ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်တလက်လက်တောက်ပလာပြီး အင်မော်တယ်ဂူ၏ အမှောင်ထုထဲတွင် မှိတ်တုတ်မှိတ်တုတ်လက်နေသည့် လျှပ်စီးကဲ့သို့ လင်းလက်နေတော့သည်။
သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်သည့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ စီးဝင်နေပြီး သူ၏အပေါ်ယံရှိ ကောင်းကင်တွင်သာမက သူ၏ချီလမ်းကြောင်းများထဲတွင် အခိုးအငွေ့များ ထွက်နေတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည့် စွမ်းအင်မှာ သူ၏ စိတ်စွမ်းအင်ပင်လယ်များနှင့် မပူးပေါင်းမီ တစ်ပတ်ပြည့်အောင်အရင်လည်ပတ်သွားပြီးနောက် ဆဌမမြောက် စိတ်စွမ်းအင်ပင်လယ် ပုံဆောင်ခဲထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ ထိုပေါင်းစည်းခြင်းမှာ ကြီးမားလှသော စွမ်းအားနှင့် အလေးချိန်တို့၏ ပူးပေါင်းခြင်းနှင့်ပင် ဆင်တူပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မြင့်တက်လာတော့သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် သူသာကြားနိုင်သည့် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာပြီး စိတ်နှလုံးပင် တုန်ခါသွားတော့သည်။ ထိုခံစားချက်မှာ မြေခဓားကမ္ဘာထဲတွင် သူကြုံတွေ့ခဲ့ရဖူးသည့် ရေစီးကြောင်းများနှင့်ပင် တူသည်။ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ယခင်ကာလများကထက် များစွာသာလွန်လှသည့် ပြင်းထန်လှသော စွမ်းအားများကိုခံစားကာ ပျော်ရွှင်မြူးထူးနေတော့သည်။
” နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့် ”
ပိုင်ရှောင်ချန်းက ခေါင်းမော့ကာ စိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့် ရယ်မောနေတော့သည်။ ဤအချိန်တွင် သူက အခြေခိုင်မာခြင်းအဆင့်တွင် ကြိုးစားခဲ့သမျှအရာအားလုံး၏အကျိုးကို ပြန်ခံစားနေရပြီဖြစ်သည်။
” အခုကစပြီး ပိုင်ရှောင်ချန်းဆိုတဲ့ ငါက အစောပိုင်းအခြေခိုင်မာခြင်းအဆင့်ထဲက ကျင့်ကြံသူတိုင်းကို အေးဆေး အနိုင်ယူနိုင်ပြီကွ။ အဲ့အဆင့်ထဲက တစ်ကောင်ကောင်သာ ငါ့ကိုရန်လာစလို့ကတော့ ငါလက်ဝါးတစ်ချက်ရိုက်လိုက်ရုံနဲ့ အဲ့ကောင်နာလွန်းလို့ အော်ငိုသွားစေရမယ်။”
သူက စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်သောအခါ အက်ကွဲသံများနှင့်အတူ သူ၏နောက်တွင် တတိယမြောက် ကောင်းကင်နတ်ဆိုးတစ်ကောင် ပေါ်လာတော့သည်။
အပြင်ဘက်ရှိ ကောင်းကင်ယံတွင် တိမ်တိုက်များမှာ လျင်မြန်စွာ ဝဲဂယက်ထနေကြပြီး မိုးကြိုးများလည်း ပစ်ခတ်နေတော့သည်။ အထက်ရှိ ဝဲဂယက်ကြီးထဲတွင် ကောင်းကင်နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာပြီးနောက် ဒုတိယတစ်ကောင်နှင့် တတိယတစ်ကောင်ပါ ဆက်တိုက်ပေါ်လာတော့သည်။
ဧရာမ ကောင်းကင်နတ်ဆိုးသုံးကောင်ကို လူတိုင်းမြင်နေရသဖြင့် ချက်ချင်းပင် ထိုနေရာတစ်ဝိုက်တွင် အစောင့်အဖြစ်တာဝန်ကျနေသည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက အလန့်တကြား အော်ဟစ်ကုန်ကြတော့သည်။
” ဘာကြီးလဲ။”
” ဓမ္မရုပ်တုတွေနဲ့တူ…..တူလိုက်တာ။”
” ဘုရားရေ။ ဂိုဏ်းတူဦးလေးပိုင်က ဘာအတတ်တွေကို ကျင့်ကြံနေတာတုံးဟ။”
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း ထိုသို့အလားတူ အော်ဟစ်နေကြသည်။ နွံအိုင်တောင်ကကျင့်ကြံသည့် သိုင်းကွက်များဖြစ်သဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ သူတို့မြင်နေရသည်ကို အနည်းငယ် သိရှိသဘောပေါက်ကြလေသည်။
” အဲ့တာ နွံအိုင်တောင်ထိပ်ရဲ့ အပြင်အားသိုင်းကျင့်စဥ်ပဲ။ နာမည်က ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်တဲ့။”
” ညမုဆိုးက သွေးကိုယ်တော် ဆိုတဲ့ ဘွဲ့ထူးနဲ့ ထိုက်တန်ပါပေတယ်။ အခုသူက ဒီအဆင့်ထိရောက်နေပြီဆိုတော့ သွေးနတ်ဆိုး အဆင့်ကို သေချာပေါက်ရောက်မှာပဲ။”
အခြား တောင်ထိပ်နှစ်ခုပေါ်တွင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်ဝန်းများမှာ တောက်ပနေပြီး ခေါင်းဆောင်ကြီးထျယ်မု၏မျက်ဝန်းများကမူ ထူးဆန်းသည့်အလင်းရောင်များဖြင့် တလက်လက်ထနေသည်။ သူတို့နှစ်ဦးစလုံးမှာ တိမ်တိုက်ထဲရှိ ကောင်းကင်နတ်ဆိုးပုံရိပ်များကြောင့် အံ့အားသင့်နေကြသည်။
အနည်းငယ်ကြာသောအခါ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ဆိုလိုက်လေသည်။
” ငါ့ကောင်လေး ညမုဆိုးရဲ့ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်က နွံအိုင်တောင်ထိပ်ကဟာနဲ့ တော်တော်ကို ကွာခြားနေပြီပဲ…”
ခေါင်းဆောင်ကြီးထျယ်မု၏ မျက်နှာပေါ်မှာ အတွေးများထဲတွင် နစ်မျောနေသည့် အမူအရာတစ်ခုပေါ်လာသည်။ သူတို့နှစ်ဦးမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မည်သည်မှဆက်မပြောတော့ချေ။
သူ၏ အပြင်အားမြင့်တက်လာသည်နှင့်အမျှ အင်မော်တယ်ဂူထဲတွင် ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားစွာရယ်မောသံကြီးက ပို၍ ကျယ်လောင်လာတော့သည်။ သူက ကောင်းချီးပေးခံနေရသည်ဟုပင် ခံစားနေရတော့သည်။
” ဘာလို့ ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ။ မွေးစားအဖေနဲ့ ခေါင်းဆောင်ကြီးထျယ်မုပေးတဲ့ ဆေးလုံးတွေက ဒီအဆင့်ထိရောက်ရလောက်အောင် မစွမ်းပါဘူး။ မဟုတ်မှလွဲရော….”
” ငါ့ရဲ့ ဒဏ်ရာတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်အစွမ်းတွေများ နိုးထလာတာများလား။ ဟားဟားဟား။ အဲ့လိုပဲဖြစ်မယ်။”
ပိုင်ရှောင်ချန်းမှာ ပျော်ရွှင်လွန်း၍ ထခုန်လိုစိတ်များပင် ပေါက်လာတော့သည်။ သူ၏ လက်ရှိအခြေအနေတွင် လွန်စွာစွမ်းအားကြီးမားနေပြီဟု ခံစားနေရတော့သည်။
” ခဏနေပါဦး။ ငါ ကိုယ့်ကိုယ်ကို အရမ်းကြီး အထင်ကြီးနေလို့ မဖြစ်ဘူး။ ဆက်ကြိုးစားရမယ်။ အခု နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်သွားပြီဆိုတော့ စိတ်စွမ်းအင်ပင်လယ် အမှတ်ခုနစ်ကနေ ကိုးအထိကို အရင်ဆုံး ပုံဆောင်ခဲသဏ္ဍာန်ဖြစ်အောင် ပြောင်းရမယ်။ အဲ့တာမှ ရွှေအမြုတေအဆင့်ကို ဖောက်ထွက်နိုင်မှာကွ။” သူက ရွှေအမြုတေအကြောင်းစဥ်းစားမိလိုက်သောအခါ အသက်ရှူသံများပင် မြန်လာပြီး မျက်ဝန်းများမှာ တောက်ပလာတော့သည်။
” ရွှေအမြုတေအဆင့်ကိုရောက်ရင် အသက်နှစ်ပေါင်းငါးရာ ပိုရှည်နိုင်တယ်ဆိုပဲ။ နှစ်ငါးရာတဲ့ဟေ့။ ငါသာ အောင်မြင်လို့ကတော့ အနည်းဆုံး နှစ်တစ်ထောင်လောက်ထိ အသက်ရှည်အောင် နေနိုင်ပြီ။ ” သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်ဝန်းများမှာ ရူးသွပ်တော့မည့်အလား တောက်ပနေတော့သည်။ နှစ်ပေါင်းတစ်ထောင်ခန့်အထိ အသက်ရှည်နိုင်မည်ဟူသော အတွေးကြောင့် သူက စိတ်လှုပ်ရှားလွန်းသွားသဖြင့် သူ့ကိုယ်သူပင် မထိန်းနိုင်တော့ချေ။
” ပြီးတော့ ထာဝရအပိုင်းရဲ့ ဒုတိယအတွဲလည်း ရှိသေးတယ်။ ရှေးဟောင်းဆင်တွေနဲ့ဝိညာဥ်ရိုင်းတွေ ပါတဲ့အဆင့်ကို ငါအောင်မြင်သွားပြီ။ နောက်တစ်ဆင့်က ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ပဲ။ ငါ့မှာ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်အရေအတွက် လုံလုံလောက်လောက် ရှိတာနဲ့ အဇူရာခန္ဓာကိုယ်အဆင့်ကို ငါတက်လို့ရပြီ။ အဇူရာခန္ဓာကိုယ်အဆင့်ပြီးသွားရင် ထာဝရအပိုင်းက ဒုတိယအတွဲရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ထာဝရကောင်းကင်ဘုရင်ခန္ဓာကိုယ်အဆင့် ကိုရောက်သွားပြီပဲ။” သူက ရင်ဘတ်ကိုပုတ်ကာ ကျယ်လောင်စွာရယ်မောလိုက်ပြီး သူမည်မျှစွမ်းအားကြီးကြောင်းကို စမ်းသပ်ရန်အလို့ငှာ အင်မော်တယ်ဂူအပြင်သို့ ထွက်ရန် ပြင်လိုက်လေသည်။
သို့သော်လည်း တံခါးဖက်သို့ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသေးပါသော်လည်း သူ၏ မျက်နှာမှာ ချက်ချင်းပျက်သွားတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေ၏အဆင့်ကြောင့် အလင်းတန်းနှစ်ခုမှာ သူ့ဆီသို့ ဦးတည်ကာပျံသန်းလာနေကြောင်းကို သူက ရှင်းလင်းစွာ အာရုံခံမိလိုက်လေသည်။ ထိုသူနှစ်ယောက်မှာ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့ပင် ဖြစ်သည် ။
သူတို့မှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံဖောက်ထွက်မှုကို အာရုံခံမိလိုက်သဖြင့် သူ၏ တံခါးပိတ်ကျင့်စဥ်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရှိသွားကြခြင်းဖြစ်သည်။
ထိုအမျိုးသမီးနှစ်ယောက် အတူတူပေါ်လာတိုင်း ဖြစ်ပေါ်တတ်သည့် ကြောက်မက်ဖွယ်အရာများကို သူကတွေးမိလိုက်သောအခါ သူ၏မျက်နှာမှာ ဖြူဆုတ်သွားပြီး သူ၏နှလုံးသားမှာ တုန်ရီလာတော့သည်။ ရုတ်တရက် သူ၏ ရင်ဘတ်ကို သူက ရိုက်လိုက်သဖြင့် မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖတ်ဖြူရော် ဖြစ်သွားတော့သည်။ သူက ဒယီးဒယိုင်ဖြင့် အားနည်းနေသည့်အလား ဟန်ဆောင်ကာ အင်မော်တယ်ဂူထဲမှ ဖြေးညင်းစွာ ထွက်လာတော့သည်။ ထိုအချိန်တွင် စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့မှာရောက်လာပြီး အရွဲ့တိုက်စကားများပြောရန် ကြံလိုက်ပါသော်လည်း သူ၏ အားနည်းနေသည့် အသွင်အပြင်ကိုမြင်လိုက်ရသောအခါ သူတို့မှာ မျက်နှာများပျက်သွားတော့သည်။ သူတို့၏ ပြဿနာရှာလိုစိတ်များကို ဘေးချိတ်ကာ သူ့ဆီသို့ ပျံဝဲသွားကြတော့သည်။
” ဘာဖြစ်လို့လဲဟင် ကိုကြီးရှောင်ချန်း။”
” ညမုဆိုးရေ။ ဘာဖြစ်တာလဲဟင်။ စောစောကပဲ အဆင်ပြေနေတာ မဟုတ်ဘူးလား။” ထိုအမျိုးသမီးနှစ်ယောက်မှာ စိတ်ပူနေကြပြီး ပိုင်ရှောင်ချန်းကို တွဲချီကာ သူ၏ အင်မော်တယ်ဂူထဲသို့ ပြန်ခေါ်သွားပြီး ကျောက်သားအိပ်ယာပေါ်တွင် လဲလျောင်းစေလိုက်တော့သည်။
ထို့နောက်သူ့ကို ချိုသာသောစကားများနှင့် နှစ်သိမ့်ပေးနေကြသဖြင့် ပိုင်ရှောင်ချန်းမှာ အတိတ်က ကြည်နူးဖွယ်ရာများကို ပြန်တွေးမိသွားတော့သည်။ ယခုသူတို့နှစ်ယောက်မှာ ရန်မဖြစ်၊ မငြင်းခုံနေကြသဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာ ရသွားတော့သည်။
သူက ချောင်းပင်အနည်းငယ်ဆိုးပြလိုက်ပြီး အင်အားချည့်နဲ့စွာ ဆိုလိုက်လေသည်။
” ကြည့်ရတာ ငါ့ရဲ့ ချီစီးဆင်းမှုအဆုံးမှာ အနှောင့်အယှက်ဖြစ်သွားတဲ့ပုံပဲ။ နည်းနည်းလေး အနားယူလိုက်ရင် ကောင်းသွားမှာပါ။”
ထိုအမျိုးသမီးနှစ်ယောက်က သူ့ကို ကြည့်ရှူစောင့်ရှောက်နေစဥ် သူက နောက်သို့လဲလျောင်းကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။
ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့မှာ ပိုင်ရှောင်ချန်းက အေးဆေးတည်ငြိမ်မှုကို လိုအပ်ကြောင်း သိလိုက်သဖြင့် တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။ သူတို့ ထွက်ခွာသွားသောအခါ ပိုင်ရှောင်ချန်းမှာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ ဖောက်ထွက်မှုကြောင့် ရရှိခဲ့သည့် ပျော်ရွှင်ဖွယ်ခံစားချက်အများစုပင် သူ့တွင် မကျန်တော့ချေ။ ယခုတွင် သူ့မှာ စိုးရိမ်စိတ်များဖြင့် တစ်ဆစ်ဆစ်နာကျင်နေပြီဖြစ်သည်။
” အခု ဘာဆက်လုပ်ရပါ့ကွာ။”
သူက ဤသို့သော စိတ်ပျက်ဖွယ်အခြေအနေကြီးကြောင့် ဆူပုတ်နေတော့သည်။ အနည်းငယ် တွေးတောလိုက်ပြီးနောက် ဤသို့ နေမကောင်းချင်ယောင်ဆောင်နေခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း သူက ဆုံးဖြတ်လိုက်တော့သည်။
အချိန်များမှာ ကုန်ဆုံးသွားသည်။ မကြာမီ လတစ်ဝက်တိတိ ကုန်သွားတော့သည်။ သူက အမြဲတမ်း အားအင်ချိနဲ့နေသည့်အလား ဟန်ဆောင်၍ မရတော့သဖြင့် တဖြည်းဖြည်း နေကောင်းလာသည့်အလား ဟန်ဆောင်နေရတော့သည်။ အချိန်များကုန်လွန်သွားသည့်အခါ သူဟန်ဆောင်နေသည်ကို စုန့်ကျင်းဝမ်က ရိပ်မိလာတော့သည်။ ဟိုရှောင်မေ့ကလည်း ခပ်အေးအေး ကောင်မလေးတစ်ယောက်ဖြစ်ပါသော်လည်း တုံးအအတော့မဟုတ်ချေ။ သူမပင် သံသယများ စဝင်လာတော့သည်။
ပိုင်ရှောင်ချန်းက ထိုအခြေအနေကို သိသွားသောအခါ ကြောက်လန့်လွန်းလှသဖြင့် တုန်ရီလာတော့သည်။ ဤသို့သော ဘဝမျိုးမှာ နှိပ်စက်မှုကြီးတစ်ခုဖြစ်သဖြင့် ယခုတွင် သူက စစ်ပွဲတွင် သွားရောက်ကူညီရန်ပင် တွေးနေတော့သည်။ သို့သော်လည်း စစ်မြေပြင်၏ အသက်အန္တရာယ်ရှိစေနိုင်သော ဘေးရန်များကြောင့် သူက တွေဝေနေတော့သည်။
” ဟာ… ထားတော့။ နည်းနည်းလေးဆက်ပြီး တောင့်ခံလိုက်ဦးမယ်။ နောက်ထပ်နည်းလမ်းတစ်ခု ငါတွေးရင်တွေးမိမှာပါ။” သူ၏ ဆံပင်များကို အားမလိုအားမရ ဆုပ်ကိုင်ကာ အဖြေဆက်ရှာနေတော့သည်။ အဆုံးတွင် သူ၏ အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားပြီးနောက် စိတ်ဓာတ်ကျသည့်ပုံစံပြောင်းသွားတော့သည်။
ထိုပုံစံဖြင့် သူက အင်မော်တယ်ဂူအပြင်သို့ စိတ်ပျက်လက်ပျက်ထွက်သွားသည့်အခါ စုန့်ကျင်းဝမ်နှင့် ဟိုရှောင်မေ့တို့ ရောက်ရှိလာတော့သည်။
နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် ဟိုရှောင်မေ့က ညင်သာစွာမေးလိုက်လေသည်။
” ကိုကြီးရှောင်ချန်းရေ။ အင်မော်တယ်ဂူထဲမှာ တစ်နေကုန်အောင်းနေတာ မကောင်းဘူးနော်။ လာပါ။ တူတူလမ်းထွက်လျှောက်ရအောင်။”
” အမ်…..” သူက ချီတုံချတုံဖြင့် ပြန်ဖြေလိုက်သည်။
စုန့်ကျင်းဝမ်က ပဟေဠိဆန်ဆန် ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်း၏ ဘယ်ဖက်လက်ကို တွဲချီလိုက်လေသည်။ ” ညမုဆိုးရေ။ ငါတို့လို ကျင့်ကြံသူတွေအတွက် အဲ့လိုဒဏ်ရာက ဘာမှမဟုတ်ပါဘူး။ လာပါ။ လောချိန်တောင်တန်းထဲကို ခဏလောက်သွားရအောင်။ မင်းရဲ့ချီနဲ့သွေးတွေ လှုပ်ရှားလာရင် မင်းနေမြန်မြန် ပြန်ကောင်းလာမှာပါ။”
ဟိုရှောင်မေ့ကလည်း ပြူးကြည့်လိုက်ကာ သူ၏ ညာလက်ကိုတွဲချီလိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ တအံ့တသြနှင့် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူ့မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပဲ သူတို့နှစ်ယောက်နောက်သို့ ပါသွားတော့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် သူ၏ခြေထောက်များမှာ မြေကြီးနှင့်ပင် မထိတော့ချေ။ ထိုအမျိုးသမီးနှစ်ယောက်၏ တစ်ယောက်နှင့်တစ်ယောက် ရန်မူသလိုကြည့်နေသည့်အကြည့်များအကြားတွင် သူက အာဏာပါးကွပ်သားထံသို့ ခေါ်ဆောင်သွားခံနေရသည့် သေမိန့်ကျ အကျဥ်းသားကဲ့သို့ပင် ခံစားနေရတော့သည်။ သူ၏ နဖူးတွင် ချွေးစက်များထွက်လာပြီး ငိုချလုနီးပါးဖြစ်နေတော့သည်။
အာရုဏ်တက်ချိန်သို့ရောက်နေပြီဖြစ်ရာ လောချိန်တောင်တန်းများကို မြူခိုးအလွှာပါးပါးလေးတစ်ခုက လွှမ်းခြုံထားသည်။ နံနက်ခင်း၏ အလင်းရောင်က ပို၍အားကောင်းလာသည်နှင့်အမျှ မြူခိုးများက လွင့်ပါးသွားတော့သည်။ ထိုမြင်ကွင်းမှာ အလွန်လှပလွန်းပေသည်။ သူ၏ အင်မော်တယ်ဂူအပြင်ဘက်သို့ ဆွဲခေါ်ခံရပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူအနည်းငယ်မှာ သူ့ကိုတွေ့လိုက်ရသောအခါ ကရုဏာစိတ်များပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူတို့သုံးယောက်နားထံမှ ခြေလှမ်းသုတ်သုတ်ဖြင့် ထွက်ခွာသွားကြတော့သည်။
ပိုင်ရှောင်ချန်းက စကားပြောရန် ပါးစပ်ဟလိုက်ပါသော်လည်း ချက်ချင်းပင် ပြန်ပိတ်လိုက်သည်။ စကားပြောရန် အချိန်ကောင်းမရောက်သေးဟု သူက တွေးလိုက်လေသည်။ သူက စကားပြောလိုက်ပါက ခေါင်းကိုက်စရာများ ထပ်ကြုံရမည်သာဖြစ်သည်။ ထို့ကြောင့် သူက အံကြိတ်လိုက်ပြီး လမ်းအနည်းငယ်ထွက်လျှောက်ခြင်းမှာ ဆိုးရွားလွန်းလှသည့် အကြံမဟုတ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။
သူ၏ ခေါင်းထဲတွင် အတွေးများစီးမျောနေစဥ်အတွင်း ငှက်တစ်ကောင် အပေါ်မှ ဖြတ်ပျံသွားလေသည်။ ထိုငှက်မှာ နီရဲတောက်နေပြီး အလွန်လှပလေသည်။ ၎င်းဖြတ်ပျံသွားသည့် လမ်းတစ်လျှောက်တွင်လည်း သာယာနာပျော်ဖွယ် တွန်ကြူးနေတော့သည်။
စုန့်ကျင်းဝမ်က ထိုငှက်ကိုမြင်သွားပြီး အံ့သြသွားတော့သည်။
” ညမုဆိုးရေ ကြည့်ပါအုံး။ သွေးဝိညာဥ် ငဟစ်ငှက်တစ်ကောင်ပဲ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သွေးဝိညာဥ်ငဟစ်ငှက်ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါမထင်ထားဘူး။ အလယ်တောင်နားမှာ သူတို့တွေ ပျံဝဲနေတာကို ကြည့်ရတာ ငါအရမ်းကြိုက်တာ။”
ပိုင်ရှောင်ချန်းက ထိုငှက်ကိုမော့ကြည့်လိုက်သောအခါ ဟိုရှောင်မေ့က ဒေါသအကြီးအကျယ်ထွက်လျက် ထအော်လိုက်လေသည်။
” သွေးဝိညာဥ်ငဟစ်ငှက် ဟုတ်လား။ ဘာတွေ လျှောက်ပြောနေတာတုံးရှင်။ အဲ့တာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ယန်ဝေ့ခရုစုပ်ငှက်ပါရှင့်။”
ထိုအခါ စုန့်ကျမ်းဝမ်မှာ ဟိုရှောင်မေ့ကို ဒေါသတကြီးလှမ်းကြည့်လိုက်လေသည်။ ဟိုရှောင်မေ့ကလည်း အရှုံးမပေးလိုသည့်အလား ရင်ကော့ကာ ပမာမခန့် ပြန်စိုက်ကြည့်လိုက်လေသည််။
ပိုင်ရှောင်ချန်းမှာ သူတို့နှစ်ယောက်ကြားတွင် ချွေးများပင် စို့နေတော့သည်။ ကိစ္စဝိစ္စများမှာ ခေါင်းခဲစရာကောင်းလွန်းလှသဖြင့် သူကိုယ်တိုင်ပင် မထိန်းသိမ်းနိုင်တော့ချေ။ ထိုအချိန်တွင် စုန့်ကျင်းဝမ်က နှစ်လိုဖွယ်အသံဖြင့် ရယ်မောလိုက်ပြီး ပိုင်ရှောင်ချန်းကို တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
” ညမုဆိုးရေ။ နင်ဘယ်လိုထင်တုံး။ အဲ့တာ သွေးဝိညာဥ်ငဟစ်ငှက်လား ယန်ဝေ့ခရုစုပ်ငှက်လား။”
ဟိုရှောင်မေ့ကလည်း အကျောမခံလို့သည့်အလား ပိုင်ရှောင်ချန်း၏ လက်မောင်းကို ဖမ်းဆွဲလိုက်လေသည်။ ဝမ်းနည်းကြေကွဲနေသည့် ပုံစံဖြင့် သူမက တိုးတိုးလေး ဆိုလိုက်လေသည်။
” ကိုကြီးရှောင်ချန်းရေ။ အဲ့အဘွားကြီးကို ဒီငှက်က ယန်ဝေ့ခရုစုပ်ငှက်လို့ ပြောလိုက်နော် “