နောက်ထပ်ရက်အတော်ကြာသည်အထိ ပိုင်ရှောင်ချန်းက နေမကောင်းချင်ယောင်ဆက်ဆောင်နေလိုက်သည်။ ရံဖန်ရံခါ သူက အင်မော်တယ်ဂူ၏အပြင်ဘက်ထွက်လာလေ့ရှိပြီး ကမ္ဘာလောကတစ်ခွင်ကို ပတ်ကြည့်ပြီး သူနှလုံးအိမ်တွင်းမှ လှိုက်၍ သက်ပြင်းချနေတတ်သည်။
” ငါ့လိုမျိုး.. အခြေအနေတွေ ကို နားလည်တဲ့ ဂိုဏ်းသားအများကြီးရှိပါ့မလား။ ခေါင်းဆောင်ကြီးတွေကလဲ စစ်မတိုက်စေချင်ဘူး.. ဒါကြောင့် ငါက အနာတရဖြစ်ချင်ယောင်ဆောင်တယ်လေ” သူက ခေါင်းကို ဖြည်းညင်းစွာခါလိုက်သည်။ သူ့စိတ်ထဲတွင် သူကရင့်ကျက်လာပြီး ကမ္ဘာလောကအကြောင်းကို အရင်ကထက် ပို၍ ကောင်းစွာ နားလည်လာသည်။
” ဦးလေးလီနဲ့ ငါ့အကိုကြီးဂိုဏ်းခေါင်းဆောင်သာ ဒီအကြောင်းကိုသိ ရင် ငါ့ကို သေချာပေါက်ချီးကျူးမှာပဲ” အတွေးတစ်ချို့တွေးပြီးနောက် အပြင်တွင် ခပ်ကြာကြာမနေသင့်ကြောင်း သတိထားမိလိုက်ပြီး တစ်နည်းအားဖြင့် ထိုသို့နေပါက သဘာဝမကျနိုင်တော့ပေ။ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့က ယခုထက်ထိပင်မပေါ်သေးကြသဖြင့် အထဲပြန်ဝင်ပြီး အိပ်ခြင်းသာလျှင် အကောင်းဆုံးဖြစ်တော့သည်။ သူတို့ရောက်လာလျှင် သူ့မှာ သေမင်းနှုတ်ခမ်းဝတွင် လျှောက်နေရသကဲ့သို့ခံစားရလေသည်။
သူ့မှာ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်အကြောင်းစဥ်းစားလိုက်တိုင်း ရင်တုန်လာရသည်။
“ကျောချမ်းလိုက်တာ” သူက တွေးလိုက်သည်။
” သူတို့ ငါ့ကို ကြည့်တဲ့ပုံက တစ်ယောက်တစ်ပိုင်း ခွဲယူတော့မယ့်အတိုင်းပဲ”
ထိုသို့ဆိုပြီး သူက အထဲအမြန်ဝင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် စုန့်ကျင်းဝမ်က ပျံသန်းလာလေသည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ရင်တဒိတ်ဒိတ်ခုန်လာ၏။
“မဟုတ်သေးဘူးနော်… သူတို့ ဒီလိုအချိန်မှာ တစ်ခါမှ ပေါ်မလာဖူးပါဘူး.. ” စိတ်လှုပ်ရှားစွာဖြင့် ခေါင်းလှည့်လိုက်သည်တွင် ဟိုရှောင်မေ့လည်း ရောက်ချလာသည်ကို မြင်လိုက်ရလေသည်။
အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာတွင် သုန်မှုန်သည့်ပုံဖမ်းလိုက်ပြီးနောက် သူတို့အနားရောက်မလာခင် ခပ်ကျယ်ကျယ်အော်ပြောလိုက်လေသည်။
” ခေါင်းဆောင်ကြီးတွေကို ငါ သွားတွေ့ရမယ် ”
ထိုစကားတို့ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ခေါင်းဆောင်ကြီးတို့ထံ တဟုန်ထိုးသုတ်ခြေတင်လျက် လှစ်ခနဲပျောက်သွားလေသည်။ လမ်းတစ်ဝက်ခန့်တွင် သူက ရုတ်တရက် သတိမေ့သွားကြောင်း သဘောပေါက်လိုက်သည်။ သူကအလျင်အမြန်ပင် ရှေ့တိုးနောက်ဆုတ်လှုပ်ခါလိုက်ပြီး ပျံသန်းရန်ခက်ခဲနေသည့်ပုံလုပ်လိုက်သည်။ နောက်ဆုံးတွင် မြေပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားပြီးနောက် ဟောဟဲလှိုက်လျက် ကျန်လမ်းကို လမ်းလျှောက်သွားလေသည်။
လောချိန်တောင်တန်း၏ ယခုအပိုင်းတွင် သိပ်မမြင့်လှပြီး တစ်ခုနှင့်တစ်ခု အရမ်းမဝေးသော တောင်ထိပ်နှစ်ခုဖြင့် တောင်တစ်လုံးရှိလေသည်။ ထိုနေရာမှာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးထျယ်မုတို့နေထိုင်ရာ ဖြစ်လေသည်။
ပိုင်ရှောင်ချန်း ပေါ်လာသည်နှင့် ခေါင်းဆောင်ကြီး နှစ်ဦးစလုံး တောင်ထိပ်ပေါ်မှ သူ့ကို ငုံ့ကြည့်လိုက်ကြလေသည်။
“ပိုင်ရှောင်ချန်း… ခေါင်းဆောင်ကြီးတို့ကို ဂါဝရပြုပါတယ်” သူက လက်ယှက် ခေါင်းငုံ့ပြီးပြောလိုက်သည်။
“မင်းရဲ့ ဒဏ်ရာတွေသက်သာလာပြီးလားကွ” ခေါင်းဆောင်ကြီးထျယ်မုက နားလည်ရခက်သော အပြုံးဖြင့်မေးလိုက်သည်။
ပိုင်ရှောင်ချန်းက ခွန်းတုံ့ပြန်ရန် ပြင်လိုက်ဆဲဆဲမှာပင် အေးစက်စက်နှာမှုတ်သံတစ်ခုက အခြားတောင်ထိပ်ရှိ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးထံမှ ထွက်လာလေသည်။
“ညမုဆိုး… ဂါဝရပြုပါတယ် အဖေ”
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပြုံးပြီးပြော၏။
” မင်း ဒီကိုလာတဲ့ လမ်းမှာ ပျံရသန်းရတာ ဒုက္ခရောက်နေတာကို ငါတွေ့လိုက်တယ်..။ အခုထိ မသက်သာသေးဘူလားကွ ”
“ပိုသက်သာလာပါပြီ” သူကအပြစ်နည်းနည်းရှိကြောင်း ခံစားမိရင်းပြန်ဖြေလိုက်သည်။ ခေါင်းဆောင်ကြီးများကို တကယ်မလိမ်နိုင်ကြောင်း သိသောကြောင့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ဆက်လိမ်ရန်ဆုံးဖြတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
” ဒါပေမယ့်.. သိပ်မသက်သာသေးဖူးလို့ ကျနော် ထင်တာပဲ”
ခေါင်းဆောင်ကြီးထျယ်မုက ရယ်မောကာ ပြောလိုက်သည်။
” အာ.. ဒါက အရေးမကြီးဘူး..။ မင်းသေချာမသက်သာသေးမှတော့ ထပ်နားလိုက်ဦး ”
ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ ဆေးပုလင်းကို ပိုင်ရှောင်ချန်းထံ ပျံသွားစေလိုက်သည်။
ပိုင်ရှောင်ချန်းက ၄င်းကို ဖမ်းယူလိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ဖွင့်ကြည့်ပြီးနောက် သူ ချက်ချင်းစိတ်လှုပ်ရှားသွားလေသည်။ အထဲတွင် အကောင်းဆုံးအာနိသင်နှင့် အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးတို့ရှိလေသည်။ သို့သော်လည်း သူတို့ကို ဒဏ်ရာကုသရန်အတွက် ဖန်တီးထားခြင်းမဟုတ်ဘဲ လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို မြင့်တက်ရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ မျက်ခုံးပင့်လိုက်ပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ကာ ဆေးပုလင်းနှစ်ခုကို ပျံသွားစေပြီးပို့လွှတ်လိုက်သည်။နှုတ်ခမ်းသပ်လိုက်ပြီး ပိုင်ရှောင်ချန်းက ထိုပုလင်းတို့ကို ဆွဲယူလိုက်ပြီး ဖွင့်လိုက်လေသည်။ သူ့မျက်လုံးတို့မှာ ဇကောအရွယ်တမျှပြူးကျယ်သွား၏။
ထိုပုလင်းတို့တွင်လည်း အဆင့်လေးစိတ်စွမ်းအင်ဆေးတို့ပါဝင်ကာ သူတို့က အဆင့်လွန်ဖြစ်ပြီး အဆင့်ငါးနား နီးကပ်နေလေသည်။ ၎င်းတို့တွင် သွေးချီတို့အတော်အသင့် ပေါ်ထွက်နေပြီး သူ၏ထာဝရအသက်ရှည်ခြင်းပညာရပ်အတွက် အတိုင်းအတာတစ်ခုအထိအကျိုးရှိနိုင်သည်။
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းဆောင်ကြီးနှစ်ဦးကို ကြည့်လိုက်သည်။ သူတို့က သူ့ကို ကောင်းစွာဆက်ဆံကြလေသည်။ သိသာထင်ရှားစွာပင် သူတို့က သူ၏ဒဏ်ရာတို့သက်သာနေပြီမှန်းသိသော်လည်း တုံ့ပြန်သည့်အနေဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို အထောက်အကူပြုစေရန် စိတ်စွမ်းအင်ဆေးတို့ကို ပေးလေသည်။
“ငါတကယ် ရင့်ကျက်လာပုံပဲ” သူကတွေးလိုက်သည်။ “ခေါင်းဆောင်ကြီးတွေအကြောင်းတွေးပြီး စိုးရိမ်နေခဲ့ရတာ..။ ခုတော့.. သူတို့က ငါ့ကို နေမကောင်းယောင်ဆက်ဆောင်နေဖို့ အရိပ်ပြနေပါလား” သက်ပြင်းချရင်း သူကလက်ယှက်ပြီး အသေအချာခေါင်းငုံ့အရိုအသေပေးလိုက်သည်။
“ခေါင်းဆောင်ကြီး.. ၊ အဖေ.. ၊ စိတ်မပူပါနဲ့
.. ကျနော့်ကိုယုံတာမှန်ပါတယ်”
သူတို့နှစ်ယောက်အား အဓိပ္ပါယ်ရှိရှိကြည့်လိုက်ကာ သူကလှည့်ပြန်သွားသည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက တဟားဟားရယ်လိုက်ပြီး ခေါင်းဆောင်ကြီးထျယ်မုက ခေါင်းတခါခါဖြင့် ပြုံးလိုက်သည်။ သူတို့က ပိုင်ရှောင်ချန်းကို စစ်ထဲသွားစေချင်သော်လည်း သူ၏လုံခြုံမှုကို စိုးရိမ်သည်။ ထို့ကြောင့် သူ မလုပ်ချင်သည့်အရာကို တွန်းအားပေးမည်မဟုတ်ပေ။
သူ၏အင်မော်တယ်ဂူသို့ပြန်ရောက်သောအခါ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့ပြန်သွားပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းတွေ့လိုက်လေသည်။ စိတ်သက်သာရသွားသဖြင့် သက်ပြင်းချလျက် သူက တင်ပျဥ်ခွေထိုင်ပြီး ကျင့်ကြံခြင်းအလုပ်စလိုက်လေသည်။
မကြာမီ သူ၏ကျင့်ကြံခြင်းအခြေခံက သူသတိမလစ်ခင်ကထက် အနည်းငယ်တိုးတက်လာသည်ကို တွေ့ရှိသွား၏။ ထို့အပြင် သူ၏ထာဝရအသက်ရှည်နည်းပညာရပ်မှာ ပို၍ သန်မာလာလေသည်။
“ဒီလိုသာ ဆက်ဖြစ်နေရင်… ” သူက စိတ်လှုပ်ရှားစွာတွေးလိုက်သည်။
” နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ကို ရောက်ဖို့နီးနေပြီ”
ထို့နောက် သူက လက်တစ်ဖက်တည်းဖြင့် ဂိုဏ်းနှစ်ဂိုဏ်းအကြားစစ်ပွဲအား မည်သို့တားခဲ့သည်ကို ပြန်တွေးပြီးနောက် ကိုယ့်ကိုယ်ကိုယ် အင်မတန် ဂုဏ်ယူသွားလေသည်။ သို့သော်လည်း ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးပစ်ထည့်အံ့ဆဲဆဲမှာပင် အင်မော်တယ်ဂူအပြင်မှ ဟိုရှောင်မေ့၏အသံကို ရုတ်တရက်ကြားလိုက်ရလေသည်။
“ကိုကြီးရှောင်ချန်း.. ညီမလေး..ကိုကြီးအတွက် ဆေးနဲနဲ ကျိုလာတယ်…”
ထို့နောက် အင်မော်တယ်ဂူ၏တံခါးပွင့်သွားပြီး ဟိုရှောင်မေ့မှာ မျက်နှာလေးနီရဲလျက် လက်ထဲတွင် ဆေးခွက်ကိုကိုင်ကာ ဝင်လာလေသည်။
ဆေးအခိုးအငွေ့ကြောင့် ဟိုရှောင်မေ့၏မျက်နှာမှာ အရင်ထက်ပိုနီရဲလာပြီး ပိုင်ရှောင်ချန်းက သူမ၏ ဖြူစင်ကြည်လင်သော အသွင်လေးကိုမြင်လိုက်သည်နှင့် ရင်တဒိန်းဒိန်းခုန်လာလေသည်။
သို့သော် စုန့်ကျင်းဝမ်က သူမ၏နောက်တွင် ဆေးခွက်ကိုယူလာပြီး နှစ်လိုဖွယ်အပြုံးဖြင့် ပေါ်လာ၏။ သူမဝတ်ဆင်ထားသည့် အဝတ်အစားတို့မှာ သွေးစင်နတ်ရေစင်ဂိုဏ်းတွင် သူမ ဝတ်နေကျများနှင့် လွန်စွာခြားနားလေသည်။ ထိုအဝတ်အစားတို့မှာ ပို၍ ရှေးဆန်နေသည့်တိုင်အောင် သူမ၏ကောက်ကြောင်းအလှတို့ကို မဖုံးကွယ်နိုင်ပေ။
“မောင်လေး ညမုဆိုး.. အစ်မ.. မင်းအတွက် ဆေးချက်လာတယ်”
မိန်းမပျိုနှစ်ယောက်က ဆေးတစ်ယောက်တစ်ခွက်စီကိုကိုင်လျက် ပိုင်ရှောင်ချန်းထံတိုးကပ်လာ၏။ စုန့်ကျင်းဝမ်၏မျက်နှာတွင် အပြုံးရေးရေးရှိပြီး တဖန် ဟိုရှောင်မေ့မှာ အတော်ရှက်နေသည့်ပုံပေါ်လေသည်။
ပိုင်ရှောင်ချန်းမှာ ရင်ခုန်သံတို့မြန်လာပြီး သူတို့၏ဒုက္ခပေးနည်းတို့ကို ကျိန်ဆဲလိုက်ပြီး စုန့်ကျင်းဝမ်က ဟိုရှောင်မေ့နှင့် တစ်ပုံစံတည်းစကားပြောလိုက်ကြောင်း သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးတို့ ပြူးထွက်သွားလေသည်။
သူက ဘယ်ကြည့်သည်။ ညာကြည့်သည်။ သူ တွန့်ဆုတ်နေသည်။ နောက်ဆုံးတွင်မူ ဟိုရှောင်မေ့က ပထမဆုံးလာသည့်အတွက် သူမ၏ဆေးကို အရင်သောက်ရန်ဆုံးဖြတ်လိုက်သည်။ ထိုသို့တွေးပြီး သူက ဟိုရှောင်မေ့၏ခွက်ကို လက်လှမ်းလိုက်သည်။
ဟိုရှောင်မေ့၏မျက်လုံးမှာ ရင်ခုန်မှုကြောင့် ဝင်းလက်သွားပြီး အကျေနပ်ကြီးကျေနပ်လျက် စုန့်ကျင်းဝမ်ကို ခိုးကြည့်လိုက်သည်။
စုန့်ကျင်းဝမ်က ဖြစ်ပျက်နေသည်ကိုမြင်လိုက်သောအခါ ပိုင်ရှောင်ချန်းကို မျက်စောင်းထိုးလိုက်ပြီး ဟမ့်ခနဲ့ နှာမှုတ်လိုက်လေသည်။ ချက်ချင်းပင် သူမ၏ပတ်လည်တွင် ဒေါသအငွေ့အသက်များ ထွက်ပေါ်လာ၏။ ပိုင်ရှောင်ချန်းမှာ လန့်ဖြန့်သွားပြီး အလျင်အမြန်ပင် သူ၏လက်ဦးတည်ရာကိုစုန့်ကျင်းဝမ်ခွက်ထံ ပြောင်းလိုက်သည်။
ခွက်ကိုပင် မထိရသေးခင် ဟိုရှောင်မေ့မှာ စိတ်ထိခိုက်မှုကြောင့် မျက်လုံးတို့နီရဲသွားလေသည်။ တဆတ်ဆတ်တုန်ရီလျက် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာပြီး သူမကပြောလိုက်သည်။ “ကိုကြီးရှောင်ချန်း.. ဒီဆေးကို ကျိုဖို့..ညီမလေး တစ်နေကုန်လုပ်ထားခဲ့ရတာ”
ပိုင်ရှောင်ချန်းမှာ စိတ်မကောင်းဖြစ်သွားပြီး မစဥ်းစားတော့ပဲ နောက်တစ်ကြိမ် သူ့လက်ကို ဦးတည်ရာပြောင်းလိုက်ပြန်သည်။
“ညမုဆိုး…အလယ်တောင်ထိပ်မှာ မင်းငါ့ကို ပြောခဲ့တာတွေ မှတ်မိသေးလားဟင်”
စုန့်ကျင်းဝမ်က ညင်သာစွာပြောလိုက်သည်။ “ငါ့ဆေးခွက်ကို အရင်သောက်ပါ.. ။ မင်းငါ့ကို ပြောခဲ့တာတွေကအမှန်ဆိုတာ ယုံပါတယ် ” အခိုင်အမာဆုံးဖြတ်ထားမှုတို့ကို သူမ၏မျက်လုံးတို့တွင် တွေ့လိုက်ရသည်။ အကယ်၍ သူသာ သူမ၏ဆေးခွက်ကို ဦးစွာမသောက်ပါက ချက်ချင်းထွက်သွားပြီး နောက်တွင် သူပြောခဲ့သမျှတို့ကို ယုံကြည်ရန် ငြင်းဆန်လိမ့်မည်ဖြစ်သည်။
” ငါ….”
ပိုင်ရှောင်ချန်း၏လက်မှာ တုံ့ခနဲရပ်သွားပြီး ဆေးခွက်နှစ်ခွက်ကို ကြည့်ကာ ရူးတော့မတတ်ခံစားလိုက်ရသည်။
” သူတို့ တချိန်တည်းလာဖို့များ ကြံစည်ထားသလား”
သူက တွေးလိုက်သည်။
“အားးးးးး”
သူ့မှာ ပေါက်ကွဲထွက်တော့မတတ်ပင် ခံစားလိုက်ရလေသည်။ သူမည်မျှအရွယ်ရောက်သည်ဖြစ်ပါစေ ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် သူဆုံးဖြတ်ချက်မှန်၊မမှန်မသိတော့ချေ။
မျက်လုံးတို့ သွေးချင်းချင်းနီလျက် သူက အံကြိတ်လိုက်ပြီးနောက် တစ်ဖက်တစ်ခွက်ဆီလှမ်းယူလိုက်သည်။ စိတ်ထဲတွင်ငိုချင်နေသော်လည်း သူက ဆေးနှစ်ခွက်စလုံးကို ဆေးပူပူတို့ သူ့အပေါ်မကျစေရန် ဂရုတစိုက်မော့သောက်လိုက်သည်။
ဆေးနှစ်ခွက်စလုံးကို တစ်ပြိုင်တည်းသောက်ရသည်မှာ ဆိုးရွားလှသော်ငြား ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် အလုံးကြီးကျသွားပြီး ထိုအခြေအနေကိုမည်သို့အလျင်အမြန် ကိုင်တွယ်လိုက်သည်ကို တွေးပြီး အံ့သြသွားလေသည်။ ဤနည်းဖြင့် ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့ သူ့ကို အပြစ်ရှာနိုင်တော့မည်မဟုတ်ပေ။
သို့သော်လည်း ဆေးသောက်ပြီးနောက် စုန့်ကျင်းဝမ်၏ ဒေါသမီးတို့မှာ ယခင်ထက် ပို၍တဟုန်းဟုန်းတောက်လောင်လာကြောင်း သတိထားမိလိုက်သည်။ သူ့ကို ဒေါသတကြီး မျက်စောင်းထိုးကာ နောက်လှည့်ပြန်သွားလေသည်။ ဟိုရှောင်မေ့မှာ လုံးဝအသည်းကွဲသွားသည့်ပုံပေါ်လေသည်။ ခါးသီးဝမ်းနည်းမှုများ သူမ၏မျက်လုံးတွေထဲ ဖြတ်ပြေးသွားပြီး သူမက အင်မော်တယ်ဂူ၏အပြင်ဘက်သို့ တရွေ့ရွေ့ ထွက်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ မိန်းမပျိုနှစ်ယောက်ထွက်သွားသည်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ လက်နှစ်ဖက်လုံးဖြင့် သူ့ဆံပင်တို့ကို ဆောင့်ဆွဲပြီး အော်လိုက်လေသည်။
” ဘာတုန်း…. ငါဘာအမှားလုပ်မိလို့လဲ.။ နှစ်ခွက်လုံးသောက်လိုက်တယ်လေ ။ တစ်ယောက်ပြီးမှ တစ်ယောက်တောင် မသောက်ဘူး”
မျက်ရည်တစမ်းစမ်းဖြင့် မျက်မှောင်ကြုတ်လျက် အင်မော်တယ်ဂူတံခါးပိတ်သွားသည်ကို စိုက်ကြည့်နေမိသည်။
“ဒီလိုသာဆက်ဖြစ်နေလို့ကတော့….ရူးတော့မှာပဲ..။ ငါ….ငါ တံခါးပိတ်ကျင့်တော့မယ် ” ဆုံးဖြတ်ချက်ချလိုက်ပြီး အံတင်းတင်းကြိတ်ကာ သူ၏အင်မော်တယ်ဂူတံခါးအား တတ်နိုင်သမျှ တင်းတင်းကြပ်ကြပ်ပိတ်လိုက်လေသည်။ အသက်ရှူလေ့ကျင့်ခန်းလုပ်လိုက်ပြီး သူက တင်ပျဥ်ခွေထိုင်ချလိုက်ကာ စိတ်တည်ငြိမ်ရန် အချိန်ယူလိုက်သည်။ ထို့နောက် သူ့ကို ခေါင်းဆောင်ကြီးထျယ်မုနှင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးတို့ပေးထားသည့်ဆေးလုံးပုလင်းကိုဖွင့်လိုက်ပြီး တရားစထိုင်လိုက်လေသည်။
ရက်ပေါင်းများစွာကုန်လွန်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့်ကုန်သွားလေပြီ။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းက သူ၏ကျင့်ကြံခြင်းတွင် တစိုက်မတ်မတ်အားထည့်နေသည်။ တစ်စထက်တစ်စ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ကို နီးသထက်နီးလာလေသည်။
သူ၏ ငါးခုမြောက် စိတ်စွမ်းအင်ပင်လယ်မှာ အလုံးစုံပုံပေါ်သွားပြီး ခြောက်ခုမြောက်ပင်လယ်သည်လည်း လမ်းတဝက်ရောက်နေချေပြီ။ သူ၏ခြောက်ခုမြောက်စိတ်စွမ်းအင်ပင်လယ်ဖြစ်ပေါ်သည်နှင့် သူက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်၏အထွတ်အထိပ်မှ နောက်ဆုံးအဆင့်သို့ တရားဝင်အဆင့်တက်သွားမည်ဖြစ်သည်။
ထို့အပြင် သူ၏ တရားထိုင်ခြင်းအတောအတွင်း ဒဏ်ရာတို့ကို ကုသရန်ရည်ရွယ်ချက်ဖြင့် သူစားထားသည့်ဆေးစွမ်းအားတို့ကလည်း သူ၏ကျင့်ကြံခြင်းကို မြင့်တက်လာရန်ကူညီပေးသည်။
ထို့နောက် လိပ်ကလေး။ ပိုင်ရှောင်ချန်းက ၄င်းကို နေ့တိုင်းထုတ်ပြီး ခဏတိုင်းလှုပ်ခါလေသည်။ လိပ်ကလေးထံမှ အမွှေးရနံ့တို့ သင်းပျံ့လာလျှင် သူ့ထံအကန့်အသတ်မဲ့ စိတ်စွမ်းအင်စီးကြောင်းတို့ စီးဝင်လာသည့်အပြင် သူ၏ခြောက်ခုမြောက်စိတ်စွမ်းအင်ပင်လယ်ကို မြန်မြန်ဖြစ်ပေါ်လာစေသည်။
၆၀ ရာခိုင်နှုန်း..။ ၇၀ရာခိုင်နှုန်း..။ ရှစ်ဆယ်ရာခိုင်နှုန်း.။
နောက်ထပ်လဝက်ကုန်သွားပြန်၏။ ဝေလီဝေလင်း တစ်မနက်တွင် သူ၏ခြောက်ခုမြောက် စိတ်စွမ်းအင်ပင်လယ်ဖြစ်ပေါ်လာသဖြင့် ပိုင်ရှောင်ချန်း၏ကိုယ်တွင် တဂျုန်းဂျုန်းမြည်ဟည်းလာလေသည်။ သူ့ပတ်ပတ်လည်လေထုတွင် အက်ကွဲသံများ ဆူညံလာပြီး ယခင်ကထက်သာလွန်သည့် စိတ်စွမ်းအားတို့ သူ့ကိုယ်ထဲအဆက်မပြတ်စီးဝင်လာသည်။
သူ၏ ကောင်းကင်တာအိုအရှိန်အဝါတို့သည်လည်း ပို၍အင်အားကြီးသန်မာလာပြီး ထူးဆန်းသောအရောင်သို့ ကောင်းကင်တွင်တောက်ပလာ၏။ ခေါင်းဆောင်ကြီးထျယ်မု၊ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးတို့နှင့်တကွ လောချိန်တောင်တန်းရှိ အခြားကျင့်ကြံသူတို့က ထိုအခြင်းအရာကို သတိပြုမိလိုက်ကြသည်။ သူတို့အားလုံးမှာ အပေါ်ထက်ရှိ မိုးကောင်းကင်နှင့် အကန့်အသတ်မဲ့ကောင်းကင်တာအို အရှိန်အဝါတို့ ဆက်သွယ်နေပုံပေါ်သည့် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကို လှမ်းကြည့်လိုက်ကြသည်။
မိုးခြိမ်းသံကြီး တဂျိန်းဂျိန်းမြည်ဟည်းသွားပြီး အပေါ်ထက်တွင် ခပ်မြန်မြန်လည်နေသည့် လေပွေတစ်ခုပေါ်လာလေသည်။ ပိုင်ရှောင်ချန်း၏ မျက်လုံးတို့ ပွင့်လာပြီး အံ့မခန်းလျှပ်စီးအလင်းကဲ့သို့ တလက်လက်တောက်ပနေလေသည်။ သူ၏ ခြောက်ခုမြောက် စိတ်စွမ်းအင်ပင်လယ် အပြည့်အစုံဖြစ်ပေါ်လာလေပြီ။
နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်။