ဝူချင်းသည် ပြုံး၏။ သူသည် ခွန်းတုန့်မပြန်ပေ။ သူ ပျော်နေသလား၊ဒေါသထွက်နေသလား ပြောဖို့ ခက်လှသည်။
ထိုပိန်ပိန်ပါးပါးအဘိုးအို ထုတ်ယူလိုက်သည့် အရာနှစ်ခုက ဤနေရာရှိ လူတိုင်း၏ စိတ်ဝင်စားမှုကို မြင့်တက်လာစေသည်။ ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် အဆင့်ဆယ့်နှစ်သားရဲကို စိတ်ဝင်စား၏။ သို့သော် ၎င်း၏တန်ဖိုးမှာ နိမ့်လိမ့်မည် မဟုတ်ပေ။ အကြောင်းကား ၎င်းက မြူသားရဲတစ်ပိုင်း ဖြစ်နေကာ ၎င်း၏တန်ဖိုးက ပို၍ပင် မြင့်လေဦးပေမည်။
ထို့အတွက်ကြောင့် လူများက ၎င်းသားရဲအတွက် ကမ်းလှမ်းမှုများ ပိုလုပ်ကြပေမည်။
သို့ရာတွင် ထိုအဘိုးအိုက အခုထိ ခေါင်းမညိတ်သေးပေ။ ထို့ကြောင့် အခန်းထဲရှိ ကျင့်ကြံသူများကို မျက်မှောင်ကြုံ့သွားစေသည်။
အရှင်ဟွေစုန်က ပူဖောင်းကို စူးစိုက်ကြည့်ကာ သူ့မျက်ဝန်းက တောက်ပသွားသည်။ အချိန်အတန်ကြာပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထိုအဘိုးအိုထံသို့ ဈေးစကား ပို့သည်။ အဘိုးအို၏အမူအရာသည် ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းယမ်းသည်။
အရှင်ဟွေစုန်သည် သက်ပြင်းချ၏။ သူသည် ဆက်၍ မကမ်းလှမ်းတော့ပေ။
ထိုအခိုက်အတန့်၌ မလှုပ်မယှက်ရှိနေသည့် အဘွားအိုက သူ့ညာလက်ကို ဝေ့ယမ်းသည်။ကျောက်စိမ်းပြားတစ်ခုက ထိုအဘိုးအိုထံ ပျံသန်းသွား၏။ အဘိုးအိုက ကျောက်စိမ်းပြားကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်သည်။သူ့မျက်လုံးက တောက်ပသွား၏။ သူသည် မျက်လုံးမှိတ်ကာ အချိန်အတန်ကြာသည့်အထိ စဉ်းစားနေ၏။ သို့သော် အခုထိ သူက ခေါင်းမညိတ်သေးပေ။
“ငါ အဆင့်ခြောက်ဒေသမြေပုံတစ်ခုကိုပါ ထပ်ပေါင်းပေးမယ်။ ဒီမြေပုံက အချိန်အကြာကြီး သတင်းအချက်အလက်တွေ စုဆောင်းပြီး ငါ ကိုယ်တိုင် ပြုလုပ်ခဲ့တာ။ ဒါက ဒီဒေသရဲ့ နေရာအားလုံးကို ခြုံငုံတယ်လို့ မပြောဝံ့ပေမယ့် ဒီမြေပုံထဲမှာ အဆင့်ခြောက်ဒေသရဲ့ အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းနေရာတွေကို ဖော်ပြထားတယ်။ ဒါ့အပြင် ငါ သိထားတဲ့ အရိုင်းကုန်းမြေတော်တော်များများလည်း ပါသေးတယ်…”
ထိုအဘွားအိုသည် ဤကဲ့သို့ ဖြည်းဖြည်းချင်း ပြောလာ၏။
“ငါ သင့်ရဲ့ ကြယ်မြေပုံကို မလိုချင်ဘူး။ နောက်ထပ် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း ထပ်ပေးပါ…”
ပိန်ပိန်ပါးပါး အဘိုးအိုက မျက်လုံးဖွင့်လာကာ ဆို၏။
အဘွားအိုသည် မျက်မှောင်ကြုတ်သွားသည်။ သူမက ပြောသည်။ “ငါ့မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ မရှိဘူး။ ဒီမြေပုံပဲ ရှိတာ…”
သူမသည် ပူဖောင်းထဲရှိ စိတ်ဝိညာဉ်သားရဲကို ကြည့်သည်။ ထိုသားရဲကို သူမ လိုချင်နေမိ၍ ဈေးကောင်းပေးထားခဲ့ပြီးပင်။ သို့သော် တစ်ဖက်လူက အခုထိ သဘောမတူသေးပေ။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခပ်တိုးတိုး ပြောသည်။ “ငါ ကြယ်မြေပုံအတွက် ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်း ကမ်းလှမ်းတယ်…”
ဝမ်လင်းက ထိုအစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို ကြည့်သည်။
ယင်းအဘွားအိုကလည်း သူ့ကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ သူမသည် ခေါင်းညိတ်ကာ ဝမ်လင်းထံ ကျောက်စိမ်းပြားတစ်ခု ပစ်ပေးသည်။
သူတို့ အရောင်းအဝယ်ပြီးသည့်နောက် ဝမ်လင်းက ၎င်းကျောက်စိမ်းပြားကို သိမ်းဆည်း၏။
ထိုအဘွားအိုနှင့် ပိန်ပါးပါးအဘိုးအိုတို့၏ ရောင်းဝယ်မှုလည်း အောင်မြင်သွားသည်။ ထိုအဘိုးအိုက ပြုံး၍ ဝမ်လင်းကို ခေါင်းညိတ်ပြသည်။
ဝမ်လင်း၏ ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်းက ဤနေရာရှိ မွန်းစတားအိုများ သူ့အား အနည်းငယ် အာရုံစိုက်လာစေသည်။ သို့ရာတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်းက တုန်လှုပ်ဖွယ်ရာ ပမဏတစ်ခုတော့ မဟုတ်သေးပေ။ ဝမ်လင်းကို လှမ်းကြည့်ပြီးနောက် သူတို့၏အကြည့်က အမွှေးတောင်ပေါ်သို့ ကျရောက်သည်။
မျက်နှာထက်တွင် အမာရွတ်များနှင့် အဘိုးအိုက သူ့လက်ချောင်းထိပ်ရှိ ကွင်းကို ထိကိုင်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ “အတိတ်တုန်းက ဟင်္သာငှက်ဟာ သေဆုံးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးတောက်တွေအဖြစ် ပေါက်ကွဲသွားတယ်။ဒါ့ကြောင့် ဒီငှက်မွှေးတောင်က မူလငှက်မွှေးမဟုတ်တာ သိသာတယ်။ ငါ ကောင်းကင်ဘုံကျောက်စိမ်း သုံးထောင် ကမ်းလှမ်းမယ်…”
“ကောင်းကင်ဘုံကျောက်စိမ်းငါးထောင်…” ဝူချင်းက ခပ်ဖျော့ဖျော့ပြုံးသည်။
“ဒီငှက်မွှေးက တကယ် လှတယ်။ ငါ ရှစ်ထောင် ကမ်းလှမ်းမယ်…”
လှပသောအမျိုးသမီးငယ်က တခစ်ခစ်ရယ်၍ ပြောသည်။
ဝမ်လင်းက ငှက်မွှေးတောင်ကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ သူက ဖြည်းဖြည်းချင်း တည်ငြိမ်စွာ ပြောသည်။ “ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်း…” သူ သည်ငှက်မွှေးကို ရမှ ဖြစ်မည်။
ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်းဟု ထပ်ဆိုသည့်နောက် ပညာတတ်လူငယ်သည်ပင် တုန်လှုပ်ဟန် ဖြစ်ပေါ်သွားသည်။သူက ဝမ်လင်းကို သေချာ ကြည့်သည်။
လှပသောအမျိုးသမီး၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူမက ထပ်ဆိုသည်။ “ဒီမိတ်ဆွေလေးမှာ ကောင်းကင်ဘုံကျောက်စိမ်း တော်တော် ရှိတဲ့ပုံပဲ။ ဒါပေမဲ့ ဒီအမွှေးတောင်က တကယ့်ကို လှတာ။ဒါ့ကြောင့် ငါ ဒါကို လက်လွှတ်ဖို့ ခက်နေတယ်…”
အမာရွတ်ဖြင့်အဘိုးအိုကလည်း ဝမ်လင်းကို ကြည့်သည်။ ထို့နောက် သူက အပြုံးတုတစ်ခု ပြုံး၍ ပြောသည်။ “သောင်းသုံးထောင်…”
ဝူချင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက ပြောသည်။ “တစ်သောင်းခွဲ…”
ထိုသို့ ပြောပြီးနောက် သူက ဝမ်လင်းကို ကြည့်သည်။ သူသည် ဤငှက်မွှေးတောင်ကို မလိုအပ်ပေ။ သို့သော် သူက ဝမ်လင်း ဈေးကမ်းသည်ကို တွေ့သည့်အခါ ဒီလူ့ထံတွင် ကျောက်စိမ်းပြား မည်မျှ ရှိသည်ကို သိချင်လာမိသည်။ ဤအခိုက်အတန့်၌ သူသည် တည်းခိုးခန်းတွင် သက်လတ်ပိုင်းလူ ပြောခဲ့သည့် ဝမ်လင်းကို ရန်မစဖို့ ပြောခဲ့ခြင်းကိုပါ မေ့သွားခဲ့သည်။
လှပသောအမျိုးသမီးက ရယ်မော၍ ပိန်ပိန်ပါးပါးအဘိုးအိုထံ စကားပို့၏။
ထိုအဘိုးအိုက လှပသောအမျိုးသမီးငယ်ကို ကြည့်ကာ ပြောသည်။ “ဒါက ငါ့ကို လျှို့ဝှက်ကမ်းလှမ်းစရာ မလိုတဲ့ လေလံပဲ။ အမြင့်ဆုံးပေးနိုင်တဲ့ ဘယ်သူမဆို ဒါကို ရမယ်…”
“ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သောင်း…” ထိုအမျိုးသမီးငယ်က စိတ်အနှောက်အယှက် မဖြစ်သွားဘဲ ဈေးခေါ်၏။
ဝမ်လင်းသည် တည်ငြိမ်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ထပ်၍ ဆိုသည်။ “သုံးသောင်း…”
ထိုသို့ ပြောလိုက်သည့်နောက်တွင် ပတ်ဝန်းကျင်ဟာ ချက်ခြင်း တိတ်ဆိတ်သွားသည်။ လှပသောအမျိုးသမီးက ဝမ်လင်းကို ထပ်မံ ကြည့်သည်။သူမ၏မျက်ဝန်းတို့က အလေးအနက် ဖြစ်လာသည်။နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ပင် မရောက်သေးဘဲ ကောင်းကင်ဘုံကျောက်စိမ်းပြား သုံးသောင်း ထုတ်နိုင်သည့် လူ၏ နောက်ကွယ်တွင် အင်အားကြီးတာ တစ်ခုခု ရှိကို ရှိရပေမည်။ ထို့အပြင် ဤလူက အရှင်ဟွေဟုန်၏ သီးသန့်လေလံပွဲကိုပါ လာနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူသည် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။လူတစ်ယောက်ကို ထိုသူ၏ ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းသာ ကြည့်၍ မရပေ။
အနည်းငယ် စဉ်းစားပြီးနောက် ထိုအမျိုးသမီးက ခေါင်းယမ်းကာ ဆက်၍ မကမ်းလှမ်းတော့ပေ။
သူမသာမက အမာရွတ်များဖြင့် အဘိုးအိုကပါ ဝမ်လင်းကို ကြည့်၍ ခေါင်းယမ်း၏။
ပညာတတ်လူငယ်က ဝမ်လင်းကို ပို၍ စိတ်ဝင်စားလာဟန်ဖြင့် ကြည့်သည်။ သူသည် ဝမ်လင်း ပထမဆုံး ဝင်လာချိန်တည်းက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများရှေ့တွင်ပင် အလွန်အမင်း တည်ငြိမ်သည်ကို သတိပြုမိ၏။ အနည်းငယ်မျှပင် မသက်မသာ ဖြစ်ပုံ မရချေ။
အခြားနိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆိုပါက သူတို့သည် အခုလိုမျိုး နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူများနှင့် ရတနာများအတွက် ပြိုင်ဆိုင်ဝံ့ကြလိမ့်မည် မဟုတ်ပေ။
သားရဲစိတ်ဝိညာဉ်ကို ရရှိသွားသည့် အဘွားအို၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားသည်။ သူမက ဝမ်လင်းကို ကြည့်ကာ စဉ်းစား၏။
အရှင်ဟွေဟုန်ကတော့ ပြုံး၍သာ နေ၏။ သူက အရာရာကို စောင့်ကြည့်နေသည်။ သူက ဝမ်လင်းထံ၌ ကောင်းကင်ဘုံကျောက်စိမ်းပြားအများကြီးရှိနေခြင်းကို အံ့အားမသင့်မိပေ။ သူ ချူယောင်လုံကို စရန်အဖြစ် ပေးခဲ့သော ပမာဏကပင် ကောင်းကင်ဘုံကျောက်စိမ်းပြား ထောင်ချီ၏။ ထိုအချက်ကပင် ဝမ်လင်း၏ သတ္တိနှင့်ပြတ်သားမှုကို သက်သေပြနေသည်။
ပိန်ပါးပါး အဘိုးအိုက ရယ်၏။ သူသည် စကားပြောရန် ပြင်သည်။ သို့သော် ထိုအခိုက်မှာ ဝူချင်းက ရယ်မော၍ ဆို၏။ “သုံးသောင်းခွဲ…။ရောင်းရင်းကျင့်ကြံသူလု…ဒီအဘိုးအိုက သင်နဲ့ ပြိုင်ချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီငှက်မွှေးကို အသုံးပြုစရာ ရှိနေတယ်…”
“လေးသောင်း…” ဝမ်လင်း မျက်မှောင်ကြုံ့သည်။
“လေးသောင်းခွဲ…” ဝူချင်းက ပြုံးနေဆဲပင်။ သူက သူ့ရှေ့ရှိ လူသည် ထိပ်ဆုံးထိ လိုက်ဝံ့မလား၊မလိုက်ဝံ့ဘူးလား သိချင်နေမိသည်။
“ငါးသောင်း…” ဝမ်လင်း၏အသွင်က တဖြည်းဖြည်း အေးစက်လာသည်။
“ငါးသောင်းငါးထောင်…” ဝူချင်းသည် ပြုံးနေဆဲ။ ဤနေရာရှိ လူတိုင်းသည် နှစ်ထောင်သောင်းချီ နေထိုင်ခဲ့ပြီးသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့က ဝမ်လင်းနှင့် ကစားလိုသည့် ဝူချင်း၏ ရည်ရွယ်ချက်ကို သိသည်။
လှပသောအမျိုးသမီးက မျက်မှောင်ကြုံ့သည်။ သူမသာမက အခြားမွန်းစတားအိုကြီးများသည်လည်း မျက်မှောင်ကြုံ့သည်။ သူတို့အားလုံး ဤနေရာသို့ ရောင်းဝယ်မှုပြုရန် ရောက်လာကြခြင်းဖြစ်ရာ ရန်ငြှိုးမဖြစ်ရအောင် အေးအေးဆေးဆေး ပြုမူကြသည်။
အရှင်ဟွေစုန်သည်ပင် မပျော်မရွှင်ဖြစ်ဟန် ပေါက်သွားသည်။
“ရောင်းရင်းကျင့်ကြံသူဝူက ငါနဲ့ အဆုံးသပ်ထိ ပြိုင်ဆိုင်တော့မယ် ဆိုပါစို့…”
ဝမ်လင်းသည် ဒေါသထွက်နေပေပြီ။ သို့သော် သူက ပြုံး၍ ဝမ်လင်းကို ထည်ဝါစွာ ကြည့်သည်။
“ငါ ဒါကို ထပ်မလိုချင်တော့ဘူး…” ထိုသို့ ပြောပြီးနောက် သူသည် မျက်လုံးမှိတ်ကာ သူ့သတ်ဖြတ်ချင်စိတ်ကို ဖုံးထားလိုက်သည်။
ဝူချင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ရယ်မော၏။ “အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ…”
သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ထိုပိန်ပါးပါးအဘိုးအိုနှင့် အရောင်းအဝယ် ပြုသည်။
ဝူချင်း၏ နှောက်ယှက်မှုကြောင့် ဤလေလံပွဲက တဖြည်းဖြည်း လောလာ၏။ လူတိုင်းသည် သူတို့ ရောင်းချင်သည့် အရာများကို ထုတ်ကြသည်။ဝမ်လင်းပင် ပစ္စည်းအချို့ကို ထုတ်သေး၏။
လေလံပွဲ အပြီးသပ်ဖို့ အချိန်သိပ်မကြာလိုက်ပေ။ လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။
“ဒီလူ့မှာ ကောင်းကင်ဘုံကျောက်စိမ်းပြား တော်တော်လေး ရှိနေတာပဲ…”
ဝူချင်းသည် ထွက်ခွာသွားချိန်၌ပင် ပြုံးနေသေး၏။ သူက အခန်းထဲကနေ ထွက်မသွားခင်မှာ ဝမ်လင်းကို ကြည့်သွားသေးသည်။
ဤအခိုက်၌ ဝမ်လင်းနှင့်အရှင်ဟွေစုန်တို့သာ အခန်းထဲ၌ ကျန်ခဲ့၏။ ချူယောင်လုံသည်လည်း တစ်ခြားမွန်းစတားအိုကြီးများနှင့်အတူ ထွက်သွားခဲ့ပြီ ဖြစ်သည်။
“ဝူချင်းကို ဒီအဘိုးအို ဖိတ်ခဲ့တာ ဒါ ပထမဆုံးအကြိမ်ပဲ။ သူက ဒီလို လုပ်လိမ့်မယ်လို့ ငါ မထင်မိဘူး။ သူ့ စိတ်ကို သေချာမစမ်းစစ်လိုက်တဲ့ ငါ့အမှားပါ။ ဒါက ရောင်းရင်းကို ဒုက္ခနည်းနည်း များသွားစေခဲ့ပြီ…”
အရှင်ဟွေစုန်က ခေါင်းယမ်း၏။ သူသည် ဝူချင်း၏အပြုအမူအပေါ် မပျော်မရွှင် ဖြစ်နေသည်။
“ပြဿနာမရှိပါဘူး…” ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင်။
အရှင်ဟွေစုန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောသည်။ “ဒီလိုဆိုရင်ရော…ရောင်းရင်းကျင့်ကြံသူ ပင်မမြို့မှာ ခဏလောက်နေလေ။ လေလံပွဲပြီးတာနဲ့ ငါနဲ့ ငါ့မိတ်ဆွေအချို့ သင့်ကို လိုက်ပို့ပေးမယ်။ဒါမှ ဝူချင်း သင့်အပေါ်မှာ မဟုတ်တာ မတွေးရဲမှာ…”
ဝမ်လင်း အဖြေကို စောင့်မနေဘဲ အရှင်ဟွေစုန်၏ အသွင်က အလေးအနက် ဖြစ်လာကာ သူသည် ပြော၏။ “ရောင်းရင်းကျင့်ကြံသူက မူလသလင်းကျောက်ငါးထောင် ရောင်းဝယ်ချင်တယ်လို့ ဆိုတယ်။ ဒါအမှန်ပဲလား…”
ဝမ်လင်းက ခေါင်းညိတ်ပြ၏။
အရှင်ဟွေစုန်သည် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ပြီး သူ့သိုလှောင်နေရာလွတ်ကို ဖွင့်၏။ သူက သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ဝမ်လင်းထံ ပစ်ပေးသည်။ ထို့နောက် ဝမ်လင်းကို တောက်ပသောမျက်ဝန်းတို့ဖြင့် ကြည့်၏။ မည်သူကမျှ သူ ဘာတွေးနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သိုလှောင်အိတ်ကို ယူကာ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်သည်။ အထဲ၌ မူလသလင်းကျောက်ငါးထောင် ရှိနေသည်။ မူလသလင်းကျောက်များသည် တိမ်ပင်လယ်တွင် အလွန်ရှားပါး၏။ မူလသလင်းကျောက်ငါးထောင် ပမာဏက ကြောက်ဖွယ်ရာပင်။ အရှင်ဟွေစုန် သည်လောက်အများကြီး ဘယ်လို ပိုင်ဆိုင်ထားလည်း မသိရပေ။
သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် ဝမ်လင်းလည်း သူ့သိုလှောင်နေရာလွတ်ကို ဖွင့်၍ အထဲမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူ၏။ ၎င်းအိတ်ထဲ၌ သူသည် ကောင်းကင်ဘုံကျောက်စိမ်းများကို ပြင်ဆင်ထည့်ထားခဲ့သည်။ သူက ၎င်းကို အရှင်ဟွေစုန်ထံ ပစ်ပေး၏။ ဟွေစုန်က ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ပြီးနောက် ပြုံးသည်။
“သင့်မှာ ပရမ်းပတာမူလဆေးလုံးတွေရော ကျန်သေးလား…” ဝမ်လင်းက အရှင်ဟွေစုန်ကို ကြည့်သည်။
“ဒီဆေးလုံးတွေကို ငါ မတော်တဆ တွေ့ခဲ့တာ။ ကိုးလုံးပဲ ပါတယ်။ တစ်လုံးကို စောနက ရောင်းပြီးတဲ့အပြင် ကျန်တဲ့ ရှစ်လုံးကလည်း ငါ့အတွက် အသုံးပြုစရာ ရှိသေးတယ်…”
အရှင်ဟွေစုန်က စကားလျောချသွားသည်။
ဝမ်လင်းက ဆက်ပြောမနေတော့ပေ။ သူက ထွက်ခွာရန် ထလိုက်၏။
ဝမ်လင်း ထွက်သွားပြီးနောက် အရှင်ဟွေစုန်၏ အပြုံးက ပျောက်ကွယ်သွားပြီ။ သူက ခပ်တိုးတိုး ရေရွတ်၏။ “ငါ့မူလသလင်းကျောက်တွေက လွယ်လွယ် ယူသွားလို့ရတဲ့ အရာတွေ မဟုတ်ဘူး…”
အခန်းထဲကနေ ထွက်လာပြီးနောက် ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက အေးစက်စက်နှာခေါင်းရှုံ့သည်။ သူက ဤနေရာသို့ လာဝံ့မှတော့ သူ့ထံ၌ ကောင်းကင်ဘုံကျောက်စိမ်းအများအပြား ရှိနေသည်ကို ထိုသူများ သိသွားမည်ကို စိတ်ပူနေစရာ မလိုတော့ပေ။ အရှင်ဟွေစုန်က ရတနာကျောက်စိမ်းကလန်၏ အဖွဲ့ဝင်သာ ဖြစ်၏။ သို့သော် သူ့ထံ၌ မူလသလင်းများစွာ ရှိနေသည်။
မူလသလင်းကျောက်များ အကြောင်း တွေးနေရင်း ဝမ်လင်းက စိတ်တစ်ချက် လှုပ်ရှားသွား၏။ သူသည် လျှောက်လမ်းထဲကနေ ထွက်ခွာလာခဲ့သည်။
“အရှင်ဟွေစုန်မှာ မကောင်းတဲ့စိတ် ရှိကို ရှိလိမ့်မယ်။ဒါပေမဲ့ သူက ငါ့ရည်ရွယ်ချက်ဟာ သူ့ထက် ပိုရက်စက်တယ်ဆိုတာ မသိသေးဘူး။ မူလသလင်းကျောက်ငါးထောင်ဟာ ငါ့အတွက် သားရဲတွေကို ဆင့်ကဲပြောင်းလဲစေဖို့ မလုံလောက်သေးဘူး။ ငါ ခြင်သားရဲကို ဆင့်ကဲသားရဲအဖြစ် အဆင့်မြင့်ပေးပြီး လေကောင်းကင်ဘုံနယ်မြေမှာ ငါ့ကို ကာကွယ်ပေးနိုင်စွမ်း ရှိဖို့အတွက် လုံလောက်တဲ့မူလသလင်းကျောက်တွေ လိုနေတယ်…”
လျှောက်လမ်းထဲကနေ ထွက်လာပြီးနောက် ဝမ်လင်းသည် လမ်းတွင် ချူယောင်လုံနှင့် တွေ့သည်။ ချူယောင်လုံက အဆောက်အဦထံ ဝမ်လင်းကို ပြန်ခေါ်သွားပေး၏။ ထို့နောက် ဝမ်လင်းသည် ဤအဆောက်အဦထဲကနေ လှမ်းထွက်သည်။ ကောင်းကင်ထက်၌ အလင်းဓာတ်တို့ မရှိတော့၊ ဆူညံသံများကလည်း လျော့ပါးသွားပေပြီ။
ဝမ်လင်းသည် ခြေလှမ်းအတော်အတန် လျှောက်လာပြီးနောက် လူသံသူသံတိတ်နေသည့် လမ်းထက်တွင် ရပ်၏။ သူ့နောက်တွင် လှိုင်းတစ်ခုပေါ်လာကာ သားရဲစိတ်ဝိညာဉ်ကို ဝယ်သွားသူ အဘွားအို လှမ်းထွက်လာသည်။ သူမက ဝမ်လင်းကို အေးစက်စက် ကြည့်၏။ ထို့နောက် သူမ၏ လက်ကို ဝေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးသည်။
“စောနကမြေပုံမှာ အမှားတွေအများကြီး ပါတယ်။ဒါကတော့ အစစ်မှန်တစ်ခုပဲ။ ဝူချင်းကို ဂရုစိုက်…” ထိုသို့ ပြောပြီးနောက် သူမသည် ဝမ်လင်းကို ဆက်၍ အာရုံစိုက်မနေတော့ဘဲ ပျောက်ကွယ်သွား၏။
ဝမ်လင်းက ကျောက်စိမ်းပြားကို ကိုင်ကာ သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုပြီး သိမ်းဆည်းသည်။ သူက နောက်သို့ လှည့်လိုက်ချိန်၌ သူ့အသွင်က အေးစက်သွားသည်။
“ကျင့်ကြံခြင်းလောကဟာ သန်မာမှုကိုပဲ လေးစားတာ။ အချိန်တိုင်း ဖုံးဖုံးကွယ်ကွယ်နေတာက သိပ်မကောင်းဘူး။ ငါ ပုံမှန်လုပ်နေသလိုမဟုတ်ဘဲ ဆန့်ကျင်ဘက်လုပ်သင့်တယ်။ ငါ မောက်မောက်မာမျာ နေမှ။ ဒါက အချို့လူတွေရဲ့ စပ်စုလိုစိတ်ကို ပျောက်သွားစေလိမ့်မယ်။ ဝူချင်း…မင်းက သေချင်နေမှတော့ မင်း ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့…”
ဝမ်လင်းသည် မြို့ထဲကနေ နှာခေါင်းရှုံ့ကာ ပျံသန်းထွက်လာ၏။ သူသည် မြောလွင့်နေသော ကျောက်တုံးများထံ ပျံသန်းလျက် အနောက်ဘက် ကွင်းပြင်တစ်ခုထံ ဦးတည်သည်။
သူ ထွက်သွားပြီး သိပ်မကြာခင်တွင် နောက်ထပ်အလင်းတန်းတစ်ခု ပျံသန်းလာ၏။ သူက ဝမ်လင်းနောက် လိုက်လာသည့် ဝူချင်းပင်။
မုန်တိုင်းတစ်ခု အစပြုပြီ။ ဝူချင်း ထွက်ခွာသွားမှုက သူ ဘာကြောင့် ထွက်သွားသည်ကို သိနေသည့် အစွမ်းထက်ကျင့်ကြံသူများကို စိတ်ဝင်သွားစေသည်။
“သနားစရာပဲ…”
ပင်မမြို့ထဲ၌ အစိမ်းရောင်ဝတ်စုံအဘွားအိုက သနားဟန်အမူအရာ ထုတ်ဖော်ကာ ခေါင်းခါသည်။
***
Good