မူလကလန်၏ မည်သည့်ကျင့်ကြံသူကမျှ တောင်ဘက်ခြံဝန်းရှိ အဖြစ်အပျက်ကို သတိမပြုမိကြပေ။ တောင်ဘက်ခြံဝန်းသည် မူလကလန်အတွက် တားမြစ်နေရာ ဖြစ်၍ မည်သည့်တပည့်ကမျှ ဝင်လာဝံ့ကြခြင်း မရှိပေ။ လုယန်ဖေနှင့် အခြားသူများပင် ဝမ်လင်း ဆင့်ခေါ်မှ လာရ၏။ သူတို့သည် အတင်းဝင်လာမဝံ့ကြချေ။
အဆင့်ရှစ်သားရဲကို ချက်ခြင်းသတ်ပစ်ခြင်း၊အဆင့်ခြောက်ကလန်မှ ကျင့်ကြံသူများကို ထိတ်လန့်တကြား ပြန်သွားစေခြင်းတို့ပြီးနောက် ဝမ်လ်းသည် မူလကလန် တပည့်များ၏ ဘိုးဘေးတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့ပေပြီ။ သူတို့သည် သူ့အပေါ်တွင် ရိုသေလေးစားကာ ကြောက်လန့်ကြပေ၏။
လုယန်ကုံးက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။သူ့အသွင်မှာ အတော်လေး ရုပ်စိုးနေသည်။ သူ အကျပ်ရိုက်နေ၏။ သည်အဖြူရောင်ဝတ်စုံဖြင့် ကျင့်ကြံသူ၏ အကြည့်ရှေ့မှောက်၌ သူသည် ရှေ့လည်းမတိုးသာ၊နောက်လည်း မဆုတ်သာ ဖြစ်နေ၏။ သူ နောက်ဆုတ်သည်နှင့် သူ့တာအိုမှာ ပျက်စီးသွားပေမည်။ ထိုသူ၏ ရှေ့၌ သူ့တာအိုမှာ ကလေးသာသာအဆင့် ဖြစ်နေသည့်အလား။
လုယန်ကုံး၏နဖူးထက်မှ ချွေးစေးပြန်လာ၏။သူသည် အခုလိုမျိုးတာအို ပိုင်ဆိုင်ထားသည့် သူမျိုးအား လုံးဝ မတွေ့မြင်ခဲ့ဖူးပေ။ ပုံရိပ်ယောင်ဟု ထင်ရသည့် အရာများမှာ တစ်ဖက်လူသာ ဆန္ဒရှိပါက အစစ်အမှန် ဖြစ်လာမည့်အလား။
“သူ ထိုင်နေရင် သူဟာ တာအိုပဲ…” လုယန်ကုံး၏ စိတ်ထဲ၌ ထူးဆန်းသောအတွေးတစ်ခု ပေါ်လာ၏။
ထိုအခိုက်မှာ လီချန်မေ၏ စကားများ ထွက်ပေါ်လာခြင်းပင်။ သူမ၏အသံက နူးညံ့၍ လှပ၏။ ကြည်လင်အေးငြိမ်းမှု အငွေ့အသက်ပင် ပါနေ၏။ ဝမ်လင်း၏အကြည့်က လုယန်ကုံးထံကနေ လီချန်မေ ထံသို့ ကျရောက်သွားသည့်အခါမှ လုယန်ကုံးသည် စိတ်သက်သာရာရ၍ အသက်ရှုထုတ်နိုင်တော့၏။ သူက နောက်သို့ ခြေလှမ်းအတော်အတန် ပြန်ဆုတ်၏။သူ့အမူအရာကား သုန်မှုန်နေ၏။
ဝမ်လင်းက လီချန်မေကို တည်တည်ငြိမ်ငြိမ် ကြည့်သည်။ ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းက နက်နဲလွန်း၏။ သူမသည် သူမ၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသော်လည်း ဝမ်လင်းက ထိုအမျိုးသမီးမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မှန်း မြင်နိုင်ပေသည်။
“ရောင်းရင်းကျင့်ကြံသူက ဘယ်သူများလဲ…” ဝမ်လင်း၏ မျက်ဝန်းတို့က တည်ငြိမ်နေ၏။ သို့သော် သူ့စိတ်ထဲကမူ စတင် စဉ်းစားနေပေပြီ။
လေပြေတစ်ခု ရိုက်ခတ်လာရာ လီချန်မေ၏ ဆံနွယ်စအချို့ကို လူးလွန့်သွားစေ၏။ သူမက ထိုဆံနွယ်စတို့ကို နားနောက်သို့ ပြန်သက်တင်၍ ဝမ်လင်းကို ကြည့်ကာ နူးညံ့စွာ ဆိုလာသည်။
“ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်…လီချန်မေ…”
ဝမ်လင်းသည် စိတ်လှုပ်ရှားသွား၏။ သို့သော် သူ့အမူအရာမှာ ပြောင်းလဲမသွား၊သူက ခပ်ဖြည်းဖြည်းခြင်း ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူလီက ဒီနေရာကို ဘာကြောင့် ရောက်လာခဲ့တာလဲ…”
လီချန်မေက တခစ်ခစ် ရယ်မောရင်း ပြုံး၍ ဆို၏။ “ချန်မေရဲ့ သံသယတွေ ဖျောက်ဖျက်ပစ်တာမှာ ကူညီပေးဖို့အတွက် အစ်ကိုကြီးကို မေးခွန်းသုံးခု လာမေးတာပါ…”
“သင့် သံသယတွေကို ဘာကြောင့်များ ငါက ဖြေရှင်းပေးသင့်သလဲ…” ဝမ်လင်း၏ စကားတို့က တည်ငြိမ်၏။
လီချန်မေ၏ အမူအရာကလည်း တည်ငြိမ်နေဆဲပင်။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။ “ချန်မေက သင့်အတွက် ပုလွေနဲ့ သံစဉ်တစ်ပုဒ် တီးခတ်ပေးနိုင်ပါတယ်…”
ဝမ်လင်းသည် မျက်မှောင်ကြုံ့သွား၏။ သို့သော် သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “မလိုဘူး…”
လီချန်မေက ပြုံး၍ နူးညံ့စွာ ပြောသည်။ “ချန်မေက သင်နဲ့ ခရမ်းရောင်တာအိုနဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်…”
“မလိုဘူး…”
လီချန်မေက စိတ်သောက ရောက်သွား၏။ သူမသည် ဝမ်လင်းကို ကြည့်လျက် နူးညံ့စွာ ပြောလာပြန်သည်။ “တာအိုအစ်ကိုက နားလည်မှု လွဲနေပြီ။ ချန်မေက အစ်ကိုလုနဲ့ ခုမှ တွေ့ပြီး ခုမှ အတူလာခဲ့တာ။ ငါက တာအိုအစ်ကိုနဲ့ တိုက်ခိုက်ဖို့ လာခဲ့တာ မဟုတ်ဘူး။ ချန်မေက သင်နဲ့ ခရမ်းရောင်တာအိုကလန်ကြားကိုလဲ ဝင်ပါမှာ မဟုတ်ဘူး။ ငါက မေးခွန်းသုံးခုပဲ မေးချင်ရုံပါ။ အခြား ဘာရည်ရွယ်ချက်မှ မရှိဘူး…”
လီချန်မေသည် အခုလိုမျိုး အသေးစိတ် ရှင်းပြခဲလှသူပင်။ သူမသည် လုယန်ကုံးနှင့်အတူ ဤနေရာကို လာခဲ့သည့်အတွက် ဝမ်လင်းအတွေးကို သိနေ၏။ ထို့ကြောင့် သူမသည် အခုလို ရှင်းပြနေခြင်းပင်။
ဝမ်လင်းက မျက်မှောင်ကြုံ့ထားလျက် မေးလိုက်၏။ “ဘယ်လို သံသယ မလို့လဲ…”
“ဒါက တာအိုနဲ့ ဆက်နွှယ်နေပါတယ်…” လီချန်မေက ပြုံးသည်။
ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြော၏။ “သံသယတစ်ခုအတွက် ပစ္စည်းတစ်ခု…”
လုယန်ကုံးက ထိုစကားကို ကြားသည့်အခါ သူသည် မချင့်ပြုံးပြုံးမိ၏။ အစောပိုင်းတုန်းက သူသည် ပစ္စည်းတစ်ခုကို တောင်းဆိုဖို့ရာ မတွေးခဲ့မိပေ။ ထိုအစား သူက သူမ၏ သံစဉ်ကိုသာ ကြည်ကြည်နူးနူး နားထောင်၍ သူမနှင့် ဆက်ဆံရေးကောင်းဖို့သာ ဆန္ဒ ရှိခဲ့သည်။
လီချန်မေသည်လည်း မင်သက်သွားမိ၏။ သူမသည် တခစ်ခစ် ရယ်မောကာ ခေါင်းညိတ်ပြသည်။ “တာအိုအစ်ကိုကသာ ငါ့ တာအိုပြဿနာကို ဖြေရှင်းပေးနိုင်ရင် ဒါ ဖြစ်နိုင်ပါတယ်…”
ဝမ်လင်းက ခေါင်းပြန်ငုံ့ကာ သူ့လက်ထဲရှိ အဆင့်ရှစ်ဆေးလုံးကို ကြည့်၍ တည်ငြိမ်စွာ ပြောသည်။ “မေးပါ…”
“တာအိုအစ်ကို…ချန်မေရဲ့ ပထမမေးခွန်းက ကောင်းကင်ဘုံဆိုတာ ဘာလဲ…”
လီချန်မေ၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ထိုမေးခွန်းအတွက် သူမ ရရှိခဲ့သည့် စိတ်အကျေနပ်ဆုံးအဖြေမှာ လုယန်ကုံး ဖြေခဲ့သည့် ကောင်းကင်ဘုံသည် လှောင်ချိုင့် ဖြစ်သည် ဟူ၍ပင်။ အခုချိန်၌ သူမသည် သူမရှေ့ရှိ အဖြူရောင်ဝတ်စုံနှင့်သူ၏ အဖြေကို အမှန်တကယ် သိချင်နေမိသည်။
သူမသည် ထိုသို့ မျှော်လင့်နေသည်မဟုတ်၊ လုယန်ကုံးသည်ပင် အလေးအနက် ဖြစ်လာ၏။ သူလည်း ထိုကဲ့သို့ အားကောင်းလှသော တာအိုနယ်ပယ်တစ်ခု ပိုင်ဆိုင်ထားသည့် သူက ဤမေးခွန်းကို မည်သို့ ဖြေမည်အား သိချင်နေမိသည်။ လုယန်ကုံးက သူ့အဖြေသည် အမှန်ဟု အမြဲတမ်းလိုလို ထင်ထား၏။ သို့မဟုတ်ပါက လီချန်မေ၏ ဒုတိယမေးခွန်း ဆက်မေးလာအောင် လုပ်နိုင်သည့် ပထမဆုံးသူ ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေ။
လီချန်မေ၏ မေးခွန်းကို ကြားသည့်နောက် ဝမ်လင်းက ပြုံး၏။ သူသည် လီချန်မေကို ကြည့်သည်။ သို့သော် စကားမဆိုချေ။
ဝမ်လင်း၏အပြုံးကို တွေ့သည့်အခါ လီချန်မေသည် စဉ်းစားမရ ဖြစ်သွား၏။ သို့သော် သူမသည် လောမနေပေ။ ထို့အတွက်ကြောင့် ဝမ်လင်း အဖြေကိုသာ စောင့်နေသည်။ လုယန်ကုံးလည်း မျက်မှောင်ကြုတ်နေ၏။ သူသည် ဤပထမမေးခွန်းကို ကြားသည့်နောက် တစ်ဖက်လူ ဘာကြောင့် ပြုံးနေသည်ကို မသိ ဖြစ်နေ၏။ လုယန်ကုံးက ထိုအပြုံးကို ထေ့ငေါ့လှောင်နေသည်ဟု မြင်သည်။
ဝမ်လင်းက ခေါင်းယမ်းကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလာသည်။ “ဒုတိယမေးခွန်း ဆက်မေးပါ…”
လုယန်ကုံးသည် ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ “သင် သူမရဲ့ မေးခွန်း ကောင်းကင်ဘုံက ဘာလဲ ဆိုတာ မပြောရသေးဘူး…”
ဝမ်လင်းသည် လုယန်ကုံးကို ကြည့်၍ ပြောသည်။ “အို…သင်ကရော ကောင်းကင်ဘုံကို ဘယ်လို ထင်လဲ…”
“ကောင်းကင်ဘုံဟာ လှောင်အိမ်တစ်ခုပဲ။ ဖားအတွက် ရေတွင်းအဝဟာ ကောင်းကင်ဘုံ၊ ငါးတွေအတွက် ရေမျက်နှာပြင်ဟာ ကောင်းကင်ဘုံပဲ…”
လီချန်မေသည်လည်း မျက်မှောင်ကြုံ့နေမိ၏။ သူမသည် စဉ်းစားနေသည်။ သူမသည် ဝမ်လင်းကို ဖြတ်မြင်နိုင်ခြင်း မရှိပေ။ သူမက လုယန်ကုံး၏ စကားကို ကြားသည့်အခါ ခပ်တိုးတိုး ပြောလာ၏။ “ချန်မေက ဒီမေးခွန်းကို ကျင့်ကြံသူများစွာကို မေးခဲ့ပြီးပြီး။ ဒါပေမဲ့ အစ်ကိုလုရဲ့ အဖြေဟာ အသင့်တော်ဆုံးပဲ။ တာအိုအစ်ကိုကရော စောနက ဘာကြောင့် ရယ်ခဲ့တာလဲ။ ချန်မေးရဲ့ မေးခွန်းဟာ တစ်ခုခု မှားနေလို့လား…”
ဝမ်လင်းသည် လီချန်မေကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက်မှ သူက တည်တည်ငြိမ်ငြိမ် ပြောသည်။ “ကောင်းကင်ဘုံ ရှိလို့လား…”
ထိုသို့ ဆိုလိုက်သည့်နောက် လီချန်မေသည် နေရာမှာပင် မင်သက်သွားသည်။ သူမသည် ဤမေးခွန်းကို လူများစွာအား မေးခဲ့ပြီး ဖြစ်သည်။ သို့သော် မည်သူကမျှ အခုလိုမျိုး ပြန်မတုန့်ပြန်ခဲ့ပေ။ လုယန်ကုံး၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားသည်။ သူက ကောင်းကင်ထက်သို့ အလိုလို မော့ကြည့်မိ၏။
လုယန်ကုန်းက အေးစက်စက် နှာခေါင်းရှုံ့၏။ “အဓိပ္ပာယ်မရှိလိုက်တာ။ ကောင်းကင်ဘုံဆိုတာ ငါတို့ ပတ်လည်မှာတင် ရှိတယ်။ ကောင်းကင်ဘုံရှိရဲ့လားဆိုတဲ့ စကားက ဘယ်လိုတောင် အဓိပ္ပာယ် မရှိတဲ့ဟာလဲ…”
လီချန်မေသည်လည်း အနည်းငယ် စဉ်းစားတွေးကြည့်ပြီးနောက် နူးညံ့စွာ ပြောလာ၏။ “ကောင်းကင်ဘုံ မရှိတဲ့နေရာကရော…”
ဝမ်လင်းသည် စကားဖြင့် ပြန်မဖြေ၊ ထိုအစား သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်း၏။ လေပြေညင်းတစ်ခု ခြံဝန်းထဲသို့ တိုက်ခတ်လာကာ လီချန်မေနှင့်လုယန်ကုံးတို့ အနားရှိ မြေပြင်ထက်တွင် စက်ဝန်းတစ်ခု ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ကို လှည့်ပတ်၍ တုတ်တစ်ချောင်းဖြင့် စက်ဝန်းပုံစံ ရေးစွဲလိုက်သကဲ့သို့ပင်။
“ဒီစက်ဝန်းဟာ သင်တို့နှစ်ယောက်ထင်နေတဲ့ ကောင်းကင်ဘုံပဲ။ သင်တို့က ကောင်းကင်ဘုံ ရှိတယ်လို့ ယုံကြည်ရင် ဒီကောင်းကင်ဘုံဟာ တည်ရှိမယ်။ သင်တို့က ဒီကောင်းကင်ဘုံကို ချိုးဖက်နိုင်ဖို့အတွက် သင်တို့ကိုယ်သင်တို့ ပုရွတ်ဆိတ်တွေလိုမျိုး မှတ်ယူထားကြတယ်။ဒါကပဲ သင်တို့ရဲ့ ပိတ်လှောင်မှု ဖြစ်နေတာ။ ဒါဟာ သင်တို့ရဲ့ ယုံကြည်မှုသာ ဖြစ်တယ်။ဒါပေမဲ့ သင်တို့က ဒီစက်ဝန်းကနေ လှမ်းထွက်နိုင်ခဲ့မယ်ဆိုရင်ရော ဘာဆက်ဖြစ်မလဲ…”
ဝမ်လင်းသည် ခေါင်းယမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ထို့နောက် နောက်ထက်စက်ဝန်းတစ်ခုသည် အရင်စက်ဝန်း ပတ်လည်တွင် ထပ်ပေါ်လာသည်။
“သင်တို့ စက်ဝန်းတစ်ခုကနေ ထွက်လာတာနဲ့ နောက်ထပ် ကောင်းကင်ဘုံ(ဝါ)စက်ဝန်းတစ်ခု ရှိနေဦးမှာပဲ။ ဒီလိုကမ္မစက်ဝန်းမျိုးဟာ အဆုံးမရှိ ဆက်ဖြစ်နေလိမ့်မယ်။ ဒါဟာ ကောင်းကင်ဘုံဆိုတဲ့ လိမ်ညာမှုတစ်ခုပဲ။ငါက ဒီအကြောင်းကို လွန်ခဲ့တဲ့နှစ်ရာချီလောက်က တွေးမိနေခဲ့တာ။ဒါ့ကြောင့် ဘာကြောင့်များ ကောင်းကင်ဘုံတစ်ခု ရှိရမှာပါလဲ…”
ဝမ်လင်း စကား ဆုံးသွားသည့်နောက် သူသည် တည်ငြိမ်စွာပင် ထိုင်နေကာ ဆက်၍ မဆိုတော့ပေ။
လုယန်ကုံး၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားလေ၏။တစ်ယောက်ယောက်က သူ့ခေါင်းအား တုတ်တစ်ချောင်းဖြင့် ရိုက်ချလိုက်သည့်အလား။သူ့နားစည်ပင် အူထွက်သွားမိသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိ၏။ သူသည် ပထမစက်ဝန်းကနေ လှမ်းထွက်မိသည်။သို့သော် ဒုတိယစက်ဝန်းထဲတွင် ရှိနေဆဲသာ။ ဝမ်လင်း၏ စကားသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေရင်း စက်ဝန်းနှစ်ခုကို စူးစိုက်ကြည့်နေမိသည်။
“ကောင်းကင်ဘုံရဲ့ အလိမ်အညာများ…”
သူ့မျက်နှာမှာ တဖြည်းဖြည်း ဖြူရောလာ၏။ သူ့စိတ်သည် ဆောက်တည်ရာမရ ဖြစ်နေသည်။ သူ့ တစ်ဘဝလုံး ကျင့်ကြံခဲ့သောတာအိုသည် စတင် အက်ကွဲလာသည်။ သူက အဖြူရောင်ဝတ်စုံနှင့်ကျင့်ကြံသူ(ဝမ်လင်း)၏ စကားများကို ငြင်းဆန်လို၏။ သို့သော် ဆွံ့အနေရပေသည်။
သူ့ခန္ဓာကိုယ် အပြင်ဘက်ရှိ စက်ဝန်းနှစ်ခုမှာ ထာဝရချဲ့ကားသွားဟန် ရကာ တဖြည်းဖြည်းခြင်း သူ့စိတ်နှလုံးထဲတွင် လှောင်အိမ်တစ်ခု ဖြစ်လာ၏။ သူက ပထမလှောင်အိမ်ကနေ အားကုန်စိုက်ထုတ်၍ ရုန်းထွက်ကာ နောက်ထပ်လှောင်အိမ်တစ်ခုကို ရှာဖွေနေသည့်အလား။
ထိုထူးဆန်းသောခံစားချက်က သူ့မျက်နှာကိုပါ ဖြူရောသွားစေ၏။ သူ့ပါးစပ်ထောင့်ကနေ သွေးများစီးကျလာစေသည်။ သူက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သည့်အပြုံးကိုပါ ထုတ်ဖော်မိ၏။
လီချန်မေက ဖြည်းဖြည်းခြင်း မျက်လုံးမှိတ်၏။ သူမ၏ စိတ်မှာ တုန်လှုပ်နေ၏။ ဝမ်လင်း၏ စကားများက သူမ၏ စိတ်ထဲတွင် မှော်စာလုံးတစ်လုံး ကခုန်နေသည့်အလား၊ သူမ၏ စိတ်နှလုံးထဲတွင် စွဲထင်သွားသည်။
မူလတုန်းက သူမ၏ တာအိုအပေါ် ရှုပ်ထွေးနေမှုသည် တိမ်တိုက်များနှင့်တူ၏။ လုယန်ကုံး၏ စကားများက ထိုတိမ်တိုက်များကို အနည်းငယ် လျော့ပါးသွားစေအောင် ပြုလုပ်သည့် မိုးကြိုးပစ်ချက်နှင့် တူသည်။
သို့ရာတွင် ခုချိန်၌ သူမသည် လုယန်ကုံး၏ တာအိုအပေါ်နားလည်မှုက အဓိပ္ပာယ်မရှိသည်ကို နားလည်လာခဲ့ပေပြီ။ သူသည် ကောင်းကင်ဘုံ၏ အလိမ်အညာထဲသို့ ကျရောက်ခဲ့ကာ သူ့ကိုယ်သူပင် ဆွဲထုတ်နိုင်စွမ်း ကင်းမဲ့နေသည် မဟုတ်လား။
ဝမ်လင်း၏စကားသံကတော့ မုန်တိုင်းတစ်ခုနှင့် အလားသဏ္ဌာန်တူသည်။ဝမ်လင်းစကားသံတို့က မမြင်ရသောလက်နှစ်ဖက်က သူမ၏ စိတ်ထဲရှိ တိမ်တိုက်များနှင့် တာအိုအပေါ် ရှုပ်ထွေးမှုတို့ကို စုတ်ဖြဲပစ်ကာ အပြာရောင်ကောင်းကင်တစ်ခုကို လှစ်ဟပေါ်လာစေသည့်အလား။
လီချန်မေသည် မျက်လုံးပြန်ဖွင့်လာ၏။သူမ၏ မျက်တောင်တို့မှာ အနည်းငယ် တုန်ယင်နေ၏။ သူမသည် ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေမိ၏။သူမ၏မျက်ဝန်းထဲတွင် လေးစားမှု ရှိနေသည်။
လီချန်မေသည် ခါးညွတ်၍ နူးညံ့စွာ ဆို၏။ “တာအိုအစ်ကိုရဲ့ နာမည် ငါ့ကို ပြောပြပေးနိုင်မလား…”
“လုဇီဟောင်…” ဝမ်လင်း၏အသံက တစ်စက်လေးပင် တုန်ခါမနေဘဲ တည်ငြိမ်နေသည်။
(ဘာသာပြန်သူမှတ်ချက်…ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ သူ့ပုံရိပ်နောက်ခံကို တည်ဆောက်ရန် အလို့ငှာ မူလကလန်၏ ဘိုးဘေး နာမည်ကို အသုံးပြုလိုက်ခြင်းပင်။)
“အစ်ကိုလုရဲ့ အဖြေက ချန်မေကို ဉာဏ်အလင်း ရစေခဲ့တယ်။ ချန်းမေ ဒုတိယမေးခွန်းကို မေးချင်ပါတယ်။ အစ်ကိုလု ချန်မေရဲ့ ရှုပ်ထွေးမှုသံသယကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိပါတယ်…”
လီချန်မေသည် ဝမ်လင်းကို တောက်ပစွာ ကြည့်၏။
“ပထမမေးခွန်းအတွက် ငါ သင့်ရှိကနေ အဆင့်မြင့်ဆုံးဆေးလုံးတစ်လုံး လိုချင်တယ်…”
ဝမ်လင်းသည် လီချန်မေကို ကြည့်သည်။
လီချန်မေသည် ပြုံး၏။ သည်အမျိုးသမီး၏ အပြုံးမှာ အလွန်စွဲဆောင်မှု ရှိလှ၏။ သို့သော် သည်အခိုက်အတန့်၌ လုယန်ကုံးက ခါးသီးစွာ တွေးတောနေသည်။ထို့ကြောင့် သူသည် ဤအပြုံးကို မမြင်လိုက်ရပေ။ ဝမ်လင်းသာ မြင်လိုက်ရ၏။ သို့သော် သူ့အတွက် ဘာမှ ထူးခြားမသွားပေ။
“အစ်ကိုလု အတွက်မှားသွားပြီ။ ချန်မေမှာ ရှိတဲ့ ဆေးလုံးအများစုဟာ တစ်ဝက်တစ်ပျက်ပဲ ပြီးပြည့်စုံသေးပြီး ကလန်ကို ပြန်သွားပြီး သန့်စင်မွန်းမံဖို့ လိုနေသေးတယ်။ အခုချန်မေ ရှိမှာ ရှိတဲ့ အဆင့်မြင့်ဆုံးဆေးလုံးဆိုလို့ အဆင့်တစ်ဆယ် ဆေးလုံးပဲ ရှိတယ်။ဒါက ကုသခြင်းဆေးလုံးပဲ။ အစ်ကိုလု ဒီလိုတောင်းဆိုမှတော့ ချန်မေက အစ်ကိုလုကို ဒီဆေးလုံး ပေးပါ့မယ်…”
လီချန်မေသည် ထိုသို့ ဆိုရင်း သူမ၏ ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သိုလှောင်နေရာလွတ်တစ်ခု ပေါ်လာ၏။ ၎င်းသိုလှောင်နေရာလွတ်ထဲကနေ ဆေးလုံးတစ်လုံးသည် ဝမ်လင်းလက်ထဲသို့ ပျံသန်းထွက်လာ၏။
ဝမ်လင်းသည် ဆေးလုံးကို လက်ခံလိုက်ရင်း မျက်မှောင်ကြုံ့နေ၏။ သူသည် ၎င်းဆေးလုံးကို ကြည့်လိုက်ပြီးနောက် သိမ်းဆည်းလိုက်သည်။
“ချန်မေရဲ့ ဒုတိယမေးခွန်းကတော့ ကောင်းကင်ဘုံက ဘာလဲ…” လီချန်မေ၏ မျက်ဝန်းမှာ အလွန်တောက်ပနေ၏။ သူမသည် ဝမ်လင်း၏အဖြေကို စောင့်နေရင်း စိတ်လှုပ်ရှားနေ၏။
အရင်တုန်းက အခုလိုခံစားမှုမျိုးကို သူမ လုံးဝ မခံစားမိခဲ့ဖူးချေ။
လီချန်မေ၏ ဒုတိယမေးခွန်းကို ကြားသည့်အခါ ဝမ်လင်းက ခေါင်းမော့ကာ အပြာရောင်ကောင်းကင်ကို မော့ကြည့်သည်။ သူ့မျက်နှာထက်၌ အတိတ်ကိုအောက်မေ့ဟန် ဖြစ်ပေါ်နေလျက် သူက ခပ်တိုးတိုး ပြောလိုက်၏။ “ပထမမေးခွန်းဟာ တာအိုရဲ့ အကန့်အသတ်နဲ့ ပတ်သတ်ပြီးမေးတာ၊ ဒုတိယမေးခွန်းကတော့ ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒနဲ့ ပတ်သတ်ပြီး မေးတာပဲ…”
ထိုသို့ ဆိုလိုက်သည့်နောက် လီချန်မေ၏ မျက်ဝန်းက ပို၍ပင် တောက်ပလာကာ ဝမ်လင်းထံသို့သာ အကြည့်ရောက်နေလေ၏။ သူမသည် တူညီသောမေးခွန်းနှစ်ခု၏ နောက်ကွယ်မှ မတူညီသည့် အဓိပ္ပာယ်ကို ခန့်မှန်းနိုင်စွမ်းရှိသည့် လူကို ခုမှ ပထမဆုံး ဆုံရခြင်းပင်။
လုယန်ကုံးသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းမိ၏။ သူ့စိတ်ထဲ၌ ဗြောင်းဆန်နေမှုကို အတင်းဖိနှိပ်ထားရ၏။ ဝမ်လင်း၏စကားများကို ကြားလိုက်ရပြီးနောက် သူသည် မင်သက်နေမိ၏။သို့သော် သူက သူ ဘာကြောင့် လီချန်မေ၏ တတိယမေးခွန်းကို ဖြေနိုင်ဖို့ အရည်အချင်း မပြည့်မှီမှန်းကိုတော့ နားလည်သွားပေပြီ။
***