Switch Mode

အပိုင်း (၁၂၁၄)

သူများကို နာစေချင်ရင် ကိုယ်ပြန်နာရမယ်…

အဆင့်ခြောက်ကလန်များကြား၌ အဆိပ်ငါးပါးအဆင့်ခြောက်ကလန်သည် အားကောင်းသော အင်အားစုဟု သတ်မှတ်နိုင်၏။ သူတို့က သန့်ရှင်းသောပန်းကလန်နှင့် ယှဉ်နိုင်ကြသည်။ ထိုကလန်နှစ်ခုကြားတွင်လည်း ပဋိပက္ခများ ရှိခဲ့ကြကာ တစ်ဖက်နှင့်တစ်ဖက် မကြာမကြာ တိုက်ခိုက်တတ်ကြသည်။

ကျိုးဟိုင်က အဆိပ်ငါးပါးကလန်၏ ပင်မတပည့်တစ်ယောက် ဖြစ်၏။ သူ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်ရှိသော ဝမ်လင်း သတ်ခဲ့သည့် အဆိပ်အဘွားအိုလောက် မမြင့်မားသော်လည်း သူ့ကို အဆိပ်ငါးပါးကလန်၏ အားကောင်းသောအဖွဲ့ဝင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ကလန်ကလည်း သူ့အပေါ် အတော်လေး အာရုံစိုက်၏။

အခုချိန်၌ သူ့အသွင်မှာ သုန်မှုန်နေ၏။ သူ့ညာမျက်လုံးထဲ၌ အပြာရောင်အလင်းတစ်ခု ရှိလို့နေသည်။ ထိုအလင်းက လှပသော်လည်း အဆိပ်ငါးပါးကလန်၏ အဆိပ်နည်းလမ်းတစ်ခုကို ကျင့်ကြံခြင်းကြောင့် အခုလို ဖြစ်ပေါ်နေခြင်းပင်။

“ရောင်းရင်းကျိုး တစ်လမ်းလုံးလည်း သုန်မှုန်နေတာပဲ။ အခြေအနေကို မသိတဲ့ တစ်ယောက်ယောက်ကသာ သင့်ကို မြင်ရင် ဒီလူတော့ ဘာကြောင့်လဲ ဆိုပြီး စိတ်ရှုပ်ထွေးသွားလောက်တယ်…”

ကျိုးဟိုင်နောက်ဘက်မှ မိန်းမဆန်သောအသံတစ်ခု ထွက်ပေါ်လာ၏။ ထိုသို့ စကားဆိုလိုက်သည့်သူက ယောက်ျားသာ ဖြစ်၏။ သို့သော် သူ့မျက်နှာထက်၌ မိတ်ကပ်တို့ လူးခြယ်ထားသည်။

ကျိုးဟိုင်က သူ့နောက်ရှိ ထိုကျင့်ကြံသူကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ကျောက်ယု…ငါ မင်းကို တစ်လမ်းလုံး သည်းခံခဲ့ပြီးပြီး။ မင်း ငါ့ကို မထိတထိ ဆက်ပြောနေရင် ငါ ဆက်ပြီးသည်းမခံတော့မှ မင်းငါ့ကို အပြစ်လာမတင်နဲ့…”

“အဆိပ်ငါးပါးကလန်က တကယ့်ကို ခွန်အားရှိတာ သေချာပါတယ်။ ငါကတော့ သင့် အဆိပ်ငါးပါးကလန်ဟာ ငါတို့ မိစ္ဆာစုဆောင်းခြင်းကလန်နဲ့ တိုက်ပွဲဖြစ်ရဲလား သိချင်မိတယ်…”

အနောက်မှ ကျင့်ကြံသူက ပြုံး၏။ သို့သော် ထိုအပြုံးသည် အလွန်အမင်း အေးစက်သည်။

ကျိုးဟိုင်၏ မျက်လုံးထဲရှိ အပြာရောင်အလင်းက ပိုသိပ်သည်းလာ၏။ သို့သော် ထိုအခိုက်အတန့်၌ သူတို့နှစ်ယောက်ဘေးကနေ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။

“တော်လောက်ပြီ။ ငါတို့သုံးယောက်ဟာ ဆိုရင်ကလန်တွေကို ကိုယ်စားပြုပြီး အဆိပ်ငါးပါးကလန်ရဲ့ သစ္စာဖောက်ကို ရှာဖို့။ ငါတို့ကြားမှာ တိုက်ခိုက်ဖို့ မလိုဘူး…”

ထိုစကားကို ပြောလိုက်သည့်သူက သက်လတ်ပိုင်းအရွယ်ရှိ၏။ သူ့ကျင့်ကြံမှုက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်တွင် ဖြစ်သည်။ သူ စကားဆိုလိုက်သည့်နောက် ကျိုးဟိုင်နှင့်ကျောက်ယုတို့သည် ရန်လိုစွာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့သည် အေးစက်စက်နှာခေါင်းရှုံ့ကာ တိုက်ခိုက်ဖို့ အသုံးပြုတော့မည့် မူလစွမ်းအင်များကို ပြန်ဖိနှိပ်ထားလိုက်ကြသည်။

ထိုသက်လတ်ပိုင်းလူက ထိပ်ဆုံးရှိ အဆင့်ခြောက် တာအိုမန္တာန်ကလန်မှ ပင်မတပည့်တစ်ယောက် ဖြစ်သည်။ အဆိပ်အဘွားအိုကြောင့် အဆိပ်ငါးပါးကလန်အတွက် အခြေအနေကို ရှင်းပြဖို့ အတော်လေး ခက်ခဲနေသည်။ အဆုံးသပ်၌ သူတို့က တန်ဖိုးကြီးကြီးမားမား ပေး၍ သည်ကိစ္စကို ခဏဖယ်ထားခဲ့ကြသည်။ အခြားအဆင့်ခြောက်ကလန်များကလည်း အဆိပ်အဘွားအိုကို ရှာဖွေရန် ပင်မတပည့်များကို စေလွှတ်ခဲ့လေ၏။ သို့ရာတွင် သူတို့၏အစစ်အမှန်အကြောင်းရင်းက အဆိပ်ငါးပါးကလန်ဝင်များကို စောင့်ကြည့်ကြရန် ဖြစ်သည်။

အဆိပ်ငါးပါးကလန်အနေဖြင့် အဆိပ်အဘွားအိုကို အချိန်တိုအတွင်း မရှာနိုင်ခဲ့ပါက အဆိပ်ငါးပါးကလန်သည် ဘေးကပ်ဆိုးတစ်ခုကို ရင်ဆိုင်လာရနိုင်သည်။

သူတို့နောက်၌ အဆင့်ခြောက်ကလန်မှ တပည့်တစ်ယောက်ချင်းစီ လိုက်ပါလာကြ၏။ သူတို့အားလုံးက အလင်းတန်းများအဖြစ်သို့ ပြောင်း၍ မိုလျိုကုန်းမြေ၏ အရံအတားကို ဖြတ်သန်းကာ ဆင်းသက်လာကြသည်။

“ကျိုးဟိုင်၊ကျောက်ယု… ငါနဲ့အတူ မူလကလန်ရှိ လိုက်ခဲ့ကြ။ တခြားတပည့်တွေကတော့ မိုလျိုကုန်းမြေ အနှံ့ ဖြန့်ကျက်ပြီး တစ်လက်မမကျန် ရှာကြ။ တစ်ခုခု တွေ့တာနဲ့ ချက်ခြင်း အကြောင်းကြား…”

သက်လတ်ပိုင်းလူ၏အသံသည် တည်ငြိမ်၏။ သို့သော် သူ့စကားကို မေးခွန်းပြန်လှန် မထုတ်ဝံ့နိုင်သည့် လွှမ်းမိုးမှုမျိုး ပါဝင်နေပေသည်။

အနီးအနားရှိ တပည့်များသည် ခပ်မြန်မြန် ခေါင်းညိတ်ကာ ရှာဖွေကိုစတင်ရန် လူခွဲသွားကြသည်။ သူတို့သည် ကုန်းမြေတစ်ခုပေါ်သို့ ရောက်လာတိုင်း ထိုကဲ့သို့ပုံစံမျိုး လုပ်ခဲ့ကြ၏။ ထို့ကြောင့် အခုလိုရှာဖွေမှုပုံစံကို သူတို့သည် အသားကျလာခဲ့ပေပြီ။

သက်လတ်ပိုင်းလူနှင့် ကျိုးဟိုင်၊ကျောက်ယုတို့က သူတို့၏ ကျင့်ကြံမှုအဆင့်ကို အပြည့်အဝ ထုတ်ဖော်ကာ မူလကလန်ရှိရာသို့ ဦးတည်လာကြသည်။

သူတို့သုံးယောက် မူလကလန်အထက်သို့ မောက်မာသည့်ဟန်ပန်ဖြင့် ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။ မူလကလန်ရှိ ကျင့်ကြံသူများကလည်း သူတို့အားတွေ့၏။ လုယန်ဖေ၊ လီရှောင်တန်နှင့် အခြားအကြီးအကဲနှစ်ယောက်တို့သည် သူတို့အား နှုတ်ဆက်ရန် လေထဲသို့ ပျံတက်လာကြ၏။

သူတို့လေးယောက်က အဆင့်ခြောက်ကလန်များသည် တစ်ခုခုကို ရှာဖွေရန် အဆင့်ငါးဒေသသို့ ကျူးကျော်လာခဲ့ကြသည့် သတင်းကို ကြားသိခဲ့ကြပြီး ဖြစ်၏။ သို့ရာတွင် သူတို့၏ ကျင့်ကြံမှုအဆင့်၊အဆင့်အတန်းဖြင့် အကြီးအကဲများသည်ပင် အဆင့်ခြောက်ကလန်များ မည်သည့်အရာကို ရှာဖွေနေကြမှန်း သေချာ မသိရှိကြပေ။

လီရှောင်တန်က အသက်ဝဝရှုသွင်း၏။သူက အနားရောက်လာသည့်အခါ လက်နှစ်ဖက်ကို ယှက်၍ ပြောလာသည်။ “မူလကလန်က အထက်နယ်မြေက ကလန်များကို နှုတ်ခွန်းဆက်ပါတယ်…”

သူ့နောက်ရှိ အကြီးအကဲနှစ်ယောက်သည်လည်း လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန် ပြုကြသည်။

သက်လတ်ပိုင်းလူက သူ့လက်နှစ်ဖက်ကို ယှက်ကာ ပြောလာသည်။ “ငါက တာအိုမန္တာန်ကလန်ရဲ့ ဖန်ပိုင်ရှန်ပဲ…”

“အလှလေး တစ်ယောက် ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” အနောက်ဘက်မှ မိန်းမဆန်သည့် ကျင့်ကြံသူက လုယန်ဖေကို ကြည့်ကာ ပြုံး၍ ဆိုလာ၏။ “ငါက မိစ္ဆာစုဆောင်းခြင်းကလန်ရဲ့ ကျောက်ယုပါ…”

“အဆိပ်ငါးပါးကလန်က ကျိုးဟိုင်…” ကျိုးဟိုင်၏ အသွင်ဟန်ပန်က သုန်မှုန်နေဆဲပင်။ သူ့ညာမျက်လုံးထဲမှ အပြာရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာကာ မူလကလန်ရှိ ကျင့်ကြံသူများအပေါ်သို့ သိမ်းကြုံးကြည့်လိုက်သည်။

လီရှောင်တန်က အသက်ဝဝရှုသွင်းကာ သူ့ဘေးရှိ အကြီးအကဲနှစ်ယောက်ကို ကြည့်မိ၏။ သူတို့အားလုံးမှာ အလေးအနက်အသွင် ဖြစ်နေကြသည်။ ထိုကလန်သုံးခုက အဆင့်ခြောက်ဒေသရှိ လေးဆယ်ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားကြသည် မဟုတ်လား။ သူတို့က မူလကလန်ကို အမြစ်ဖျက်ပစ်ဖို့ရာ အတွေးတစ်ချက်သာ လိုသည်။

လီရှောင်တန်တို့ အကြီးအကဲသုံးယောက်ပင် ထိုသို့ဖြစ်နေပါက သူတို့၏ တပည့်များဆို ပြောနေစရာပင် မလိုတော့ချေ။ သူတို့အားလုံးက ခေါင်းငုံ့ထားကာ မော၍ပင် မကြည့်ဝံ့ကြပေ။ လုယန်ဖေတစ်ယောက်သာ တည်ငြိမ်လျက် ရှိ၍ စကားမဆိုဘဲ ရှိနေသည်။

လီရှောင်တန်က သူ့အတွေးများကို ထိန်းချုပ်ကာ အားတင်းပြုံး၍ ဆို၏။ “အထက်ကလန်တွေဟာ ဒီနေရာကို ဘာကြောင့်လာခဲ့လဲ ကျွန်တော် မသိပါဘူး။ သင်တို့ မူလကလန်ရဲ့ အကူအညီလိုအပ်ခဲ့ရင် မူလကလန် အနေနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်…”

ကျိုးဟိုင်က အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေလှမ်းရာ မူလကလန်၏ တပည့်တစ်ယောက် ရှေ့သို့ ကျရောက်သွားသည်။ သူ့လက်ကို လျှပ်စီးအလား ရွှေ့လျား၍ ထိုမူလကလန်၏ တပည့်ကို ထိရိုက်သည်။ ထိုတပည့်၏ ခန္ဓာကိုယ်မှာ တုန်ယင်၍ သွေးအန်ကာ နောက်သို့ လွင့်စင်ထွက်သွားလေသည်။

ထိုရုတ်ချည်းမြင်ကွင်းက မူလကလန်၏ကျင့်ကြံသူများ၏ ဟန်ပန်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။ ရှုယန်က ဒေါသတကြီးကြည့်ကာ လွင့်ထွက်သွားသည့် တပည့်ထံ မြန်ဆန်စွာ တိုးဝင်၍ သူ့ခန္ဓာကိုယ်ကို ထိန်းပေးလိုက်သည်။

ထိုမူလကလန် တပည့်၏မျက်နှာမှာ ဖြူရောသွား၏။သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူ့မျက်နှာသည် အပြာရောင်သန်းလာ၏။သူက ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း နာကျင်စွာ မအော်မိရန် တောင့်ခံထားသည်။

လုယန်ဖေ၏မျက်နှာက အေးစက်လာ၏။သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အထက်ကလန်ကလူတွေ ဒီကို လာတာ မူလကလန်ရဲ့ တပည့်တစ်ယောက်ကို ဒဏ်ရာ ရစေရုံအတွက်ပဲလား…”

ဖန်ပိုင်ရှန်က ပြုံး၍ ခေါင်းယမ်းကာ ပြောလာသည်။ “မူလကလန်က ရောင်းရင်းကျင့်ကြံသူတို့…ဒီအတွက် စိတ်အလိုမကျ ဖြစ်စရာ မလိုဘူး။ ဒီကိစ္စ သိသာစွာ အရေးကြီးလွန်းတယ်။ အဆင့်ခြောက်ကလန်အားလုံးဟာ ဒီလူ့ကို ရှာဖို့အတွက် လူလွှတ်ခဲ့ကြပြီး ဖြစ်တယ်။ ဒီလူ၏ ပုန်းကွယ်ရာမှာ တော်ပြီး သဲလွန်စဆိုလို့ သူ့ပေါ်က အဆိပ်ပဲ ရှိတယ်။ ရောင်းရင်းကျင့်ကြံသူ ကျိုး တိုက်ခိုက်လိုက်ရတဲ့ အကြောင်းရင်းက ဒီဂျူနီယာရဲ့ ကိုယ်ပေါ်မှာ အဆိပ်နဲ့ ပတ်သတ်တဲ့ အရိပ်အယောင် ရှိနေလို့ပဲ…”

လုယန်ဖေ၏မျက်လုံးက ပို၍ပင် အေးစက်လာ၏။ သူမက ထိုဒဏ်ရာရသွားသည့် တပည့်ထံသို့ ညာလက်ဖြင့် ဝေ့ယမ်းသည်။ ကလန်တပည့်၏ ခန္ဓာကိုယ်က တုန်ခါကာ ဝဲကတော့တစ်ခု ပေါ်လာသည်။ မကြာခင်မှာပင် သူ့စဦးစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာ၏။ ၎င်းစဦးစိတ်ဝိညာဉ်မှာ သေးငယ်သော အနီရောင်မြွေတစ်ကောင် ဖြစ်သည်။ ၎င်းက သူ့အသက်သားရဲစိတ်ဝိညာဉ်ပင်။

သို့ရာတွင် ထိုမြွေငယ်က အားနည်းလွန်းကာ သေဆုံးတော့မည့်ဟန် ရှိ၏။

ကျိုးဟိုင်၏အမူအရာက သုန်မှုန်နေဆဲပင်။ စဦးစိတ်ဝိညာဉ်ကို ကြည့်ရှုပြီးနောက် သူသည် ၎င်းအပေါ် ဆက်၍ အလေးစိုက်မနေတော့ပေ။ သူ့မျက်လုံးက အပြာရောင်ထပ်မံ တောက်ပကာ ကျန်သည့် မူလကလန်၏ တပည့်များကို ကြည့်သည်။ ခဏအကြာတွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စောနက တပည့်ကို ထိန်းပေးခဲ့သည့် ရှုယန်ထံ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။

ရှုယန်၏အသွင်က ပြောင်းလဲသွား၏။ သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့် ကျိုးဟိုင်ကို ခုခံဖို့မှာ မဖြစ်နိုင်ပေ။ ထိုအခိုက်အတန့်၌ လုယန်ဖေ၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ပေါ်လာ၏။သူမကလည်း ရှေ့သို့ တိုးလာသည်။ သူမ၏ ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ လက်ဝေ့ယမ်းသည်။ လေပြင်းတစ်ခုသည် ကျိုးဟိုင်ထံ တိုးဝင်သွားလေ၏။

ကျိုးဟိုင်က နှာခေါင်းရှုံ့၏။ သူ့ညာမျက်လုံးက အပြာရောင် လက်ခနဲ ဖြစ်သွားသည်။ သူ့ဘေးပတ်လည်တွင် အပြာရောင်အမှတ်အသားခုနစ်ခု ပေါ်လာ၏။ သူက လေပြင်းကို လုံးဝ လစ်လျူရှုကာ တုံ့နှေးခြင်းမရှိ ရှေ့သို့ ဆက်လျှောက်လှမ်းသည်။

လေပြင်းသည် ကျိုးဟိုင်အနား ရောက်လာသည့်အခါ တုန်ဟည်းသံများ ဖြစ်ပေါ်ကာ ပျက်စီးသွားရသည်။ ၎င်းက သူ့ကို တစ်စက်လေးပင် ရပ်တန့်နိုင်စွမ်း မရှိပေ။ ချက်ခြင်းပင် ကျိုးဟိုင်သည် ရှုယန်ရှေ့တွင် မားမားမတ်မတ် ရောက်ရှိသွားခဲ့လေပြီ။

လုယန်ဖေ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုပြင်းထန်လာ၏။ ရှုယန်က သူမ၏ တပည့်ဖြစ်သည်။ သူမသည် တစ်စုံတစ်ယောက်က သူမ၏တပည့်ဖြစ်သူအား ဒဏ်ရာရစေမည်ကို သည်အတိုင်း ရပ်ကြည့်ချင်စိတ် မရှိပေ။ သူမက ဆက်လက် သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်ရန် ပြင်၏။ လီရှောင်တန်နှင့် အခြားအကြီးအကဲနှစ်ယောက်သည်ပင် သုန်မှုန်လာကြသည်။ တကယ်တော့ ရှုယန်သည် စောနက တပည့်ကဲ့သို့ သာမန်တပည့် မဟုတ်ပေ။ သူမက မူလကလန်၏ ပင်မတပည့်တစ်ယောက် ဖြစ်သည် မဟုတ်လား။

ထိုအခိုက်မှာပင် တာအိုမန္တာန်ကလန်၏ ဖန်ပိုင်ရှန်၏ မျက်လုံးက တောက်ပလာကာ သူက လှမ်းအော်လိုက်သည်။

“မူလကလန်က လူတွေ ငါ့တို့ ရှာဖွေမှုကို ဆက်ပြီး ကြားဝင်နှောက်ယှက်ခဲ့ရင် မင်းတို့ အကျိုးဆက်ကို တောင့်ခံနိုင်ဖို့ လိုလိမ့်မယ်…”

ထိုအော်ဟောက်သံက ကျယ်လောင်လှ၏။ သူ့အသံထဲ၌ လောက၏ ဥပဒေသတစ်ခုနှင့် ဆန်းကြယ်သောမန္တာန်တစ်ခု ပါဝင်နေသည့်အလား။

မြေပြင်ထုသည်ပင် အနည်းငယ် တုန်ခါသွားသလို တိမ်ထုများမှာ နောက်သို့ လွင့်သွားရလေသည်။

သူ လှမ်းအော်ချိန်၌ မူလကလန်၏ တပည့်များအားလုံးသည် တုန်ယင်ကာ သူတို့၏ဒွာရပေါက်များကနေ သွေးများ စိမ့်ထွက်ကုန်ကြသည်။ လုယန်ဖေ၊ လီရှောင်တန်နှင့် အခြားအကြီးအကဲနှစ်ယောက်သည်ပင် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။

“ဥပဒေသ စကားလုံး…” လီရှောင်တန်သည် ပင့်သက်ရှိုက်မိသွား၏။

မိစ္ဆာစုဆောင်းခြင်းကလန်မှ ကျောက်ယုက မူလကလန်ကို အထင်သေးစွာ ကြည့်သည်။ သူ့အကြည့်က မူလကလန်၏ တောင်ဘက်သို့ ရောက်ရှိသွားချိန်၌ သူသည် မျက်မှောင်ကြုံ့သွားမိ၏။

ထိုအခိုက်အတန့်၌ ကျိုးဟိုင်သည် ရှုယန်ကို စူးစိုက်ကြည့်ကာ သုန်မှုန်စွာပြော၏။ “ကောင်မလေး…မင်းကိုယ်ပေါ်မှာ ငါးအဆိပ်မြက်ရဲ့ ရနံ့ရတယ်။ ဒီမြက်ဟာ အဆင့်ခြောက်သားရဲရဲ့အသိုက်ထဲမှာပဲ ပေါက်တာ၊ တခြားနေရာမှာ မရှိနိုင်ဘူး။ မူလကလန်ကလူတွေအတွက် ဒါကို ရဖို့ မဖြစ်နိုင်ဘူး။ ဒီရနံ့က အခုထိ လတ်ဆတ်နေတုန်းပဲ။ မင်း ဒီမြက်ကို ဘယ်ကနေ ရခဲ့တာလဲ…”

ရှုယန်၏မျက်နှာသည် ဖြူရောနေပေပြီ။ ကျိုးဟိုင်၏ အပြာရောင်အကြည့်က ပြင်းထန်သောဖိအားကို ပေးစွမ်းကာ သူမ၏စိတ်ကို တုန်ယင်နေစေသည်။ သူမသည် အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ကာ သိပ်မဝေးသောနေရာရှိ သူမ၏ဆရာ လုယန်ဖေကို ကြည့်မိသည်။

ကျိုးဟိုင်က သုန်မှုန်စွာ ပြုံး၏။ သူက လုယန်ဖေထံ လှည့်ကာ ဆိုလာသည်။

“ရောင်းရင်းကျင့်ကြံသူ…လု… ငါ သင့်ရဲ့ ရှင်းပြချက်ကို နားထောင်ရလိမ့်မယ်…”

လုယန်ဖေက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါတို့ လူငယ်မျိုးဆက်က ဒီဆေးပင်ကို အဆင့်ခြောက်သားရဲရဲ့ အသိုက်ထဲကနေ ရဖို့ လုံလောက်တဲ့ စွမ်းအား မရှိပါဘူး။ ဒါပေမယ့်လည်း ဒါဟာ ကလန်ရဲ့အကြီးအကဲက မရနိုင်ဘူးလို့ မဆိုလိုဘူး။ ငါးအဆိပ်မြက်ကို ငါ့တို့ရဲ့ မြင့်မြတ်တဲ့ဆရာဦးလေး ရရှိခဲ့တာပဲ…”

“မြင့်မြတ်တဲ့ဆရာဦးလေး…” ကျိုးဟိုင်၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရင်း သူ့ထံကနေ အထင်သေးဟန် ဖျပ်ခနဲ ပေါ်သွားသည်။ သူက ခေါင်းငုံ့ကာ မူလကလန်၏ တောင်ဘက်ခြံဝန်းထံသို့ လှမ်းကြည့်သည်။ သူက ထိုခြံဝန်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

သူသည် မြန်လွန်းသဖြင့် မူလကလန်၏ တားမြစ်နေရာ တောင်ဘက်ခြံဝန်းထံနားသို့ ရောက်ရှိလာသည်။ သူ ခြံဝန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်သွားသည်။ တောင်ဘက်ခြံဝန်းက အပြင်နှင့်မတူညီသည့် ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေပေသည်။ သူသည် ဒီသာမန်ဆန်လွန်းသော ခြံဝန်းထံမှ သူ့စိတ်ကို တုန်လှုပ်စေသည့်အော်ရာတစ်ခုကို ခံစားမိနေသည်။

ထိုအော်ရာက ကျိုးဟိုင်၏ သွေးများကို အေးစိမ့်သွားစေဖို့အထိ လုံလောက်နေပေ၏။

“အခြားလူတွေကို အန္တရာယ် ဖြစ်စေတဲ့သူဟာ သူတို့ကိုယ်တိုင်လည်း နာကျင်ရလိမ့်မယ်…” အေးစက်စက်၊သုန်မှုန်မှုန်အသံတစ်ခုသည် လေပြင်းကဲ့သို့ ထွက်ပေါ်လာ၏။ ထိုအသံထဲ၌ မည်သည့်စိတ်ခံစားချက်မှ ပါဝင်မနေပေ။ ထိုအသံ ကျိုးဟိုင်နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူ့အသွင်သည် ကြီးစွာ ပြောင်းလဲကာ သူသည် ချက်ခြင်း ဖြူရောသွားသည်။ သူက အန္တရာယ်အာရုံကို ကောင်းကောင်း ခံစားမိလိုက်၏။ သူသည် တုံ့ဆိုင်းမနေဘဲ နောက်သို့ ချက်ခြင်း ဆုတ်၏။ သူက သည်တောင်ဘက်ခြံဝန်းကနေ ချက်ခြင်း ထွက်ခွာသွားချင်နေမိသည်။

သို့ရာတွင် ဤအခိုက်အတန့်မှာပင် ကျိုးဟိုင်က အံ့မခန်းအားတစ်ခုသည် တောင်တစ်ခုသူ့အပေါ် ပြိုဆင်းကျလာသကဲ့သို့ သူ့ရင်ဘက်ထံသို့ ထိမှန်လာသည်ဟု ခံစားမိသည်။ ကျိုးဟိုင်က သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားလေသည်။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့ရင်ဘက်ရှိ ဝတ်ရုံစများသည်ပင် တစစီ ဖြစ်ကုန်ကာ အနက်ရောင်လက်ဝါးရာတစ်ခု သူ့ရင်ဘက်ပေါ်တွင် ထီးတည်း ပေါ်လာလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset