မကြောက်သည့် ယောကျာ်းပီသသော လူတစ်ယောက်အသွင်ပေါ်နေလေသည်။

“စစ်မြေပြင်က အန္တရာယ်များတဲ့နေရာပဲ.. ပြီးတော့ အဲဒီနေရာက သုဿန်တစပြင်လိုပဲ ။ မင်းမကြောက်ဘူးလား” ခေါင်းဆောင်ကြီးထျယ်မုက ညင်သာစွာပြောသည်။

ပိုင်ရှောင်ချန်းက အားပါးတရရယ်လိုက်သည်။ သူ၏ရင်ဘတ်အားကာ တအုန်းအုန်းထုရင်း သူကပြော၏။
” ကျနော်က ယောကျ်ားစစ်စစ်ပါဗျ။ စစ်တလင်းမှာ သွေးချောင်းစီးနေမှာ… မှန်တယ်။ ဒါပေမယ့် ကျနော့် မိတ်ဆွေရောင်ရင်းတွေက တိုက်ပွဲတိုက်နေတာကို ကျနော်ကတော့ သက်တောင့်သက်သာနားနေရင်း ဘယ်လိုလုပ် လက်ပိုက်ပြီးကြည့်နေနိုင်မှာလဲ ။ ဒါက ပိုင်ရှောင်ချန်းရဲ့ လုပ်ထုံးလုပ်နည်းမဟုတ်သလို ညမုဆိုးပုံစံလဲ လုံးဝ မဟုတ်ဘူးဗျ”

“ခေါင်းဆောင်ကြီးတို့… ဆက်ဆွေးနွေးနေစရာမလိုတော့ဘူး။ ကျနော်…ကျနော် လုံးဝကို စစ်ထဲဝင်တိုက်ချင်တယ်ဗျာ” ပြတ်သားမှုတို့နှင့်အတူ အသံသြဇာညောင်းလှသော သူ၏စကားလုံးတို့က သံများကိုပင် ပိုင်းဖြတ်ကာ သံချောင်းတွေကို ကွေးညွှတ်သွားစေနိုင်လောက်သည်။

“သိပ်ကောင်းတယ်” စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကပြော၏။
” ဒါမှ ငါ့သားကွ”
သူနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့က အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“မနက်ဖြန်မနက် မင်းဒီတည်နေရာရွှေ့ပြောင်းခြင်းအမိန့်လည်ဆွဲကို..တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို ယူသွား..။ ဒါက မင်းကို ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းနယ်မြေက ငါတို့ခံတပ်ကို ပို့ပေးလိမ့်မယ်” တဟားဟားဖြင့် အားပါးတရရယ်လျက် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ပိုင်ရှောင်ချန်းထံ အမိန့်လည်ဆွဲကို ပျံသွားစေလိုက်သည်။

ပိုင်ရှောင်ချန်းက အမိန့်လည်ဆွဲကို ဆွဲယူလိုက်ပြီး လွတ်လပ်ပေါ့ပါးစွာ ဖျတ်ခနဲ ပြုံးလိုက်သည်။

” ဘာလို့ မနက်ထိစောင့်နေဦးမလဲ..ကျနော့်နှလုံးသားက ရန်သူတွေကို သတ်ချင်လွန်းလို့ လောင်မြိုက်နေပါပြီ။ ဒီလိုမျိုးဆို ကျနော်အိပ်မရဘူးဗျ။ အခုချက်ချင်း တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို သွားမယ်.. ပြီးရင်.. တိုက်ပွဲတစ်ခါတည်းဝင်တိုက်မယ်။ ဂိုဏ်းအတွက် ကျနော့်အသက် ပေးဖို့ အချိန်ကျပြီ”
အင်္ကျီလက်ကို ခါလိုက်ရင်း သူက အလင်းတန်းအသွင်ပြောင်းသွားကာ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ တဟုန်ထိုးဦးတည်သွားလေသည်။ ခဏကြာသော် တည်နေရာရွှေ့ပြောင်းခြင်းအလင်းမှာ ညအမှောင်ကိုခွင်း၍ ကောင်းကင်သို့ထိုးတက်သွားလေသည်။ အလင်းထဲတွင် ဆံပင်တလွင့်လွင့်နှင့် ပြတ်သားမှူများ၊ ဖြောင့်မတ်တည်ကြည်မှုများနှင့်အတူ တချိန်တည်းမှာပင် သွေးချောင်းစီသတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့က သူတစ်ပြန်ကိုယ်တစ်ပြန်ကြည့်ကာ ရယ်မောလိုက်ကြသည်။ တစ်ယောက်အပြုံးတစ်ယောက်ကြည့်ရင်း သူတို့က တစ်ဦးနှင့်တစ်ဦး လေးစားလာကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset