Switch Mode

အပိုင်း (၁၂၁၆)

မေးခွန်းသုံးခု

အဆင့်ငါးဒေသရှိ ကြယ်မြူများကြားတွင် ပေသုံးထောင်ရှည်လျားသည့် ဧရာမစိတ်ဝိညာဉ်သားရဲကြီးတစ်ကောင်သည် သွားလာနေ၏။ ၎င်းသားရဲက ကျားတစ်ကောင်နှင့်တူသည်။၎င်းထံ၌ အေးစက်စက်အလင်းကို ထုတ်လွှတ်နေသော ပေတစ်ရာကျော် ရှည်လျားသော ဦးဂျိုတစ်ခု ရှိ၏။

၎င်းကျားစိတ်ဝိညာဉ်သားရဲပေါ်တွင် လူသုံးဆယ်ကျော် ထိုင်လျက် လိုက်ပါလာကြသည်။ သူတို့အားလုံးက တည်တည်ငြိမ်ငြိမ် မျက်လုံးမှိတ်လျက် ကျင့်ကြံနေကြသည်။ သူတို့ထဲ၌ ယောက်ျားရော၊မိန်းမရော ပါ၍ ကျင့်ကြံမှုတုန်ခါလှိုင်းများကို ပေးစွမ်းလျက် ရှိ၏။

ထိုကျားဦးဂျိုဘေးတွင် အမျိုးသားတစ်ယောက် မတ်တပ်ရပ်နေ၏။ ထိုလူမှာ သက်လတ်ပိုင်းအရွယ်ရှိကာ သူ့ခရမ်းရောင်ဝတ်ရုံသည် လေမတိုက်ပါဘဲ လှုပ်ခတ်နေသည်။ သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှေ့တည့်တည့်ရှိ ကြယ်မြူများကို ကြည့်နေသည်။ မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိကြချေ။

သူ့ဘေး၌ အဘိုးအိုတစ်ယောက်က တရိုတသေ မတ်တပ်ရပ်ကာ ထိုသက်လတ်ပိုင်းလူကို အဖော်ပြု၍ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေသည်။

ထိုအဘိုးအိုက ခပ်တိုးတိုး ပြောလာ၏။ “ကလန်ခေါင်း‌ဆောင်၊ ဒီကျားရဲ့ လက်ရှိ အမြန်နှုန်းနဲ့ဆိုရင် ကျနော်တို့ နောက်တစ်ရက်ကျော်မှာ မိုလျိုကုန်းမြေကို ရောက်လိမ့်မယ်…”

ထိုသူများက ခရမ်းရောင်တာအိုကလန်၏ ကျင့်ကြံသူများပင်။ ပုံမှန်အားဖြင့် သူတို့ မိုလျိုကုန်းမြေကို ရောက်ရှိဖို့ ခုလောက် ကြာလိမ့်မည် မဟုတ်ပေ။သို့သော် အဆင့်ငါးဒေသကို ဗြောင်းဆန်စေသည့် ကျောက်စိမ်းပြားနှင့်ဆေးညွှန်းတို့ကြောင့် သူတို့သည် မိုလျိုကုန်းမြေသို့ ရောက်ရှိဖို့ နှေးဖင့်ခဲ့ကြခြင်း ဖြစ်သည်။

အဆင့်ခြောက်ကလန်များမှ လူများနှင့် ပူးပေါင်းဆောင်ရွက်၊ လုပ်စရာရှိတာ အကုန်လုပ်ပြီးမှာ ခရမ်းရောင်တာအိုကလန်သည် မိုလျိုကုန်းမြေထံ လာနေကြခြင်းပင်။

သက်လတ်ပိုင်းလူက တစ်ခုခုကို စဉ်းစားနေသည့်အလား ကြယ်မြူများထံသာ အကြည့်ရောက်နေ၏။ အချိန်အတန်ကြာပြီးမှ သူသည် ခေါင်းညိတ်၍ တည်ငြိမ်စွာ ပြောလာသည်။ “ရှင်းရမယ့်၊အထိုင်ကျဖို့ လိုတဲ့ကိစ္စအတွက် နောက်ဆုံးမှာ အဖြေတစ်ခုတော့ ရှိလာရမှာပဲ…”

အဘိုးအိုသည် မင်သက်သွား၏။ သူသည် ကလန်ခေါင်းဆောင် စကား၏ ဆိုလိုရင်းကို နားမလည်ပေ။ သူ့အပြင်၌ မူလကလန်သို့ လာသည့်ခရီးစဉ်မှာ ရိုးရှင်းသည်။ မည်သည့်အဖြေရဖို့ လိုအပ်နေသနည်း။

“ကလန်ခေါင်းဆောင်…” အဘိုးအိုက စကားပြောရန် ပြင်၏။ သို့သော် သက်လတ်ပိုင်းလူက ခေါင်းယမ်းကာ ပြောလာ၏။ “မင်း နားမလည်ပါဘူး။ ဗရမ်းဗတာဖြစ်မှုတွေ ပိုဆိုးလာလိမ့်မယ်…တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ် ရှိတော့မှာ မဟုတ်ဘူး…”

အဘိုးအိုသည် ငြိမ်သက်စွာ စဉ်းစားသွားသည်။

“ဆေးညွှန်းနဲ့ကျောက်စိမ်းပြားကို ရဖို့အတွက် အဆင့်ခြောက်နယ်မြေသာမက အဆင့်ခုနစ်၊အဆင့်ရှစ်ကလန်တွေကတောင် ကျင့်ကြံသူတွေ လွှတ်လာခဲ့ပြီ။ ဒါက ထိုက်တန်ရဲ့လား…” သက်လတ်ပိုင်းလူက သူ့ကိုယ်သူ ပြောနေသည်နှင့်တူ၏။ သူ့ထံ၌ ပူပန်နေသည့်ပုံ အရိပ်အမြွက် ရှိနေသည်။

အဘိုးအိုက ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီဆေးညွှန်းနဲ့ကျောက်စိမ်းပြားဟာ အများကြီး ထိုက်တန်ပါတယ်။ ဒီကိစ္စက ကျင့်ကြံသူတွေကို ကျိန်းသေပေါက် လှုပ်ရှားလာစေလိမ့်မယ်…”

“ဒီဆေးညွှန်းက တကယ့်ကို ဂြိုဟ်ဆိုးပဲ။ ဒါ ပထမဆုံးအကြမ် ပေါ်လာခဲ့တုန်းက တိမ်ပင်လယ်မှာ ကပ်ဘေးတစ်ခု ဖြစ်စေခဲ့တယ်။ ခု ဒုတိယအကြိမ် ပေါ်လာခဲ့ပြန်ပြီ။ ဒီဆေးညွှန်းကို ဘယ်သူ ယူဆောင်သွားလဲတော့ ငါ မသိဘူး။ ဒီကိစ္စက ပိုကြာလေလေ ပိုများပြားတဲ့ ကပ်ဘေးတွေ ဖြစ်လာနိုင်လေပဲ…”

သက်လတ်ပိုင်းလူက သက်ပြင်းချကာ ခေါင်းယမ်းမိ၏။

အဘိုးအိုသည် အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလာ၏။ “စုံစမ်းတွေ့ရှိချက်တွေအရ ဒီဆေးညွှန်းနဲ့ကျောက်စိမ်းပြားကို အဆိပ်အဘွားအိုက ယူဆောင်သွားခဲ့ပြီး ပုန်းနေတာလို့ ဆိုတယ်…”

“အဆင့်ခြောက်ကလန်တွေက ဒီမွန်းစတားအိုတွေကို လျှော့မတွက်လေနဲ့…”

သက်လတ်ပိုင်းလူက ခပ်ဖျော့ဖျော့ ပြုံး၏။

အဘိုးအိုက မင်သက်နေမိ၏။ သေချာစဉ်းစားကြည့်ပြီးနောက်မှ သူက မေးခွန်းထုတ်လာသည်။ “ဖြစ်နိုင်တာက တခြားတစ်ယောက်ယောက်ပါ ဒီကိစ္စမှာ ရှိနေနိုင်တာလား…”

“အဆိပ်အဘွားအိုသာ ဆေးညွှန်းနဲ့ကျောက်စိမ်းပြားကို ယူသွားတဲ့သူ တကယ်ဖြစ်ခဲ့ရင် အဆိပ်ငါးပါးကလန်က ဘာကြောင့် ခုထိ တည်ရှိနေရတာလဲ…” သက်လတ်ပိုင်းလူ၏မျက်လုံးထဲ၌ ဉာဏ်ပညာတို့ဖြင့် တောက်ပနေ၏။ သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “အဆိပ်အဘွားအိုက ရှီလောရှင်းကို ဘယ်လိုလုပ် ခုခံနိုင်မလဲ။ သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ သူမက ထွက်ပြေးနေရင်း သန့်ရှင်းသောပန်းကလန်ရဲ့ ကောက်ကွေ့ချန်ကို ဘယ်လိုလုပ် သတ်နိုင်စွမ်း ရှိပါ့မလဲ…”

“ကောက်ကွေ့ချန်ဟာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် တစ်ယောက်၊ သန့်ရှင်းသောပန်းကလန်က ဒုတိယသုတ်ကျင့်ကြံသူတွေ ရောက်မလာခင် အချိန်တိုလေးအတွင်းမှာ ဘယ်သူကများ သူ့ကို သတ်နိုင်ပါ့မလဲ…”

အဘိုးအိုသည် ပင့်သက်ရှိုက်မိနေသည်။ သူ့စိတ်မှာ တုန်လှုပ်နေမိ၏။ သူသည် အချိန်အတန်ကြာမှ တုန်လှုပ်နေရာကနေ ပြန်ကောင်းမွန်လာခဲ့၏။သို့သော် သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် ပြည့်သည်။

“သန့်ရှင်းသောပန်းကလန်ရဲ့ ကောက်ကွေ့ချန်ဟာ အသတ်ခံခဲ့ရတယ်…” သူက ထိုကိစ္စကို အမှုမဲ့အမှတ်မဲ့သာ ရှိခဲ့ပေ၏။

“အဆိပ်အဘွားအို ဒီလိုမျိုး လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ကျောက်စိမ်းပြားနဲ့ဆေးညွှန်းကို အမှန်တကယ် ရသွားခဲ့တဲ့သူကသာ အဲ့လို လုပ်နိုင်ခဲ့လိမ့်မယ်။ ဒီလူဟာ ကောက်ကွေ့ချန်ကို မဖြစ်မနေ သတ်ခဲ့ရတာပဲ နေမှာ။ ဖြစ်နိုင်တာက ဒီလူ အရိုင်းကုန်းမြေကနေ ထွက်လာတဲ့အချိန် ကောက်ကွေ့ချန်နဲ့ တွေ့ဆုံခဲ့ပြီး သံသယဝင်ခံရတဲ့အတွက် မဖြစ်မနေ တိုက်ခိုက်ခဲ့ရတဲ့ပုံပဲ…”

သက်လတ်ပိုင်းလူက အသိအမှတ်ပြုဟန်နှင့်ဂရုဏာသက်ဟန်အကြည့်ကို ထုတ်ဖော်၏။

“ဒီလူ့ရဲ့ နည်းလမ်းတွေဟာ ရက်စက်တယ်။ ပြတ်သားတယ်။ သူက ကောက်ကွေ့ချန်ကို သတ်ပစ်ခဲ့တာ ရှင်းနေတာပဲ။ ဒါ့အပြင် အဲ့မတိုင်ခင်မှာလည်း သူဟာ အဆိပ်အဘွားအိုရှိပဲ ဦးတည်အောင် အဆင့်ခြောက်ကလန်ကလူတွေကို အရင်ဆုံး အာရုံလွှဲခဲ့သေးတယ်။ ငါသာ သူ့နေရာမှာဆိုရင်တောင် ဒီအရာအားလုံးကို လုပ်နိုင်ပါ့မလား စိုးမိတယ်…”

“ပိုပြီးအရေးကြီးတာက ဒီလူ့ရဲ့ အကြံအစည်က နက်ရှိုင်းလွန်းတာပဲ။ သူ့မှာ အဆိပ်အဘွားအိုအပေါ် ဒီဆေးညွှန်းနဲ့ကျောက်စိမ်းပြားကိစ္စကို ပုံချတာ နောက်ထပ်အကြောင်းရင်းတစ်ခုခု ရှိနေသေးလားတော့ ငါလည်း မသိဘူး…”

ထိုသက်လတ်ပိုင်းလူက ဤသို့ သုံးသပ်နေရင်း သူ့စိတ်နှလုံးသည် မြန်ဆန်စွာ ခုန်ပေါက်နေမိ၏။ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူက တစ်ခုခုကို အခုထိ ပဟေဋိဖြစ်နေဆဲပင်။

ထိုသက်လတ်ပိုင်းလူက ဘေးသို့ ခေါင်းလှည့်မကြည့်ပေ။ သို့သော် သူက သူ့ဘေးရှိ အဘိုးအိုမျက်နှာပေါ်ရှိ သံသယဖြစ်နေမှုကို တွေ့မြင်သည့်အလား ခပ်တိုးတိုး ဆက်ပြောလေသည်။ “အဆင့်ခြောက်ဒေသကသာ ဒီကျောက်စိမ်းပြားနဲ့ဆေးညွှန်းကို အောင်အောင်မြင်မြင် ရရှိခဲ့ရင် တော်သေးတယ်လို့ ဆိုရမယ်။ ဒါပေမယ့်လည်း သူတို့က ကျောက်စိမ်းပြားနဲ့ဆေးညွှန်းကို ရှာတွေ့ခဲ့ပေမယ့် ဆုံးရှုံးခဲ့တာဟာ သူတို့အတွက် ကပ်ဘေးတစ်ခု ဖြစ်စေလာတော့မယ်…”

“သူတို့အတွက် ရှင်းပြချက်တစ်ခု လိုအပ်နေပြီ။သူတို့က အဆင့်ခုနစ်၊ရှစ် ဒါမှမဟုတ် အဆင့်ကိုး ဒေသကိုတောင် ရှင်းပြချက် ပေးမှ ရတော့မယ်…”

အဘိုးအိုသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားဟန် တူ၏။ သူက မယုံကြည်နိုင်ဟန်ဖြစ်နေသည်။ သူ့ရင်ဘက်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေရင်း သူက ပြောလာ၏။ “ဒီတော့ ဒါ့ကြောင့် အဆိပ်ငါးပါးကလန် ဆက်တည်ရှိနေပြီး အဆိပ်အဘွားအိုလက်ချက်လို့ပဲ လက်ခံနေတာပေါ့…”

သက်လတ်ပိုင်းလူက ပြုံး၏။ ထို့နောက် သူက သူ့ကိုယ်သူ ပြောနေသည့်အလား ခပ်တိုးတိုး ဆိုသည်။

“ဒီကျောက်စိမ်းပြားနဲ့ဆေးညွှန်းကို တကယ်ရသွားတဲ့ ဆန်းကြယ်လှတဲ့ ကျင့်ကြံသူဟာ တယ်တော်ပါ့လား။ သူဟာ အဆင့်ခြောက်ကလန်တွေအတွက် ဆင်ခြေဆင်လက်တစ်ခုပေးခဲ့သေးတယ်။ အဆုံးသပ်မှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီရှင်းပြချက်ကြောင့် သူတို့ရဲ့ သူတို့အပေါ် ကပ်ဘေးကျရောက်မှုဟာ အတော်လေး လျော့နည်းသွားလိမ့်မယ်။ အခုရှာဖွေတဲ့ အုပ်စုမှာ ဘာကြောင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် တစ်ယောက်မှာ ပါမနေရတာလဲ။ ခုနစ်မိနစ်တောင် မပြည့်တဲ့အချိန်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တစ်ယောက်ကို သတ်ခဲ့တဲ့ ဒီဆန်းကြယ်တဲ့သူကို ဘာကြောင့် နိဗ္ဗနာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေကပဲ ရှာဖွေနေကြတာလဲ။ ငါသာ အဆင့်ခြောက်ကလန်တစ်ခုခုရဲ့ ကလန်ခေါင်းဆောင်ဖြစ်ခဲ့ရင် ငါဟာ ဒီဆန်းကြယ်တဲ့သူ သဲလွန်စအားလုံးကို ဖျောက်ပစ်ဖို့အတွက်တောင် ကူညီပေးကောင်း ပေးမိလိမ့်မယ်။ ဒီလိုနည်းနဲ့ဆိုရင် အဆိပ်ငါးပါးကလန်တစ်ခုပဲ ဖျက်စီးခံရတော့မှာ…”

သက်လတ်ပိုင်းလူဘေးရှိ အဘိုးအိုသည် လုံးဝ တုန်လှုပ်မိနေပေပြီ။ သူက ထိုသက်လတ်ပိုင်းလူကို ထိတ်လန့်စွာ ကြည့်နေမိ၏။

သူသည် ဤသက်လတ်ပိုင်းလူ၊ လုယန်ကုံးနောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါက်နေခဲ့ကာ ဇီးရိုးကနေ ထိပ်ဆုံးထိ တက်လာသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်က အဆင့်ငါးဒေသရှိ ခရမ်းရောင်တာအိုကလန်သည် ကလန်ငယ်တစ်ခုမျှသာ ရှိခဲ့သည်။ သို့ရာတွင် ထိုလူ၏ လက်ထပ်၌ အခုအခါတွင် ခရမ်းရောင်တာအိုကလန်သည် ရှိန်လောက်စရာ ဖြစ်နေခဲ့ပေပြီ။ ခရမ်းရောင်တိမ်ကလန်က အဆင့်ငါးဒေသတွင် အသန်မာဆုံး မဟုတ်သော်လည်း လုယန်ကုံးဟူသည့် နာမည်ကတော့ အဆင့်ခြောက်၊ခုနစ်၊ရှစ် ဒေသများရှိ လူများကပါ သိနေခဲ့ကြသည်။

“ငါတော့ ဒီဆန်းကြယ်လျှို့ဝှက်တဲ့ကျင့်ကြံသူနဲ့ တွေ့ချင်နေမိပြီ။ တနေ့ကျ ဒီလူနဲ့ တွေ့ရလိမ့်မယ်လို့လည်း ငါထင်တယ်…”

သက်လတ်ပိုင်းလူ လုယန်ကုံး၏မျက်လုံးထဲတွင် မျှော်လင့်ချက်တို့ ရှိနေ၏။ သူ့လက်နောက်ပစ်လျက် ရှိနေဟန်က သူ့ဘေးရှိ အဘိုးအို၏ မျက်လုံးထဲတွင် တောင်ကြီးတစ်တောင်ကဲ့သို့ ဖြစ်နေတော့သည်။

အဘိုးအိုသည် တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ကျားသားရဲက ကြယ်မြူများကို ဖြတ်သန်းလာနေသည်။

သူတို့သည် မိုလျိုကုန်းမြေသို့ ရောက်ရှိရန် နေ့တစ်ဝက်သာ လိုတော့ချိန်တွင် အကွာအဝေးတစ်ခု၌ အပြာရောင်အလင်းတစ်ခု ဖျပ်ခနဲ လင်းလာ၏။ ထိုအပြာရောင်အလင်းက ထူးဆန်းကာ မြူများကို ထွင်းဖောက်လျက် ကြယ်မြူများကိုပါ အပြာရောင်ဖြစ်သွားစေသည်။

ကျားက ချက်ခြင်း ရပ်တန့်သွားပြီး သတိအနေထား ဖြစ်သွးသည်။၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံဟန်လည်း ပေါ်လာကာ ဟိန်းသံပြုသည်။ သို့သော် ၎င်းကျားသားရဲမှာ ရှေ့သို့ ဆက်မသွားဝံ့တော့ချေ။

ထိုရုတ်တရက် ပြောင်းလဲမှုက ကျားသားရဲပေါ်ရှိ ကျင့်ကြံသူသုံးဆယ်ကျော်ကို မျက်လုံးဖွင့်လာစေ၏။ သူတို့သည် တည်ငြိမ်စွာ မတ်တပ်ထရပ်ကာ ရှေ့တည့်တည့်သို့ အေးစက်စက်ကြည့်လိုက်ကြသည်။ မထင်မှတ်စွာပင် သူတို့ထံ၌ ထိတ်လန့်ပျာယာခတ်သွားဟန် မပေါ်ကြပေ။

ထိုသို့ဖြစ်ရခြင်းက ခရမ်းရောင်တာအိုကလန်၏ ဤကျင့်ကြံသူများသည် ကလန်ပင်မတပည့်များ ဖြစ်၍ ကလန်ခေါင်းဆောင် ရွေးချယ်ထားကြသော တိုက်ရိုက်တပည့်များ ဖြစ်နေခြင်းကြောင့်ပင်။ သူတို့ထံ၌ ထည်ဝါမှု၊မာန်မာန ရှိကြ၏။ သူတို့သည် သေနိုင်၏။သို့မဟုတ် ရှုံးနိမ့်နိုင်၏။ သို့သော် ထိတ်လန့်ပြာယာခတ်ခြင်းတော့ ရှိကြလိမ့်မည် မဟုတ်ပေ။

လုယန်ကုံးဘေးရှိ အဘိုးအိုက ထူးဆန်းသောအပြာရောင်အလင်းကို ကြည့်ကာ အလေးအနက် ဖြစ်လာသည်။ လုယန်ကုံးအပေါ်တော့ ထိုအလင်းက သက်ရောက်မှု ရှိမနေပေ။ သူက ဘာမှမဖြစ်သကဲ့သို့ ကြယ်မြူများကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။

အပြာရောင်မြူက ပျံ့နှံ့ကာ ပတ်ဝန်းကျင်ပေတစ်ထောင်ကို ခြုံလွှမ်းလာ၏။ ခဏအကြာတွင် အပြာရောင်မြူသည် ကွဲထွက်၍ လှပသောအမျိုးသမီးတစ်ယောက် လှမ်းထွက်လာ၏။ သူမသည် ဆံပင်ပြာများကိုပိုင်ဆိုင်ကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏အသွင်အပြင်က နူးညံ့ကျော့ရှင်းလှသည်။

သူမ ထွက်ပေါ်လာသည့်အခါ သူမ၏ဘေးပတ်လည်ရှိ အပြာရောင်မြူတို့က အထည်ဒြပ်ရှိလာကာ ပေတစ်သောင်းခန့်ရှိ အပြာရောင်နဂါးတစ်ကောင် ဖြစ်လာလေ၏။

ထိုအမျိုးသမီးက ၎င်းနဂါး၏ ဦးခေါင်းထက်တွင် ရပ်ကာ လုယန်ကုံးကို တည်တည်ငြိမ်ငြိမ် ကြည့်၏။ သူမ၏မျက်လုံးထဲ၌ မည်သည့်လှိုင်းတို့မှ မရှိ၊ မည်သည့်အညစ်အကြေးတို့မှ ရှိမနေဘဲ သန့်စင်လွန်းနေသည်။

လူတစ်ယောက်သည် ထိုမျက်ဝန်းအစုံကို တွေ့မြင်ရသည့်အခါ မည်မျှပင် ဒေါသကြီးနေပါစေ တည်ငြိမ်သွားမိနိုင်လောက်သည်။

“လီချန်မေ…” လုယန်ကုံးက လက်နောက်ပစ်လျက်သာ သူမကို ကြည့်နေ၏။ သူသည် ထိုအမျိုးသမီး၏ ကျော့ရှင်းမှုနှင့်အလှကြောင့် တုန်လှုပ်ရသော်လည်း သူ့အသွင်ဟန်ပန်ကမူ ပြောင်းလဲသွားတာ မရှိပေ။

“အဆင့်ကိုးကောင်းကင်ချိုးဖျက်ခြင်းကလန်က…လီချန်မေ…” လုယန်ကုံးဘေးရှိ အဘိုးအိုက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိကာ သတိထားသွားသည်။ သူသည် ချက်ခြင်းပင် ဤအမျိုးသမီးကို သိရှိလိုက်၏။ တိမ်ပင်လယ်၌ ဆံပင်အပြာရောင် ပိုင်ဆိုင်သည့် အမျိုးသမီးမှာ လီချန်မေတစ်ယောက်သာ ရှိသည် မဟုတ်လား။

“လီချန်မေက အစ်ကိုလုကို နှုတ်ဆက်ပါတယ်…” ထိုအမျိုးသမီးက ပြုံး၍ လုယန်ကုံးထံ ခါးအနည်းငယ် ညွတ်၍ နှုတ်ဆက်လေသည်။

လုယန်ကုံးက ပြုံးက လက်နှစ်ဖက်စုပ်လျက် ပြန်ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလီက ယဉ်ကျေးလွန်းနေပါပြီ…”

“အစ်ကိုလု…ချန်မေမှာ မေးခွန်းသုံးခု ရှိတယ်။ အစ်ကိုလုက ငါ့သံသယတွေကို ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်…” ထိုအမျိုးသမီးက နူးညံ့စွာ ပြုံး၏။ သူမသည် စကားပြောနေရင်း ပို၍ ကြော့ရှင်းလှသွားဟန် ထင်ရ၏။ လမ်းတစ်လျှောက်၌ သူမသည် ထိုတူညီသောမွေးခွန်းများကို လူများစွာအား ပေးခဲ့သည်။ သူမ၏ အမေးကို ပြန်ဖြေကြသူများထဲတွင် အထက်တန်းပါရမီရှင်များပါ ပါဝင်သည်။ သို့သော် မည်သူကမျှ သူမလိုချင်သည့် အဖြေကို မပေးနိုင်ခဲ့ကြပေ။ သူမသည် မေးခွန်းသုံးခုထဲမှ မေးခွန်းတစ်ခုကိုသာ မေးခဲ့ပြီး မည်သူကမျှ သူမ ဒုတိယမေးခွန်း ထပ်မေးလာအောင် မစွမ်းသာနိုင်ခဲ့ကြပေ။

“ကျေးဇူးပြုပြီး ပြောပါ…” လုယန်ကုံးက ခေါင်းညိတ်ပြ၏။

ထိုအမျိုးသမီးက ညင်သာစွာ ဆိုလာသည်။ “ပထမမေးခွန်း…ကောင်းကင်ဘုံဟာ ဘာလဲ…”

လုယန်ကုံးက လီချန်မေကို ကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကောင်းကင်ဘုံဟာ လှောင်ချိုင့်တစ်ခုပဲ…”

လီချန်မေ အနည်းငယ် မျက်မှောင်ကြုံ့သွားမိ၏။ သို့သော် ထိုအရာကပင် အလွန်စွဲဆောင်နိုင်လွန်းသည်။ ခဏအကြာတွင် သူမ၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူမက ပြုံး၍ ဆိုလာသည်။

“အစ်ကိုလုရဲ့ အဖြေဟာ စိတ်ဝင်စားစရာပဲ။ ချန်မေက ကောင်းကင်ဘုံဟာ ဘာကြောင့် လှောင့်ချိုင့်တစ်ခု ဖြစ်ရလဲ သိချင်မိတယ်…”

လုယန်ကုံးက ပြုံး၍ ဆိုသည်။ “ဒါက ဒုတိယမေးခွန်းလား…”

လီချန်မေသည် သူမ၏ အပြာရောင်ဆံနွယ်ကို လှုပ်ခတ်စေကာ နူးညံ့စွာ ပြန်ပြောသည်။ “မဟုတ်ဘူး…။ဒါက ပထမမေးခွန်းပဲ ရှိနေတုန်းပဲ။ အစ်ကိုလု ဖြေပေးနိုင်မလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset