ဖန်းလိုင်ကုန်းမြေရှိ လွင့်မြောနေသော မြို့များပေါ်တွင် စားသောက်ဆိုင်များ၊ နေထိုင်ဖို့နေရာများ ရှိနှင့်ပြီးသား ဖြစ်သည်။ ကျင့်ကြံသူများသည် စားဖို့၊အများကြီးအနားယူဖို့ မလိုသော်လည်း သူတို့သည် စားသောက်ရတာကို နှစ်သက်နေဆဲပင်။ ကျင့်ကြံသည့်အခါတွင်တော့ လူတစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်သည့် အခန်းတစ်ခုကို လိုချင်မည်သာ။
မြို့ထဲ၌ သည်လိုမျိုး အဆောင်အယောင်များ မရှားပေ။
တည်းခိုခန်းတစ်ခု၏ တတိယမြောက်ထပ်တစ်ခုလုံး လူသူရှင်းနေ၏။ အခုချိန်တွင် ထိုနေရာတွင် ဝမ်လင်း၊လီချန်မေနှင့် အကြီးအကဲနှစ်ယောက်သာ ရှိသည်။
ထိုအကြီးအကဲအဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်က ယန်ယု၏ဆရာဦးလေး ဖြစ်၏။ အခြားတစ်ယောက်က နီစပ်စပ်မျက်နှာပိုင်ရှင် ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုက ပြုံး၍ ဆို၏။ “ရောင်းရင်းကျင့်ကြံသူလု…ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူး။ ငါက အဆင့်ခြောက် မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ အကြီးအကဲ ထျန်လီဟိုင်ပါ။
“ဒီအဘိုးအိုကတော့ မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ ဝူချင်း…” နီမြန်းမြန်းမျက်နှာဖြင့် အဘိုးအို၏ အသံသည် တတိယထပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ထိုအကြီးအကဲနှစ်ယောက်လုံးက နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တွင် ရှိကြ၏။ သို့သော် သူတို့သည် ဘဝင်လေဟပ်မှု မရှိပေ။ သူတို့က ဝမ်လင်းကို အဆင့်တူအဖြစ်သာ ဆက်ဆံကြ၏။ ဝူချင်းက ထျန်လီဟိုင်ထံကနေ ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြားခဲ့ကာ တုန်လှုပ်ခဲ့ရသည်။ သူသည် ဝမ်လင်းကို လျှော့မတွက်ဝံ့ပေ။
လီချန်မေသည် ဘေးတစ်ဖက်တွင် ခပ်သွက်သွက်ထိုင်ချကာ သူမက အရက်ခွက်ကို ကိုင်ကာ ဆော့ကစားနေသည်။ သို့သော် သူမ၏အကြည့်က မကြာဆိုသလို ထောင့်ဘက်ရှိ အချိုပွဲစားပွဲပေါ်သို့ ရောက်ရောက်နေသည်။
ထျန်လီဟိုင်နှင့်ဝူချင်းတို့က သူမ၏နောက်ခံကို သိကြ၏။ သို့သော် သူမသည် ဆံပင်အရောင် ပြောင်းထားသည့်အတွက် သူမ၏ပုံရိပ်ကို မပေါ်စေလိုသည်မှာ ထင်ရှားနေသည်။ထို့ကြောင့် သူတို့က ဘာတစ်ခုမျှ ထုတ်မပြောဘဲ လီချန်မေကို အကြည့်ဖြင့်သာ လေးစားကြောင်း ဖော်ပြသည်။
“ဒီနေ့…ငါ အဆင်အခြင်မဲ့သွားခဲ့တယ်။ ဒါ့ကြောင့် ရောင်းရင်းလုက ငါ့အပေါ် စိတ်မရှိဖို့ မျှော်လင့်ပါတယ်…” ထျန်လီဟိုင်က အရက်ခွက်ကို ကောက်ကိုင်ကာ ဝမ်လင်းကို ကြည့်သည်။
ဝမ်လင်း၏အသွင်က ပုံမှန်ပင်။ သူလည်း အရက်ခွက်ကို မြှောက်၏။ သို့သော် သူက သောက်တော့မသောက်ပေ။ စားပွဲပေါ်သို့ ချက်ခြင်း ပြန်ချလိုက်၏။
ထျန်လီဟိုင်က ရယ်မောကာ ဆို၏။ “တပည့် ကျောက်ယုထံကနေ ရောင်းရင်းလုရဲ့ မန္တာန်ဟာ အံ့အားသင့်ဖွယ်ကောင်းတယ်လို့ ငါ ကြားခဲ့ရတယ်။ ဒီကနေ့ တွေ့မှ တကယ့်ကို သာမန်မဟုတ်ဘူးပဲ။ ငါ အစ်ကိုလုနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်…”
“ပြဿနာမရှိဘူး။ ငါလည်း မိစ္ဆာစုဆောင်းခြင်းကလန်နဲ့ မိတ်ဆွေ ဖြစ်ဖို့ ဆန္ဒရှိတယ်…”
ဝမ်လင်းသည် နောက်ဘာဖြစ်မည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ သူသည် ထိုသူများ သူနှင့် မိတ်ဆွေဖြစ်ချင်ရုံ လာသည်ဟု မယုံကြည်ပေ။
သူတို့နှစ်ယောက်က စကားစတင် ပြောကြ၏။ သို့သော် ထျန်လီဟိုင်က အခုထိ သူ့ရည်ရွယ်ချက်အစစ်အမှန်ဆီ မရောက်သေးပေ။ သူက ဝမ်လင်းကို ကြိတ်၍ အကဲဖြတ်နေ၏။ သူသည် ဝမ်လင်းနှင့်လီချန်မေတို့ကြား ပတ်သတ်မှုကို စိုးရိမ်နေခြင်းပင်။
ဝူချင်းက အချိန်အတန်ကြာသည့်အထိ စောင့်နေ၏။ တဖြည်းဖြည်းဖြင့် သူက စိတ်မရှည် ဖြစ်လာသည်။ သူက အရက်ခွက်တစ်ခုကို ကောက်ယူကာ စားပွဲပေါ်သို့ စောင့်ချ၏။ သူက ဝမ်လင်းကို ကြည့်ကာ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု…ငါက ဝေ့လည်ကြောင်ပတ် သိပ်မပြောတတ်ဘူး။ ဒီနေ့ ငါလာခဲ့တာဟာ ရောင်းရင်း မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ ပြင်ပအကြီးအကဲ လုပ်ဖို့ ဆန္ဒရှိလား လာမေးတာပဲ…”
“သင် သဘောတူမယ်ဆိုရင် ငါတို့ မိစ္ဆာစုဆောင်းခြင်းကလန်က သင့်ကို လက်ဆောင်အမြောက်အမြားနဲ့ နှုတ်ဆက်မယ်။ သင် သဘောမတူရင်လည်း ဒီနေ့ပြီးရင် ငါတို့သုံးယောက်ဟာ ဆက်ပြီး ခင်မင်ရင်းနှီးနိုင်တယ်။ ငါတို့ ကျင့်ကြံသူတွေအတွက် ရောင်းရင်းကျင့်ကြံသူ ဆိုတဲ့ အသုံးကိုက မိတ်ဆွေတွေဖြစ်တယ်လို့ ယူဆနိုင်တယ် မလား…”
ဝူချင်း၏စကားများကို ကြားသည့်နောက် ထျန်လီဟိုင်က မချင့်ပြုံးပြုံးသည်။ သူက ဝမ်လင်းကို ကြည့်၍ ပြော၏။ “ငါက ရောင်းရင်းကျင့်ကြံသူနဲ့ စကားနည်းနည်းထပ်ပြောမလို။ ဒါပေမဲ့ ဝူချင်းရဲ့ ရည်ရွယ်ချက်ကို မေ့သွားတယ်။ ငါတို့ မိစ္ဆာစုဆောင်းခြင်းကလန်ဟာ ဟန်မဆောင်တတ်ဘူး။ သင် ပြင်ပအကြီးအကဲသာ ဖြစ်လာရင် ငါတို့ သင့်ကို သင်လိုအပ်တဲ့ ဆေးဝါးဖော်စပ်မယ့် ပစ္စည်းတွေကို ထောက်ပံ့ပေးမယ်…”
ဝမ်လင်းသည် အနည်းငယ် စဉ်းစားကာ ပြောသည်။ “ငါ အရင်ဆုံး စဉ်းစားဖို့ လိုတယ်။ ဒီလိုဆိုရင်ရော ငါ သင်တို့ကို ဒီဖန်းလိုင်ကုန်းမြေကနေ မထွက်ခင် အဖြေတစ်ခု ပြန်ပေးမယ်…”
ထျန်လီဟိုင်က ရယ်မောကာ ခေါင်းညိတ်ပြ၏။ “ဒါ ဖြစ်သင့်ပါတယ်။ ရောင်းရင်းကျင့်ကြံသူ…သေချာစဉ်းစားပါ။ ငါတို့ သင့်အဖြေကို စောင့်နေပါ့မယ်…”
ဤကိစ္စကို ပြောဆိုပြီးနောက် ဝမ်လင်းသည် မတ်တပ်ထရပ်ကာ နှုတ်ဆက်စကား ဆိုသည်။ သူက လီချန်မေနှင့်အတူ ပြန်ထွက်လာ၏။
သူတို့နှစ်ယောက် ထွက်ခွာသွားသည့်အခါ မျက်နှာနီမြန်းမြန်းအကြီးအကဲ၏ မျက်နှာက သုန်မှုန်သွားသည်။ သူက စောနကကဲ့သို့ အမူအရာမျိုး ရှိမနေတော့ပေ။
သူက ဖြည်းဖြည်းချင်း ပြော၏။ “သူ့ကျင့်ကြံမှုက ထူးဆန်းလွန်းတယ်…”
ထျန်လီဟိုင်ကလည်း ပြော၏။ “တကယ် ထူးဆန်းလွန်းတာ။ သူက အတော်လည်း သတိရှိတယ်။ ဉာဏ်လည်းများတယ်။ ဒါ့အပြင် ရက်စက်သလို ပြတ်သားမှုလည်း ရှိတယ်…”
ဤအခိုက်အတန့်တွင် ထောင့်ဘက်ရှိ အချိုပွဲစားပွဲပေါ်တွင် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုသူက တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူ တစ်ယောက်ပင်။ သူက ဖြူရောရော အသွင်ရှိကာ ကောင်းကင်ဘုံသားအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
သူက မတ်တပ်ရပ်ကာ အကြီးအကဲနှစ်ယောက်ထံ လျှောက်လာပြီး ထိုင်သည်။
ထိုသက်လတ်ပိုင်းလူက ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “ငါ့ကို သူ မြင်သွားလား၊ မမြင်လား ငါ မပြောတတ်ဘူး…”
ထျန်လီဟိုင်က ခဏတာ တုံ့ဆိုင်း၏။ထို့နောက် သူက ပြောသည်။ “သူ မြင်ခဲ့ရင်တောင် လီချန်မေ သူ့ကို လျှိ့ဝှက်နည်းနဲ့ ပြောပြလို့ပဲ ဖြစ်ပါလိမ့်မယ်…”
သက်လတ်ပိုင်းလူက ခေါင်းယမ်း၏။
“ဒါက ဟိုလူလား…” ဝူချင်း၏ မျက်လုံးက တလက်လက် ဖြစ်သွားသည်။ သူက စကားပြောရင်း သူ့မျက်လုံးမှာ အေးစက်လာသည်။
“သူသာ ဒါကို ဖြတ်မြင်နိုင်ရင်တော့ သူပဲ။ မမြင်နိုင်ရင်တော့ သူ မဟုတ်ဘူး…”
သက်လတ်ပိုင်းလူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ မျက်မှောင်ကြုတ်သည်။
“ဘာပဲ ဖြစ်ဖြစ် ဒီလူ့ကို သွားမထိနဲ့။ သူ့ရှိကနေ အန္တရာယ်အာရုံ ငါရနေတယ်။ ငါ့မိစ္ဆာစုဆောင်းခြင်းကလန်က ဒီကျောက်စိမ်းပြားနဲ့ဆေးညွှန်းကိစ္စကနေ နောက်ဆုတ်ရလိမ့်မယ်။ ဒီကိစ္စက ငါတို့ ဝင်ပါနိုင်တဲ့အရာ မဟုတ်ဘူး…”
သက်လတ်ပိုင်းလူက သူ့လူများကို ထိုကဲ့သို့ ပြော၏။ သူ့ပုံစံက မောပန်းနေသည့်ပုံပင်။
မြို့တိုင်း၌ ကိုယ်ပိုင်စျေး၊ရောင်းဝယ်သည့် နေရာများ ရှိကြ၏။
အတော်များများက ပြန့်ကြဲကာ ရှိသည်။ နောက်ထပ်ရက်အနည်းငယ် ကုန်လွန်ပြီးနောက် ဝမ်လင်းက လီချန်မေကို နှုတ်ဆက်စကား ပြောကာ တစ်ကိုယ်တည်း မြို့ထဲသို့ လျှောက်ကြည့်သည်။
လီချန်မေကလည်း ပြုံး၍ ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက်က ကိုယ့်လမ်းကိုယ် သွားသည်။
လီချန်မေ သူ့ဘေးတွင် မရှိသည်နှင့် ဝမ်လင်းက ဆက်ဖုံးကွယ်မနေတော့ဘဲ ကြယ်မြေပုံများ ရောင်းချသည်ကို စတင်ရှာဖွေတော့သည်။ တည်းခိုခန်းမှာတုန်းက ဝမ်လင်းသည် စားပွဲ့ထောင့်၌ ကျင့်ကြံသူတစ်ယောက်ယောက် ပုန်းနေသည်ကို ခပ်ရေးရေးတွေ့မြင်ခဲ့ပေသည်။
သို့ရာတွင် သူ့အမူအရာမှာ ပြောင်းလဲမသွားခဲ့ပေ။ သူက သတိပြုမိသည့် အရိပ်အယောင်ကိုလည်း လုံးဝ မဖော်ပြခဲ့ချေ။
“ကြည့်ရတာ အရိုင်းကုန်းမြေက သဲလွန်စတွေကို တွေ့မြင်ပြီးသွားလောက်ကြပြီ…”
ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် ကြယ်မြေပုံများကို ဝယ်ယူဖို့ ပိုစိတ်လော လာမိသည်။ သို့ရာတွင် ကြယ်မြေပုံအပိုင်းများသည် အလွန်တန်ကြေးမြင့်ကာ အတုအယောင်လား၊အစစ်အမှန်လား ပြောဖို့ ခက်ခဲလွန်း၏။ သုံးရက်ကြာပြီးနောက် ဝမ်လင်းက အချို့ကို ဝယ်ယူခဲ့၏။ သို့သော် သူက ၎င်းတို့အပေါ် မယုံကြည်ပေ။
တတိယမြောက်နေ့တွင် ဝမ်လင်းက တည်ခိုခန်းသို့ ပြန်လာကာ အိပ်ယာထက်တွင် ထိုင်နေ၏။ သူက လက်ထဲရှိ ကြယ်မြေပုံခြောက်ခုကျောက်စိမ်းပြားများကို ကြည့်ကာ စတင် စဉ်းစားသည်။
သိပ်မကြာခင်တွင် သူ့အသွင်က အနည်းငယ် ပြောင်းလဲကာ သူ့အခန်းကို မော့ကြည့်၏။
ခဏအကြာတွင် တံခါးခေါက်သံ ကြားရသည်။
“နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီ…” ဝမ်လင်းသည် ပြုံး၍ လက်ဝေ့ယမ်းသည်။ တံခါးပွင့်သွားကာ သက်လတ်ပိုင်းလူ တစ်ယောက်အသွင် ပေါ်လာ၏။ ထိုသူက ဗလခပ်တောင့်တောင့်၊ သူရဲကောင်းပုံစံ ရှိသည်။
သူက အခန်းထဲသို့ မဝင်လာပေ။ သူ့ လက်နှစ်ဖက်ကို ဆုပ်ကာ ပြော၏။ “စီနီယာ…ငါ့ဆရာ ချူယောင်လုံက သင့်ကို ဖိတ်ကြားပါတယ်…”
ဝမ်လင်းသည် ထထိုင်ကာ တံခါးထံ လျှောက်၏။ သက်လတ်ပိုင်းလူက လေးစားမှု ပြကာ ရှေ့ကနေ သွား၏။ တည်ခိုးခန်းကနေ ထွက်လာပြီးနောက် သူတို့နှစ်ယောက်သည် မြို့ထဲကနေ ပျံသန်းထွက်၏။ ညအချိန် ဖြစ်နေသော်လည်း မြို့က ပို၍ပင် သက်ဝင်လှုပ်ရှားနေပေသည်။ သူတို့နားထဲသို့ လူအများ၏ စကားသံများ တိုးဝင်လာသည်။
ခဏအကြာတွင် သူတို့နှစ်ယောက်သည် မြောလွင့်နေသောမြို့များ၏ ဗဟိုချက်သို့ ရောက်ရှိလာ၏။ ဤက ပင်မမြို့ ဖြစ်၏။ အပြင်ဘက်ရှိ မြို့များထက် ဆယ့်နှစ်ဆလောက် ပိုကြီးမားသည်။ ညအချိန်၌ ဤမြို့က ကြမ်းကြုတ်သောသားရဲကြီး တစ်ကောင်အလား ပြင်းထန်သောဖိအားကို ပေးစွမ်းနေ၏။
သက်လတ်ပိုင်းလူ၏ လမ်းပြမှုဖြင့် သူတို့နှစ်ယောက်က မြို့အရှေ့ဂိတ်ပေါက်ထံ ဦးတည်သည်။ ထိုနေရာတွင် စောင့်ကြပ်နေသော ကျင့်ကြံသူများ ရှိ၏။ သင်သည် ဝင်လိုပါက ကျောက်စိမ်းတုန်ကင်တစ်ခုကို ပြသဖို့ လိုပေမည်။
ဝမ်လင်းက ထိုသက်လတ်ပိုင်းလူ တုန်ကင်ကို ထုတ်ပြချိန်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ချက်ခြင်း လေးစားမှု ပြသသည်ကို သတိပြုမိသည်။ သူတို့က ဝမ်လင်းကိုပါ စစ်ဆေးမနေဘဲ အထဲသို့ ဝင်ခွင့်ပြု၏။
သိပ်မကြာခင်တွင် သူတို့ မြို့ထဲ ဝင်လာပြီး မြို့လယ်သို့ ရောက်လာ၏။ သက်လတ်ပိုင်းလူက အဆောက်အဦတစ်ခု ရှေ့တွင် ရပ်သည်။ သူက ဝမ်လင်းကို တလေးတစား ပြော၏။ “စီနီယာ…ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ။ ဂျူနီယာရဲ့ အဆင့်နဲ့ ဝင်လို့ မရဘူး…”
ဝမ်လင်းသည် ခေါင်းညိတ်ပြသည်။ သူ့နတ်ဘုရားအာရုံကို အရင်ဖြန့်ကျက်ပြီးမှ သူသည် အထဲသို့ လှမ်းဝင်သွား၏။ အထဲသို့ ဝင်သွားချိန်၌ သူသည် အားပါးတရ ရယ်မောသံကို ကြားလိုက်ရသည်။ ထိုရယ်သံက လှေကားထစ်အတိုင်း ဆင်းလာသည့် ချူယောင်လုံထံကနေ ဖြစ်ကာ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။
“ရောင်းရင်းကျင့်ကြံသူကို စောင့်စေခဲ့ပြီ။ သင် တောင်းဆိုတာက များလွန်းတဲ့အတွက် ငါ ပြင်ဆင်ဖို့ အချိန်နည်းနည်း ယူလိုက်ရတာပါ…”
ချူယောင်လုံက အလွန် တက်ကြွနေ၏။ လွန်ခဲ့သောသုံးရက်နှင့် ခြားနားသည့်သူတစ်ယောက်ကဲ့သို့ ရှိသည်။
ဝမ်လင်းကလည်း လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။ သူက ပြုံး၍ ပြောသည်။ “ပြဿနာ မရှိပါဘူး…”
သူက ချူယောင်လုံ ဘာကြောင့် အခုလို လုပ်သည်ကို နားလည်ပေသည်။ လွန်ခဲ့သောရက်အချို့က စျေးထဲ၌ ဝမ်လင်း၏ တိုက်ခိုက်မှုက မိစ္ဆာစုဆောင်းခြင်းကလန်ကိုသာ တုန်လှုပ်စေခဲ့သည် မဟုတ်၊ ချူယောင်လုံ၏နောက်ကွယ်ရှိ အင်အားစုကိုပါ တုန်လှုပ်စေခဲ့ပေသည်။
“လာပါ…လာပါ…ဒီအဘိုးအိုက သင့်ကို နေရာတစ်ခုရှိ ခေါ်သွားပေးမယ်။ ငါတို့ရဲ့ ရောင်းဝယ်မှု ပြီးရင်လည်း အဲ့မှာ ပျော်စရာလေး အချို့ ရှိသေးတယ်။ ရောင်းရင်းကျင့်ကြံသူက နည်းနည်းပါးပါး လောင်းပြီး များများစားစား နိုင်တာတောင် ဖြစ်နိုင်သေးရဲ့…”
ချူယောင်လုံ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေ၏။ သို့သော် သူက သည်အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို အထင်မသေးဝံ့ပေ။ လွန်ခဲ့သောသုံးရက်က သည်လူက သူ့ကို ရှာတွေ့ကာ ကမ်းလှမ်းမှုကြီးတစ်ခု လုပ်ခဲ့၏။ ထိုလူက သူ့နောက်ခံကို သိနေသည်မှာ ထင်ရှားနေ၏။ထိုအချက်ကပင် သည်လူမှာ မရိုးရှင်းမှန်း သိသာ၏။
“ ရောင်းရင်းကျင့်ကြံသူချူယောင်ကို ဒုက္ခများစေတော့မယ်…”
ဝမ်လင်းက ဤအဆောက်အဦ၏ အောက်ခြေသို့ ချူယောင်လုံနောက်သို့ လိုက်လာရင်း ယဉ်ယဉ်ကျေးကျေး ပြောသည်။ သူ့နတ်ဘုရားအာရုံကိုတော့ သတိမပြတ် ဖြန့်ကျက်ထား၏။ တွေ့မြင်ရသမျှက သူ့အား မင်သက်မိစေသည်။ သို့သော် သူက မင်သက်မှုကို တစ်စွန်းတစ်စပင် မဖော်ပြချေ။
အဆောက်အဦ၏ အောက်ခြေက မထင်မှတ်စွာဖြင့် ပေတစ်သိန်းလောက် ကျယ်ပြောသည့် ကျောက်တုံးစင်မြင့်တစ်ခုထံ ဦးတည်နေ၏။ ၎င်းစင်မြင့်ပတ်လည်တွင် ကျင့်ကြံသူများ ထိုင်နေကြ၏။ သားရဲအော်သံများလည်း ထွက်ပေါ်နေ၏။
ထိုစင်မြင့်ထက်တွင် ပေတစ်သောင်းလောက် ကြီးမားသည့် စိတ်ဝိညာဉ်သားရဲနှစ်ကောင် တိုက်ခိုက်နေလျက် ရှိ၏။
ထိုစင်မြင်ပတ်လည်တွင်လည်း လျှောက်လမ်းဝင်ပေါက်များ ရှိနေ၏။ ဝမ်လင်းနှင့်ချူယောင်လုံတို့က ထိုဝင်ပေါက်များထဲမှ တစ်ခုထဲသို့ ဝင်လာသည်။
“ဒီနေရာက ဖန်းလိုင်ကုန်းမြေရဲ့ သားရဲလောင်းကြေးထပ်တဲ့ ဧရိယာပဲ။ရောင်းရင်း သဘောကျတဲ့ စိတ်ဝိညာဉ်သားရဲတစ်ကောင်ကောင် တွေ့ရင် ဘာကြောင့်များ မလောင်းကြည့်ဘဲ နေမလဲ…”
ချူယောင်လုံက ဝမ်လင်းကို ခေါ်လာရင်း ရယ်မော၍ ပြော၏။
ဝမ်လင်းက ခေါင်းညိတ်ပြ၏။
သူတို့နှစ်ယောက်သည် ခပ်သွက်သွက်လှမ်းကာ သည်ဝင်ပေါက်လမ်း၏ အဆုံးသို့ ရောက်လာ၏။ သူတို့ရှေ့၌ ကျင့်ကြံသူနှစ်ယောက်နှင့် ထိုသူတို့ကြားတွင် ပိတ်ထားသောကျောက်တံခါးတစ်ခု ရှိ၏။
ချူယောင်လုံက ဝမ်လင်းကို ကြည့်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒီနေ့ ငါ့ဆရာဦးလေးရဲ့ လေလံပွဲရှိတယ်။ သူက ဒီပွဲမှာ ပါဝင်ဖို့ ကျင့်ကြံသူအချို့ကိုလည်း ဖိတ်ထားသေးတယ်။ ဒါကို သီးသန့်လေလံပွဲငယ်လို့ ဆိုနိုင်တယ်။ ရောင်းရင်း စိတ်ဝင်စားရင် ရောင်းချဖို့ တစ်ခုခု လေလံတင်နိုင်တယ်။ သင်နဲ့ အရောင်းအဝယ်ပြီးရင် ငါ့ဆရာဦးလေးက ဒီလေလံပွဲကို စမှာ..,”
“ရောင်းရင်းကျင့်ကြံသူ…ငါ စဉ်းစားမရတာ တစ်ခု ရှိလို့။ ရောင်းရင်းက ငါ့သံသယကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်…”
“ကျေးဇူးပြုပြီးပြောပါ…ရောင်းရင်းကျင့်ကြံသူ ချူယောင်…”
“ရောင်းရင်းက ငါ့နောက်ခံကို ဘယ်လိုများ သိတာလဲ…”
ချူယောင်လုံက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ တစ်ယောက်ယောက်က သူ့ကို မိတ်ဆက်ပေးလို့ သိသည်ဆိုလျှင် တော်သေး၏။ သို့သော် သည်လူက သူ့ကို သူ့ကိုယ်ပိုင်ဆိုင်ခန်းတွင် ထိုင်နေရင်းဖြင့် မမျှော်လင့်စွာ သိသွားခြင်းပင်။ ထိုလူက သူ့ထံ၌ မူလသလင်းကျောက်များ ပိုင်ဆိုင်ထားသည်ကိုလည်း သေချာနေသေး၏။
ဝမ်လင်းက ခပ်ဖျော့ဖျော့ ပြုံးသည်။
***