Switch Mode

အပိုင်း (၁၂၂၆)

သင် နောက်ကျသွားပြီ…

ထိုအဘွားအိုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများသည် ဝူချင်း မြို့ထဲကနေ ထွက်သွားမှုကို သတိပြုမိကြသည်။

တကယ်တော့ ဝူချင်းက အဆင့်ခြောက်မိစ္ဆာစုဆောင်းခြင်းကလန်၏ အကြီးအကဲတစ်ယောက် မဟုတ်လား။

သူ ထွက်ခွာသွားမှုက မွန်းစတားအိုများ၏ အာရုံကို ဖမ်းစားနိုင်သည်မှာ သဘာဝပင်။ အထူးသဖြင့် သူ ဘာကြောင့် ထွက်ခွာသွားသည်ကို ခန့်မှန်းမိကြသူများအတွက် ဖြစ်၏။ ဖန်းလန်၏ ပင်မမြို့ အရှေ့ဘက်တွင် အရှင်ဟွေစုန်က ရောင်းဝယ်မှု ပြုလုပ်ခဲ့သော အခန်းထဲ၌ ထိုင်နေသည်။ သူ့လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခုကို ကိုင်လျက် မသေချာမရေရာဟန် ဖြစ်နေ၏။

“ငါ ဒီလောက်များတဲ့ ကောင်းကင်ဘုံကျောက်စိမ်းတွေနဲ့ ထပ်သွားခဲ့မယ်ဆိုရင်တော့ ကျိန်းသေ အောင်မြင်နိုင်လောက်ပြီ…”

သူသည် အသက်ခပ်ဝဝရှုသွင်းကာ အစီအစဉ်ချရန် ပြင်စဉ်မှာပင် ရုတ်တရက် ဆက်ခနဲ ခေါင်းမော့လိုက်သည်။ သူ့အကြည့်က အခန်းထဲကနေ ထွင်းဖောက်ကာ ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ဝူချင်းကို တွေ့မြင်နေရသည့်အလား။

“ဝူချင်းက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို ရောက်နေပေမဲ့လည်း သူ့လောဘက လျော့မသွားတဲ့အပြင် ပိုတောင် ဆိုးလာသေးတယ်။ ဘာပဲဖြစ်ဖြစ် သူက သူ့ကိုယ်သူ ဉာဏ်ကောင်းတယ် ထင်နေတာ ကောင်းပါတယ်။ အမှန်တော့ သူက ဘဝင်လေဟပ်နေတာပဲ။ ငါ သူ့ကို ဖိတ်ခဲ့တာဟာ သူ့မိစ္ဆာစုဆောင်းခြင်းကလန်နဲ့ လုဇီဟောင်(ဝမ်လင်း)တို့ကြားမှာ မပြေမလည်မှုအချို့ ရှိခဲ့တယ်ဆိုတာ ကြားခဲ့တာကြောင့်။ သူက လုဇီဟောင်နောက်ကို လိုက်သွားမှာတော့ လုဇီဟောင် သေရတော့မှာ သံသယဖြစ်နေစရာ မရှိတော့ဘူး။ ထားလိုက်ပါလေ…ငါက သူနဲ့ အရောင်းအဝယ် လုပ်ခဲ့မှတော့ သူ့မူလသလင်းကျောက်တွေကို တခြားတစ်ယောက်ယောက် လက်ထဲ ရောက်သွားမှာ ဘယ်ခွင့်ပြုပေးလို့ ရမလဲ…”

အရှင်ဟွေစုန်က ညစ်ကျယ်ကျယ်ပြုံး၏။ သူ့နတ်ဘုရားအာရုံသည် ထိုးထွက်ကာ ဝူချင်းနောက်ကနေ နီးနီးကပ်ကပ် လိုက်သွားလေသည်။

ပင်မမြို့၏ စားသောက်ဆိုင်တစ်ခု၏ လေးထပ်မြောက်တွင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ ထိုင်နေသည်။ အမျိုးသားက အဖြူရောင်ဝတ်ထားကာ သူ့ရှေ့ရှိ အမျိုးသမီးကတော့ လှပသောအမျိုးသမီးငယ်ပင်။ သူမ၏ ပန်းပွင့်ဝတ်စုံက သူမကို ပို၍ လှပသွားစေသည်။

သူတို့နှစ်ယောက်က အကွာအဝေးတစ်ခုထံ တစ်ပြိုင်နက်တည်း ကြည့်လိုက်၏။ လှပသောအမျိုးသမီးငယ်က သက်ပြင်းချ၊ခေါင်းယမ်းကာ ပြောသည်။ “ဒီကောင်လေးက အချိန်အကြာကြီး လုံလောက်အောင် မကျင့်ကြံရသေးဘူးပဲ။ သူက သူ့ရတနာတွေကို လွယ်လွယ်ကူကူ ထုတ်ပြတယ်။ ဒါက သူ့ကိုယ်သူ ဘေးဖြစ်အောင် လုပ်နေတာ၊သနားစရာပဲ…”

အဖြူရောင်ဝတ်စုံနှင့် ပညာတတ်ဟန်အမျိုးသားက အနည်းငယ် စဉ်းစားနေ၏။ သူက တစ်မျိုး ဖြစ်နေဟန်ပင်။ ထို့နောက် သူက ပြုံး၍ ပြောသည်။ “ငါတော့ ဒီလိုမထင်ဘူး။ ဒီကောင်လေးရဲ့ ကျင့်ကြံမှုက ဝူချင်းထက်နိမ့်ပေမဲ့ ဝူချင်း သူနောက်ကို လိုက်လာမှာ သိပြီးသားပဲ။ သူက ဒါတောင်မှာ ပင်မမြို့ကနေ ထွက်သွားဝံ့သေးတယ်။ ဒီတော့ သူမှာ အစီအစဉ်တစ်ခုခု ကျိန်းသေ ရှိရမယ်…”

“အို…ဒီအမျိုးသမီးကတော့ သဘောမတူပါဘူး။ ကြည့်ရတာ ဒီကောင်လေးက ကြောကလန့်ပြီး ခပ်စောစော ထွက်သွားချင်တာပဲ။ ဝူချင်းက သူ့ပုံရိပ်ကို ထည့်မတွက်ဘဲ ဒီကောင်လေးနောက် လိုက်လိမ့်မယ်လို့တော့ ငါ မထင်မိဘူး…”

လှပသော အမျိုးသမီးက ထိုသို့ ရယ်မော၍ ဆိုကာ ပညာတတ်အမျိုးသားကို ကြည့်သည်။

“ငါတို့ ရလဒ်က ဘာဖြစ်မလဲ တွေ့ရတော့မှာပါ…” ထိုသူက ပြုံး၏။ သူ့နတ်ဘုရားရုံကိုလည်း ဝူချင်းထံ ဖြန့်ကျက်လိုက်သည်။

အမာရွတ်နှင့်အဘိုးအိုက လက်နောက်ပစ်လျက် လမ်းမတစ်ခုထက်တွင် ခပ်နှေးနှေး လျှောက်လှမ်းနေသည်။

“အရှင်ဟွေစုန် ငါ့ကို ဆက်တိုက် ဖိတ်ခေါ်နေတာကြောင့်သာ မဟုတ်ရင် ငါ ဖန်းလိုင်ကုန်းမြေရှိ ဘယ်တော့မှ ထပ်မြေမချမိမှာ စိုးရတယ်…” သူက သက်ပြင်းချကာ အကွာအဝေးတစ်ခုထံ လှမ်းကြည့်၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။

“သန်မာတဲ့သူက အနိုင်ကျင့်နိုင်ပြီး အားနည်းတဲ့သူက ဆုတောင်းရတယ် ဆိုတဲ့ စကားအတွက် ဥပမာကောင်းပဲ။ သူက ရတနာအတွက် တစ်ယောက်ယောက်ကို သတ်ဖို့ ကြိုးစားနေပြီ…”

ထိုအဘိုးအိုသည် ရယ်မောကာ အဆောက်အဦခေါင်မိုးထိပ်တွင် ပေါ်လာ၏။ သူက ထိုနေရာတွင် ထိုင်ချကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။

ပင်မမြို့နှင့် ဝေးသည့် မြို့ငယ်တစ်ခု၏ တည်းခိုခန်းတစ်ခုတွင် ဝတ်စုံနက်ပိန်ပါးပါး အဘိုးအိုသည် ထိုင်နေ၏။ သူ့လက်ထဲတွင်တော့ အလုံးနှစ်လုံး ရှိသည်။ သူက ပြတင်းပေါက်ဘေးနားတွင် ရပ်ကာ တောက်ပသောကောင်းကင်ကို ကြည့်ရှုနေ၏။ သူ့နတ်ဘုရားအာရုံကိုလည်း အဝေးသို့ ဖြန့်ကျက်သည်။

“ဝူချင်းကို ငါ့ထက် ဦးသွားစေခဲ့ပြီ…ကံမကောင်းလိုက်တာ…”

အရှင်ဟွေစုန်၏ လေလံပွဲတွင် ပါဝင်ခဲ့သည့် မွန်းစတားအိုများက ဝမ်လင်း သံသယမရှိ သေဆုံးရမည်ကို ထင်ကြသည်။ အဖြူရောင်ဝတ်စုံနှင့် ပညာတတ်အမျိုးသားကလွဲ၍ပေါ့။ ထိုသူသည်ပင် ဝမ်လင်း အစီအစဉ်တစ်ခုခု ရှိမည်ဟု တွေးမိသော်လည်း သူ့စိတ်ထဲတွင်တော့ နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူများသည် နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူတစ်ယောက်ကို ယှဉ်တိုက်ခိုက်ရာတွင် ရှင်သန်နိုင်ဖို့ အခွင့်အလမ်း မရှိသည်ကို သိနေသည်။

သူတို့သာမက မြို့ထဲရှိ အခြားနိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ အချို့ပင် ဝူချင်းထွက်ခွာသွားမှုကို သတိထားမိကြသည်။ သူတို့၏ နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ကြ၏။ သူတို့ထဲက တစ်ယောက်မှာ ထျန်လီဟိုင်ပင်။

ထျန်လီဟိုင်က သူ့အခန်းထဲ၌ ထိုင်နေလျက် ကျင့်ကြံနေရာ ကနေ ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက မျက်မှောင်ကြုတ်သွားကာ သက်ပြင်းချ၏။ သို့သော် သူက ဝူချင်းကို တားဆီးဖို့တော့ မကြိုးစားပေ။

“ဆရာက ဒီလူ့ကို ရန်မစဖို့ ပြောခဲ့ပြီးပြီး။ ဝူချင်း…အား…ဝူချင်း ဘာကြောင့် သူ ဒီလို လုပ်ရတာလဲ…”

ထျန်လီဟိုင် ရှိနေသော အခန်းထဲရှိ စားပွဲဘေးတွင် သက်လတ်ပိုင်းလူတစ်ယောက်လည်း ထိုင်နေသည်။ သူက လက်ထဲတွင် အရက်ခွက်ကိုင်ထားကာ တစ်ကျိုက်တည်း မော့ပစ်၏။ သို့ရာတွင် ရုတ်တရက် သူက ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံ အေးစက်စက် ကြည့်သည်။

“ဝူချင်း…ဒီကောင် အဆင်အခြင်မဲ့လိုက်တာ…” အနည်းငယ် တွေဝေပြီးနောက် ထိုသူက အကွာအဝေးတစ်ခုထံ ပျံသန်းသွားသည်။

သူတို့၏ နတ်ဘုရားအာရုံကို မဖြန့်ကျက်သည့် အစွမ်းထက်ကျင့်ကြံသူများစွာလည်း ရှိသေး၏။ သို့ရာတွင် သူတို့က သည်မွန်းစတားအိုများ နတ်ဘုရားအာရုံဖြန့်ကျက်သည်ကို သတိပြုမိပြီးနောက် အံ့အားသင့်သွားကာ စတင် စူးစမ်းကြသည်။

ထိုအချိန်၌ ဝူချင်း၏ ထွက်ခွာသွားမှုကြောင့် ကြိတ်၍ လှုပ်ရှားမှုများ ဖြစ်ကုန်သည်။မည်သူကမျှ နောက်ဘာဆက်ဖြစ်မည်ကို မခန့်မှန်းနိုင်ကြပေ။

လီချန်မေက မြို့ထဲရှိ တည်းခိုခန်းတွင် ရှိမနေပေ။ ထိုအစား သူမက မိုးထိမြင့်သည့် တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေသည်။ သူမက ထိုနေရာတွင် ထိုင်နေလျက် လေပြင်းများက သူမ၏ ဆံနွယ်စများကို တဖြတ်ဖြတ် ဖြစ်စေသည်။သူမက အနောက်ဘက်သို့ ငြိမ်သက်သက် ကြည့်နေရင်း သူ့အကြည့်က တောက်ပနေသည်။

ဝမ်လင်းသည် မြန်ဆန်စွာ သွားနေ၏။ သူ မြို့ထဲကနေ ထွက်လာသည့်နောက် အနောက်ဘက်လွင်ပြင်ထံ တန်းတန်းမတ်မတ် လာနေခြင်းပင်။ သူ့နောက်တွင် အရိပ်တစ်ခုက သူ့ထက်မြန်သည့်နှုန်းဖြင့် လိုက်ပါနေ၏။

သူတို့နှစ်ယောက်သည် ရှေ့နောက်ပျံသန်းနေကြရင်း နောက်ကအရိပ်က နီးသထက်နီးလာသည်။

ဤအခိုက်အတန့်၌ သူတို့သည် ဖန်းလိုင်ကုန်းမြေ၏ အရှေ့ဘက်နှင့်အနောက်ဘက် နယ်စည်းကြားသို့ ရောက်လာခဲ့ကြပြီ။ ၎င်းလွင်ပြင်တွင် ကျောက်တုံးများနှင့် ပြည့်နှက်နေကာ သတ်ဖို့ဖြတ်ဖို့ အတော်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

ဝမ်လင်းသည် အနိုင်ရဖို့ လိုရုံသာမက သူ့အတွက် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း၊မြန်မြန်ဆန်ဆန် လက်စသပ်နိုင်ဖို့လည်း လို၏။ ထိုမှသာ ဖန်းလိုင်ကုန်းမြေရှိ အခြားကျင့်ကြံသူများသည် သူ၊ဝမ်လင်းကို ရန်မစသင့်ကြောင်း အသိပေးနိုင်မည်။

ဝမ်လင်း၏ ရည်ရွယ်ချက်က ထိုမျှသာ မဟုတ်သေး။ သူက ဝူချင်းကို သတ်ပစ်ဖို့အပြင် မိစ္ဆာစုဆောင်းခြင်းကလန်မှ လူများ သူ့အား ပြန်လက်စားမချေဝံ့အောင်လည်း လုပ်မည် ဖြစ်၏။ သူက သူတို့ကို ကြောက်လန့်၊ပူပန်သွားအောင် လုပ်ရပေမည်။ သူ အဆင့်ကိုးဒေသအကြောင်း မသိခင်တုန်းက အနည်းငယ် ပူပန်နေသေး၏။ သို့သော် လီချန်မေထံကနေ အဆင့်ကိုးဒေသအကြောင်း သိရပြီးနောက် သူ့စိတ်ပူပန်မှုများ ရှိမနေတော့ပေ။

ဝမ်လင်းက ရုတ်တရက် ရပ်၏။ သူက ဖြည်းဖြည်းချင်း နောက်လှည့်သည်။ သူက သူ့ထံ လေပြင်းတစ်ခုအလား တိုးဝင်လာသည့် ဝူချင်းကို ကြည့်သည်။ ဝူချင်း၏မျက်လုံးတို့က သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နေသည်။ သူက ၎င်းစိတ်ဆန္ဒကို မဖုံးကွယ်ထားပေ။ ဝမ်လင်းက ဆက်၍ ထွက်မပြေးသည်ကို တွေ့မြင်သည့်အခါ သူ့ ညာလက်ကို ဝေ့ယမ်းကာ စွမ်းအားအပြည့်ဖြင့် ချက်ခြင်း တိုက်ခိုက်သည်။

သူက သူ့နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့် ကျင့်ကြံခြင်းကို အသက်သွင်းရာ သူ့ရှေ့တွင် ဧရာမတောင်တစ်လုံး ပေါ်လာသည်။ သူ လက်ဝေ့ယမ်းလိုက်ရာ ထိုတောင်သည် ဝမ်လင်းထံ စောင့်ကျလာသည်။

“ဂျူနီယာ…ငါ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့။ မင်းက ငါ့မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ ဂျူနီယာတစ်ယောက်ကို ထိခိုက်စေခဲ့တယ်။ဒါ့ကြောင့် မင်း အသတ်ခံရဖို့ ပြင်ထားတော့။ဒီနေ့ ဒီအဘိုးအိုက မင်းရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပြီး မင်း မူလစိတ်ဝိညာဉ်ကို ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ပစ်မယ်…”

ဝမ်လင်း၏အသွင်က အေးစက်စက်ပင်။ သူက သူ့ထံ နီးကပ်လာသည့် တောင်ကို စူးစိုက်ကြည့်၏။ ၎င်း သူ့အနား ငါးပေ အကွာရောက်လာချိန်၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လက်သီးတစ်လုံး ပစ်သွင်း၏။ လက်သီးချက်နှင့်တောင် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ ပေါက်ကွဲမည်ဟည်း၏။

မြေပြင်ထုမှာ အက်ကွဲသံများ ပဲ့တင်ထပ်၍ ၎င်းတောင်သည် မထင်မှတ်စွာ ပျက်စီးသွားသည်။ ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းကာ ခေါင်းယမ်း၏။ “ပျော့လွန်းတယ်…”

ဝူချင်းက မင်သက်သွား၏။သူ့အမူအရာပါ ပြောင်းလဲသွားသည်။ တုံ့နှေးမနေဘဲ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ အဖြူ၊အနက်လေပြင်းတစ်ခုစီ သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။ လေပြင်းနှစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်ကာ တစ်ခုနှင့်တစ်ခု ထိတိုက်ပြီး မီးခိုးရောင်ဝဲကတော့အသွင် ဖြစ်ပေါ်သည်။

“ကောင်းကင်ဘုံယံ အမြစ်ပြုတ်စေမဲ့ စွမ်းအား…” ဝူချင်းကအော်ဟစ်၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို ရှေ့တွန်းသည်။ ဝဲကတော့က ရုတ်တရက် ဖောင်းကြွကာ ကီလိုမီတာငါးထောင်အတွင်းရှိ မူလစွမ်းအင်အားလုံး ၎င်းအတွင်းသို့ စုပ်ယူခြင်း ခံရသည်။ ဝဲကတော့သည် ကောင်းကင်ကို ဖုံးအုပ်သွားဟန်ရကာ ဝမ်လင်းထံ သက်ဆင်း၏။

ဝူချင်း၏ စိတ်သည် အပြင်းအထန် တုန်လှုပ်နေသည်။ ဝမ်လင်း တောင်ကို လက်သီးတစ်ချက်ဖြင့် ချေမွပစ်သည့် မြင်ကွင်းက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်၍ ရတနာတစ်ခုကို ထုတ်ယူသည်။

ဤအခိုက်၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင်အေးစက်မှု၊သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်၏။ သူက ဤအခိုက်ကို စောင့်ဆိုင်းနေခြင်းသာ။

“ဝူချင်း…မင်း သေလိုက်တော့…” ဝမ်လင်းအသံက အေးစက်စက်လေပြင်းအလား။ ၎င်းအသံ ဝူချင်း၏ နားထဲ ကျရောက်သွားချိန်၌ သူ့အား အေးစိမ့်သွားစေသည်။

ဝမ်လင်းက ရှေ့သို့ လှမ်းကာ သူ့ညာလက်ကို တွန်းထုတ်၏။ သည်တိုက်ခိုက်မှုက ကီလိုမီတာငါးထောင်အတွင်းရှိ မူလစွမ်းအင်များကို ပရမ်းပတာ ဖြစ်သွားစေသည်။ တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့ညာလက်၏ နောက်ဘက်သို့ ဘယ်လက်နှစ်ချောင်းဖြင့် ခပ်သွက်သွက် ညွှန်သည်။

ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ကီလိုမီတာထောင်သောင်းချီအတွင်းရှိ မူလစွမ်းအင်အားလုံး ရုတ်ချည်းစုဝေးလာသည်။ဤမူလစွမ်းအင်များက ဝမ်လင်း၏ လက်ချောင်းထိပ်တွင် စုဝေးကာ သူ့ညာလက်ထံ စီးဝင်သည်။ ၎င်းက အံ့မခန်းအားတစ်ခုအဖြစ် ပြောင်းကာ ဝဲကတော့ထံ တိုးဝင်သည်။

မန္တာန်နှစ်ခုက မြန်ဆန်စွာ နီးကပ်ကာ ထိပ်တိုက်တွေ့ရာ ကောင်းကင်တုန်လှုပ်စေမည့် အက်ကွဲသံ ဖန်းလိုင်ဂြိုဟ်၏ ဤအစိတ်အပိုင်းမြေတွင် ပျံ့လွင့်သည်။ ဝမ်လင်း၏ ဘယ်လက်က ရပ်တန့်ခြင်းမရှိ။ သူ သူ့ညာလက်နောက်ဘက်ကို ထပ်ညွှန်သည်။

ဒုတိယအကြိမ် လက်ညွှန်ချိန်၌ ကီလိုမီတာငါးသောင်းအတွင်းရှိ မူလစွမ်းအင်အားလုံးး အရူးအမူး တရကြမ်း စုဝေးကာ ဝူချင်း၏မန္တာန်ဝဲကတော့ထဲသို့ ဝင်ရောက်ကုန်သည်။

ထိုမျှနှင့် အဆုံးမသပ်သွားပေ။ ဝမ်လင်းက သူ့ဘယ်လက်ကို ဆတ်ခနဲ ပြန်ရုတ်၏။ ထို့နောက် သူက ကောင်းကင်ထက်သို့ ရောက်ရှိသွားသည့်အလား တတိယမြောက်လက်ချောင်းကို ဖြစ်ပေါ်စေသည်။

သည်တစ်ကြိမ်၌ ဖန်းလိုင်ကုန်းမြေ၏ မူလစွမ်းအင်အားလုံး ပွက်ပွက်ဆူလာသည်ဟု ထင်ရကာ ဝမ်လင်း၏ ညာလက်ထံ စုဝေးသည်။၎င်းက အဖျက်အစီးအော်ရာတစ်ခုကို ဖြစ်စေကာ ဝဲကတော့ထံ ဦးတည်သည်။

ဝဲကတော့သည် တုန်ခါ၍ ချက်ခြင်း ပျက်စီးသည်။ ပြင်းထန်သောတုန်ခါလှိုင်းက အဘက်ဘက်သို့ ပျံ့နှံ့ကာ နေရာအနှံ့တွင် ဖုန်မှုန့်များ လွင့်စင်သည်။ မရေမတွက်နိုင်သော ကျောက်တုံးကျောက်စများ ပျံဝဲတက်ကုန်ကာ တုန်ခါလှိုင်းကြောင့် ပေါက်ကွဲသည်။

သူ့မူလခန္ဓာကိုယ် မပါလျင်ပင် ဝမ်လင်းက နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တစ်ယောက်ကို သတ်နိုင်သူ ဖြစ်၏။ ခုချိန်၌ သူ့မူလခန္ဓာကိုယ်ပါ ပိုင်ဆိုင်ထားရာ အရင်ထက် အဆများစွာ သူ သန်မာနေပြီ။ သူ့ခန္ဓာကိုယ်စွမ်းအားက အံ့မခန်း၊ ရှေးဟောင်းနတ်ဘုရား၏စွမ်းအားနှင့်အတူ သူ့သတ်ဖြတ်ခြင်းစွမ်းရည်က အရှိန်အဟုန်ဖြင့် တိုးလာခဲ့ပြီ ဖြစ်သည်။

လက်ချောင်းသုံးချောင်း သက်ဆင်းလာပြီးနောက် ဝမ်လင်းက ညာလက်ဖြင့် အောက်သို့ ရိုက်ချ၏။ သူ့မူလစွမ်းအင်ကို ဝူချင်းထံ ပေါက်ကွဲစေသည်။ ဝူချင်း၏မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွား၏။ အခုလို သေရေး၊ရှင်ရေးအချိန်၌ သူသည် နောင်တရနေဖို့ပင် အချိန်မရှိတော့ပေ။ ဝူချင်း၏ သိုလှောင်နေရာလွတ်ထဲမှ ရတနာများစွာ ပျံသန်းထွက်လာပြီး ဤတိုက်ခိုက်မှုအားကို တားဆီးလေ၏။

သို့ရာတွင် ဝမ်လင်းက အရှင်လုဖုထံကနေ သင်ယူထားခြင်း ဖြစ်၏။ သူက ၎င်းမန္တာန်၏ အနှစ်သာရကို မသင်ယူနိုင်ခဲ့သော်လည်း အရှင်လုဖု၏ ကျင့်ကြံမှုအဆင့်ကြောင့် ဤမန္တာန်၏ စွမ်းအားကား အရင်ကောင်းကင်ဘုံအင်ပါယာများကိုပါ သတိထားရစေ၏။ ဝူချင်း၏ ရတနာများက ဤမျှအစွမ်းထက်သည့် မန္တာန်ကို မည်သို့ တားဆီးနိုင်ပါ့မည်နည်း။

“ဘာသာပြန်သူမှတ်ချက်…အရှင်လုဖုသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ဝမ်လင်းက ရှေးဟောင်းနတ်ဘုရား၏ခန္ဓာကိုယ်ထဲ၌ သူ့တိုက်ခိုက်မှုကို ကြည့်ကာ ဤမန္တာန်ကို အတုယူခဲ့ခြင်း ဖြစ်သည်။)

ဝူချင်းသည် ဤမန္တာန်ကို ရပ်တန့်နိုင်မည့် လက်နက်ရတနာတစ်ခုခု ပိုင်ဆိုင်ဖို့ အဆင့်မမှီပေ။

ဝူချင်း၏ရတနာများ ပေါက်ကွဲထွက်၏။ထို့နောက် သူ့ရင်ဘက်ထံ လက်ဝါးနက်တစ်ခု ကျဆင်းသွား၏။ သူ့ဝတ်စုံမှာ စုတ်ပြတ်သပ်သွားကာ သူ သွေးအန်ရသည်။ ထို့နောက် သူက နောက်သို့ ဖြူရောသောမျက်နှာဖြင့် ဆုတ်၏။ သူ လုံးဝ တုန်လှုပ်မိနေပြီ။

“မင်းက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ မဟုတ်ဘူး…” ဝူချင်း၏ အလျင်စလိုအသံ ထွက်ပေါ်လာ၏။

“ဝူချင်း…ငါ မင်းကို လိုက်မပို့ပေးတော့ဘူး…” ဝမ်လင်းက မျက်လုံးမှိတ်၏။ သူ့ညာလက်ကို နောက်တစ်ကြိမ် ပင့်မြှောက်သည်။ မိုးကောင်းကင်ဘုံနယ်မြေမှ ဧရာမလက်ဝါးရာကို သူ့စိတ်ထဲကနေ ပုံဖော်၏။

ပထမ၌ သူသည် မိုးကောင်းကင်ဘုံနယ်မြေတွင် ဤတိုက်ခိုက်နည်း၏ နားလည်းမှုကို ရခဲ့၏။ သူက ၎င်းကို အမှန်တကယ် နားမလည်ခဲ့ချိန်ကပင် ပါရမီရှင်အနီရောင်လိပ်ပြာကို နောက်အတင်းဆုတ်စေနိုင်ခဲ့၏။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင်လည်း သူက ထိုနည်းစနစ်ကို ထပ်မံ နားလည်ခဲ့ကာ နတ်ဆိုးဗိုလ်ချုပ်မိုလီဟိုင်ကို တုန်လှုပ်စေခဲ့သည်။

ဒုတိယအကြိမ် သူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထံ ထပ်သွားခဲ့စဉ်ကလည်း ထိုလက်ဝါးရာက ကောင်းကင်ဘုံလှိုဏ်ဂူ၏ ရှစ်ထပ်မြောက်ကို ဖျက်စီးကာ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါကာ ဓားသူတော်စင်လင်းထျန်ဟူကိုလည်း တုန်လှုပ်စေခဲ့သည်။

မဟာမိတ်ကြယ်အဖွဲ့အစည်း၌ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ ခရမ်းရောင်တာအိုကလန်၏ အဖွဲ့ဝင်များ ထွက်ပြေးခြင်းကို တားဆီးနိုင်ဖို့လည်းသူက သည်နည်းစနစ်ကို ထပ်မံ အသုံးပြုခဲ့ပြီး မြင်ကွင်းရှိ လူတိုင်းကို သတ်ခဲ့သည်။ ဤအခိုက်အတန့်၌ ဝမ်လင်းက သည်မန္တာန်၏ နာမည်ကို သိရှိသွားခဲ့ပြီ ဖြစ်၏။

စစ်စိတ်ဝိညာဉ်လက်ဝါး။

အဆင့်ကိုးနတ်ဘုရားကလန်၊ စစ်စိတ်ဝိညာဉ်လက်ဝါး။

ထိုအတွေးများက သူ့စိတ်ထဲ၌ တစ်ခုပြီးတစ်ခု ချက်ခြင်း ပေါ်နေကာ သူက လေးကြိမ်မြောက် ဤမန္တာန်နည်းစနစ်ကို နားလည်ပြီး အသုံးပြုလိုက်ခြင်းပင်။ သူ့စိတ်ထဲရှိ တခြားအတွေးများ မရှိတော့ဘဲ ဤလက်ဝါးရာသာ ရှိ၏။

ထိုလက်ဝါးရာသည် အံ့မခန်းခွန်အားနှင့် ပြည့်နှက်ကာ သူ့ညာလက်ထဲသို့ စီးဝင်စေပြီး ရှေ့သို့ တိုးထွက်သွားပေပြီ။

ထိုလက်ဝါးချက်က လောကကိုပါ အရောင်များ ပြောင်းစေကာ မြည်ဟည်းပဲ့တင်စေသည်။

ဤလက်ဝါးချက်ထဲ၌ ပါဝင်သည့် စိတ်ဆန္ဒက ကောင်းကင်နှင့်မြေကြီးထက်တွင် ရပ်နိုင်သည့်အော်ရာတစ်ခု မည်၏။ ဧရာမလက်ဝါးက ကောင်းကင်နှင့်မြေကြီးကို ဖုံးအုပ်ကာ ဝမ်လင်း ရှေ့တွင် ပေါ်လာပြီး အံ့မခန်းဖိအားတစ်ခုဖြင့် ကျဆင်း၏။

ထိုလက်ဝါးချက်သည် ကောင်းကင်နှင့်မြေကြီးနှင့် တူ၏။ ၎င်းအောက်၌ ဝူချင်းကား ပုရွတ်ဆိတ်တစ်ကောင်နှင့် တူသည်။ ထိုလက်ဝါးချက် ပေါ်လာချိန်၌ ဖန်းလိုင်ကုန်းမြေရှိ မွန်းစတားအိုကြီးများအားလုံး၏ နတ်ဘုရားအာရုံများသည် ခြောက်ချားကုန်၏။

“စစ်…စစ်စိတ်ဝိညာဉ်လက်ဝါး၊အဆင့်ကိုးကလန်ရဲ့ စစ်စိတ်ဝိညာဉ်လက်ဝါး…”

ဝူချင်းက လုံးဝ ကြောင်ငေးသွား၏။ သူသည် မျှော်လင့်ချက်မဲ့မှုကို ခံစားရသည်။ သူက နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ဖြစ်လျှင်ပင် စစ်စိတ်ဝိညာဉ်လက်ဝါး၏ ဖိအားက သူ့အား သူ့ရှေ့တွင် လောကတစ်ခု ပြိုဆင်းကျသကဲ့သို့ ခံစားမိစေသည်။ ဒဏ္ဌာရီထဲမှ ဤစစ်စိတ်ဝိညာဉ်လက်ဝါးက သူ့ရှေ့တွင် ပေါ်လာခဲ့ပေပြီ။

သူ့စိတ်ထဲ၌ စစ်စိတ်ဝိညာဉ်လက်ဝါးတစ်ခုမျှသာ မဟုတ်၊ နတ်ဘုရားကလန်တစ်ခုလုံးဟု ထင်သွား၏။

သူက ထိတ်လန့်တကြား အော်ဟစ်ကာ နောက်သို့ အရူးအမူး ဆုတ်၏။ အခုချိန်၌ သူသည် ဒဏ်ရာပြင်းထန်နေသည်ကိုပါ ဂရုမစိုက်နိုင်တော့ပေ။ သူက ထွက်ပြေးဖို့တစ်ခုသာ တွေးနေမိ၏။ သို့ရာတွင် သူ့အမြင်အပြည့် ဖုံးအုပ်လာသည့်အထိ ဆက်တိုက်ကြီးမားလာသော လက်ဝါးချက်ခံကနေ မည်သို့ လွတ်မြောက်နိုင်ပါ့မည်နည်း။

လက်ဝါးချက်က ဝူချင်းကို ထိမှန်သွား၏။ မြေပြင်ထုတစ်ခုလုံး တုန်ဟည်း၏။ ဝူချင်း၏ခန္ဓာကိုယ်က သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ထွက်ပြေးသည့် သူ့မူလစိတ်ဝိညာဉ်လည်း လက်ဝါးချက်ထံကနေ မလွတ်မြောက်နိုင်ပေ။ မိစ္ဆာစုဆောင်းခြင်းကလန်၏ အကြီးအကဲ ဝူချင်း သေသွားပြီ ဖြစ်၏။

ဝူချင်း သေဆုံးသွားချိန်၌ ဝမ်လင်းက ဝူချင်း သိုလှောင်အိတ်ဖွင့်လှစ်သောနေရာထံသို့ လှမ်း၏။ ဝူချင်း ရောက်ရှိလာပြီး အချိန်တိုအတွင်း ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။ ဤသတ်ဖြတ်မှုက ချက်ခြင်းလိုလို သတ်ပစ်မှု မဟုတ်သော်လည်း အလွန်ရှင်းလင်းသည်။

ဝူချင်း၏ သိုလှောင်လွတ်ပင် ပြန်ပိတ်ဖို့ အချိန်မရလိုက်ပေ။ သူ သေသွားချိန်၌ သိုလှောင်လွတ်ပေါ်ရှိ သူ့အမှတ်အသားက ပျောက်ကွယ်ကာ မြန်ဆန်စွာ ပြန်ပိတ်၏။ ၎င်း လုံးဝ ပိတ်ဆို့မသွားခင် ဝမ်လင်းက ညာလက်ဖြင့် အတွင်းသို့ နှိုက်ကာ သိုလှောင်အိတ်တွင်းမှ အရာအားလုံးကို ခပ်ကြမ်းကြမ်း ဆွဲယူ၏။

ယခုအချိန်ထိ လက်ဝါးချက်က လွင့်ပြယ်မသွားသေးပါ။ ၎င်းက ပို၍ ရူးသွပ်ဟန်ဖြင့် ရှေ့သို့ ဆက်ရွှေ့သွား၏။၎င်းက အံ့မခန်းအားဖြင့် ရှေ့ဆက်ရွှေ့ကာ မြေပြင်ထုအား တုန်ဟည်းစေ၏။လက်ဝါးချက်က မြေပြင်မျက်နှာပြင်ထက် ဖြတ်သန်းသွားရင်း ဖန်းလိုင်ကုန်းမြေတစ်ခုလုံးပင် ပျက်စီးသွားတော့မည့်အလား တုန်ခါလေ၏။

လက်ဝါးချက်က ရှေ့သို့ ဆက်သွားနေရင်း အဆုံးမဲ့မူလစွမ်းအင်များ စုဝေးသည်။ ထိုလက်ဝါးချက်က ကောင်းကင်ယံထိ ထွင်းဖောက်ကာ တိမ်များကို တစစီဖြစ်စေပြီး ကောင်းကင်ထက်တွင် အက်ကြောင်းများ ပေါ်လာစေသည်။

ဖန်းလိုင်ကုန်းမြေတွင် တော်လဲသံများ မြည်ဟည်းပဲ့တင်ထပ်၏။ ထိုမြည်သံများက စစ်စိတ်ဝိညာဉ်လက်ဝါး ထွက်ပေါ်လာမှုကို ကြိုဆိုနေသလား မှတ်ထင်ရသည်။

လက်ဝါးချက်က မြန်သထက်မြန်မြန် ရွှေ့လျားကာ ပိုများပြားသော မူလစွမ်းအင်များကို စုပ်ယူ၏။သိပ်မကြာခင်တွင် ၎င်းက ဝမ်လင်း၏ ထိန်းချုပ်မှုကို ချိုးဖျက်သွားတော့၏။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ရိုးရှင်းစွာ ပြန်သိမ်းဆည်းပြီး ၎င်းကို ရှေ့သို့ ဆန္ဒရှိသလို ဆက်သွားစေသည်။

မြေပြင်ထုက သာ၍သာ၍ တုန်ခါလာ၏။ လက်ဝါး၏အမြန်နှုန်းမှာ အထွတ်အထိပ် ရောက်လာ၏။ ၎င်း၏အမြန်နှုန်းက နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူထက် နှေးလိမ့်မည် မဟုတ်ပါ။ မျက်စိတစ်မှိတ်အတွင်း ၎င်းလက်ဝါးချက်က ဖန်းလိုင်ကုန်းမြေ၏ အရှေ့ဘက်ပိုင်းရှိ မြောလွင့်နေသောမြို့များထံ ပျံသန်းရောက်ရှိလာ၏။

ဤမြင်ကွင်းကာ သိသာစွာ တုန်လှုပ်ဖွယ်ကောင်း၏။ ဖန်းလိုင်ကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးပါ မင်သက်နေသည်။ လက်ဝါးက အကွာအဝေးတစ်ခုကနေ သူတို့ထံ တိုးဝင်လာသည်ကို တွေ့မြင်သည့်အခါ သူတို့အားလုံး မြို့ထဲကနေ ပျံသန်းထွက်လာကြသည်။

ချက်ခြင်းလိုလို လက်ဝါးက နီးကပ်လာပြီး မြောလွင့်နေသောကျောက်တုံးများထဲမှ တစ်ခုအား ဝင်တိုက်၏။ ထိုကျောက်တုံးမှာ ချက်ခြင်းပျက်စီး၍ ၎င်းကျောက်တုံးပေါ်ရှိ မြို့သည်လည်း လုံးဝ ပျောက်ကွယ်သွားသည်။ထိုအဖြစ်ကလည်း လက်ဝါးချက်ကို ရပ်တန့်သွားနိုင်စွမ်း မရှိသေးပေ။

လက်ဝါးချက် ဖြတ်သန်းသွားနေရင်း အဆုံးမဲ့တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ညာဘက်ခြမ်းရှိ ကျောက်တုံးဆယ်တုံးကျော် ပျက်စီးသွားခဲ့ပြီ။ လက်ဝါးက ဗဟိုရှိ ပင်မမြို့၏ ညာဘက်ခြမ်းကို ဖြတ်သန်းသွားကာ ဤမြို့တည်ထားရာ ကျောက်တုံးကြီးကိုပါ ဘယ်ဘက်သို့ အနည်းငယ် တိမ်းစောင်းသွားစေသည်။

လောကတွင် တုန်ဟည်းသံများသည် ကြီးစိုးကုန်၏။ လက်ဝါးချက်က ပင်မမြို့၏ အရှေ့ဘက်ခြမ်းကို ထိုးထောက်လာပြီး လေဟာနယ်ထဲထိ တိုးထွက်သွားသည်။

လက်ဝါးတစ်ချက်က ကောင်းကင်နှင့်မြေကြီးကို ထွင်းဖောက်နိုင်ခြင်း။ ၎င်းက ဖန်းလိုင်ကုန်းမြေ၏ အကာအကွယ်အတားအဆီးကိုပါ ချိုးဖျက်၍ ဟင်းလင်းပြင်ထိ ရောက်ရှိသွားသည်။ မြူပမာဏများစွာက လက်ဝါးထဲသို့ ဝင်ရောက်ကာ ၎င်း၏စွမ်းအားကို ပို၍ မြင့်မားသွားစေပြန်သည်။

ဖန်းလိုင်ကုန်းမြေနှင့် သိပ်မဝေးသောနေရာတွင် အရိုင်းကုန်းမြေတစ်ခု ရှိ၏။ ၎င်းက ရတနာကျောက်စိမ်းကလန်၏ တားမြစ်နေရာ ဖြစ်၍ ပြင်ပကျင့်ကြံသူများကို ခြေချခွင့် မပေးပေ။ ထိုလက်ဝါးက ယင်းနေရာထံ တန်းတန်းမတ်မတ် ဦးတည်သည်။

ဤအခိုက်တွင် လက်ဝါးသည် အဆုံးမဲ့မြူများကို စုပ်ယူကာ မျက်စိဖြင့် မဆန့်လောက်အောင် ကြီးမားသည့် လက်ဝါးကြီးအဖြစ် ပြောင်း၏။၎င်းက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်ဝါးချက်အလား ဤအရိုင်းကုန်းမြေထံသို့ ကျရောက်သွားသည်။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

အံ့မခန်းတုန်ခါလှိုင်းများ ကြယ်ရောင်စုံကောင်းကင်ထက်ကနေ ထွက်ပေါ်လာသည်။ အရိုင်းကုန်းမြေသည် ပြင်းပြင်းထန်ထန် တုန်ခါကာ မရေမတွက်နိုင်သည့် အစိတ်အပိုင်းများအဖြစ် ပျက်စီးသွားတော့မည့်အလား ထင်မှားရသည်။

ထိုအခါကျမှ လက်ဝါးချက်သည် ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည်ပင် တုန်လှုပ်နေမိ၏။ သူက ထိုလက်ဝါးချက်က သူ့ထိန်းချုပ်မှုကနေ လွတ်သွားသည်နှင့် အခုလိုမျိုး အစွမ်းထက်လှမည်ဟု သူ မထင်ထားမိပေ။ သူက မိုးကောင်းကင်ဘုံနယ်မြေတွင်လည်း အတိတ်တုန်းက လက်ဝါးရာမှာ အခုလိုမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ခပ်ရေးရေးခန့်မှန်းမိသည်။

အကွာအဝေးတစ်ခု၌ မိစ္ဆာစုဆောင်းခြင်းကလန်မှ သက်လတ်ပိုင်းလူသည် ထိုအခြင်းအရာများကို ကြည့်ကာ ပင့်သက်ရှိုက်မိ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်သည်။ ဝမ်လင်းက သူ့စိတ်ကို မုန်တိုင်းထန်စေခဲ့ပေပြီ။

“ဒါ…ဒါက စစ်စိတ်ဝိညာဉ်လက်ဝါးချက်ပဲ။ဒီလူရဲ့နောက်ခံပုံရိပ်က…”

သူ့မျက်နှာမှာ ဖြူရော၏။ သူက တုန်လှုပ်နေမိသည်။ သူ့စိတ်ထဲရှိ ကြောက်လန့်မှုကြောင့် သူက ဝူချင်းအတွက် လက်စားပြန်ချေဖို့ကိုပါ မတွေးနိုင် ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် ဖန်းလိုင်ကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးလည်း တုန်လှုပ်နေ၏။ အထူးသဖြင့် သည်ဧရိယာပတ်လည်ကို သူတို့၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးနေသော မွန်းစတားအိုကြီးများပင်။ သူတို့အားလုံး မင်သက်မိနေသည်။

အရှင်ဟွေစုန်က မျက်လုံးပြူးနေ၏။ သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ချေမွကာ သူ့ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်မိသည်။ သူ့စိတ်သည် တုန်လှုပ်၏။ သူ့မျက်နှာမှာ ဖြူရောကာ သူသည် နှုတ်ခမ်းအလိုလို သပ်မိသည်။

“သူ…သူ…သူက ဘယ်လိုလူစားမျိုးလဲ…”

ပညာတတ်အမျိုးသားနှင့် လှပသောအမျိုးသမီးတို့သည်လည်း ဧရာမလက်ဝါးရာကြီး ဖြတ်သန်းသွားချိန်၌ စားသောက်ဆိုင်က‌နေ ထွက်လာခဲ့ကြပြီ ဖြစ်သည်။မြို့တစ်ဝက်က ဖျက်စီးခံလိုက်ရပေပြီ။

လှပသောအမျိုးသမီး၏ အမူအရာမှာ ဖြူရောနေ၏။ သူမ၏ မျက်လုံးသူငယ်အိမ်ပါ ကြုံ့မိသည်။ သူမ၏ စိတ်မှာ တုန်လှုပ်နေ၏။ သူမသည် ပြောစရာစကားပါ မဲ့နေ၏။ သူမသည် ဝမ်လင်းကို ဒီကျင့်ကြံသူလေး ဟု ခေါ်ခဲ့၏။ သို့သော် သူမ၏ စိတ်သည် ခုချိန်၌ မယုံကြည်နိုင်မှု၊ အေးစိမ့်မှုတို့ဖြင့် ပြည့်နှက်လေ၏။

“ဝူချင်းကို သတ်ပြီး စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုတာ။ ဒီလူ…ဒီလူက ဘယ်လိုမှ ရန်မစသင့်ဘူး…”

ပညာတတ်အမျိုးသားက ပင့်သက်ရှိုက်နေမိသည်။ သူ့မျက်လုံးက တောက်ပနေ၏။ သို့ရာတွင် ထိုတောက်ပမှုက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖုံးကွယ်ပေးဖို့ရာ မစွမ်းသာပေ။

သိပ်မဝေးသောနေရာရှိ အမာရွတ်များနှင့် အဘိုးအိုသည်လည်း နေရာတွင်ပင် တောင့်တင်းနေမိ၏။ သူသည် ဖြစ်ပျက်ခဲ့သည်ကို မယုံကြည်နိုင် ဖြစ်နေသည်။

“သူက နတ်ဘုရားကလန်က လာတဲ့သူလို့ ငါ မထင်မိဘူး။ စစ်စိတ်ဝိညာဉ်လက်ဝါးက တကယ့်ကို ကြောက်လန့်စရာပဲ…”

ပိန်ကပ်ကပ်ဝတ်စုံနက်ဖြင့် အဘိုးအိုက ကံအကောင်းဆုံးပင်။ အခုချိန်၌ သူ့လက်ထဲရှိ အလုံးနှစ်လုံးကို လှည့်ပတ်ဆော့ကစားခြင်းကိုပါ ရပ်ထားမိ၏။ သူ့နှဖူးထက်တွင် ချွေးစေးများ ပြန်နေသည်။သူက အသက်ခပ်ပြင်းပြင်းရှုသွင်းသည်။

“ကံကောင်းစွာနဲ့…ဝူချင်းက အရင်ဆုံးသွား တိုက်ခိုက်လို့ပေါ့။ မဟုတ်ရင် သေရမယ့်လူက ငါ ဖြစ်မှာ။ မိစ္ဆာစုဆောင်းခြင်းကလန်က နတ်ဘုရားကလန်က တစ်ယောက်ယောက်ကို ရန်စမိတဲ့အတွက် သိပ်မကြာခင် အမြစ်ဖျက်ခံရတော့မယ်…”

ဝမ်လင်းကို ကြယ်မြေပုံ ရောင်းခဲ့သည့် အစိမ်းရောင်ဝတ်စုံဖြင့် အဘွားအိုလည်း ရှိသေး၏။ သူမသည် စိတ်ထဲရှိ တုန်လှုပ်မှုကို မနည်းဖိနှိပ်ထားရသည်။ သူမက လက်ဝါးချက်ကြောင့် ကျန်ခဲ့သည့် အပျက်အစီးပုံကို ကြည့်နေသည်။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို သိလိမ့်မည် မဟုတ်ပေ။

တုန်လှုပ်မိဆုံးက ထျန်လီဟိုင် ဖြစ်၏။သူက အာစေးနေမိသည်။ သူသည် လုံးဝ လန့်နေမိပြီ။ သူသာ ဝမ်လင်းနှင့် ထပ်ရင်ဆိုင်ရပါက အရင်ကလို တည်ငြိမ်နိုင်တော့မည် မဟုတ်ပေ။ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တိုင်းသည် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တစ်ယောက်ကို အခုလို မြန်ဆန်စွာ သတ်ပစ်နိုင်သည့် လူမျိုးကို အလွန်အမင်း ကြောက်လန့်နေမိပြီ ဖြစ်၏။

သူတို့အပြင် ကလန်အမျိုးမျိုးမှ ကျင့်ကြံသူများ၊ လေလံပွဲအတွက် သည်နေရာသို့ ရောက်လာကြသည့် မွန်းစတားအိုများလည်း ရှိသေး၏။ အထူးသဖြင့် စောနက တိုက်ပွဲကို နတ်ဘုရားအာရုံဖြင့် မြင်လိုက်ကြသူများပင်။ သူတို့သည် အနောက်ဘက်သို့ စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေလျက်။ သူက သူ့ဝတ်စုံပေါ်ရှိ ဖုန်များကိုပါ ခါထုတ်လိုက်သေးသည်။ သူက ရှေ့သို့ ဆက်လျှောက်၏။ သူ့ရှေ့ သိပ်မဝေးသောနေရာတွင် တည်းခိုးခန်းမှာတုန်းက ပုန်းနေခဲ့သော သက်လတ်ပိုင်းလူ ရှိနေ၏။

“မင်း နောက်ကျသွားပြီ…”

***

Comment

  1. Phawt MuSha says:

    👍

  2. Anonymous says:

    နောက်ပိုင်းအဆက်တွေထက်မလာတော့ဘူးလားဆရာ

Leave a Reply

Options

not work with dark mode
Reset