တဂျုန်းဂျုန်းမြည်သံများ နှင့်အတူ ချိုင့်ခွက်အပြင်ဘက်တွင် လူနှစ်ယောက်ပေါ်ထွက်လာသည်။ တစ်ယောက်မှာ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးဖြစ်ပြီး အခြားတစ်ယောက်မှာ လီချင်းဟောက်၏ဆရာ ခေါင်းဆောင်ကြီး ထျယ်မုဖြစ်သည်။
အနည်းငယ်အကြာတွင် သူတို့က ပိုင်ရှောင်ချန်း၏ဘေးသို့ ရောက်သွားသည်။ ထိုခေါင်းဆောင်ကြီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ချက်ချင်းပင် နှစ်ယောက်စလုံးမှာ သတိအပြည့်ရှိနေကြောင်း သိလိုက်ရသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံခြင်းအခြေခံများကို ပိတ်လှောင်ထားခြင်းမရှိတော့သည့်အတွက် ယခုတွင်မူ သူတို့၏ စွမ်းအင်များက တရိပ်ရိပ်မြင့်တက်လာသည်။ သွေးတိမ်တိုက်များက ဖောင်းပွလာပြီး တချိန်ထဲမှာပင် ဂါဂိုလီသွေးအေးမွန်းစတားများနှင့် သန့်စင်ထားသောရုပ်အလောင်းများမှာ တုန်ရီကာ အော်ဟစ်နေကြတော့သည်။
ဘရူဆာမှာ ပိုင်ရှောင်ချန်းကို ကူညီရန် အချိိန်မမှီလိုက်ပေ။ ထို့ကြောင့် ယခုတွင် သူက ခေါင်းဆောင်ကြီးဟန်ရန်ကို မျက်မုန်းကျိုးသောအကြည့်ဖြင့် စိုက်ကြည့်နေတော့သည်။
သွေးသခင်သုံးယောက်မှာ တုန်ရီနေကြသည်။ သွေးအေးလူသတ်သမားများ၊ ဂိုဏ်းစောင့်အကြီးအကဲများနှင့် ခေါင်းဆောင်ကြီးများပင်လျှင် အံ့အားသင့်လွန်းနေကြသဖြင့် မလှုပ်မယှက်ဖြစ်နေကြသည်။
တချိန်ထဲမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ အသက်ရှူနှုန်းများ မြန်လာပြီး ဒေါသမီးများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကြည့်နေကြတော့သည်။ မကြာသေးခင်က တင်းမာမှုများမှာ ပျောက်ကွယ်စပြုနေသော်လည်း ယခုတွင်မူ တိုက်ပွဲပြန်စတော့မည့်အလားပင်။
ယခုကဲ့သို့သော အဖုအထစ်လေးကြောင့် သူတို့ မဖြစ်နိုင်တော့ဘူးဟုထင်ထားသည့် တိုက်ပွဲကြီးမှာ အချိန်မရွေးထဖြစ်နိုင်ကြောင်း လူတိုင်းက သိလေသည်။
လေပေါ်တွင်မူ ခေါင်းဆောင်ကြီးဟန်ရန်က ပိုင်ရှောင်ချန်းကို ငုံ့ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကို အသေမသတ်လိုက်နိုင်ပဲ ဒဏ်ရာရအောင်သာ လုပ်နိုင်လိုက်သဖြင့် သူ့ စိတ်ထဲတွင် နောင်တရနေသည်။ သူက ထိုသို့ အံ့သြဖွယ်အသက်ရှင်နေသေးပါသော်လည်း ခေါင်းဆောင်ကြီးအနေဖြင့် ဆက်၍ တိုက်ခိုက်ရန်မလိုတော့ချေ။
” သူက သတိပဲ မေ့နေတာပါ။ ဒါပေမဲ့ အဲ့လောက်ဆို လုံလောက်ပါရဲ့။” သူက တွေးလိုက်သည်။ ထို့နောက် သတ်ဖြတ်လိုသော အငွေ့အသက်များပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်ကို ကြည့်ကာ ဆိုလိုက်သည်။
” ပိတ်လှောင်ထားတာ ပွင့်သွားပြီ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရေ။ မင်းတို့ရဲ့ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေကို ဒီနေ့ပဲ သွေးနဲ့ သန့်စင်ရမယ်။ သွေးဘိုးဘေးကြီးရဲ့ မျိုးဆက်တွေရေ။ ငါနဲ့အတူ လောချိန်တောင်တန်းကို တိုက်ခိုက်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ချေမှုန်းရအောင်ဟေ့။” ထိုသို့အော်ကာ သူက ခေါင်းကိုနောက်ပစ်၍ အသံကျယ်ကြီးဖြင့် အကြာကြီးအော်ရယ်လိုက်သည်။ သူ၏ဘေးပတ်လည်တွင် သတ်ဖြတ်လိုစိတ်များက ဝန်းရံနေတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသား အနည်းငယ်မှာ တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသည့်အလား သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် လေပေါ်သို့ ပျံတက်သွားကြသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ လက်သီးဆုပ်လိုက်ပြီး သူတို့၏ မျက်ဝန်းများထဲရှိ အကြည့်များမှာ ပို၍ စူးရှလာသည်။
သို့သော်လည်း ခေါင်းဆောင်ကြီးဟန်ရန် လှုပ်ရှားရန်ပြင်လိုက်ချိန်တွင် အေးစက်စက် နှာမှုတ်သံတစ်သံက ထွက်လာသည်။
” ဘယ်တုံးကများ မင်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အမိန့်ပေးတဲ့ ကောင်ဖြစ်သွားတာတုံး။ ” ထိုစကားသံ၏နောက်တွင် ပြင်းထန်သော ဖိအားများပါဝင်ပြီး အချုပ်အနှောင် စွမ်းအားတစ်ခု ပါသည်ဖြစ်ရာ တိုက်ခိုက်ရန် ပြင်နေကြသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ ရုတ်တရက် တုန်ရီသွားကာ ရပ်တန့်သွားသည်။ ခေါင်းဆောင်ကြီးဟန်ရန်၏ အမူအရာမှာလည်း ပြောင်းလဲသွားပြီး ထိုစကားကို ပြောလိုက်သည့်လူကို လှည့်ကြည့်ရန်လိုက်သောအခါ ထိုသူက သူ့ဆီသို့ တည့်တည့်ပြေးလာနေသည်ကို မြင်လိုက်ရသည်။
ထိုသူမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်သည့် အဓိက ခေါင်းဆောင်ကြီးဖြစ်သည်။
စောစောက သူ၏ ကျင့်ကြံခြင်းအခြေခံကို တစ်ဝက်တိတိလျှော့ခံထားရသော်လည်း ယခုတွင် ထိုဖိနှိပ်မှုများမရှိတော့သဖြင့် သူ၏ စွမ်းအားများမှာ တိုးပွားလာပြီဖြစ်သည်။ သူရှေ့သို့ တစ်လှမ်းလှမ်းလိုက်တိုင်း နတ်ဘုရားစွမ်းအားများအလား သူ၏ ဘေးနားရှိအရာအားလုံးမှာ တွန့်လိမ် ကောက်ကွေးကုန်တော့သည်။
” ဒါဘာအဓိပ္ပါယ်လဲ သခင် လေနတ်ကိုယ်တော် ” ခေါင်းဆောင်ကြီးဟန်ရန်က တင်းမာသည့် အမူအရာဖြင့် ဒေါသတကြီး မြည်တွန်တီးတောက်လိုက်သည်။
” ဘာအဓိပ္ပါယ်လဲ ဟုတ်လား။ ငါမင်းကို ဘာမှမလုပ်ဖို့ အမိန့်ပေးထားတာလေ။ မင်းဘာလို့ တိုက်တုံး။ ပိုင်ရှောင်ချန်းက ညမုဆိုးအဖြစ် အယောင်ဆောင်ထားတာဆိုတာကို ငါမယုံဘူး။ သူက သေချာပေါက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သွေးသခင်ပဲ။ ပိုအရေးကြီးတာက သူက သွေးကိုယ်တော်ပါ ဖြစ်ရင်ဖြစ်နေနိုင်တယ်။ ”
အဓိက ခေါင်းဆောင်ကြီး၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတန်းများတောက်ပနေပြီး သူစကားသံများမှာ မိုးခြိမ်းသံအလား တဂျုန်းဂျုန်းမြည်နေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ နှလုံးခုန်နှုန်းမြန်လာကြပြီး ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းတန်းများကို မြင်နိုင်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံးက သူတို့ရှေ့တွင် ဖြစ်ပျက်နေသည်များကို ကြည့်ရင်း ဆိတ်ငြိမ်နေကြသည်။
အဓိက ခေါင်းဆောင်ကြီး၏ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် ခေါင်းဆောင်ကြီးဟန်ရန်က နောက်ဆုတ်သွားသည်။ ထို့နောက်သူက အခြား ခေါင်းဆောင်ကြီးများဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။
” သူက သွေးသခင်ဆိုတာတော့ ကျုပ်သိတာပေါ့။ ဒါပေမဲ့ သူ့လိုမျိုး မလောက်လေးမလောက်စားကောင်က ဂိုဏ်းထဲက လူတိုင်းရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို ဖိနှိပ်နိုင်တယ်ဆိုတာ ဖြစ်သင့်လား။ သူသေကို သေမှရမယ်။ သူသေလို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဘာမှ ထိခိုက်သွားမှာ မဟုတ်ဘူး။ တကယ်ဆို ပိုတောင်ကောင်းသေးတယ်။မင်းတို့ကောင်တွေလုပ်ဖို့ တွန့်ဆုတ်နေတာကို ကျုပ်က လုပ်ပေးလိုက်တာပဲ ရှိတာ။”
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအများစုမှာ မည်သို့မည်ဖုံ တွေးတောရမည်မသိ ဖြစ်သွားသည်။ ခေါင်းဆောင်ကြီးများကမူ အမူအရာတင်းမာနေသော်လည်း သူတို့ တွေးတောနေသည့်အရာကို တပ်အပ်သိရန် မဖြစ်နိုင်ချေ။
အဓိက ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးဟန်ရန်၏စကားကို နားထောင်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် အေးစက်စက်တင်းမာသည့် အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက်သူက ပြောလိုက်သည်။
” ငါလည်း ဂိုဏ်းထဲက လူတိုင်းရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို ဖိနှိပ်နိုင်တာပဲလေ။ ဘာလဲ ငါ့ကိုရော သတ်သင့်တယ်လို့ မင်းပြောဦးမှာလား။ ပြီးတော့ ငါအရမ်းသိချင်တာတစ်ခုက စောစောက မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဘာလို့ ဖိနှိပ်ခြင်း မခံရလဲဆိုတာကိုပဲ။”
ထိုစကားကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများစွာတို့်မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးရင်း အလန့်တကြားအော်ဟစ်သံများထွက်လာတော့သည်။ ထိုစဥ်က သတိမထားမိခဲ့ပါသော်လည်း ယခုသေချာစဥ်းစားလိုက်သည့်အခါတွင်မူ ထိုအချက်မှာ အထင်အရှားဖြစ်နေတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်တွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးကမူ အံ့သြသည့်အမူအရာ မရှိချေ။ သူ၏ မျက်ဝန်းများမှာ ဖျော့တော့တော့ အလင်းရောင်တစ်ခုဖြင့် တလက်လက်ထနေသည်။ ထိုသဲလွန်စများကို သူက အစောထဲက သတိထားမိပြီးဖြစ်သည်။
ခေါင်းဆောင်ကြီးဟန်ရန်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏နဖူးပေါ်တွင် ချွေးသီးများကျလာသည်။ အဓိက ခေါင်းဆောင်ကြီး၏ မေးခွန်းကို သူက မဖြေနိုင်ချေ။ သူ၏ မူလအစီအစဥ်မှာ အရဲစွန့်ကာ ပိုင်ရှောင်ချန်းကိုသတ်ရန်ဖြစ်သည်။ ပိုင်ရှောင်ချန်းသာ သေသွားပါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ မည်သည့်နည်းနှင့်မှ ပူးပေါင်းတော့မည် မဟုတ်ချေ။ တိုက်ပွဲတန်းစမည်မှာ အသေအချာပင်။
” သောက်ကျိုးနည်းကွာ။ ” သူက တွေးနေတော့သည်။
” ဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်က တော်တော် ကံကောင်းတာပဲ။ ငါ့ရဲ့သိုင်းကွက်ကြောင့် သူမသေတာ မယုံနိုင်ဘူး။”
ခေါင်းဆောင်ကြီးဟန်ရန်က အံကြိတ်ကာ ထွက်ပြေးရန် ပြင်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးသွားသည်။
” မင်းဒီလို လွယ်လွယ်နဲ့ ထွက်ပြေးလို့ရမယ် ထင်နေတာလား။”
အဓိက ခေါင်းဆောင်ကြီးက သတ်ဖြတ်လိုသည့်စိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။ တုန့်ဆိုင်းမနေပဲ သူ၏ ညာဘက်လက်ချောင်းကို ခေါင်းဆောင်ကြီး ဝုကျိဇီထံသို့ ဝှေ့ယမ်းလိုက်သည်။ တချိန်ထဲမှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခြား ခေါင်းဆောင်ကြီးများက ရှေ့သို့ပြေးထွက်ကာ ဟန်ရန်ကို ဝန်းရံလိုက်ကာ ထွက်မပြေးနိုင်အောင် လုပ်လိုက်ကြသည်။ သူက ထိုသို့ထွက်ပြေးရန်ကြံလိမ့်မည်ဟု သူတို့က တွေးပြီးသားဖြစ်သည်။
အဓိက ခေါင်းဆောင်ကြီး၏ လက်ချောင်းမှ သေမင်း အငွေ့အသက်များ ပျံ့ထွက်လာ၍ တဂျုန်းဂျုန်းမြည်သံများ ပေါ်လာသည်။ ခေါင်းဆောင်ကြီး ဟန်ရန်က ထွက်ပြေး၍ မရတော့ကြောင်း သိလိုက်သည့်အခါ ခေါင်းကိုနောက်ပစ်၍ မြည်တွန်တောက်တီးလိုက်သည်။ သူက မန္တန်တစ်ခုကို အလျင်အမြန်ဖော်လိုက်၍ မီးတောက်များထွက်လာပြီး စောစောက သေမင်း အငွေ့အသက်များကို တိုက်ခိုက်နေတော့သည်။
လေထုထဲတွင် နားစည်ကွဲလောက်အောင်ဆူညံနေသည့် အုန်းခနဲမြည်သံကြီး ထွက်လာပြီး ခေါင်းဆောင်ကြီးဟန်ရန်၏ ပါးစပ်ထောင့်များမှ သွေးများစီးကျလာသည်။သို့သော်လည်း သူက ပေါက်ကွဲမှုမှာ တန်ပြန် အားကိုသုံးကာ နောက်သို့ဆုတ်သွားသည်။ ထိုသို့ဆုတ်ခွာသွားပါသော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးများအားလုံး၏ စုပေါင်းတိုက်ကွက်ကို သူ မယှဥ်နိုင်ချေ။
ခေါင်းဆောင်ကြီးခြောက်ယောက်က တစ်ပြိုင်နက်ထဲ ဝိုင်းဝန်း တိုက်ခိုက်ကြပြီး မှော်သိုင်းများ၊ မှော်ပစ္စည်းများနှင့် နတ်ဘုရားစွမ်းရည်များကို ထုတ်သုံးလိုက်ကြသည်။
ခေါင်းဆောင်ကြီး အတုမဲ့ ထိန်းချုပ်ထားသည့် ဧရာမ သွေးဓားကြီးတစ်ချောင်း ပေါ်ပေါက်လာပြီး ခုတ်ချလိုက်တော့သည်။
အခြားခေါင်းဆောင်ကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ဆင့်ကာဆင်ကာ တိုက်ခိုက်ကြပြီး အရာအားလုံးကို ဖျက်စီးနိုင်သည့် စွမ်းအားများထုတ်သုံးကြသဖြင့် ကောင်းကင်ကြီးကိုတုန်ခါစေပြီး ကမ္ဘာမြေကြီးကိုပင်အက်ကွဲစေနိုင်သည့် တဂျုန်းဂျုန်းမြည်သံများ ထွက်လာသည်။ စက်ဆုပ်ဖွယ်ကောင်းလောက်အောင် အော်ဟစ်နေသည့် နဂါးကြီးတစ်ကောင်ပေါ်လာသည်။ ၎င်း၏ဘေးတွင် ယခင်က နွံအိုင်တောင်ထိပ်၏ အဆင့်နိမ့်ဂိုဏ်းသားတစ်ယောက်သာဖြစ်ခဲ့သည့် ခေါင်းဆောင်ကြီးတစ်ယောက် ရပ်နေသည်။ သူကရှေ့သို့တိုးကာ လက်သီးတစ်ချက်ထိုးလိုက်သဖြင့် တိမ်တိုက်များမှာ အက်ကွဲသွားပြီး ဧရာမ မိုးသက်မုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းသွားတော့သည်။
အားအပြင်းဆုံး တိုက်ကွက်သည် အဓိက ခေါင်းဆောင်ကြီးထံမှ ထွက်လာလေသည်။ သူ၏ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ဧရာမတံခွန်ကြီးတစ်ခုထွက်လာပြီး ထိုတံခွန်ထဲမှ အနက်ရောင်လေများထွက်လာသည်။ ထိုလေများက အနက်ရောင်ဖီးနစ်ငှက်တစ်ကောင်အသွင် ပြောင်းလဲကာ ဟိန်းဟောက်လိုက်သဖြင့် လူတိုင်း၏ ဝိညာဥ်များပင် တုန်ရီသွားရတော့သည်။ ထိုဖီးနစ်ငှက်က လျင်မြန်စွာလှုပ်ရှားကာ ခေါင်းဆောင်ကြီး ဟန်ရန်ဆီသို့ ထိုးဆင်းသွားသဖြင့် သူမည်သည့်နည်းနှင့်မျှ ရှောင်ရှားနိုင်မည်မဟုတ်ချေ။
ထိုသို့ အန္တရာယ်များလှသည့် အခြေအနေတွင် ခေါင်းဆောင်ကြီးဟန်ရန်က ရယ်မောလိုက်တော့သည်။ ရှုံ့တွနေသည့် မျက်နှာဖြင့် သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။ ချက်ချင်းပင် သူ၏ ဆံပင်များက အဖြူရောင်ပြောင်းသွားတော့သည်။
တချိန်ထဲမှာပင် သူ၏ အရေပြားအနှံ့အပြားပေါ်တွင် မျက်နှာပေါင်းများစွာ ပေါ်ထွက်လာသည်။ ယောက်ျား၊မိန်းမ၊ကလေး၊လူကြီး များစွာတို့၏ မျက်နှာများမှာ ရှုံ့တွကာ အော်ဟစ်နေကြသည်။
” မျက်နှာတစ်ထောင် တာအိုပညာ။ ကရုဏာမဲ့သိုင်း ”
ခေါင်းဆောင်ကြီး ဟန်ရန်က ထိုသို့အော်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ ထိုအခါ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများက သူ့ကိုရိုက်ခတ်သွားသဖြင့် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားတော့သည်။
ထိုရိုက်ခတ်မှုကြီးကြောင့် ကောင်းကင်ယံပေါ်တွင် ရောင်စုံအလင်းရောင်များ ထင်ဟပ်သွားပြီး လေပြင်းတစ်ခု တိုက်ခတ်လာတော့သည်။ တချိန်ထဲမှာပင် ခေါင်းဆောင်ကြီးဟန်ရန်၏ ပေါက်ကွဲသွားသည့် ခန္ဓာကိုယ်က မျက်နှာပေါင်းများစွာအဖြစ်ပြောင်းလဲသွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပြေးထွက်သွားကြတော့သည်။
ခေါင်းဆောင်ကြီး အတုမဲ့မှာ မျက်လုံးများပြူးသွားကာ အော်ဟစ်လိုက်သည်။
” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက မျက်နှာတစ်ထောင်သခင် ပါလား။”
အဓိက ခေါင်းဆောင်ကြီးနှင့် အခြားခေါင်းဆောင်ကြီးများမှာလည်း ဤသို့သော ကိုယ်ပွားမှော်သိုင်းကို သုံးနိုင်သည့်လူမှာ မည်သူဖြစ်ကြောင်း သိသွားသဖြင့် အံ့အားသင့်သွားကြသည်။
သူတို့ပင် မဟုတ်ချေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တည်ထောင်သူခေါင်းဆောင်ကြီးနှင့် အခြားခေါင်းဆောင်ကြီးများကလည်း တအံ့တသြဖြစ်နေကြသည်။ ဤသိုင်းမှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ထူးဆန်းသော ခေါင်းဆောင်ကြီးတစ်ယောက်သုံးသည့် လျှို့ဝှက်မှော်သိုင်းဖြစ်သည်။
ထိုသို့ မရေမတွက်နိုင်သည့် မျက်နှာများစွာ လွင့်စင်ထွက်မှုမှာ အားပြင်းလွန်းလှသဖြင့် ခေါင်းဆောင်ကြီးအားလုံး စုပေါင်းထိန်းသိမ်းပါသော်လည်း အကုန်လုံးကို မတားဆီးနိုင်ချေ။ အဖျက်အဆီးကွန်ခြာဖြင့် ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ဖမ်းမိလိုက်သော်လည်း အနည်းငယ်မှာ လွတ်မြောက်သွားသည်။
ထိုထဲမှာ မျက်နှာတစ်ခုမှာ လူငယ်တစ်ယောက်၏ မျက်နှာဖြစ်သည်။ ပေါက်ကွဲမှု၏ အားကိုသုံးကာ သူက မီတာသုံးသောင်းအကွာသို့ ပျံထွက်သွားသည်။ ထိုနေရာတွင် သူ၏ မျက်နှာမှာ လူးလွန့်ကာ ဆံပင်အဖြူရောင်ရှိသည့် လူငယ်တစ်ယောက်အသွင်ပြောင်းလဲသွားသည်။ သူ၏ မျက်နှာမှာ ပင်ပန်းမှုကြောင့် သွေးဆုတ်ဖြူရော်နေပါသော်လည်း တုန့်ဆိုင်းမနေပဲ သူက အရှိန်ကုန် ထွက်ပြေးသွားတော့သည်။
” မျက်နှာတစ်ထောင်သခင်။ ” ခေါင်းဆောင်ကြီးအတုမဲ့က သတ်ဖြတ်လိုသည့် မျက်ဝန်းများဖြင့် အော်ဟစ်ကာ ရှေ့သို့ ရိပ်ခနဲပျံသန်းသွားပြီး ထိုဆံပင်အဖြူရောင် လူငယ်ကို လိုက်ဖမ်းတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့နှစ်ယောက်စလုံးမှာ မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူအားလုံးမှာ တုန်ရီနေကြပြီး လူများစွာမှာ မှင်တက်နေကြသည်။ ဤကဲ့သို့ အရာများဖြစ်လိမ့်မည်ဟု မည်သူမှ မတွေးထားချေ။ သူတို့၏ ခေါင်းဆောင်ကြီးများထဲက တစ်ယောက်ဖြစ်သည့် တာအိုပညာရှိ ဟန်ရန်ကို ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ မျက်နှာတစ်ထောင်သခင်က အစားထိုးထားခြင်းဖြစ်နေသည်။
ဟန်ရန်အစစ်မှာ အရင်တုံးက လုပ်ကြံခံရလိုက်ခြင်း ဖြစ်လိမ့်မည်။ ထို့နောက် သူ၏ အသားစဖြင့် မျက်နှာတစ်ထောင်သခင်က လျှို့ဝှက်မှော်သိုင်းသုံးကာ သူ့ပုံစံ အစားထိုးခဲ့ခြင်းဖြစ်သည်။
မျက်နှာတစ်ထောင်သခင်က ပိုင်ရှောင်ချန်းအား တိုက်ခိုက်ခဲ့သည်ကို လူတိုင်းက ပြန်တွေးမိသွားပြီး ထိုသို့တိုက်ခိုက်ခြင်းမှာ ဤဂိုဏ်းနှစ်ဂိုဏ်း ပေါင်းစည်းသည်ကို တားရန်ဖြစ်ကြောင်း သိသွားတော့သည်။
ပိုင်ရှောင်ချန်းသာ သေသွားပါက ကြီးမားသော ပျက်စီးမှုနှင့် ကြုံတွေ့ရလိမ့်မည်။