သက်လတ်ပိုင်းလူ၏မျက်နှာသည် ဖြူရောနေ၏။ သူသည် ဝမ်လင်းကို အနားလျှောက်လာရင်း သူ့အမူအရာသည် ခါးသီးဟန် ပေါ်သည်။သူက လက်နှစ်ဖက်ကို ယှက်ကာ ပြော၏။ “မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ ရှန့်ချီက ရောင်းရင်းကျင့်ကြံသူကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းက စကားမဆိုပေ။သူက သူ့ရှေ့ရှိ သက်လတ်ပိုင်းလူကို အေးစက်စက် ကြည့်သည်။ ထိုသူက နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ဖြစ်သည်။ ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားချိန်တွင် နိဗ္ဗနဖြိုခွဲခြင်းအလယ်အဆင့်ကို တိုက်ခိုက်နိုင်လား အမြဲတမ်း သိချင်နေခဲ့၏။
သက်လတ်ပိုင်းလူ၏ အမူအရာမှာ ပိုမို ခါးသီးဟန် ပေါ်၏။ သူက သက်ပြင်းချကာ လက်နှစ်ဖက်ထပ်ဆုပ်၍ ပြောသည်။ “လွန်ခဲ့တဲ့နှစ်ရက်က ဝူချင်းကို မိစ္ဆာစုဆောင်းခြင်းကလန်ကနေ ထုတ်ပယ်ပြီးပါပြီ။ ဒါ့ကြော့င် သူ့စကားနဲ့လုပ်ရပ်တွေဟာ မိစ္ဆာစုဆောင်းခြင်းကလန်နဲ့ ဘာမှ ပတ်သတ်မှု မရှိတော့ပါဘူး။ သူက နတ်ဘုရားကလန်က ရောင်းရင်းလိုလူကို ရန်စဝံ့ခဲ့တယ်။ ဒါ့ကြောင့် သူ သေရတာ သူ့အမှားကြောင့်ပဲ…”
ဝမ်လင်းက စကားမဆိုသေးပေ။ သူ့အကြည့်က အေးစက်နေမြဲ။ သူ ထိုသို့ ပို၍လုပ်နေလေလေ သူ့ပုံရိပ်က နတ်ဘုရားကလန်က တစ်ယောက်ယောက်ဖြင့် ပိုအပ်စပ်သလို ဖြစ်လာလေပင်။ သူက လောကကို မောက်မာစွာ အထက်စီးက ကြည့်သည့် လူစားမျိုးအလား။ အဆင့်ခြောက်ကလန်တစ်ခုလောက်က နတ်ဘုရားကလန်၏မျက်လုံးထဲတွင် အသေးအမွှားသာ။
သက်လတ်ပိုင်းလူက ခါးသီးစွာ ပြုံး၏။ သူက အံတင်းတင်းကြိတ်ကာ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ပြီး သိုလှောင်နေရာလွတ်ကို ဖွင့်ရာ ဆေးပုလင်းများ ပျံသန်းထွက်လာသည်။ စုစုပေါင်း ခုနစ်ပုလင်း ရှိ၏။
“ဒီပုလင်းတွေအားလုံးထဲမှာ အဆင့်ခုနစ်စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏ ဆေးလုံးတွေပါပါတယ်။ စုစုပေါင်း (၄၆)လုံး ရှိတယ်…”
ဝမ်လင်း၏မျက်လုံးက အေးစက်နေဆဲပင်။
ခဏတာ စဉ်းစားပြီးနောက် သက်လတ်ပိုင်းလူက သူ့လက်ကို ဆန့်ထုတ်ကာ နောက်ထပ် ပုလင်းတစ်ခုကို ထုတ်ယူပြန်သည်။
“ဒီပုလင်းထဲမှာ အဆင့်ကိုး စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏဆေးလုံး ကိုးလုံး ပါပါတယ်…”
ဝမ်လင်း၏အသံက တည်ငြိမ်၏။ သို့သော် သူ့ထံကနေ ထည်ဝါမှုအငွေ့အသက် ပေးစွမ်းနေ၏။ သူက ဖြည်းဖြည်းချင်း ပြောသည်။ “ဝူချင်း ငါ့ကို စော်ကားခဲ့တာအတွက် ငါ ဘာမှ ဆက်မလုပ်တော့ဘူး။ဒါပေမဲ့ ဒါဟာ မင်းရဲ့ မိစ္ဆာစုဆောင်းခြင်းကလန်က ငါ့အပေါ် စော်ကားခဲ့တာအတွက် လုံလောင်အောင် စာရင်းရှင်းပြီးပြီလို့ မဆိုလိုဘူး…”
ထည်သို့ ထည်ဝါမှုအငွေ့အသက်မှာ သာမန်ကျင့်ကြံသူများ ပိုင်ဆိုင်နိုင်သည့် အရာ မဟုတ်ပေ။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည်ပင် အစွမ်းထက်ကလန်တစ်ခု၏ ခေါင်းဆောင် မဖြစ်ခဲ့ဖူးပါက ယင်းကဲ့သို့ အရှိန်အဝါမျိုး ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါ။
ဝမ်လင်းက ဟင်္သာငှက်နတ်ကလန်၏ နတ်အင်ပါယာ ဖြစ်ခဲ့ဖူးသူ မဟုတ်လား။ သူက ၎င်းအရှိန်အဝါကို အတင်းအကြပ် ထုတ်ဖော်နေရန် မလိုပေ။
သက်လတ်ပိုင်းလူက မချီပြုံးပြုံး၏။ သူက နောက်ထပ်ဆေးပုလင်းနှစ်ခုကို ထုတ်ယူပြန်၏။ သူက ဝမ်လင်းကို ကြည့်ကာ ခါးသက်သက် ပြောလာသည်။ “အဆင့်ဆယ့်နှစ် ဆေးလုံးဆယ်လုံး။ဒါက ကျနော့် အကန့်အသတ်ပဲ…”
ဝမ်လင်းက တည်ငြိမ်စွာ ပြော၏။ “ဝူချင်းက ရတနာတစ်ခုကို ရဖို့အတွက် ငါ့ကို ကောင်းကင်ဘုံကျောက်စိမ်းပြားထောင်သောင်းချီ ဖြစ်သွားတဲ့အထိ ခက်ခဲအောင် လုပ်ခဲ့တယ်…”
သက်လတ်ပိုင်းလူက စကားမဆိုပေ။ သူက သူ့သိုလှောင်နေရာလွတ်ထဲကနေ သိုလှောင်အိတ်တစ်ခုကိုသာ ထုတ်ယူလိုက်၏။
သိုလှောင်အိတ်ကို ကြည့်ပင်မကြည့်ဘဲ သူက အရာအားလုံးကို ယူကာ ထိုသူ့ကို ခေါင်းညိတ်ပြသည်။ သူက အလင်းတန်းအဖြစ်သို့ ပြောင်းကာ ဖန်းလိုင်ကုန်းမြေ အရှေ့ဘက် မြို့ထဲရှိ တည်းခိုးခန်းတစ်ခုထံသို့ ပျံသန်းထွက်သွားတော့၏။
ဝမ်လင်း ထွက်ခွာသွားသည့်နောက် သက်လတ်ပိုင်းလူ၏ အမူအရာမှာ ရုပ်စိုးသွား၏။ သူ့စိတ်ထဲတွင် ဒေါသမိုးလောက် ထွက်နေမိပေပြီ။
“ဝူချင်း…ဒီလူ့ကို ရန်မစမိဖို့ ငါ မင်းကို ပြောခဲ့တယ်။ဒါပေမဲ့ မင်းနားမထောင်ခဲ့ဘူး။ မင်း သေဖို့ ထိုက်တန်တယ်။ဒါပေမဲ့ မင်းက မိစ္ဆာစုဆောင်းခြင်းကလန်ကိုပါ ဒီကိစ္စထဲ ဆွဲသွင်းခဲ့တယ်။ မထင်မှတ်စွာနဲ့ ဒီလူက နတ်ဘုရားကလန်က လူ ဖြစ်နေတာပဲ…အား…”
ဖန်းလိုင်ကုန်းမြေ၏ အရှေ့ဘက် တောင်ထိပ်ပေါ်တွင် လီချန်မေ ရှိနေ၏။ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းတစ်ခု လှစ်ပေါ်နေ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူမက ခပ်တိုးတိုး ဆိုသည်။ “နတ်ဘုရားကလန်။နတ်ဘုရားကလန်ကလူတွေ အဆင့်ကိုးဒေသကနေ ထွက်ခွာသွားတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ အလွန်နည်းပါးတဲ့ ပင်မတပည့်တွေကသာ စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုနိုင်ကြတာ။ သူတို့ကို နတ်ဘုရားကလန်က ဘယ်လိုလုပ် လွယ်လွယ် ထွက်သွားခွင့် ပေးပါ့မလဲ။သူ့ရဲ့ ပထမဆုံးလက်ဝါးချက်က ထူးဆန်းလွန်းတယ်။ မူလစွမ်းအင်ကို ဒီလိုမျိုး ထိန်းချုပ်နိုင်တဲ့ ကြောက်မက်ဖွယ် မန္တာန်က ဘာများလဲ ငါ မသိဘူး။ ဒါက ကျေးကျွန်လက်ဝါးနဲ့တောင် ခပ်ဆင်ဆင်လို့ ငါ ခံစားမိတယ်…”
ဝမ်လင်းသည် ကောင်းကင်ထက်၌ အလျင်စလို မပျံသန်းပေ။ ပုံမှန်ပျံသန်းရင်း သူ ဖန်းလိုင်ကုန်းမြေ အရှေ့ဘက်သို့ ရောက်လာ၏။ သူက တစ်ဝက်ပျက်စီးနေသည့်မြို့နှင့် ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ကျင့်ကြံသူများကို ချက်ခြင်း မြင်သည်။
ထိုကျင့်ကြံသူများသည် ဝမ်လင်း ရောက်ရှိလာချိန်၌ စိတ်ရှုပ်ထွေးဟန် အမူအရာများ ဖြစ်ကုန်၏။ သူတို့အားလုံး ဘေးတစ်ဖက်သို့ လှမ်းပေးကြ၏။ အားလုံးက ဝမ်လင်းကို ကြောက်ရွှံ့ဟန် အရိပ်အယောင်ဖြင့် ကြည့်နေကြသည်။ ဤနေရာသို့ ရောက်လာကြသည့် ကျင့်ကြံသူများက အားနည်းကြခြင်းမရှိ၊သို့သော် သူတို့တွေ့မြင်ခဲ့ရသည့် အဖြစ်သနစ်ကို သူတို့အား ကြီးစွာ တုန်လှုပ်စေခဲ့၏။
ထိုဧရာမလက်ဝါးကြီးမှာ အလွန်အံ့အားသင့်ဖွယ် ကောင်း၏။ တိမ်ပင်လယ်တွင် လူတိုင်းနီးပါးမှာ နတ်ဘုရားကလန်၏ နံပါတ်တစ်မန္တာန် စစ်စိတ်ဝိညာဉ်လက်ဝါးကို လွယ်ကူစွာ ခွဲခြားနိုင်ကြ၏။
အရင်က ဝမ်လင်းအပေါ် သံသယ ရှိနေသော သူများပါ လက်ဝါး၏ခွန်အားကို တွေ့ရပြီးနောက် ဆက်လက်၍ သံသယများ ရှိမနေတော့ချေ။
အဆင့်ခြောက်ကလန်များမှ ကျင့်ကြံသူများ၏ အကြီးအကဲများကပါ ဝမ်လင်းကို ထွက်၍ နှုတ်ဆက်ကြ၏။ အရှင်ဟွေစုန်က ဝမ်လင်းကို ပြုံး၍ ကြည့်နေ၏။ သူ့အပြုံးက သူ့တုန်လှုပ်မှုကို ဖုံးကွယ်ထားခြင်း မည်၏။ သူက စကားပြောချင်နေဟန် တူ၏။
ဝမ်လင်း၏အသွင်က တည်တည်ငြိမ်ငြိမ်သာ။ သို့သော် သူက စိတ်ထဲကနေ နှခေါင်းရှုံ့၏။ သူက ယဉ်ကျေးမှုအရသာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြန်တုန့်ပြန်ပြီး လူအုပ်ထဲကနေ ဖြတ်လာကာ သူ့တည်းခိုးခန်းသို့ ပြန်ရောက်ရှိလာ၏။ ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ လူလေးစားရာ ဖြစ်၏။ ဝမ်လင်းက နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တစ်ယောက်ကို လွယ်ကူစွာသတ်နိုင်ခြင်း၊စစ်စိတ်ဝိညာဉ်လက်ဝါးချက်ကို အသုံးပြုခြင်းတို့ကို ထုတ်ဖော်ပြခဲ့၏။ ထို့ကြောင့် အဆင့်ငါးဒေသရှိ မည်သူကမျှ သူ့ကို လာရန်စဝံ့တော့မည် မဟုတ်ပေ။
ရတနာကျောက်စိမ်းကလန်သည်ပင် သူတို့ မြို့တစ်ဝက်ကို ဖျက်စီးပစ်ခြင်းနှင့် ပတ်သတ်၍ သူ့အပေါ် လာ၍ အပြစ်တင်ဝံ့ကြတော့မည် မဟုတ်ချေ။
တည်းခိုးခန်းသို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက သူ့အကျိုးအမြတ်များကို ရေတွက်နေ၏။မိစ္ဆာစုဆောင်းခြင်းကလန်၏ သက်လတ်ပိုင်းလူ သူ့အား ပေးခဲ့တာများအပြင် ဝူချင်း၏သိုလှောင်အိတ်ထဲကနေလည်း အမြောက်အများ ရရှိခဲ့သေး၏။
သူ ရရှိခဲ့သည့်အရာများကို ကြည့်ရှုပြီးနောက် ဝမ်လင်းက အနီရောင်ငှက်မွှေးတောင်တစ်ခုကို ထုတ်၏။ သူ့လက်ထဲ၌ ၎င်းငှက်မွှေးတောင်ကို ကိုင်ထားလျက် သူ့ဘယ်မျက်လုံးထဲတွင် မီးတောက်တစ်ခု ပေါ်လာ၏။ ထိုမီးတောင်က တဖြတ်ဖြတ်ခတ်ကာ ငှက်မွှေးတောင်ထဲရှိ မီးမူလစွမ်းအင်များက ဟိန်းသံ ပေးလာသည်ဟု ထင်မှတ်ရ၏။
“ငါသာ ငါ့တတိယမြောက်ဟင်္သာငှက်နိုးထခြင်းကို လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီထက် ပိုသန်မာလာမှာ။ ကံမကောင်းစွာနဲ့ ဒီငှက်မွှေးတောင်က မလုံလောက်ဘူး ဖြစ်နေတာ…”
သူ့လက်ထဲရှိ ငှက်မွှေးက ဟင်္သာငှက်အသွင် မီးတောက်တစ်ခု အဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွား၏။ ၎င်းက သူ့လက်ထဲကနေ ပျံသန်းထွက်ကာ ကျေနပ်ဝမ်းသာနေသကဲ့သို့ ဝမ်လင်းကို လှည့်ပတ်၏။ နောက်ဆုံးတွင် ၎င်းက ဝမ်လင်း၏ဘယ်မျက်လုံးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ဟင်္သာငှက် သူ့ဘယ်မျက်လုံးထဲသို့ ဝင်သွားချိန်၌ ဝမ်လင်း၏ ပတ်လည်တွင် မီးတောက်ပင်လယ်တစ်ခု ပေါ်လာ၏။ သို့ရာတွင် ထိုမီးတောက်များက တည်းခိုးခန်းထဲရှိ မည်သည့်အရာကိုမျှ ဖျက်စီးပစ်ခြင်းမရှိဘဲ ထိုအစား လေဟာနယ်ကိုသာ လောင်ကျွမ်းစေ၏။
အချိန်အတန်ကြာပြီးနောက် ထိုမီးတောက်များကို ဝမ်လင်းက စုပ်ယူပြီးသွား၏။ သူက အသက်ဝဝရှုသွင်းက စတင် စဉ်းစားသည်။
“ဝူချင်ကို သတ်ပြီး နတ်ဘုရားကလန်ရဲ့ နာမည်ကို အသုံးပြုပြီးတဲ့နောက် ဖန်းလိုင်ကုန်းမြေမှာ ငါ့ကို တစ်ခုခု ကြံစည်ရဲတဲ့လူ ရှိလောက်မှာ မဟုတ်တော့ဘူး…”
ဝမ်လင်း၏ မျက်ဝန်းတို့က တောက်ပသွား၏။
“ဒီတော့ အခု စရိပ်သိမ်းဖို့ အချိန်ကြပြီ…”
နောက်ရက်များတွင် အဆင့်ခြောက်ကလန်များအားလုံး၊ အရှင်ဟွေစုန်၏ လေလံပွဲငယ်တို့ လာခဲ့သည့် မွန်းစတားအိုကြီးများသည်လည်း ဝမ်လင်းထံ လာရောက်လည်ပတ်ကြ၏။ ဝမ်လင်းကလည်း ထိုသူအားလုံးကို တည်တည်ငြိမ်ငြိမ် လက်ခံတွေ့ဆုံသည်။ လာလည်ပတ်သည့် မည်သူမဆို လက်ဗလာမဟုတ်ကြပေ။ သူတို့အားလုံးက ဝမ်လင်းကို လေးစားသမှု ပြကြ၏။
သူတို့သည် ဝမ်လင်း၏နောက်ခံပုံရိပ်အပေါ် သံသယ ရှိနေဆဲ ဖြစ်သော်လည်း သက်သေပြဖို့ရာ မဖြစ်နိုင်တော့ချေ။ နတ်ဘုရားကလန်၏ လူများကသာ ဝမ်လင်းဟာ ထိုကလန်က ဟုတ်လား၊မဟုတ်လားကို သိပေတော့မည်။
ယနေ့တွင် သူက တာအိုမန္တာန်ကလန်မှ ကျင့်ကြံသူများကို ပြန်ပို့ပြီးနောက် ဟင်္သာငှက်မွှေးတောင်ပိုင်ဆိုင်ခဲ့သည့် အဘိုးအိုက သူ့ထံ လာလည်၏။
ထိုအဘိုးအိုက ဖြစ်ပျက်ခဲ့သမျှကို ဘာမှ ပြန်မပြောဘဲ တည်ငြိမ်ဟန် ပေါ်၏။ သို့သော် သူ့စိတ်နှလုံးထဲတွင်မူ ဝမ်လင်းကို လန့်နေမိပြီ ဖြစ်၏။ တကယ်တော့ ဝမ်လင်းက ဝူချင်းကို လွယ်ကူစွာ သတ်ပစ်ခဲ့သည် မဟုတ်လား။ သူလည်း ဝူချင်းကဲ့သို့ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်သာ ဖြစ်သည့်အတွက် သူအလွန်အမင်း သတိထားနေသည်မှာ သဘာဝကျပေ၏။
ဖော်ဖော်ရွှေရွှေနှုတ်ဆက်ပြီးနောက် ထိုအဘိုးအိုက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြော၏။ “ရောင်းရင်းကျင့်ကြံသူလု…အခုထိ ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူး။ ငါ့နာမည်က ဒူဒီပါ။ ငါ့မှာ ကလန်မရှိဘူး။ ငါက အဆင့်ခြောက်ဒေသရဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ရောင်းရင်းကျင့်ကြံသူလုနဲ့ ဒီဖန်းလိုင်ကုန်းမြေမှာ တွေ့ဆုံရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ…”
ဝမ်လင်းက ပြုံး၍ ဖြည်းဖြည်းချင်း ပြော၏။ “ရောင်းရင်းကျင့်ကြံသူဒူက ကလန်အနှောင်အဖွဲ့ မရှိတော့ တိမ်တွေလိုပဲ လွတ်လပ်တယ်။ ငါပါ မနာလို ဖြစ်မိရတယ်…”
ထိုဝတ်စုံနက်အဘိုးအိုက မချင့်ပြုံးပြုံးကာ ခေါင်းယမ်း၏။ “ဒီအဘိုးအိုက ငြိမ်းချမ်းတိတ်ဆိတ်တာကိုသာ ကြိုက်တာ၊ ဒါ့ကြောင့် ဘယ်ကလန်မှ မဝင်ခဲ့တာပဲ။ ငါ ဖန်းလိုင်ဂြိုဟ်ကိုလာခဲ့တာ ငါ့မိတ်ဆွေဟောင်းတစ်ယောက် ဖိတ်ခေါ်ခဲ့တာကြောင့်ပဲ။ နောက်လာမယ့် နှစ်ရက် လေလံပွဲကြီး ပြီးရင်တော့ ငါ ထွက်သွားတော့မှာ။ ရောင်းရင်းကျင့်ကြံသူသာ အနာဂတ်မှာ အဆင့်ခြောက်ဒေသကို လာဖြစ်ခဲ့ရင် သင် ငါ့လှိုဏ်ဂူထိ လာလည်ပါဦး…”
ဝမ်လင်းက ခေါင်းညိတ်ပြ၏။ သူက ထိုဝတ်စုံနက်နှင့်အဘိုးအိုကို ကြည့်ကာ ခဏ စဉ်းစားကြည့်၏။
ထိုဝတ်စုံနက်အဘိုးအို၏ ကျင့်ကြံမှုက အခုလိုအဆင့်ထိ ရောက်နှင့်နေပြီး ဖြစ်သည့်အတွက်ကြောင့် သူသည် အကင်းပါးနေခဲ့ပေပြီ။ “ရောင်းရင်းကျင့်ကြံသူလု…တစ်ခုခု ပြောချင်ရင်ပြောပါ။ ပြောရုံလောက်နဲ့ ဘာမှ ဖြစ်မသွားပါဘူး…”
ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “ရောင်းရင်းကျင့်ကြံသူဒူ ဟင်္သာငှက်အမွှေးတောင်ကို ဘယ်နေရာကနေ ရလာခဲ့လဲ ငါ သိချင်မိတယ်…”
“ဒါက…” ၎င်းအဘိုးအိုသည် အနည်းငယ် စဉ်းစားပြီးနောက် ပြော၏။ “ငါ ဒါကို အဆင့်ခြောက်ဒေသရဲ့ အရိုင်းကုန်းမြေတစ်ခုကနေ ရခဲ့တာ။ အပြင်လူတွေကတော့ ဒီအကြော်းကို မသိကြဘူး။ငါလည်း မတော်တဆ ဒီအမွှေးတောင်ကို ရှာတွေ့ခဲ့တာပါ။ အဲ့ကုန်းမြေမှ ရှိတဲ့ သားရဲအားလုံးက မီးစွမ်းအင်မှာ တော်ကြပြီး အဲ့နေရာဟာ အန္တရာယ်များလှတယ်။ဒါ့ကြောင့် ငါတောင် သိပ်ဝေးဝေး မသွားနိုင်ခဲ့ဘူး…”
ထိုသို့ ပြောပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူ့နတ်ဘုရားအာရုံကို ၎င်းကျောက်စိမ်းပြားထဲသို့ ထည့်သွင်းပြီး ဝမ်လင်းထံ ကမ်းပေးသည်။
“ရောင်းရင်းကျင့်ကြံသူလု စိတ်ဝင်စားရင် အဲ့နေရာကို သွားစစ်ဆေးကြည့်လိုက်၊ ဒါပေမဲ့ အတွင်းနက်ပိုင်းတော့ မသွားလေနဲ့အုံး၊ ငါ ရှာဖွေတွေ့ရှိချက်အရဆိုရင် အဲ့နေရာမှာ အဆင့် ဆယ့်တစ်သားရဲကောင် တစ်ကောင် ရှိနေတယ်…”
ဝမ်လင်းက ကျောက်စိမ်းပြားကို ယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်၏။ထို့နောက် သူက ဝတ်စုံနက်အဘိုးအိုထံ လက်သီးနှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်ကြောင်း ပြသည်။ သူတို့က အနည်းငယ် စကားဆက်ပြောပြီးနောက် ထိုဝတ်စုံနက်အဘိုးအိုသည် ထွက်ခွာသွားတော့သည်။
လွန်ခဲ့သောနှစ်ရက်ကတည်းက ဝမ်လင်းသည် သူ ကြယ်မြေပုံများကို ဝယ်ယူဖို့ ရှာဖွေနေသည့် သတင်းကို ဖြန့်ခဲ့၏။ သိပ်မကြာခင်တွင်ပင် လူများသည် ကြယ်မြေပုံများကို စတင်ဝယ်ယူကြ၏။ ဤနှစ်ရက်အတွင်း သည်မြို့ထဲရှိ ကြယ်မြေပုံများအားလုံးမှာ ဝယ်ပြီးသွားပေ၏။
မြေပုံများကို သေသေချာချာ စမ်းစစ်ကြည့်ပြီးနောက် ကြယ်မြေပုံများသည် တဖြည်းဖြည်းဖြင့် အရှင်ဟွေစုန်၏လက်ထဲတွင် အဆုံးသပ်ခဲ့သည်။ ထိုကြယ်မြေပုံများကို ကိုင်ထားလျက် အရှင်ဟွေစုန်က ဝမ်လင်း ရှိနေသော တည်းခိုးခန်းသို့ သွားလေ၏။ ဝမ်လင်းထံ ရောက်လာပြီးနောက် သူက ကြယ်မြေပုံများအပြည့် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူသည်။
“ရောင်းရင်းကျင့်ကြံသူလုက ကြယ်မြေပုံတွေကို စိတ်ဝင်တစားရှိနေတယ်လို့ ငါ ကြား သိခဲ့ရတယ်။ဒါ့ကြောင့် ငါ အချို့မြေပုံတွေ စုဆောင်းခိုင်းခဲ့တယ်။ဒါပေမဲ့လည်း အချက်အလက်အမှားတွေ များနေဆဲပဲ။ ဒါ့ကြောင့် ဒီမြေပုံတွေ ဘယ်လောက်တိကျလဲတော့ ငါ မသိဘူး။ ရောင်းရင်းကျင့်ကြံသူလုက ဒီမြေပုံတွေကို သေချာ စမ်းစစ်ကြည့်ဖို့ လိုမယ်…”
သိုလှောင်အိတ်ကို ယူပြီးနောက် ဝမ်လင်းက ပြုံး၍ လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ “ကျေးဇူးပါ…ရောင်းရင်းကျင့်ကြံသူဟွေစုန်…။ သင် လုပ်ပေးခဲ့တာကြောင့် ငါ့အတွက် အတော်လေး ဒုက္ခသက်သာသွားခဲ့ပြီ…”
စကားအနည်းငယ် ပြောပြီးနောက် အရှင်ဟွေစုန်က ဝမ်လင်းကို ကြည့်သည်။ ရုတ်တရက် သူက မေးလာ၏။ “ရောင်းရင်းကျင့်ကြံသူလု မနက်ဖြန်ကျင်းပမဲ့ လေလံပွဲကို အရေးတကြီး တက်ရောက်စရာ ရှိလား ငါ သိချင်မိတယ်…”
ဝမ်လင်းက အရှင်ဟွေစုန်ကို ကြည့်ကာ ခေါင်းယမ်း၍ ပြော၏။ “ရောင်းရင်းကျင့်ကြံသူ ဟွေစုန်…သင် ပြောချင်တဲ့ဟာ ပြောပါ…”
အရှင်ဟွေစုန်က အနည်းငယ် စဉ်းစားကာ ပြောသည်။ “ငါ လျှို့ဝှက်နေရာတစ်ခု သိထားတယ်။ အဲ့နေရာမှ သင် စိတ်ဝင်စားစေလောက်မယ့် အရာတွေ ရှိနိုင်တယ်…”
ထိုသို့ ပြောရင်း သူက ဝမ်လင်းကို ကြည့်သည်။ ဝမ်လင်း၏အမူအရာက ဘာမှ မပြောင်းလဲသွားသည်ကို တွေ့ရပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ဝမ်လင်းထံ ကမ်းပေးသည်။
ဝမ်လင်းက လက်ခံ၏။ သူက ၎င်းကျောက်စိမ်းပြားကို စစ်၍ပင် မကြည့်ဘဲ အရှင်ဟွေစုန်ကိုသာ အပြုံးမမည်သော အပြုံးဖြင့် ကြည့်သည်။
အရှင်ဟွေစုန်က ခြောက်ကပ်ကပ် ရယ်ကာ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူက မူလသလင်းကျောက်အများအပြား ရောင်းဝယ်လိုတာ ငါ တွေ့ရတယ်။ သင်သာ ငါ့ကို အဲ့နေရာကို ဝင်ရောက်ဖို့အတွက် ကူညီပေးခဲ့မယ်ဆိုရင် ငါ သင့်ကို မူလသလင်းကျောက်တစ်သောင်း လက်ဆောင်အဖြစ် ပေးမယ်…”
ဝမ်လင်းသည် ကျောက်စိမ်းပြားကို သူ့နတ်ဘုရားအာရုံဖြင့် တည်တည်ငြိမ်ငြိမ် စစ်ဆေးပြီး မျက်လုံးမှိတ်သည်။ အခန်းမှာ ငြိမ်သက်တိတ်ဆိတ်သွား၏။အရှင်ဟွေစုန်က လောမနေပေ။ သူက ဝမ်လင်း၏ အဖြေကို စောင့်နေသည်။
ခဏအကြာတွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူက တည်ငြိမ်စွာဖြင့် ပြောသည်။ “ငါ မူလသလင်းကျောက် နှစသောင်းလိုချင်တယ်…”
အရှင်ဟွေစုန်က ခဏတာ ချီတုံချတုံ ဖြစ်သွား၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြုံးသည်။ “ကောင်းတယ်။ နတ်ဘုရားကလန်ရဲ့ လူတစ်ယောက်ရဲ့ အကူအညီကို ရဖို့ မူလသလင်းနှစ်သောင်း ပေးရတာ တန်ဖိုးရှိတယ်။ မနက်ဖြန်လေလံပွဲပြီးရင် ငါ သင့်ကို မူလသလင်းကျောက် ပေးမယ်။ပြီးရင် ငါတို့ သွားကြမယ်…”
အရှင်ဟွေစုန်က လက်သီးစုပ် နှုတ်ဆက်ပြီး ပြန်ထွက်သွး၏။ သူ ဝမ်လင်း၏ အခန်းထဲကနေ ပြန်ထွက်သွားပြီးနောက် သူ့မျက်နှာထက်ရှိ အပြုံးမှာ ပျောက်ကွယ်သွားသည်။သူက စိတ်ထဲကနေ အေးစက်စက်နှာခေါင်းရှုံ့၏။
“နတ်ဘုရားကလန်က လူတွေဟာ ဘယ်လိုလုပ် မူလသလင်းကျောက်တွေ ကင်းမဲ့ပါ့မလဲ။ ဒီလူရဲ့ နောက်ခံက အတော်လေး သံသယဝင်စရာ ကောင်းတယ်။သူ အဆင်ပြေပြေ ပြုမူနေရင် သူ့နောက်ခံက မှန်မှန်၊မှားမှား အရေး မကြီးဘူး။ ငါ အဲ့နေရာကို ဝင်နိုင်တာနဲ့ ငါ့ကျင့်ကြံမှုအဆင့်ဟာလည်း ခုန်ပေါက်တက်သွားမှာ။ အဲ့ကျရင်တော့…”
အရှင်ဟွေစုန်သည် အသက်ခပ်ပြင်းပြင်း ရှုသွင်းကာ သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။ သူသည် နှစ်ပေါင်းတစ်ထောင်နီးပါး ထိုအတွက် ပြင်ဆင်နေခဲ့ပေသည်။
***
good