Switch Mode

အပိုင်း (၁၂၁၇)

လုယန်ကုံး မယှဉ်သာတော့

“ရေတွင်းထဲက ဖားအတွက်တော့ ရေတွင်းဝဟာ ကောင်းကင်ဘုံပဲ။ ရေထဲက ငါးအတွက်တော့ ရေဟာ ကောင်းကင်ဘုံပဲ။ ရေတွင်းဟာ ဖားအတွက် လှောင်အိမ်ဖြစ်သလို ရေမျက်နှာပြင်ဟာလည်း ငါးတွေအတွက် အကန့်အသတ် နယ်စည်းပဲ…”

လုယန်ကုံးသည် လီချန်မေကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “လူသားတွေဟာလည်း ဖားတွေ၊ငါးတွေလိုပါပဲ။ ဒါ့ကြောင့် ကောင်းကင်ဘုံ(ဝါ)ကောင်းကင်နဲ့မြေကြီးဟာ ငါတို့အတွက် လှောင်အိမ် ဖြစ်နေတာ။ ဖားတွေဟာ ရေတွင်းထဲကနေ ထွက်ချင်သလို၊ ငါးတွေဟာ ရေမျက်နှာပြင်ထက် ခုန်တက်ချင်ကြတယ်။လူသားတွေဟာလည်း ကောင်းကင်ဘုံကို ဖွင့်လှစ်ဖို့ ချိုးဖျက်ပစ်ချင်ကြတယ်။ လှောင်အိမ်ထဲကနေ လှမ်းထွက်လိုကြတယ်…”

လီချန်မေသည် တဒင်္ဂတွေးမိသွား၏။ထို့နောက် သူမ၏ မျက်ဝန်းတို့မှာ ပို၍ တောက်ပလာသည်။ သူမသည် ဆံနွယ်စကို နားနောက်ဘက်သို့ သက်တင်လိုက်ရင်း သူမ၏မျက်ဝန်းအကြည့်ထဲတွင် လေးစားမှုတစ်ခု ဖြစ်ပေါ်သွားသည်။ သူမက ဆက်၍ ဆိုလာ၏။ “အစ်ကိုလုရဲ့ အဖြေက တကယ့်ကို တစ်မူထူးလှတယ်။ချင်းမေ လမ်းတစ်လျှောက်မှာ လူတော်တော်များများကို ဒီမေးခွန်း မေးခဲ့ပြီးပြီး။ ဒါပေမဲ့လည်း အစ်ကိုလုကသာ ငါ့ရှုပ်ထွေးနေမှုကို ဖြေရှင်းနိုင်စွမ်း ရှိတယ်…”

“ချင်းမေက ငါ့ကို မြှောက်နေတာပဲ…”လုယန်ကုံးသည် ခပ်ဖျော့ဖျော့ပြုံး၍ ဆို၏။

“အစ်ကိုလုဟာ ချင်းမေ ဒုတိယမေးခွန်းဆက်မေးလာအောင် လုပ်နိုင်တဲ့ ပထမဆုံးသူပဲ။ အစ်ကိုလု ငါ့မေးခွန်းတွေကို ဆက်ဖြေပေးဖို့ မျှော်လင့်ပါတယ်…” လီချန်မေသည် သူမရှေ့ရှိ လူကို ကြည့်နေသည်။ သူမသည် အဆင့်ငါးနယ်မြေ၌ လုယန်ကုံး၏ ကျော်ကြားမှုကို ကြားဖူးခဲ့၏။ ထိုသူမှာ အလွန်ဉာဏ်ရှိကာ တာအိုကို နက်နက်နဲနဲ နားလည်ထားပေသည်။

“ငါ့အနေနဲ့ သင့်မေးခွန်းသုံးခုကို ဖြေပြီး သံသယတွေကို ဖျောက်ဖျက်ပေးနိုင်ခဲ့မယ်ဆိုရင် သင့်ရှိကနေ ဘာအကျိုးအမြတ် ပြန်ရမှာလဲ…”

လုယန်ကုံးသည် လီချန်မေကို ပြုံး၍ ကြည့်ကာ အဖြေတစ်ခုကို စောင့်ဆိုင်းသည်။

လီချန်မေကလည်း ပြုံး၍ ပြောလာသည်။ “အစ်ကိုလုကသာ ချန်မေရဲ့ သံသယတွေကို တကယ် ဖြေပေးနိုင်ခဲ့ရင် ငါက အစ်ကိုလုအတွက် ပုလွေနဲ့ သီချင်းတစ်ပုဒ် ဆိုပြမယ်…”

“ကောင်းပြီ…” လုယန်ကုံးသည် အပြုံးတစ်ခုကို ထုတ်ဖော်လျက် လီချန်မေထံသို့ လေးလေးနက်နက် ကြည့်သည်။ သူက သူမ၏မေးခွန်းသုံးခု မေးရခြင်း၏ အစစ်အမှန်အကြောင်းပြချက်ကို အခုထိ ပဟေဋိ ဖြစ်နေဆဲပင်။

လီချန်မေသည် လုယန်ကုံးကို ကြည့်၍ နူးညံ့စွာ ပြောလာသည်။ “ဒုတိယမေးခွန်းက ကောင်းကင်ဘုံဟာ ဘာလဲ…”

လုယန်ကုံးဘေးရှိ အဘိုးအိုသည် နားထောင်လျက် ရှိနေ၏။ သူသည် ပထမမေးခွန်းအတွက် သူ့အရှင်လုယန်ကုံး၏ အဖြေကို ကြားသည့်အခါ ပြုံး၏။ သို့သော် ဒုတိယမေးခွန်းကို ကြားသည့်အခါတွင်တော့ သူ့အသွင်ဟန်ပန်က တစ်မျိုးဖြစ်သွားသည်။

လုယန်ကုံးက မျက်မှောင်ကြုံ့ကာ စတင် စဉ်းစားနေ၏။ သည်တစ်ကြိမ်၌ သူက အရင်မေးခွန်းထက် စဉ်းစားတာ ပိုကြာနေသည်။ လီချန်မေက လုယန်ကုံးထံမှ အဖြေကို ငြိမ်သက်စွာ စောင့်နေကာ အလျင်လိုခြင်း ရှိမနေပေ။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် လုယန်ကုံးက ခပ်ဖြေးဖြေးခြင်း ပြောလာ၏။ “ကောင်းကင်ဘုံဟာ…လမ်းတစ်ခုပဲ…”

လီချန်မေက အနည်းငယ် စဉ်းစားပြီးနောက် ခပ်တိုးတိုး ထပ်မေး၏။ “အကြောင်းရင်းကရော…”

လုယန်ကုံးက ခေါင်းမော့၍ ကြည့်၏။ ခဏတာ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။ “ကောင်းကင်ဘုံ(ကောင်းကင်နဲ့မြေကြီး)ဟာ ငါတို့ရဲ့ ခြေရာအောက်မှာ၊ ငါတို့ လျှောက်လှမ်းဖို့အတွက် လမ်းတစ်ခုပဲ။ ဒီလမ်းဟာ တာအိုလမ်းပဲ…”

“တာအိုဟာ ကောင်းကင်ဘုံဆိုတဲ့ လှောင်ချိုင့်ထဲကနေ ချိုးဖျက်နိုင်တဲ့ ဦးတည်ရာကို ငါတို့အတွက် ခေါ်ဆောင်သွားပေးမယ့် လမ်းတစ်ခုပဲ…”

လီချန်မေ၏ မျက်လုံးက သာ၍ တောက်ပလာသလို သူမ၏မျက်လုံးထဲရှိ လေးစားမှုကလည်း ပိုအားကောင်းလာသည်။

“ငါ့မေးခွန်းတွေကို ဖြေပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုလု။ အခု ငါ ပဟေဋိဖြစ် ဝေခွဲမရတာ အတော်လေး လျော့နည်းသွားသလို ခံစားမိတယ်။ အစ်ကိုလု ဘယ်နေရာကိုများ အလျင်စလို သွားနေလဲ ငါ သိချင်မိတယ်…”

လုယန်ကုံးဘေးရှိ အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြစ်ပြီးနောက် လက်နှစ်ဖက်စုပ်ကာ မေးလာ၏။ “ရောင်းရင်းကျင့်ကြံသူလီ…ဒါက သင့်ရဲ့ တတိယမေးခွန်းလား…”

လီချန်မေသည် ပြုံးရုံသာ ပြုံးနေ၏။

“ငါ့အတွက် ဖြေရှင်းစရာ ကိစ္စလေးရှိလို့ မိုလျိုကုန်းမြေရှိ သွားမလို့ပါ…”

လုယန်ကုံး၏အမူအရာမှာ ပုံမှန်အတိုင်းသာ၊ သူက တတိယမေးခွန်းကို ဖြေရဖို့ရာ အခွင့်အရေး မရှိတော့သည်ကို သိနေလျှင်ပင် သူ့စိတ်နှလုံးထဲ၌ ဘာနောင်တရမှုမှ ရှိမနေပေ။

လီချန်မေသည် စကား ဆိုလာ၏။ “အစ်ကိုလု စိတ်မရှိရင် ငါရော လိုက်ခဲ့လို့ရနိုင်မလား…”

“ချန်မေက ငါနဲ့ အတူလိုက်ခဲ့မှာ ဆိုတော့ ကြိုဆိုရမှာပေါ့…” လုယန်ကုံးက ပြုံး၍ ခေါင်းညိတ်ပြ၏။

သည်လိုနှင့် မိုလျိုကုန်းမြေသို့ သွားနေသည့် လမ်းတစ်လျှောက်တွင် လုယန်ကုံးနှင့်လီချန်မေတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း သူတို့၏ တာအိုကို ဖလှယ်ဆွေးနွေးနေကြသည်။ သူတို့သည် တစ်ယောက်အပေါ် တစ်ယောက် ပို၍ လေးစားလာကာ သူတို့အတွက် အကျိုးကျေးဇူးလည်း များပေသည်။

အဘိုးအိုကတော့ ခြေလှမ်းအနည်းငယ် အကွာတွင် ရှိနေ၏။ သူ့အကြည့်က မကြာမကြာဆိုသလို လုယန်ကုံးနှင့်လီချန်မေတို့ထံသို့ ကျရောက်နေသည်။ သူ့မျက်လုံးထဲ၌ ထူးဆန်းနေမှုအချို့ ရှိနေသည်။ ထို့အပြင် ကျေနပ်မှုအရိပ်အမြွက်လည်း ရှိနေပြန်သည်။

“ကလန်ခေါင်းဆောင်ရဲ့ ဇနီး သေဆုံးပြီးတဲ့နောက် သူ့မှာ နောက်ထပ် တာအိုလက်တွဲဖော် လုံးဝ မရှိခဲ့တော့ဘူး။ ဒီအဆင့်ကိုးကလန်က လီချန်မေဟာ ကလန်ခေါင်းဆောင်နဲ့ ခုမှ တွေ့ပေမဲ့လည်း သူမဟာ ကလန်ခေါင်းဆောင်နဲ့ အဆင်ပြေနေတဲ့ပုံပဲ။ သူတို့နှစ်ယောက်သာ တာအိုလက်တွဲဖော် ဖြစ်လာခဲ့ရင် ကလန်ခေါင်းဆောင်ရဲ့ ဉာဏ်ပညာနဲ့ဆို သူ့အနာဂတ်ဟာ အကန့်အသတ်ရှိမှာ မဟုတ်တော့ဘူး။ အဲ့ကျရင် ခရမ်းရောင်တာအိုကလန်ဟာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကိုပါ လှုပ်ခတ်စေနိုင်စွမ်း ရှိလာလိမ့်မယ်…”

လီချန်မေသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကနေ ထွက်ခွာလာပြီးနောက် သူမသည် အခုလိုမျိုး အပြန်အလှန် စကားပြောဆိုခြင်း ပြုခဲလှ၏။ သူမဘေးရှိ လုယန်ကုံးကလွဲ၍ မည်သူကမျှ သူမနှင့် အခုလိုမျိုး စကားအပြန်အလှန်ပြောဖို့ရာ အရည်အချင်း ပြည့်မှီခဲ့ခြင်း မရှိပေ။

“ဆရာဟာ ဒီလူ့ကို အဆင့်ငါးနယ်မြေရဲ့ နံပါတ်တစ်ကျင့်ကြံသူအဖြစ် ချီးကျူးတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ နတ်ဘုရားကလန်ကတောင် သူ့အပေါ် အာရုံစိုက်နေတာ။ သူက တကယ့်ကို ရှားပါးထူးဆန်းတဲ့ လူပဲ။ သူ့အသက်အရွယ်နဲ့ တာအိုကို အခုလောက် နက်နက်နဲနဲ နားလည်ဖို့ဆိုတာ တကယ် မလွယ်လှဘူး။ ငါ့ကျင့်ကြံမှုအဆင့်က သူ့ထက် ပိုမြင့်တယ်ဆိုပေမယ့်လည်း ငါဟာ တာအိုနဲ့ ပတ်သတ်ရင် သူ့ရှောမှာ သိမ်ငယ်ရတယ်…”

“ကံမကောင်းစွာနဲ့…ဒီလိုလူမျိုးတောင် ဒုတိယမေးခွန်းမှာပဲ တန့်သွားရတယ်…”

လီချန်မေသည် စိတ်ထဲကနေ သက်ပြင်းချမိ၏။

“ချန်မေ ကျောက်စိမ်းပြားကို ရသွားတဲ့ ဆန်းကြယ်တဲ့ ကျင့်ကြံသူကို ရှာချင်ရင်တော့ ဒါဟာ ခက်ခဲလှတဲ့ ကိစ္စ ဖြစ်နေဦးမှာပဲ…”

သူတို့နှစ်ယောက် စကားပြောနေရင်း အချိန်သည် ကုန်လွန်လာ၏။ သူတို့သည် တဖြည်းဖြည်းဖြင့် ကျောက်စိမ်းပြားနှင့်အံ့ဖွယ်ဆေးညွှန်း အကြောင်း စကားရောက်လာကြသည်။

လုယန်ကုံးက ထိုကိစ္စအပေါ်၌ သူ့အတွေးအမြင်ကို ဖုံးကွယ်မထားပေ။ သူက ဖုံးကွယ်နေဖို့လည်း မလိုအပ်ပေ။ထို့ကြောင့် သူက သူ့ထင်မြင်ချက်ကို သူမအား ပြောပြ၏။

“ဒီကျောက်စိမ်းပြားနဲ့ဆေးညွှန်းကို ရသွားတဲ့သူ၊ ဆန်းကြယ်လှတဲ့ ကျင့်ကြံသူဟာ ဒီလောက်ပဲ ဉာဏ်နီဉာဏ်နက်အကွက်ချနိုင်တယ်ဆိုရင် သူ့ကို ရှာတွေ့ဖို့ အမှန်တကယ် မခက်ခဲလောက်ပါဘူး…”

“ပြတ်ပြတ်သားသားလုပ်ဆောင်တယ်၊ ရက်ရက်စက်စက် သတ်ပစ်ဝံ့တယ်။ မိစ္ဆာနတ်ဆိုးလို စိတ်နဲ့လူ၊ ငါ့ဘဝမှာ လေးစားရတဲ့သူ အများကြီးမရှိခဲ့ဘူး။ ဒီဆန်းကြယ်လှတဲ့ ကျင့်ကြံသူဟာလည်း သူတို့ထဲက တစ်ယောက်လို့ ယူဆနိုင်တယ်…”

လုယန်ကုံးက ချီးကျူးနေရင်း သူ့မျက်လုံးထဲရှိ သနားမှုကလည်း တိုးလာနေ၏။

လီချန်မေသည် ခပ်တိုးတိုး ပြောလာ၏။ “ဒါက အစ်ကိုလုရဲ့ ထင်မြင်ချက်တွေပေါ့။ အမှန်တရားက အစ်ကိုလု ထင်သလို မဖြစ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ…”

“ငါ့ထင်မြင်ချက်က မှန်မယ်လို့ မျှော်လင့်ပါတယ်။ ငါ အဲ့ဆန်းကြယ်တဲ့ကျင့်ကြံသူနဲ့ တွေ့ဖို့ အခွင့်အရေးတစ်ခု ရှိတာကြောင့်ပဲ…”” လုယန်ကုံးသည် သက်ပြင်းချ၏။ သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်တို့ ရှိနေသည်။

လူတိုင်းသည် ရှေ့သို့ ဆက်သွားနေရင်း မိုလျိုကုန်းမြေနှင့် နီးသထက် နီးလာကြသည်။ ယခုအခိုက်အတန့်၌ သူတို့သည် မိုလျိုကုန်းမြေ၏ အရိပ်အယောင်ကို ခပ်ရေးရေး မြင်နေရပေပြီ။

ဟင်းလင်းပြင်ထဲတွင် ကျားသားရဲသည် ဖြည်းဖြည်းခြင်း ရပ်တန့်ကာ ရှေ့တည့်တည့်သို့ အေးစက်စက် စူးရဲစွာ ကြည့်နေ၏။

ထိုကျားသားရဲပေါ်ရှိ လုယန်ကုံးက သူ့ဘေးရှိ အဘိုးအိုကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ခရမ်းရောင်တာအိုကလန်နဲ့ မူလကလန်တို့ဟာ ပင်မကလန်တူတူပဲ ဖြစ်တယ်။ အများကြီး ရှုပ်ထွေးနေစရာ မလိုအပ်ဘူး။ ငါ့ဘာသာ သွားလိုက်မယ်။ မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြ…”

အဘိုးအိုက သဘောတူဟန် ခေါင်းညိတ်ပြ၏။

“ချန်မေ…ငါတို့ အတူ သွားကြစို့…” လုယန်ကုံးသည် ခပ်ရေးရေးပြုံး၏။ သူ့အကြည့်က ချန်မေထံသို့ ကျရောက်လာသည်။

လီချန်မေကလည်း ခေါင်းညိတ်ပြ၏။ သူတို့နှစ်ယောက်သည် မိုလျိုကုန်းမြေထံသို့ ပျံသန်းလာကြ၏။ အဘိုးအိုသည် ထိုနှစ်ယောက်ကို ကြည့်ကာ ခပ်တိုးတိုး ဆိုလိုက်သည်။ “ကလန်ခေါင်းဆောင်နဲ့သူမဟာ… တာအိုလက်တွဲဖော် တကယ် ဖြစ်သွားနိုင်တာပဲ…”

မိုလျိုကုန်းမြေ။

ဝမ်လင်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ ဆေးလုံးများ၏ အစွမ်းကို လေ့လာစမ်းသပ်နေ၏။ ဆေးလုံးများစွာနှင့် ၎င်းတို့အတွင်းရှိ သားရဲစိတ်ဝိညာဉ်များကို နားလည်အောင် ပြုလုပ်ပြီးနောက် ဝမ်လင်းက ထိုဆေးလုံးများ၏ အနှစ်သာရကို ဖမ်းဆုပ်မိခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကို နားလည်ဖို့ရာ သားရဲစိတ်ဝိညာဉ်ကို သုံး၍ သင့်ကိုယ်ပိုင်နယ်ပယ်ထဲသို့ ပေါင်းစပ်ခြင်း။

ဝမ်လင်းသည် ခြံဝန်းထဲ၌ ထိုင်လျက် ရှိနေ၏။ သူက လုယန်ဖေနှင့်အခြားသူများ လာရောက်လည်ပတ်မှုကိုလည်း ငြင်းဆန်ထားသည်။ သူ့လက်ထဲ၌ အဆင့်ရှစ်ဆေးလုံးကို ကိုင်ထားကာ စဉ်းစားလို့နေသည်။

“ဒီတိမ်ပင်လယ်ရဲ့ ဆေးလုံးတွေထဲမှာ ချို့ယွင်းချက်တစ်ခု ရှိတယ်။ သားရဲစိတ်ဝိညာဉ်တွေရှိကနေ နားလည်သဘောပေါက်မှုကို စုစည်းတာဟာ အကြမ်းထည်ဆန်ပြီး ဉာဏ်အလင်းရဖို့ရာ ခက်ခဲတယ်။ဆေးလုံးထဲက သားရဲစိတ်ဝိညာဉ်ရှိကနေ လူတစ်ယောက်ဟာ သူလိုချင်တဲ့ ဉာဏ်အလင်းနားလည်မှုကို တိတိပပ ထုတ်ယူချင်တယ်ဆိုရင် အောင်မြင်တဲ့အထိ ဆေးလုံးတွေကို ဆက်သုံးစွဲနေဖို့ လိုတယ်…”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့လက်ထဲရှိ ဆေးလုံးကို ကြည့်နေရင်း ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားဟန်တူသည်။ သူက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။

“သူတို့ ရောက်လာကြပြီ…”

သူ့အသွင်ဟန်ပန်က တစ်စက်လေးပင် ပြောင်းလဲမသွားပေ။ ပုံမှန်အတိုင်းသာ ရှိနေ၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ သူ့ဘယ်လက်ထဲရှိ ဆေးလုံးကိုသာ ဆက်လက် ကြည့်ရှုနေလိုက်သည်။

သိပ်မကြာခင်တွင် ခြံဝန်းတံခါးသည် ပွင့်လာကာ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ လှမ်းလျှောက်ဝင်လာကြသည်။ အမျိုးသားဖြစ်သူမှာ လုယန်ကုံးတည်း။ သူ့ထံကနေ ထည်ဝါလေးနက်မှုကိုသာ ပေးစွမ်း၍ လုံးဝ ဒေါသထွက်နေဟန်မရပေ။ သူ့မျက်လုံးတို့က ကြယ်များအလားပင်။ယင်းမျက်လုံးတို့အတွင်း၌ ဉာဏ်ပညာဖြင့် ပြည့်နေ၏။

သူ့ဘေးရှိ အမျိုးသမီးကတော့ အလွန်လှပ၊ကျော့ရှင်းသည့် လီချန်မေ ဖြစ်သည်။

သူတို့ ရောက်ရှိလာမှုက မူလကလန်ရှိ မည်သည့်ကျင့်ကြံသူကိုမျှ အာရုံမစိုက်မိစေပေ။ သူတို့က ဗြုန်းစားကြီး ပေါ်လာသည့်အလား။ သူတို့ ဝမ်လင်း ရှိနေသော ခြံဝန်းထဲသို့ ဝင်လာသည့်အခါတွင် ထိုသက်လတ်ပိုင်းလူလုယန်ကုံး၏ အကြည့်က ဝမ်လင်းထံသို့ ကျရောက်လာသည်။လုယန်ကုံးက မျက်မှောင်ကြုံ့သွားလေ၏။ထို့နောက် သူက ဖြည်းဖြည်းခြင်း ခြေလှမ်း၏။

သူ့ခြေလှမ်းမှာ မြန်လွန်းခြင်း မရှိပေ။ သို့သော် ခြေလှမ်းတိုင်းက ဝမ်လင်း၏ နှလုံးခုန်သံနှင့်အတူ ချနင်းနေ၏။ သူ့ခြေလှမ်းတွင် ဖော်မပြတတ်သည့် ဖိအားတစ်ခု ပေးစွမ်းကာ ဥပဒေသ တစ်ခုခု ပါဝင်နေဟန် တူသည်။

ပို၍ ထူးဆန်းသည်က ထိုသူ နီးကပ်လာခြင်းနှင့်အတူ ကောင်းကင်သည် ခြေလှမ်းဆယ့်နှစ်လှမ်းပြီးနောက် နက်မှောင်လာခြင်းပင်။သူ ရှေ့သို့ လှမ်းလာနေရင်း တိမ်နက်များက ကောင်းကင်ယံကို ဖုံးလွှမ်းလာ၏။

“ထိုင်ပါ…” ဝမ်လင်းသည် ခေါင်းမော့၍ပင် မကြည့်ပေ။ သူက မူလကလန်ရှိ မည်သူမျှ သတိမပြုမိဘဲ သူ့အား ရှာတွေ့နိုင်သည့်အပေါ်တွင်တော့ အံ့အားသင့်မိပေသည်။

ဝမ်လင်းက စကားတစ်ခွန်းသာ ဆိုလိုက်ခြင်းပင်။ သို့သော် ထိုအခိုက်အတန့်၌ လုယန်ကုံး၏ ခြေလှမ်းမှာ ရပ်တန့်သွားသည်။ စီးချက်ညီညီလှမ်းလာသည့် ခြေလှမ်းများမှာ ရှုပ်ထွေးကုန်ကာ သူ့အား အမှန်နှင့်အမှားကြား ခွဲခြားနိုင်စွမ်းမဲ့စေတော့သည်။ ဝမ်လင်းထံမှ အတွေးတစ်ချက်ဖြင့်ပင် သူ့ရှေ့ရှိ အရာအားလုံး ပြိုကျတော့မည့်အလား။

လုယန်ကုံး၏အသွင်သည် ချက်ခြင်းပင် အလေးအနက် ဖြစ်လာသည်။ ထိုခံစားချက်က ရှင်းလင်းလှ၏။ သူသည် သူ့ကျင့်ကြံမှုနှင့်နယ်ပယ်အစွမ်းကို သိသာစွာ ဖြန့်ကျက်၍ ဝတ်ရုံအဖြူနှင့်ဝမ်လင်းကို ခြုံလွှမ်းစေလိုက်ခြင်းပင်။ သူ့ခြေလှမ်းတိုင်းက သူ့နယ်ပယ်ကို ဆောင်ကြဉ်းပေ၏။ ခြေလှမ်းတိုင်းကို နယ်ပယ်တိုက်ခိုက်မှုဟု ဆိုနိုင်သည်။

သူ ရှေ့သို့ ဆက်တိုးလာရင်း သူ့နယ်ပယ်မှာလည်း လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ သူ့တာအိုသည် တိမ်နက်ထုများအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ထိုရိုးရှင်းသော ခြေလှမ်းဆယ့်နှစ်လှမ်းက သူ့အား ကောင်းကင်နှင့်မြေကြီး၏ ခွန်အားကို ငှားယမ်းစေကာ ဝတ်စုံဖြူနှင့်ကျင့်ကြံသူထံသို့ ကျဆင်းစေခြင်းပင်။

အခြားတစ်ယောက်ယောက်သာ ဖြစ်ပါက ထိုခြေဆယ့်နှစ်လှမ်းဖြင့်ပင် နယ်ပယ်ကို ပျက်စီးကာ မူလစိတ်ဝိညာဉ်ကို အပြင်းအထန် ထိခိုက်သွားစေဖို့ လုံလောက်ပေသည်။

ခုခံနိုင်မည်ဆိုလျှင်ပင် ခုခံသည့်လက္ခဏာ ပြသပေလိမ့်မည်။ လုယန်ကုံးသည် သူ့ကိုယ်ပိုင်တာအိုနှင့်နယ်ပယ်အပေါ်တွင် အလွန် ယုံကြည်မှု ရှိထား၏။ သို့သော် အခုအခိုက်အတန့်၌ ထိုဝတ်စုံဖြူနှင့်သာမန်ကျင့်ကြံသူထံမှ ထိုင်ပါ ဟူသော ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းကြောင့် သူ့ လှုပ်ခတ်သွားရပေသည်။

ထိုစကားတစ်ခွန်းက သူ ထုတ်ဖော်ခဲ့သည့်အရာများမှာ အစစ်အမှန် မဟုတ်သည့်အလား လွင့်ပြယ်သွားစေခဲ့သည့် မဟုတ်လား။

“ဘာကြောင့် မထိုင်သေးတာလဲ…” ဝမ်လင်းသည် ခေါင်းမော့လာ၏။ ဆေးလုံးထံကနေ သူ့အကြည့်က ခရမ်းရောင်ဝတ်စုံနှင့် လုယန်ကုံးထံသို့ ရောက်ရှိသွားသည်။ ဝမ်လင်းနှင့်လုယန်ကုံးတို့သည် မျက်လုံးခြင်း ဆုံ၏။

ထိုအခိုက်အတန့်၌ သည်ခြံဝန်းအတွင်း၌ မမြင်ရသောမုန်တိုင်းတစ်ခု ထန်သွားသည့်အလား။ ခရမ်းရောင်ဝတ်စုံနှင့်လုယန်ကုံးသည် ကြီးစွာ တုန်လှုပ်မိရသည်။ သူသည် နောက်သို့ အလိုလို ခြေနှစ်လှမ်း ပြန်ဆုတ်မိသည်။ သူ့အသွင်အမူအရာမှာ ကြီးကြီးမားမား ပြောင်းလဲသွားပေပြီ။

နောက်ဆုတ်နေရင်း ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်ထုအားလုံးမှာ စုတ်ပြဲ၍ ချက်ခြင်း ပျောက်ကွယ်သွားကြသည်။ ကောင်းကင်သည် တစ်ဖန် ပြန်ကြည်လင်သွား၏။

လုယန်ကုံးက တာအိုကို မည်မျှ ထဲထဲဝင်ဝင်နားလည်သည် ဖြစ်စေ၊ သူက ဝမ်လင်းနှင့် မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။ ဝမ်လင်းသည် နှစ်ငါးရာ ကျင့်ကြံပြီးနောက် သေခြင်း၊ရှင်ခြင်းစက်ဝန်းကို နားလည်ခဲ့သူ၊ နှစ်ကိုးရာ ကျင့်ကြံပြီးနောက် သေခြင်း၊ရှင်ခြင်းစက်ဝန်းနယ်ပယ်ကို ပြီးပြည့်စုံကာ ကံကြမ္မာနယ်ပယ်အဖြစ်သို့ ပြောင်းစေခဲ့သူ၊ ထို့နောက် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံပြီးသည့်နောက် သူ့ကံကြမ္မာနယ်ပယ်မှာ ပြီးပြည့်စုံ၍ အမှန်နှင့်အမှားနယ်ပယ်အဖြစ်သို့ ထပ်မံ ပြောင်းလဲစေနိုင်ခဲ့သူ မဟုတ်လော။

လုယန်ကုံးက ယှဉ်နိုင်ဖို့ ဘယ်အရာကို အသုံးပြုမည်နည်း။ ယှဉ်နိုင်ဖို့ သူ့ထံ၌ အဘယ်သို့ အရည်အချင်း ရှိမည်နည်း။ သူသည် မယှဉ်သာချေ။

လီချန်မေက ဤဖြစ်စဉ်ကို အစကနေ ကြည့်ရှုနေ၏။ သူမသည် လုယန်ကုံးနှင့်အတူ လာခဲ့ခြင်းမှာ လုယန်ကုံး၏တာအိုအပေါ် နားလည်မှုကို လေးစား၍ သူ့အပေါ် အမြင်ကောင်း ရှိ၍သာ ဖြစ်သည်။ သူမသည် သည်ဂျူနီယာမျိုးဆက်ကြား၌ လုယန်ကုံးထက် တာအိုကို နက်နက်နဲနဲ ပိုနားလည်နိုင်သည့်သူ မရှိဟု ခံစားမိခဲ့၏။ အဆင့်မြင့်ကလန်များက လုယန်ကုံးကို စောင့်ကြည့်နေခြင်းကလည်း သူ့တာအိုအပေါ် နားလည်မှုကြောင့် ဖြစ်ပေလိမ့်မည်။

သို့ရာတွင် သူမသည် ဝမ်လင်းကို တွေ့ရချိန်၌ စိတ်ပြောင်းသွားပေပြီ။ သူမ၏ မျက်လုံးသည် လုယန်ကုံးနှင့် တွေ့စုံချိန်ကထက် ပိုတောက်ပလာ၏။

“အစ်ကို…ငါ့မှာ မေးခွန်းသုံးခု ရှိတယ်။ သင် ဖြေပေးနိုင်မလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset