ဖန်းလိုင်ကုန်းမြေသည် အဆင့်ငါးဒေသတွင် အလွန်ကျော်ကြားသည်။ ထိုကျော်ကြားမှုအများစုက ရတနာကျောက်စိမ်းကလန်ကြောင့်ပင်။
အဆင့်ငါးဒေသ၌ ရတနာကျောက်စိမ်းကလန်သည် အဆင့်တစ်ကလန်ဟု ဆိုနိုင်၏။ ၎င်းကလန်တွင် ကျင့်ကြံသူများစွာနှင့် မွန်းစတားအိုများစွာတို့ ရှိနေ၏။ ထိုကုန်းမြေကို ဖန်းလိုင်ဟု ခေါ်ရုံသာမက ဖန်းလိုင်ကောင်းကင်ဘုံနယ်မြေဟုလည်း ခေါ်သေးပေ၏။
ဖန်းလိုင်ကုန်းမြေ၏ အရွယ်အစားမှာ မိုလျိုကုန်းမြေထက် များစွာ ပိုကြီး၏။ အနည်းဆုံးဆယ့်နှစ်ဆလောက်ကို ပိုကြီးမားပေမည်။ ၎င်းကို ကုန်းမြေတစ်ခုဟု ခေါ်ရသည်ပင် အနည်းငယ် မသင့်တော်သလို ရှိ၏။အကြောင်းကား ၎င်းကုန်းမြေမှာ ကျင့်ကြံခြင်းဂြိုဟ်တစ်ဝက်လည်း ဖြစ်နေခြင်းကြောင့်တည်း။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကျင့်ကြံခြင်းဂြိုဟ်များမှာ နည်းပါးလွန်း၏။ ၎င်းတို့မှာ ရှားပါးလွန်းလှသည်။ အလွန်တရာအင်အားကြီးသည့် ကလန်များကသာ ကျင့်ကြံခြင်းဂြိုဟ်များကို ပိုင်ဆိုင်ထားနိုင်၏။
ရတနာကျောက်စိမ်းကလန်သည်ပင် ပြီးပြည့်စုံသောကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို သိမ်းပိုင်နိုင်ဖို့ရာ အရည်အချင်း မပြည့်မှီချေ။ သူတို့က တစ်ဝက်ကိုသာ ရရှိနိုင်၏။ ထိုသို့ ကျင့်ကြံခြင်းတစ်ဝက်ကို ရရှိခဲ့ခြင်းမှာလည်း လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းက ကလန်ဘိုးဘေးတစ်ယောက်သည် ကောင်းချီးတစ်ခုရခဲ့၍ အဆင့်ကိုးတစ္ဆေကလန်က သူတို့အား သည်ဂြိုဟ်တစ်ဝက်ကို ပေးအပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ယခုအချိန်ထိ အခြားဘယ်အဆင့်မြင့်ကျင့်ကြံသူကမှ ရတနာကျောက်စိမ်းကလန် ထိန်းသိမ်းထားသည့် ဤကျင့်ကြံခြင်းဂြိုဟ်ကို လာမလုဝံ့ကြချေ။
ကြယ်မြူများကို ဖြတ်၍ ကြည့်ပါက ဖန်းလိုင်မှာ သွားပုံစံနှင့်တူ၏။ ၎င်းဂြိုဟ်(ဝါ)ကုန်းမြေ၏ ပတ်လည်တွင် အကာအကွယ်အတားအဆီးများ လင်းလက်နေကာ ကြယ်မြူများကို လွင့်စင်တွန်းထုတ်ပြီး ဖန်းလိုင်ကုန်းမြေကို တောက်ပစေနေသည်။
ရတနာကျောက်စိမ်းကလန်အပြင် ဖန်းလိုင်ဂြိုဟ်ကို ကျော်ကြားစေသည့် အစိတ်အပိုင်းတစ်ခုကတော့ နှစ်သုံးဆယ်တိုင်း ကျင်းပသည့် လေလံပွဲ ဖြစ်သည်။အကြိမ်တိုင်းမှာ ကျင့်ကြံသူမြောက်များစွာ ရှိနေကာ အဆင့်မြင့်ဒေသများမှ ကျော်ကြားသောကျင့်ကြံသူအချို့ပင် လေလံပွဲ၌ ပါဝင်ကြ၏။ လေလံပွဲသည် စည်ကားလှပေသည်။
လေလံပွဲက သုံးလတိုင် ကျင်းပ၏။ ရတနာများ၊ဆေးလုံးများ၊ဆေးညွှန်းများ၊စိတ်ဝိညာဉ်သားရဲများကိုလည်း ရောင်းချဖို့ရာ ခင်းကျင်းထားသေးသည်။ ၎င်းက ကျင့်ကြံသူများအတွက် ရင်းမြစ်အမျိုးမျိုးကို ထောက်ပံပေးနိုင်ပေ၏။ ခန္ဓာကိုယ်များ၊ကျင့်ကြံခြင်းကိုယ်လုပ်တော်များ ရောင်းဝယ်ခြင်း၊ ကောင်းကင်ဘုံကျောက်စိမ်းပြားများ၊မူလသလင်းကျောက်များ လဲလှယ်ခြင်းတို့လည်း ပါဝင်သေးသည်။
ကိုယ်ပိုင်စိတ်ဝိညာဉ်သားရဲများကို အသုံးပြု၍ တိုက်ခိုက်ကာ အလောင်းအစား ပြုလုပ်ခြင်းပင် ရှိ၏။ တကယ်တော့ စိတ်ဝင်စားဖို့အကောင်းဆုံးမှာ ဖန်းလိုင်ပရမ်းပတာ ဖြစ်၏။ ထိုဖန်းလိုင်ပရမ်းပတာတွင် သင့်ကိုယ်ပိုင်ပစ္စည်းများကို လေလံတင်နိုင်သည်။
ဖန်းလိုင်ပရမ်းပတာကို ရတနာကျောက်စိမ်းကလန်တွင် ကျင်းပကာ ထိုနေရာတွင် ကျင့်ကြံသူများသည် သေခြင်းရှင်ခြင်း ယှဉ်ပြိုင်ကာ လွတ်လွတ်လပ်လပ် လောင်းကြေးထပ်နိုင်ကြသည်။ အနိုင်ရသူက ရှုံးနိမ့်သူ၏ ရတနာများကို ယူဆောင်နိုင်မည် ဖြစ်သည်။
ဖန်းလိုင်ကုန်းမြေရှိ လေလံပွဲမှာ ဖွင့်လှစ်တော့မည် ဖြစ်ရာ ထို့အတွက်ကြောင့် ၎င်းကုန်းမြေထံသို့ အလင်းတန်းများစွာ ဦးတည်လာနေကြ၏။ အခုတစ်ခေါက်၌ ကျောက်စိမ်းပြားနှင့်ဆေးညွှန်းကိစ္စကြောင့် အဆင့်ခြောက်ဒေသမှ ကျင့်ကြံသူများစွာလည်း ဤအဆင့်ငါးဒေသတွင် ရှိနေကြသည် မဟုတ်လား။ အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်ဒေသမှ ကျင့်ကြံသူများကပါ လာနေကြပေသည်။
ကြယ်များကြား၌ အလင်းတန်းနှစ်ခု ပျံသန်းနေ၏။ ထိုအလင်းတန်းတို့မှာ အမျိုးသားနှင့်အမျိုးသမီး ဖြစ်၍ အမျိုးသားဖြစ်သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်လှသည်။သူ့ရှေ့တွင် တောင် ပြိုကျလျှင်ပင် မတုန်မလှုပ် ရှိနေမည့်အလား။ ထိုသူက ဝမ်လင်းပင်။
သူ့ဘေးရှိ အလွန်လှသည့် အမျိုးသမီးကတော့ လီချန်မေ ဖြစ်၏။ သူမသည်လည်း နှင်းကဲ့သို့ ဖြူဆွတ်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမထံကနေ ကျော့ရှင်းလှသည့် အော်ရာတစ်ခုကို ပေးစွမ်းနေသည်။သူမက နတ်သမီးတစ်ပါး သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့်အလား။
“ချန်မေတို့ ဖန်းလိုင်ကုန်းမြေကို ရောက်ဖို့ ရက်နည်းနည်းလောက် လိုသေးတယ်။ ချန်းမေ လွန်ခဲ့တဲ့နှစ်ငါးရာလောက်က ကလန်ဝင်တစ်ယောက်နဲ့အတူ ဒီကို လာခဲ့ဖူးတယ်။ မှတ်မိသလောက် ဒီလေလံပွဲက အတော်လေးကို စည်ကားလွန်းလှတယ်…”
လီချန်မေက ပြုံး၍ ဆို၏။
သူမဘေးရှိ ဝမ်လင်းက ငြိမ်သက်စွာသာ ရှေ့တည့်တည့်သို့ ကြည့်နေသည်။ ပုံမှန်ဆို သူသည် လီချန်မေနှင့်အတူ ဤနေရာသို့ လာခဲ့မည် မဟုတ်၊ သည်လေလံပွဲကိုလည်း စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် လီချန်မေ၏ စကားများကို နားထောင်ပြီးနောက် သူ စဉ်းစားသွားကာ လေလံပွဲရှိ လာချင်သွားခြင်းပင်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ ကြယ်မြူများနှင့် ပြည့်နှက်နေ၏။ တိကျသည့်ကြယ်မြေပုံမရှိပါက ခရီးသွားလာဖို့ မဖြစ်နိုင်လုနီးပါးပင်။ အဆင့်ပိုမြင့်သည့် ဒေသဖြစ်လေ ထိုအချက်က ပိုမှန်လေ ဖြစ်၏။ အဆင့်ငါးဒေသကနေ အဆင့်ရှစ်ဒေသသို့ သွားဖို့အတွက် ကြယ်မြေပုံများစွာ ပိုမို လိုအပ်ပေမည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ပြည့်စုံသည့် ကြယ်မြေပုံမှာ ရှားပါးလွန်း၏။မြေပုံအများစုမှာ တစ်ဦးတစ်ယောက်ချင်းစီ ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် အများကြီး စုဆောင်းဖို့ လိုအပ်နေခြင်းပင်။ ထိုမှသာ သင်သည် မြေပုံအများထဲမှ တိကျသေချာမှုကို ရှာကာ ပိုကောင်းမွန်သည့် မြေပုံကို ရရှိနိုင်ပေမည်။
ဝမ်လင်း ဖန်းလိုင်ကုန်းမြေထံ လာခဲ့ခြင်းက သူ ကြယ်မြေပုံတစ်ခု လိုချင်သောကြောင့် ဖြစ်၏။ သို့ရာတွင် ကြယ်မြေပုံများက အလွန်အမင်း အဖိုးတန်နေပြီး အလွန်နည်းပါးသည့် လူအချို့ကသာ ၎င်းတို့ကို လဲလှယ်ဖို့ ဆန္ဒရှိကြသည်။ တကယ်တော့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကြယ်မြေပုံတစ်ခုသည် ကလန်တစ်ခု၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်၏။
ထိုအချက်မှာ လက်ခံနိုင်၏။ သည်ကြီးမားကျယ်ပြောသည့် ကြယ်မြူများ ဖုံးလွှမ်းနေသည့် ဤကြယ်အဖွဲ့အစည်းကို လွှမ်းခြံနိုင်မည့် ကြယ်မြေပုံ ပိုင်ဆိုင်သည်ဟု ကလန်အနည်းငယ်ကသာ ပြောဝံ့ပေလိမ့်မည်။ တကယ်တော့ အရင်ကတည်းက ကျင့်ကြံသူများ မရောက်ဖူးသော၊မသွားဖူးသော နေရာများစွာ ရှိနေသည် မဟုတ်လား။
အခုလိုဆိုမှတော့ ကြယ်မြေပုံတစ်ခု၏ အခန်းကဏ္ဍမှာ အလွန်အရေးပါနေတော့၏။ အမည်မသိကုန်းမြေတစ်ခု၊ ကြမ်းကြုတ်သောသားရဲများ ရှိနေသော သတင်း၊ ဆေးပင်များ ရှိနေသည့်နေရာတို့မှာ တန်ဖိုးရှိလှသည့် သတင်းဟု ယူဆနိုင်သည်။နည်းပါးလှသည့် ကျင့်ကြံသူအချို့နှင့် ကလန်အချို့ကသာ ထိုသတင်းတို့ကို ထိန်းချုပ်နိုင်သည်။
ကြယ်မြေပုံတစ်ခု မရှိပါဘဲ သွားလာဖို့ရာ ခက်လှ၏။ ကလန်တစ်ခု၏ တိုးတက်မှုအပေါ်ကိုပင် သက်ရောက်နိုင်သည်။ ကြယ်မြေပုံသာ မရှိပါက ကလန်တစ်ခုသည် ရင်းမြစ်များ ရဖို့အတွက် လူတိုင်းသိသည့် အရိုင်းကုန်းမြေများထံသို့သာ သွားရမည် မဟုတ်လား။ထိုအခါ သူတို့အတွက် ရင်းမြစ်များရဖို့မှာ မသေချာနိုင်တော့ပေ။
ထို့အတွက်ကြောင့်လည်း ကလန်တိုင်းသည် ကြယ်မြေပုံများကို အားစိုက်၍ ရှာဖွေကြခြင်းပင်။သို့ရာတွင် မြူများကြားတွင် ရှိနေပါက ဦးတည်ရာမှာ ခက်ခဲပေဦးမည်သာ၊ မြူများအတွင်း၌ မရေမတွက်နိုင်သော ကြမ်းကြုတ်သည့်သားရဲများစွာ ရှိနေသည် မဟုတ်လား။
ကလန်တစ်ခုသည် မကြာခဏ နေရာတစ်ခု၊ဧရိယာတစ်ခုကို တန်ဖိုးကြီးကြီးပေး၍ ရှာဖွေရ၏။ ထို့အတွက်ကြောင့် ကြယ်မြေပုံများကို လဲလှယ်ခြင်းမှာ ပို၍ သဘာဝကျကာ ကောင်းမွန်ပေသည်။ သို့သော် လူသားများသည် လောဘကြီး၏။ ထို့ကြောင့် အချို့ လဲလှယ်မှုများတွင် သတင်းအမှား၊ သို့မဟုတ် အန္တရာယ်ရှိသော နေရာများကို ဦးတည်စေမှုတို့ ရှိလာသည်။ သည့်အတွက် ကြယ်မြေပုံများ လှဲလှယ်မှုသည် တဖြည်းဖြည်းခြင်း အရှိန်သေသွားတော့၏။
သည်လိုဖြင့် ကလန်တိုင်းသည် ကိုယ့်ဟာကိုယ် ရှာဖွေမှုကိုသာ ပြု၍ ဘေးကင်းသည့် ကြယ်မြေပုံကို ပြုလုပ်ကြတော့သည်။
လီချန်မေအတွက်တော့ သူမသည် သူမကလန်၏ သီးသန့်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးချကာ လက်အောက်ခံကလန်တစ်ခုခြင်းစီ သွားခဲ့၏။ အကြိမ်များစွာ တည်နေရာကူးပြောင်းပြီးနောက် သူမက အဆင့်ငါးဒေသသို့ ရောက်ရှိလာခဲ့ခြင်းပင်။
ထိုအရာမှာ တိမ်ပင်လယ်၌ အဆင့်ရှစ်ကလန်နှင့်အထက်ကလန်များ အသုံးများသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သည်နည်းလမ်းက အဆင့်နိမ့်ဒေသများထံသို့ မျိုးစေ့ချခြင်းနှင့် ဆင်တူ၏။အဆင့်မြင့်ကလန်များက လက်အောက်ခံကလန်များကို ထောက်ပံပေးကာ ထိုကလန်များ ဖွံဖြိုးမှုကို ခွင့်ပြုပေးပြီး တည်နေရာရွှေ့ပြောင်းမည့် နေရာများအဖြစ် အဓိက အသုံးချ ကြသည်။ သည်လိုနည်းဖြင့် ပင်မကလန်မှ လူများသည် မတူညီသော ဒေသများသို့ သွားလာကာ ကြယ်မြေပုံများကင်းမဲ့သည့် ပြဿနာကို ရှောင်နိုင်သွားသည်။
မူလကလန်၌လည်း ထိုကဲ့သို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိထား၏။
သို့သော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု အသက်သွင်းတိုင်း ကြယ်နယ်မြေများစွာကို ဖြတ်သန်းရသည် ဖြစ်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြား သို့မဟုတ် မူလသလင်းကျောက်များစွာ လိုအပ်၏။ ထို့ကြောင့် ပင်မကလန်၏ ခွင့်ပြုချက်မရှိဘဲ ၎င်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းဖို့ မဖြစ်နိုင်ပေ။
ဖန်းလိုင်ကုန်းမြေထံ လာသည့် လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် စဉ်းစားတွေးတောနေ၏။ သူက လီချန်မေ၏ စကားများကို နားထောင်ချင်ယောင်ဆောင်နေပြီး သူမနှင့် စကားလက်ဆုံကျမနေပေ။
လီချန်မေမှာ အတော်လေး ဒေါသ ထွက်နေ၏။ လမ်းတစ်ယောက်၌ သူမဘေးရှိ သည်အမျိုးသားက ဆွံ့အသလို ပြုမူကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူမကသာ ပြောနေရ၏။ သူမက သူ့ကိုယ်သူ ပြောနေသလို ဖြစ်နေတော့သည်။
သူတို့နှစ်ယောက် ပျံသန်းလာနေရင်း တိတ်ဆိတ်သွားကြသည်။
ဝမ်လင်းက လီချန်မေကို ကြည့်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းခြင်း ပြောသည်။ “အဆင့်ကိုးဒေသက ငါတို့အတွက် ဆန်းကြယ်လွန်းတယ်။ ငါ သိချင်တာက အဆင့်ကိုးဒေသမှာ ကလန်ဘယ်နှစ်ခုများ ရှိနေမလဲ ဆိုတာပဲ…”
သူ့မေးခွန်း၌ ဘာချို့ယွင်းချက်မှာ မပါပေ။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကြယ်မြူများကြောင့် ကျင့်ကြံသူများကြား အတားအဆီးများ ဖြစ်စေကာ သတင်းအချက်အလက်တော်တော်များများသည် မပျံ့နှံ့တတ်ပေ။ အဆင့်ကိုးဒေသသည် အလွန်အဆင့်မြင့်ရာ ဆန်းကြယ်သောတည်ရှိမှုတစ်ခု ဖြစ်၏။
မူလကလန်၏ မှတ်တမ်းများ၌ အဆင့်ကိုးဒေသအကြောင်းကို ရိုးရိုးရှင်းရှင်းသာ ဖော်ပြထား၏။ သူတို့သည် နတ်ဘုရားကလန်တစ်ခုကိုသာ သိထားကြသည်။ ဝမ်လင်းက ကျောက်စိမ်းပြားကို ရရှိပြီး၊ အဆိပ်အဘွားအို၏ မှတ်ဉာဏ်များကို ရှာဖွေပြီးမှသာ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်အကြောင်းကို သိလာခဲ့ခြင်းပင်။ တကယ်တော့ အဆင့်ငါးကလန်တစ်ခုက အဆင့်ခြောက်ကလန်တစ်ခုထက် သတင်းအချက်အလက်များကို ပိုမသိနိုင်သည် မဟုတ်လော။
လီချန်မေသည် ဝမ်လင်းပြောသည်ကို ကြား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ပြန်ဖြေသည်။
“အဆင့်ကိုးဒေသမှာ စုစုပေါင်း ကလန်လေးခုရှိတယ်။ ဒီကလန်တွေက နတ်ဘုရားကလန်၊တစ္ဆေကလန်၊နတ်ဆိုးကလန်၊ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တို့ပဲ။ ချန်မေတို့ရဲ့ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်က အားအနည်းဆုံး၊ နတ်ဘုရားကလန်ကတော့ အားအကောင်းဆုံးပဲ။ တစ္ဆေကလန်ကတော့ အထူးဆန်းဆုံးပဲ။ နတ်ဆိုးကလန်ကတော့…”
“နတ်ဆိုးကလန်က အဆင့်ကိုးဒေသရဲ့ အတွင်းဘက်ကျဆုံးအပိုင်းမှာ တည်ရှိတယ်။ ဒီနေရာကို ကျင့်ကြံသူတွေ ဝင်ရောက်ဖို့ ခက်ခဲလွန်းတယ်။ အဲ့နေရာမှာ အစွမ်းထက်ကြမ်းကြုတ်တဲ့သားရဲတွေအားလုံး စုဝေးနေတာ။ ဆရာ တစ်ခါ ပြောခဲ့ဖူးတာကတော့ အဲ့နေရာမှာ လူသားအသွင် ပြောင်းနိုင်တဲ့ ကြောက်မက်ဖွယ်သားရဲတွေပါ ရှိတယ်တဲ့။ ဒါပေမယ့်လည်း နတ်ဘုရားကလန် ရှိနေရင် နတ်ဆိုးကလန်လည်း ဘာမှ အများကြီး တတ်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး…”
“အို…” ဝမ်လင်း၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူက ပြောသည်။ “လူအသွင်ပြောင်းနိုင်တဲ့ သားရဲတွေ ရှိတာလား…”
လီချန်မေသည် ခေါင်းညိတ်ပြ၏။ သူက တိုးညင်းစွာ ပြောသည်။ “ကြမ်းကြုတ်တဲ့သားရဲတွေက ကောင်းကင်နဲ့မြေကြီးကို နားလည်နိုင်ပြီး တာအိုကို ကျင့်ကြံနိုင်တယ်။ဒါ့ကြောင့် သူတို့ဟာ ဘာကြောင့်များ လူအသွင် မပြောင်းနိုင်ကြမှာလဲ။ ဒါပေမဲ့ ဒီလိုသားရဲမျိုးက ရှားပါးလွန်းလှတယ်…”
“သင်နဲ့ ကျင့်ကြံသူမြောက်များစွာ မသိတဲ့ တစ်ချို့ကိစ္စလေးတွေလည်း ရှိသေးတယ်။ ငါ့ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကတောင် ဒီလျှို့ဝှက်ချက်ကို အဆင့်ကိုးဒေသထဲ ဝင်ပြီးမှ သိလာခဲ့တာ…”
လီချန်မေ၏အသွင်ဟန်ပန်မှာ အလေးအနက် ဖြစ်လာ၏။ အနည်းငယ် ချင့်ချိန်ပြီးမှ သူမသည် ခပ်တိုးတိုး ပြောလာသည်။ “ဟိုး လွန်ခဲ့တဲ့ အချိန်တုန်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ အဆင့်ကိုးဒေသမှာ ကလန်တစ်ခုပဲ ရှိခဲ့တယ်။ဒီကလန်က နတ်ဘုရားကလန်ပဲ…”
“နတ်ဘုရားကလန်ဟာ တိမ်ပင်လယ်ကို မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် အုပ်ချုပ်နေခဲ့တဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် သားရဲတွေ ပေါက်ကွဲထွက်လာခဲ့တယ်။ အဲ့အချိန်တုန်းကဆို လူအသွင်ပြောင်းနိုင်တဲ့ သားရဲတွေတောင် ပါခဲ့တယ်။ ပြောကြတာက ဒီသားရဲတွေဟာ အခြားကြယ်အဖွဲ့အစည်းတစ်ခုကနေ လာခဲ့တာတဲ့…”
“နတ်ဘုရားကလန်သာ မရှိရင် ဒီသားရဲတွေ ပြန့်ကြဲပျံ့နှံ့လာမှုက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခွင်ထိ ရောက်ရှိလာခဲ့မှာ။ အဆုံးသပ်မှာတော့ နတ်ဘုရားကလန်က ဒီလိုပြန့်နှံ့လာမှုကို ရပ်တန့်နိုင်ခဲ့တယ်။ဒါ့ကြောင့်လည်း ဒီသားရဲတွေဟာ မပြန့်နှံ့ခဲ့ဘူး။ အပြင်လူတော်တော်များများကလည်း ဒီအကြောင်းကို မသိခဲ့ကြဘူး။
ဒီစစ်ပွဲဟာ ပြင်းထန်တဲ့ကပ်ဘေးတွေကို ယူဆောင်လာတယ်လို့တော့ ဆိုနိုင်တယ်။ ဒီကြမ်းကြုတ်တဲ့သားရဲတွေကို နှိမ်နင်းပြီးတဲ့နောက် နတ်ဘုရားကလန်ဟာ အဆင့်ကိုးဒေသရဲ့ အတွင်းနက်ပိုင်းမှာ ကင်းစောင့်နေထိုင်ဖို့ အုပ်စုတစ်ခုကို စေလွှတ်ခဲ့တယ်။ အဲ့နေရာမှာ ဆန်းကြယ်တဲ့ကြယ်အဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိတယ်။ အချို့အလွန်အမင်းအားကောင်းတဲ့ သားရဲတွေဟာ အဲ့ကနေ လာခဲ့ကြတာ။ ဒီသားရဲတွေ ပျံ့နှံ့လာမှုကို တားဆီးဖို့အတွက် တိုက်ပွဲတွေ နှစ်ထောင်သောင်းချီပြီး ဖြစ်ခဲ့တာ၊ အခုထိတောင် တိုက်ပွဲတွေ ရှိနေတုန်းပဲ…”
“နတ်ဘုရားကလန်ရဲ့ အင်အားစုအစိတ်အပိုင်းတစ်ခုဟာ သူတို့ရဲ့ လွတ်လပ်မှုကို လက်လွှတ်ပြီး အဆင့်ကိုးဒေသအတွင်းနက်ပိုင်းမှာ ရှိနေပြီး ပထမဆုံးခံစစ်လိုင်းအဖြစ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ဒီနတ်ဘုရားကလန်ရဲ့ တပည့်တွေဟာ အမှီအခိုကင်းလာကြပြီး သူတို့ကိုယ်သူတို့ နတ်ဆိုးကလန်လို့ ခေါ်လာခဲ့ကြတယ်။ သူတို့ဟာ နတ်ဘုရားကလန်ရဲ့ အမိန့်ပေးမှုတွေကိုလည်း ရပ်တန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ သားရဲလှိုင်းတွေ ပျံ့နှံ့လာတာကို ဟန့်တားဖို့အတွက်တော့ သူတို့က ခုခံနေဆဲ ဖြစ်တယ်…”
လီချန်မေ၏အသံကိုက လှပလွန်း၏။ သို့သော် သူမ စကား၏အခြင်းအရာမှာ တုန်လှုပ်ဖွယ်ရာပင်။ ဝမ်လင်း၏မျက်လုံးတို့သည် အလေးအနက်ဟန် ဖြစ်လာ၏။ သူသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ အခုလိုမျိုး တုန်လှုပ်ဖွယ်လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
“နတ်ဘုရားကလန်ဟာ ဒီကိစ္စကို ပူပန်ခဲ့တယ်။သူတို့က နတ်ဆိုးကလန်နဲ့ ကျုးကျော်လာနေတဲ့ ကြမ်းကြုတ်တဲ့သားရဲတွေနဲ့ ပတ်သတ်လို့ စိုးရိမ်ကြတယ်။ ဒါ့ကြောင့်ပဲ ဦးဆုံးအနေနဲ့ သူတို့က ဝိညာဉ်ဖမ်းမန္တာန်တွေ အသုံးပြုတာ ကျွမ်းကျင်တဲ့ တစ္ဆေကလန်ကို မြှင့်တင် ကူညီပေးခဲ့ပြီး အဆင့်ကိုးဒေသကို ရောက်လာစေခဲ့တယ်။အဲ့နောက် သူတို့က ငါတို့ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကိုလည်း အဆင့်ကိုးဒေသကို ခေါ်ဆောင်ခဲ့တယ်။ ဒါတွေအားလုံးက အချိန်မရွေးဖြစ်လာနိုင်တဲ့ ဒုတိယအကြိမ်သားရဲတွေ ပေါက်ကွဲပျံ့နှံ့မှုအတွက် ကြိုပြင်ဆင်ထားတာပဲ…”
သူမ စကားဆုံးသည့်နောက် ဝမ်လင်းထံသို့ ကြည့်ကာ တိုးညင်းစွာ ပြော၏။
“ဒီကိစ္စက တကယ့်ကို အရေးကြီးလွန်းတယ်။ အစ်ကိုလု တခြားသူတွေကို မပြောပြဖို့ မျှော်လင့်ပါတယ်…”
ဝမ်လင်းသည် ခဏစဉ်းစားပြီးနောက် သဘောတူကာ ခေါင်းညိတ်ပြ၏။ ထို့နောက် သူသည် အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။သူ့အကြည့်က လေဟာနယ်ကို ထွင်းဖောက်၍ အဆင့်ကိုးဒေသထံသို့ ရောက်သွားသည့်အလား၊ သူက ထိုဘာမှန်းမသိရသည့် ဆန်းကြယ်သော ကြယ်အဖွဲ့အစည်းကို တွေ့မြင်ကာ နှစ်သောင်း၊သိန်းနှင့်ချီ၍ ဖိနှိပ်တိုက်ခိုက်နေကြသော နတ်ဆိုးကလန်ရှိရာ ဟင်းလင်းပြင်အက်ကြောင်းကို တွေ့မြင်နေသည့်အလား။
“ဒီလောကမှာ အရာအားလုံးဟာ အကြောင်းရင်း ရှိတယ်။ လီချန်မေ ပြောတာသာ မှန်ခဲ့ရင် ဒီဆန်းကြယ်တဲ့ကြယ်အဖွဲ့အစည်းဟာ ဘယ်နေရာမှာ ရှိနေမလဲ…”
***