Switch Mode

အပိုင်း (၁၂၂၂)

ဝမ်လင်းက အစိမ်းရောင်အင်္ကျီနှင့်လူကို အေးစက်စက် ကြည့်သည်။ ထိုသူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိ၏။ သူ့နောက်ရှိ အဖော်နှစ်ယောက်ကတော့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိသည်။

အစိမ်းရောင်အင်္ကျီနှင့်သူ စကားပြောနေစဉ်တွင် သူတို့သည် ဘေးတစ်ဖက်ဆီသို့ ရွှေ့ကာ ဝမ်လင်းကို ဝန်းရံထား၏။

သို့ရာတွင် ဝမ်လင်း၏ အေးစက်စက်အကြည့် ထွက်ပေါ်လာသည့်အခါ အစိမ်းရောင်အင်္ကျီနှင့်လူသာ တည်တည်ငြိမ်ငြိမ် ရှိ၍ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်သည် စိတ်တင်းကျပ်မှုနှင့်ထိတ်လန့်မှုတို့ ဖြစ်ပေါ်သွားသည်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းက ထိုသူ့ကို ကြည့်ပင်မကြည့်ဘဲ လမ်းဘေးတွင် ထိုင်နေသော အဘိုးအိုထံသို့သာ လျှောက်လှမ်းသွားသည်။ စောနက အဘိုးအိုနှင့် ရောင်းဝယ်မှု ပြုနေသော သက်လတ်ပိုင်းလူကတော့ ထွက်သွားခဲ့ပေပြီ။သူသာမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း တစ်ခုခုမှားနေသည်ကို သတိပြုမိကာ လူစုခွဲသွားကြပြီ ဖြစ်သည်။

ဆိုင်ခန်းငယ်ထဲရှိ အဘိုးအိုသာ တည်ငြိမ်နေသည်။ သူက ဝမ်လင်းကို ကြည့်နေ၏။

“ရောင်းရင်းကျင့်ကြံသူ…သင့်မှာ မူလသလင်းကျောက် ဘယ်လောက်များများ ရှိလဲ…”

ဝမ်လင်းက အဘိုးအိုခါးနားရှိ ကျောက်စိမ်းတုန်ကင်ပြားကို ကြည့်နေ၏။

အဘိုးအို၏မျက်နှာမှာ ရှုံ့တွသွားပြီး သူက ပြုံး၍ ဆိုသည်။ “အများကြီးမရှိဘူး။ တစ်ခုပဲရှိတယ်။ ဒါပေမယ့်လည်း ငါ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေပဲ လိုချင်တာ၊ တစ်ခြားဟာ မလိုအပ်ဘူး…”

ဝမ်လင်း၏မျက်ဝန်းက လက်ခနဲ ဖြစ်သွားကာ သူ့နှုတ်ခမ်းဖျားမှာ လှုပ်ရှားသွားပြီး သူ အဘိုးအိုထံ သတင်းစကားပို့၏။

အဘိုးအိုသည် တစ်ခဏ မင်သက်သွား၏။သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်၏။ သူ့လက်ကို အတွင်းသို့ ဆန့်သွင်းကာ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူသည်။ နိဗ္ဗာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများသည် သိုလှောင်အိတ်များ မလိုအပ်သော်လည်း သီးသန့်ရောင်းဝယ်မှုများ ပြုလုပ်စဉ်တွင်တော့ ၎င်းကို အသုံးပြုကြသည်။

သူက သိုလှောင်အိတ်ပေါ်မှ နတ်ဘုရားအာရုံကို ဖယ်ရှားကာ အဘိုးအိုထံ ပစ်ပေးသည်။ ထို့နောက် ဝမ်လင်းသည် တည်ငြိမ်စွာ ပြော၏။ “ဒါက စရန်ပေးတာ…”

အဘိုးအိုသည် သိုလှောင်အိတ်ကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် သေချာ စစ်ဆေးကြည့်သည်။ ထို့နောက် သူက ငြိမ်သက်စွာ စဉ်းစားသွားပြီး သူ့ဆိုင်ကို သိမ်းကာ ဝမ်လင်းထံ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ သူက ပြော၏။ “သုံးရက်အတွင်း ငါ ရောင်းရင်းကို လာရှာမယ်….”

ထိုသို့ ပြောပြီးနောက် သူသည် ထွက်သွားဟန် ပြင်သည်။သို့သော် ခဏတာ ရပ်တန့်လိုက်ပြီး ဝမ်လင်းထံသို့ ကြည့်ကာ စကား ပို့ပေးသည်။

“ရောင်းရင်းကျင့်ကြံသူက ပြတ်သားတဲ့သူပဲ။ ငါ့နာမည်က ချူယောင်လုံ။ ရောင်းရင်းကို ငါ့မိတ်ဆွေတစ်ယောက်လို့ ယူဆတယ်။ဒီအစိမ်းရောင်အင်္ကျီနဲ့သူက ယန်ယု၊ သူက မိစ္ဆာစုဆောင်းခြင်းကလန်ခေါင်းဆောင်ရဲ့ တတိယမြောက်တပည့်ပဲ။ ရောင်းရင်း…သူနဲ့ ရင်ဆိုင်ရင် သတိထားဦး…”

ထိုသို့ သတင်းစကား ပေးပြီးနောက် အဘိုးအိုသည် ခပ်သုတ်သုတ် ထွက်သွား၏။ သူက ဝမ်လင်းကို မည်သို့ ဆက်သွယ်ရမည်ကိုပင် မေးခဲ့ခြင်း မရှိပေ။ ဝမ်လင်းကလည်း ထိုသို့ မမေးချေ။

အပြင်လူများသည် ဝမ်လင်းနှင့်ထိုအဘိုးအိုတို့ ဘာပြောသည်ကို ကြားရလိမ့်မည် မဟုတ်ပါ။ ယန်ယုသည် ဝမ်လင်း ထိုအဘိုးအိုနှင့် စကား ခဏ ပြောကာ သူ့အား ထွက်သွားစေသည်ကို မြင်၏။ သူသည် ပို၍ သတိထားလိုက်သည်။

ဝမ်လင်းအား ဝန်းရံထားသော ကျင့်ကြံသူနှစ်ယောက်ကတော့ ပို၍ပင် စိတ်ပူနေမိပေပြီ။

ယန်ယု၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ ပြော၏။ “မင်းမှာ သတ္တိသိပ်ရှိနေတာပဲ။ ငါ မေးတာ မဖြေဘူးပေါ့…”

“မင်းရဲ့ အရှင်ကို ထွက်လာခိုင်းပြီး ငါနဲ့ စကားလာပြောခိုင်းလိုက်…” ဝမ်လင်း၏ဟန်ပန်က တည်ငြိမ်၏။သို့သော် သူ့စကားတို့မှာ ရေခဲတစ်မျှ အေးစက်၏။ သူ့စကားသံ သူတို့၏ နားထဲသို့ ကျရောက်သွားချိန်တွင် မိုးကြိုးပစ်ချလိုက်သည့်အလား။

နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူနှစ်ယောက်၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ ယန်ယု၏မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွား၏။ သူက စကားပြောရန် ပြင်သည်။

သို့ရာတွင် ထိုအခိုက်၌ ဝမ်လင်းသည် လျှပ်စီးတန်းအလား ရွှေ့လျားကာ ဘယ်ဘက်ရှိကျင့်ကြံသူနားသို့ ရောက်ရှိသွား၏။ ထိုကျင့်ကြံသူသည် တစ်ချိန်လုံး သတိအပြည့် ရှိနေရာ နောက်သို့ အမြန်ဆုတ်၍ ချိပ်ဟန်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ အနီရောင်ပန်းပွင့်ကြီးတစ်ခု ရုတ်တရက် ပေါ်လာကာ ပေတစ်ရာကျော်ထိ ဖူးပွင့်လာသည်။ ပန်းပွင့်ဗဟိုမှ ပွင့်ဟ၍ သွားများနှင့် ပြည့်နှက်သော ပါးစပ်တစ်ခုသည် ဝမ်လင်းကို ဝါးမြိုပစ်ရန် ကြိုးစားသည်။

ဝမ်လင်းက ပုံမှန်အတိုင်းပင်။ သူက နောက်ဆုတ်ရမည့်အစား ရှေ့သို့ ခြေလှမ်း၏။ သူက ချက်ခြင်း ပျောက်ကွယ်သွားရာ ပန်းသည် ဘာတစ်ခုကိုမျှ မဝါးမြိုနိုင်တော့ပေ။ ဝမ်လင်းက ထိုကျင့်ကြံသူ၏ နောက်တွင် ပြန်ပေါ်လာပြီး သူ့လက်နှစ်ချောင်းက ထိုသူ၏ ကျောပေါ်သို့ ကျရောက်သွားသည်။

ခပ်အုတ်အုတ်အသံ မြည်သွား၏။ထို့နောက် ထိုကျင့်ကြံသူ၏မျက်နှာက ဖြူရောကာ သွေးအန်ထုတ်ရသည်။ သူ့ရှေ့ရှိ ပန်းပွင့်မှာလည်း ပျက်စီးသွားကာ သူသည် ကြိုးပျက်သည့်စွန်ကဲ့သို့ လွင့်ထွက်သွား၏။ သူသည် အကွာအဝေးတစ်ခုရှိ မြေပြင်ထက်သို့ ကျရောက်ကာ ဆိုင်ခန်းတစ်ခုအား ဝင်ဆောင့်သည်။

ထိုအခိုက်၌ ညာဘက်ရှိ ကျင့်ကြံသူက နောက်ဆုတ်ကာ သူ့လက်ကို ဝေ့ယမ်းပြီး ဓားခုနစ်လက် ဆင့်ခေါ်သည်။ ထိုဓားခုနစ်လက်က ဝမ်လင်းထံ မြန်ဆန်စွာ ပျံသန်းဝင်လာ၏။ ဝမ်လင်းက ရုတ်တရက် လှမ်းကြည့်သည်။ ထို့နောက် သူ့မျက်ဝန်းထဲကနေ ထူးဆန်းသောအလင်းတစ်ခု လှစ်ပေါ်ကာ သူက စကားတစ်ခွန်း ဆို၏။

“တာအို…”

ဝမ်လင်း၏ မျက်ဝန်းမှာ ပြောင်းလဲသွား၏။ သူ့ဘယ်မျက်လုံးက ဝေဝါးလျက် ညမျက်လုံးသည် သံထည်ကို တစစီဖြစ်သွားနိုင်သည့် လျှပ်စီးတစ်ခု ပါဝင်သည်။ ထိုခြားနားသည့်အကြည့်နှစ်ခုက ဓားများကဲ့သို့ နောက်ဆုတ်နေသော ကျင့်ကြံသူ၏မျက်လုံးထံ ခပ်နှိပ်သွားသည်။

ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွား၏။ ဓားပျံများမှာလည်း သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းသွားသည်။ သူ့မျက်လုံးမှာ ဝါးသွားကာ သူ့စိတ်နှလုံးခုန်ပေါက်သည်။ သူသည် မလွတ်မြောက်နိုင်သည့် အိပ်မက်ဆိုးတစ်ခုထဲသို့ ဝင်ရောက်သွားရသကဲ့သို့ပင်။ သူသည် စိတ်အာရုံခြောက်ချားကာ အစစ်အမှန်နှင့်အတုကြား ခွဲခြားနိုင်စွမ်း ကင်းမဲ့သွား၏။

သူ့ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျ၏။မျက်လုံးတို့မှာ ချင်းချင်းနီ၏။သူက ခေါင်းကို အတင်းစုပ်ကိုင်ကာ ရူးသွပ်သွားသည့်အလား အော်ဟစ်သည်။ ထိုမြင်ကွင်းကား ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ပင့်သက်ရှိုက်မိစေသည်။

အဖြစ်အပျက်တစ်ခုလုံးမှာ မြန်လွန်း၏။ ဝမ်လင်းသည် ထိုကျင့်ကြံသူနှစ်ယောက်ကို သတ်ခဲ့ခြင်း မဟုတ်ပေ။သို့သော် သူတို့သည် အသုံးမဝင်သည့်သူများ ဖြစ်သွားခဲ့ပေပြီ။

လီချန်မေက ထိုအခြင်းအရာများကို မြင်၏။သူမ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ပထမဆုံးအကြိမ် ဝမ်လင်း၏ တိုက်ခိုက်မှုကို သူမ တွေ့မြင်ရခြင်းပင်။ တိုက်ခိုက်မှုအားလုံးမှာ ချောမွေ့ကာ တုံ့နှေးနေခြင်း အလျင်း ရှိမနေပေ။

ယန်ယု၏မျက်နှာသည် ဖြူရောသွား၏။ သူသည် ဝမ်လင်းကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစား၏။ သူ့ကလန်ဝင် ရောင်းရင်းများ၏ အော်ဟစ်သံက သူ့နားထဲ၌ စွဲနေကာ သူ့စိတ်ကို ခြောက်ချားစေသည်။ ဤအခိုက်မှာ ဝမ်လင်းက ယန်ယုကို လှည့်ကြည့်လာသည်။ သူ့မျက်လုံးတို့က တည်ငြိမ်၏။ သူ့အေးစက်စက်အကြည့်က ယန်ယု၏ စိတ်ကို တုန်လှုပ်စေသည်။

ဝမ်လင်းသည် ယန်ယုထံ တစ်လမ်းချင်း ခပ်ဖြည်းဖြည်း လှမ်းလာ၏။

အတိတ်တုန်းက လုယန်ကုံးသည် လောက၏စွမ်းအားကို ငှားယမ်းကာ သူ့တာအိုဖြင့် ဝမ်လင်းကို ဖိနှိပ်ရန် ကြိုးစားခဲ့၏။ ၎င်းက ဝမ်လင်းအပေါ်၌ ကျရှုံးခဲ့သော်လည်း ဝမ်လင်းက ထိုတိုက်ခိုက်မှုကို နားလည်ပေသည်။ ဝမ်လင်း၏ တာအိုအပေါ် နားလည်မှုအရ သူ့အတွက် ထိုတိုက်ခိုက်မှုကို ဆုပ်ကိုင်ကာ သူ့ကိုယ်ပိုင်မန္တာန်ဖြစ်လာစေဖို့မှာ အလွယ်လေး ဖြစ်၏။

သူ့ခြေလှမ်းတိုင်းက ယန်ယု၏စိတ်နှလုံးကို ခုန်ပေါက်စေသည်။ ခြေလှမ်းဆယ်လှမ်း မပြည့်ခင်မှာပင် ယန်ယု၏မျက်နှာသည် ပို၍ပင် ဖြူရောသွားသည်။

ခြေလှမ်းတိုင်း၌ သူ့စိတ်နှလုံးမှာ ခုန်ပေါက်နေရရင်း ဝမ်လင်းက သူ့အမြင်တွင် ပိုပို၍ ကြီးမားလာကာ တောင်တစ်လုံး သူ့အား ခြေမွလာသကဲ့သို့ ခံစားရသည်။ သို့ရာတွင် ယန်ယုက နောက်မဆုတ်ပေ။ သူ့မျက်နှာထက်တွင် သွေးကြောများ ဖောင်းကြွလာ၏။ သူက ဝမ်လင်းကို စူးစိုက် ကြည့်နေသည်။ သူက ရုန်းကန်၍ မာန်သွင်း၏။

ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့သည်။ သူ့ခြေလှမ်းများက ယန်ယု၏ နှလုံးခုန်သံနှင့်လုံးဝ ပေါင်းစပ်ကာ ယန်ယု၏ စိတ်နှလုံးသည် ဝမ်လင်းနယ်ပယ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့ပေပြီ။ ဝမ်လင်းက သူ့ညာခြေထောက်ကိုပင့်မြှောက်၏။ သို့သော် သူက ခြေလှမ်းနင်းမချသေးဘဲ လေထဲတွင်သာ တန်းလန်းရပ်လိုက်သည်။ ဝမ်လင်း၏နယ်ပယ်ကြောင့် ယန်ယု၏စိတ်နှလုံးကား မမျှော်လင့်စွာ ရပ်တန့်သွားပေသည်။

ထိုအခိုက်၌ ဝမ်လင်းက ခြေလှမ်းချကာ အရှိန်မြှင့်၍ လျှောက်၏။သူက တစ်ဆက်တည်း ခြေလှမ်းသုံးလှမ်း လှမ်းသည်။

ဘန်း…ဘန်း…ဘန်း…။

ထိုခြေလှမ်းသုံးလှမ်း ပြီးနောက် ယန်ယုသည် သူ့ရင်ဘက်အား လေးလံသည့်တူဖြင့် သုံးခါတိတိ ထုချသကဲ့သို့ ခံစားရ၏။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်ကာ သူ သွေးအန်ရသည်။ သူက ဝမ်လင်း၏ နယ်ပယ်ကို မခုခံနိုင်ဘဲ နောက်သို့ လွင့်ထွက်သွားသည်။

သူ ခြေတစ်လှမ်း နောက်ဆုတ်ရုံဖြင့် နောက်ထပ်သွေးအန်ရပြန်သည်။ သူက နောက်သို့ ဆက်တိုက် ဆုတ်သွားရကာ သူ့မျက်နှာကား ပိုပို၍ ဖြူရောလာသည်။ သူ့မျက်ဝန်းထဲတွင်တော့ ရုန်းကန်မှုနှင့်စိတ်ရှုပ်ထွေးမှုတို့ ရှိနေ၏။မျက်စိတစ်မှိတ်အတွင်း သူ့မျက်လုံးတို့မှာ နီရဲလာ၏။

သူ့စိတ်ထဲ၌ ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ယောင်များက သူနှင့်သူ့ကလန်တူရောင်းရင်းများသည် မရေမတွက်နိုင်သော နည်းလမ်းပေါင်းစုံနှင့် သေဆုံးနေကြရသည်။ သူသည် ထိုအဖြစ်က မှားယွင်းတာကို သိ၏။ သို့သော် သူ့စိတ်ကို ရှင်းလင်းအောင် မလုပ်နိုင် ဖြစ်ရ၏။ ထိုပုံရိပ်ယောင်များက သူ့စိတ်ထဲတွင် ပိုပို၍ စွဲထင်လာပြီး အချိန်နှင့်အမျှ အစစ်အမှန်လို ဖြစ်လာနေသည်။

ယန်ယုက သူ့ခေါင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် သူ့ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်နေသည်။ သူက မအော်ပေ။သို့သော် ဆက်လက်၍ ရုန်းကန်နေသည်။ သူက သူ့စိတ်ကြည်လင်မှုတို့ကို ဆုံးရှုံးသွားကာ စိတ်ရှုပ်ထွေးမှုက သူ့အား လွှမ်းမိုးသွားပေပြီ။

ပုံရိပ်ယောင်ထဲ၌ သူ ရှုံးခါနီးတွင် ယန်ယုက နောက်သို့ ဆက်လက်ဆုတ်ကာ အကူအညီတောင်းခံသည်။

“ဆရာဦးလေး…ငါ့ကို ကယ်ပေးပါအုံး…”

ထိုသို့ ပြောလိုက်သည်နှင့် ယန်ယုရှေ့တွင် အစိမ်းရောင်အရိပ်တစ်ခု ရောက်ရှိလာ၏။သူ့လက်ချောင်းက ယန်ယု၏မျက်ခုံးနှစ်ခုကြားသို့ ခပ်ကြမ်းကြမ်း ညွှန်သည်။

ထိုအစိမ်းရောင်အရိပ်သည် ရပ်တန့်ခြင်း မရှိဘဲ နောက်ထပ်ကျင့်ကြံသူနား ဖျပ်ခနဲ ရောက်သွားသည်။ သူက တူညီသောမန္တာန်ကို အသုံးပြုကာ ထိုကျင့်ကြံသူကိုလည်း သတိမေ့သွားစေသည်။

ထိုအရိပ်က ယန်ယုနားသို့ ပြန်ရောက်လာပြီး လက်ညွှန်သည်။ ထိုအစိမ်းရောင်အရိပ်က အဘိုးအိုတစ်ယောက်ပင်။ သူ့တစ်ခေါင်းလုံးမှာ ဆံပင်များ ဖြူဖွေးနေ၏။ သူ့မျက်လုံးတို့မှာ စွမ်းအားကြောင့် တောက်ပနေသည်။

“သင် ဘာအတွက် ငါ့ကို ရှာနေတာလဲ…” ဝမ်လင်းသည် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်၏။

အဘိုးအိုကလည်း ဝမ်လင်းကို ကြည့်သည်။ သူ့ထံ၌ မည်သည့် စိတ်ခံစားမှုမှ ရှိမနေပေ။ သူက ပြုံး၍ ဆို၏။ “ရောင်းရင်းကျင့်ကြံသူလုက တကယ် တော်တာပဲ။ ဒီအဘိုးအိုက သင့်ကို ရှာနေတာ အမှန်ပါ။ ဒါ့ကြောင့် ရောင်းရင်းအနေနဲ့ ငါ အဆင်အခြင်နည်းနည်းမဲ့သွားတဲ့အပေါ် စိတ်မရှိဖို့ မျှော်လင့်မိပါတယ်။ ငါတို့ ပြောလည်ရာပြေလည်ကြောင်းဖြစ်ဖို့ နေရာတစ်ခုခု သွားရှာကြရင်ရော…”

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သူက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။ ဝမ်လင်းသည် နဂိုထဲက မိစ္ဆာတစ်ပါးကဲ့သို့ ဉာဏ်များသူ ဖြစ်သည်။ ယန်ယုပေါ်လာချိန်၌ ဝမ်လင်းက ထိုသူသည် သူ့အား လာရှာသည်ကို သတိပြုမိ၏။ ထို့နောက် ယန်ယု ရောက်လာပြီး လီချန်မေနှင့် ပြန်ဆုံရသလို ဟန်ဆောင်သည်။

သူက ယန်ယု လီချန်မေနှင့် အာရုံလွှဲသည်ကိုပါ မြင်နိုင်၏။ အခြားနှစ်ယောက်က သူတို့၏ စိတ်ပူပန်နေမှုကို ဖုံးကွယ်ထားနိုင်စွမ်း မရှိနေပေ။ ထို့ကြောင့် သူက ရိပ်မိခြင်းပင်။

ထိုမျှသာ ဆိုလျှင် အဆင်ပြေသေး၏။ သို့သော် ယန်ယုက သူ့ထံ စကားလမ်းကြောင်း မြန်မြန်လွှဲလာ၏။ ယန်ယု၏ကျင့်ကြံမှုအဆင့်ဖြင့် သူ့ကို ထိုသို့ပြုလုပ်ရန်မှာ အကြံအစည်ရှိ၍သာ ဖြစ်နိုင်သည်။

ထိုသဲလွန်စများနှင့် ချူယောင်လုံ၏ သတိပေးမှုတို့ကြောင့် ဝမ်လင်းသည် ဤယန်ယုက သူ့ကို ပစ်မှတ်ထားနေပြီကို သိလိုက်သည်။ သူက မိစ္ဆာစုဆောင်းခြင်းကလန်က ကျောက်ယုနှင့် မိုလျိုကုန်းမြေတွင် ရင်ဆိုင်တွေ့ခဲ့ဖူးသည် မဟုတ်လား။ သို့ရာတွင် ထိုစဉ်က ဝမ်လင်းက တစ်ချက်မျှသာ ကြည့်ခဲ့ကာ ကျောက်ယုနှင့်အခြားနှစ်ယောက်ကို ထွက်သွားစေခဲ့သည်။ ဝမ်လင်းက မိစ္ဆာစုဆောင်းခြင်းကလန်မှ တစ်ဖက်လူများသည် သူ့ခွန်အားကို လာစမ်းသပ်ခြင်းက ကျောက်ယုကိစ္စကြောင့်လော၊ သို့တည်းမဟုတ် အရိုင်းကုန်းမြေပေါ် သူချန်ထားခဲ့သည့် ချိုယွင်းချက်တို့ကြောင့်လော မသေချာပေ။

သို့သော် မည်သို့ပင်ဖြစ်ဖြစ် ကျင့်ကြံခြင်းကမ္ဘာသည် သန်မာမှုကိုသာ လေးစားမှု ပြပေလိမ့်မည်။ သူ့ကျင့်ကြံမှုအဆင့်ကို ပြသခြင်းက တစ်ဖက်လူများကို ဟန့်တားစေရုံသာမက သူ့အား လေးစားလာတာပင် ဖြစ်သွားနိုင်သည်။ ထိုအချက်ကို သဘောပေါက်၍ ဝမ်လင်းက ချက်ခြင်းတိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းပင်။

အဘိုးအိုထံမှ ရောင်းရင်းလု ဟု စကားသံကို ကြားရပြီးနောက် ဝမ်လင်းက သူ ဘာလုပ်ရမည်ကို ပို၍ပင် သေချာသွားသည်။

လီချန်မေသည် အချိန်တိုသာ ကျင့်ကြံခဲ့ရပြီး ဝမ်လင်းကဲ့သို့ မွန်းစတားအိုကြီးများနှင့် ရင်ဆိုင်ခဲ့ဖူးသည့် အတွေ့အကြုံမျိုး ရှိမနေပေ။ သူမအဖို့ ဝမ်လင်း ယန်ယုကို ပြောခဲ့သည် ‘မင်းရဲ့ အရှင်ကို ထွက်လာခိုင်းလိုက်’ စကားကနေ သဲလွန်စကို မြင်နိုင်ဖို့ အလွန်ခက်ခဲပေမည်။

လီချန်မေ၏ မျက်ဝန်းမှာ လက်ခနဲ ဖြစ်သွားသည်။ သူမက တစ်ခုခုကို သိမြင်သွားသည့်အလား။

“သူက တော်တော် ဉာဏ်များတာပဲ။ ဒီအချက်က သူ့ကျင့်ကြံမှုအဆင့်ထက်တောင် ပို ကြောက်ဖို့ ကောင်းသေးတယ်…”

လီချန်မေသည် ဝမ်လင်းကို တုန်လှုပ်ဟန်ဖြင့် ကြည့်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset