Switch Mode

အခန်း ( ၅ )

ဆရာတူညီမလေး၏ ညသင်ခန်းစာ

“ ဆရာတူညီမလေး … ”

“ ဒီမှာ ”

“ ဒီမေးခွန်းကို နားထောင်ကြည့် ”

“ ဟုတ်ကဲ့ ”

လီချန်ရှို့က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြင်ခင်းပြင်ပေါ် တင်ပျဉ်ခွေထိုင်နေသော ကလေးမလေးမှာ တုန်ရီသွားရပြီး သူ ပြောကြားလာမည့် မေးခွန်းအား စိတ်ဝင်တစား အာရုံစိုက်လိုက်လေသည်။

“ လင်းအယ်က ဝိညာဉ်အခြေတည်အဆင့်ကိုးကို ရောက်နေပြီ ထားပါတော့။ ရုတ်တရက်ကြီး ပျံသန်းနေရင်းနဲ့ ဝိညာဉ်အခြေတည်အဆင့်ခြောက် လူတစ်ယောက်က ချီသန့်စင်ခြင်းအဆင့်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဗလက္ကာရပြုကျင့်ဖို့ ကြိုးစားနေတာကို လင်းအယ် သတိထားမိသွားမယ်။ အဲဒီအချိန်မှာ လင်းအယ် ဘာဆက်လုပ်မလဲ ”

“ ရွေးချယ်စရာကတော့ သုံးခုရှိတယ် ”

“ နံပါတ်တစ်၊ အဲဒီလူဆီကို ပြေးဝင်သွားပြီး ဖောင်းခနဲ တိုက်ခိုက်ပစ်လိုက်မယ်။ ဒါဆိုရင်တော့ လင်းအယ်က အမှန်တရားဘက်တော်သားတစ်ယောက် ဖြစ်လာမှာပဲ ”

“ နံပါတ်နှစ်၊ အဝေးကနေ ဓမ္မရတနာတစ်ပါး ပစ်ပြီးတော့ ဘာမှမဖြစ်သလို ထွက်သွားမယ်။ အဲဒီလိုလုပ်ရင်တော့ အဲဒီလူ စိတ်အနှောင့်အယှက်ဖြစ်သွားမှာပဲ ”

“ နံပါတ်သုံး၊ ဘာမှမဖြစ်သလို နေပြီးတော့ ခပ်ဝေးဝေးကနေပဲ ထွက်ခွာသွားမယ် ”

လန်လင်းအယ်က မျက်လုံးကလေးများ တဖျပ်ဖျပ်ခတ်လိုက်သည်။ မေးခွန်းနှင့် ရွေးချယ်စရာများက လင်းအယ်နှင့်သက်တူရွယ်တူကလေးများ စဉ်းစားတွေးတောနိုင်သည့်အရာ ဟုတ်ဟန်မတူပေ။
လီချန်ရှို့က ပြုံး၍ မျက်မှောင်ကြုတ်ကာ လင်းအယ်လေးအား သတိပေးစကားဆိုလိုက်သည်။
“ အဲဒီမေးခွန်းမှာ အဖြေတစ်ခုပဲ ရှိတယ်။ လင်းအယ် ရွေးလို့ရပြီ ”

“ နံပါတ်တစ်လားဟင် ”
လင်းအယ်လေးက မရောရာစွာ ဖြေလိုက်သည်။

လီချန်ရှို့က ပခုံးတွန့်၍ မထူးခြားစွာ ပြန်ဖြေလိုက်သည်။
“ အဲဒီလူက ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားတယ်ဆိုရင် လင်းအယ် ဘယ်လိုလုပ်မလဲ။ သူက ဗလာနတ္ထိအဆင့်ကို ရောက်နေပြီးတော့ ဝိညာဉ်အခြေတည်အဆင့်ခြောက်ဆိုတဲ့ ကျင့်ကြံခြင်းအဆင့်ကိုပဲ လူသိအောင် ပြထားတယ်ဆိုရင်ကော …။ ပုံမှန်အားဖြင့်တော့ အဲဒီလို စက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်တဲ့လူတွေက သေချာပေါက် ရွံ့စရာကောင်းပြီး အရှက်မရှိတဲ့လူတွေဖြစ်မယ်။ လင်းအယ်အနေနဲ့ သူ ရိုးသားမယ်လို့ မျှော်လင့်ထားလို့ မရဘူး ”

“ ဒါဆိုရင် နံပါတ်နှစ် … ”
လန်လင်းအယ်က မျက်မှောင်ကလေးကြုတ်၍ ဆိုသည်။

“ လင်းအယ်လေး … လင်းအယ်လည်း မိန်းကလေးတစ်ယောက်ဆိုတာ မေ့မထားနဲ့နော် ”
လီချန်ရှို့က သက်ပြင်းချ၍ ဆိုသည်။
“ တကယ်လို့ ယူဆချက်တစ်သာ မှန်နေခဲ့ရင် အဲဒီခွေးကောင်က လင်းအယ် ဘယ်လောက်လှတယ်ဆိုတာ မြင်သွားတာနဲ့ ပိုပြီးတော့တောင် ယုတ်မာကောက်ကျစ်လာလိမ့်မယ်။ လင်းအယ်ကိုလည်း သူက ငဲ့ညှာပေးပါ့မလား ”

လန်လင်းအယ်၏မျက်နှာကလေး နီမြန်းသွားပြီး ရုတ်ချည်း စိတ်ရှုပ်ထွေးသွားရသည်။ ထို့နောက် သူမက တိုးတိုးလေး ဖြေလိုက်သည်။
“ ဒါပေမဲ့ ဆရာတူအစ်ကို၊ နံပါတ်သုံးကတော့ ကျင့်ကြံသူတွေ လုပ်သင့်တဲ့ဟာ မဟုတ်ဘူးလေ။ ညီမ ငယ်ငယ်တုန်းက ညီမနဲ့ ညီမမောင်နှမတွေကို ပါပါးပြောတာတော့ အားနည်းတဲ့သူတွေဘက်က ရပ်တည်ပြီး အနိုင်ကျင့်တဲ့သူတွေကို အပြစ်ပေးရမယ်တဲ့။ လူတွေအားလုံးက အကူအညီ လိုအပ်နေတဲ့လူတွေကို ဖေးမကူညီပေးကြရင် အနိုင်ကျင့်တယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူးတဲ့ ”

“ လွဲနေပြီ ဆရာတူညီမလေး၊ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ရောက်နေမှပဲ လင်းအယ်ပြောတဲ့အချက်က မှန်တယ်ဆိုတာ လင်းအယ် မှတ်ထားရမယ်နော်။ အာဒိကပ္ပလောကကြီးက အေးချမ်းတဲ့နေရာတစ်ခု မဟုတ်ဘူး။ အစွမ်းထက်ကျင့်ကြံသူတွေ မရေမတွက်နိုင်လောက်အောင် ရှိနေတာ။ ဓမ္မရတနာတစ်ပါးရဖို့ ဒါမှမဟုတ် ဝိညာဉ်အမြစ်ရဖို့ဆိုရင် ကျင့်ကြံသူတွေက တိုက်ခိုက်ဖို့ ဝန်မလေးကြဘူး။ ရှင်သန်ကျန်ရစ်တဲ့ ကျင့်ကြံသူတွေဟာလည်း ရန်ငြှိုးထားခံရတယ် ”

လီချန်ရှို့က လက်နှစ်ဖက်နောက်ပစ်၍ ကန်ရေပြင်အား လှမ်းကြည့်ကာ သက်ပြင်းမျှင်းမျှင်းချ၍ ဆိုသည်။

“ ဒီလောကကြီးထဲမှာ ရိုးသားဖြောင့်မတ်တဲ့လူတွေ အသက်ရှင်ဖို့ အင်မတန် ခက်တယ်။ အစ်ကိုတို့အနေနဲ့ အကုသိုလ်မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ပဲ လုပ်သင့်တယ်။ ဒါပေမဲ့ တခြားလူတွေ မကောင်းမှု ဒုစရိုက်အလုပ်တွေ လုပ်နေတာကို အစ်ကိုတို့ တားဆီးဖို့ မလိုအပ်ဘူး ”

“ အစ်ကိုတို့ အားနည်းနေတုန်း သူရဲကောင်း လုပ်နေမယ့်အစား အသက်ရှင်ဖို့ ကြိုးစားနေသင့်တယ်။ အစ်ကိုတို့ အထွတ်အထိပ်ကို ရောက်သွားပြီး စည်းမျဉ်းတွေကို စီရင်တဲ့သူ ဖြစ်လာတဲ့အခါမှပဲ အာဒိကပ္ပလောကကြီးထဲ အားနည်းတဲ့လူတွေအတွက် ပတ်ဝန်းကျင်ဖြစ်အောင် ပြောင်းလဲပေးနိုင်မှာ ”

“ ဒီတော့ အစ်ကိုပြောတာကို သဘောပေါက်ပြီလား ”

“ ဟုတ်ကဲ့ ”
လန်လင်းအယ်က လေးပင်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းကလေးများ ဝင်းလက်နေလေသည်။

ထိုအခိုက် ဆရာတူမောင်နှမနှစ်ယောက်သည် ခပ်လှမ်းလှမ်းရှိ တဲအိမ်ကလေးထဲမှ မီးခိုးငွေ့တန်းတစ်တန်း စီးမျောလာသည်ကို သတိမပြုမိကြပေ။ မီးခိုးငွေ့တန်းက သူတို့နောက်တွင် အသံစိုးစဉ်းမျှ မထွက်ဘဲ လွင့်မျောနေ၏။

လီချန်ရှို့က ခပ်အုပ်အုပ်လေသံဖြင့် ဆိုသည်။
“ ဆရာတူညီမလေး၊ အစ်ကိုကြီး နောက်ထပ် အခွင့်အရေး ပေးမယ်။ မိန်းကလေးတစ်ယောက်ကို ဗလက္ကာရပြုဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ကို မြင်ရင် ဘယ်လိုလုပ်သင့်လဲဆိုတာ ညီမလေးရဲ့အဖြေကို ပွင့်ပွင့်လင်းလင်းနဲ့ အားရပါးရ ထုတ်ပြောလိုက်စမ်းပါဦး ”

လန်လင်းအယ်၏မျက်လုံးကလေးများ တဖျပ်ဖျပ် ဝင်းလက်သွားသည်။ သူမက ကျယ်ကျယ်လောင်လောင် မဟုတ်သော်လည်း မြဲမြံခိုင်ကြည်သောလေသံကလေးဖြင့် ဆိုသည်။
“ နံပါတ်သုံး၊ ဘာမှမမြင်သလို ဟန်ဆောင်ပြီးတော့ ဘေးကနေပဲ ရှောင်ကွင်းသွားရပါမယ် ”

“ ဒါမှ ငါ့ဆရာတူညီမလေးကွ ”
လီချန်ရှို့သည် ဆရာတူညီမလေး၏အဖြေကြောင့် သဘောခွေ့သွားရပြီး ဝမ်းသာအားရ အသိအမှတ်ပြုစကားဆိုလိုက်သည်။

သင်ခန်းစာများ ပို့ချသည့် နှစ်ရက်တာအတောအတွင်း ထိုမျှအထိ သူ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်ဖြစ်၍ ဤနည်းအတိုင်း ဆက်သွားပါက ဆရာတူညီမလေး ပြဿနာရှာပြီး သူ့ကို နှောင်ကြိုးများ ရစ်ပတ်လာမည့်အပေါ် စိုးရိမ်သောက ရောက်နေစရာ လိုတော့မည် မဟုတ်ပေ။

‘ ဘယ်လိုမျိုး သိုသိုသိပ်သိပ် နေထိုင်ရမယ်ဆိုတာ သိထားတဲ့ ဆရာတူညီမလေးတစ်ယောက် ရထားတယ်ဆိုတာကလည်း တကယ့်ကို … ’
လီချန်ရှို့နောက်မှ လေအေးတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လာသည်။ ဆရာတူမောင်နှမနှစ်ယောက်မှာ ဆံပင်များ ထောင်ထသွားသည့်အလား ခံစားလိုက်ကြရပြီး သူတို့နောက်မှ အေးစက်တင်းမာသော အသံတစ်သံကို ကြားလိုက်ရသည်။

“ လီ … ချန် … ရှို့ ”
စူးစူးဝါးဝါး အော်ဟစ်သံက လန်လင်းအယ်၏ သွားများကို တဖတ်ဖတ် ရိုက်မိသွားစေသည်။

လီချန်ရှို့၏နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားရပြီး သူ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် သူ့မျက်နှာက အပြုံးပန်းများ ဝေဆာသွားလေသည်။
“ ဟာ ဆရာ၊ ဆရာ တရားထိုင်ပြီးသွားပြီလား။ ဒီနေ့ ဆရာတူညီမလေးကို သင်ခန်းစာ စသင်ပေးတော့မှာပေါ့ … ”

“ ဆရာရယ်၊ ကျနော်တို့ စကားပြောမှာကို ဘာလို့ ဒီမြင်းမြီးနှင်တံကြီး ယူလာရတာတုန်း ”

“ ကျနော်က ဆရာ့တပည့်အရင်းခေါက်ခေါက်လေ။ တပည့်ပေါက်စလေးတစ်ယောက်လောက် ရှာတွေ့တာနဲ့ တပည့်အကြီးကို နှိပ်စက်တော့မှာလား ဆရာရဲ့ ”

“ ခွေးကောင် ”
တာအိုရသေ့အိုကြီး၏ ရှည်လျားသော မုတ်ဆိတ်မွေးများက လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး သူ့မျက်လုံးများက ဦးခေါင်းခွံထဲမှ ထွက်ကျလုမတတ် ပြူးကျယ်နေသည်။ သူက မြင်းမြီးနှင်တံကို မြှောက်ကာ လီချန်ရှို့အား ရိုက်လိုက်သည်။

“ မင်းတစ်ယောက်တည်း သူရဲဘောကြောင်ရင် ရပြီလေ။ ဘာကိစ္စကြောင့် ဆရာတူညီမလေးကို အဲဒါတွေ သင်ပေးနေရတာတုန်း။ ငါ ဒီနေ့ မင်းကို သင်ခန်းစာပေးမှရမယ် ”

သို့သော်လည်း မြင်းမြီးနှင်တံ ကျရောက်လာသည်နှင့် လီချန်ရှို့၏ခန္ဓာကိုယ်က အစိမ်းရောင်ဝင်းလက်သွားပြီး မိုးမခပင်၏တခြားတစ်ဖက်တွင် ချက်ချင်း ပြန်ပေါ်လာသည်။ ထို့နောက် လက်နှစ်ဖက်ဆုပ်ကာ ထပ်မံ အသနားခံနေလေသည်။

“ သစ်သားကိုယ်ယောင်ဖျောက်အတတ်ကို သုံးပြီး ထွက်ပြေးရဲတယ်ပေါ့လေ။ မင်းကို ရိုက်နှက်ဆုံးမမှ ရမယ် ”
ချီယွမ်မှာ ဒေါသူပုန်ထနေပြီး မြင်းမြီးနှင်တံကိုမြှောက်ကာ လီချန်ရှို့နောက်သို့ အပြေးလိုက်လေသည်။

လီချန်ရှို့၏လူရိပ်က ဆရာ၏ရိုက်ချက်များကို ရှောင်တိမ်းရန် နောက်ဆုတ်သွားသည်။ ချီယွမ်က ဓမ္မမန္တန်တစ်ပုဒ် ရွတ်ဆိုလိုက်ရာ မြင်းမြီးနှင်တံက အရူးအမူး ရှည်ထွက်လာသည်။ မြင်းမြီးနှင်တံ၏ အရိပ်များက ကန်ရေပြင်ဘေးရှိ မြေပြင်တွင် ပြည့်နှက်နေသည်။ သို့သော်လည်း လီချန်ရှို့သည် ထွက်ပေါက်ကို အမြဲ ရှာတွေ့နေသည့်အလား ရေကန်ထဲမှ ငါးတစ်ကောင်ပမာ လှစ်ခနဲ လှစ်ခနဲ ရှောင်တိမ်းနေသည်။

“ ဒေါသလျော့ပါဆရာရယ်။ ဆရာတူညီမလေး စိတ်ဝင်စားအောင် ကျနော် လျှောက်ပြောခဲ့တာတွေပါ ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းဆိုတာ လူသားကျင့်ကြံသူတွေရဲ့ ကျောင်းထဲမှာ ပါတယ်။ ကျောင်းသုံးကျောင်းထဲက နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းပဲ။ ငါတို့ ဂိုဏ်းထဲမှာ ဒီလိုမျိုး မဟုတ်တရုတ် အတွေးတွေနဲ့ ပြည့်နှက်နေတဲ့ မင်းလိုလူတစ်ယောက် ဘာလို့ ရှိနေတာတုန်း ”

“ ကျနော့်အဲဒီပါရမီကို ဆရာပဲ မျက်စိကျခဲ့တာမလား ဆရာရဲ့ ”

“ ထွီ … ဒီနေ့ ငါ မင်းကို ငါတို့ဂိုဏ်းကနေ ကန်ထုတ်ပစ်မယ်။ တောက်၊ သောက်ပြဿနာရှာတဲ့ကောင် ”

“ ဆရာနော်၊ ဆရာ ဒေါသထွက်ရင် ရုပ်ဆိုးသွားမှာ … ”
မိုးမခပင်ကြီး၏ အရိပ်အာဝါသအောက်ဝယ် မူလက လန်လင်းအယ်သည် ဆရာက ဆရာတူအစ်ကိုကြီးအား လိုက်ရိုက်နေသည့်အပေါ် စိုးရိမ်ပူပန်နေခဲ့ရသည်။ သို့သော် ဆရာတူအစ်ကိုနှင့် ဆရာတို့၏ နောက်တီးနောက်တောက် အပြုအမူများကြောင့် တဖြည်းဖြည်း တခစ်ခစ် အော်ဟစ်ရယ်မောလေတော့သည်။

မိုးမခသစ်ပင်ကြီး၏ အရိပ်အာဝါသအောက်ဝယ် လင်းအယ်လေးသည် ဆရာက ဆရာတူအစ်ကိုအား ပြေးလိုက်သည်ကို ကြည့်၍ စိုးရိမ်ပူပန်သွားခဲ့ရသည်။ သို့သော်လည်း ဆရာတူအစ်ကိုနှင့် ဆရာတို့၏ နောက်တီးနောက်တောက် အပြုအမူများကြောင့် အသံထွက်လုမတတ် တခစ်ခစ် ရယ်မောလေတော့သည်။

လီချန်ရှို့က ဆရာ၏ရိုက်ချက်များကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနေသည့်အတွက် ဆရာက အမှန်တကယ် အပြစ်ပေးနေရန် ကြိုးစားနေခြင်းမဟုတ်ကြောင်း လင်းအယ် ပြောနိုင်သည်။

အတော်အတန် ပြေးလိုက်ပြီးနောက် ဆရာတူအစ်ကိုမှာ ချော်လဲသွားဟန်တူပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဆရာက ဆရာတူအစ်ကိုအပေါ် ခုန်အုပ်လိုက်ပြီး မလှုပ်နိုင်အောင် ချုပ်ထားလိုက်သည်။ ပြီးသည်နှင့် မြင်းမြီးနှင်တံဖြင့် တရွှမ်းရွှမ်း ရိုက်လေရာ တဖြန်းဖြန်းမြည်သံများ စည်းချက်ကျကျ ထွက်ပေါ်လာတော့သည်။

အတန်ငယ်ကြာပြီးနောက် ချီယွမ်က တပည့်ကြီးအား အပြစ်ပေးပြီးသွားပြီဖြစ်၍ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော တာအိုဝတ်ရုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ပြင်ဆင်လိုက်သည်။ ယင်းနောက် မြေပြင်ထက် လှဲနေသော သနားစရာတပည့်အား အော်ဟစ်ငေါက်ငမ်းလိုက်သည်။

“ မင်းလုပ်ရပ်တွေကို ပြန်စဉ်စားကြည့်၊ အခုချိန်ကစပြီး ဘယ်လိုနေထိုင်ရမယ်ဆိုတာ လင်းအယ်ကို မင်း မသင်ပေးတော့နဲ့။ လင်းအယ်အတွက် တဲအိမ်ကိုပဲ ပြီးအောင် ဆောက် ”

“ ဟုတ်ကဲ့၊ နာခံပါ့မယ်ဆရာ ”

“ လာ လင်းအယ်လေး၊ ဆရာပဲ လင်းအယ်ကို သင်ပေးတော့မယ်။ လင်းအယ်ရဲ့ ဆရာတူအစ်ကို သင်ပေးတဲ့ အဲဒီသူရဲဘောကြောင်တဲ့သင်ခန်းစာအားလုံး မေ့ပစ်လိုက် ”

“ ဟုတ် ”
လင်းအယ်လေးက ညင်သာစွာ ဖြေလိုက်ပြီး တာအိုဝတ်ရုံနှင့် ဖုံးလွှမ်းထားသော ဆရာတူအစ်ကို၏ တင်ပါးနှစ်ဖက်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။ ထိုစဉ် အင်္ကျီလက်အောက်တွင် ဖုံးထားသော လီချန်ရှို့၏ညာလက်ကို သတိထားမိသွားသည်။

လီချန်ရှို့က ညာလက်ကို ခပ်ယဲ့ယဲ့ ဝှေ့ယမ်းပြလိုက်ပြီး လက်မကြီး ထောင်ပြလိုက်သည်။

လန်လင်းအယ်သည် စိုးရိမ်စိတ်များကို ဘေးချိတ်၍ မြေပြင်ပေါ်တွင် လှဲနေသော အစ်ကိုကြီး၏ သနားစရာရုပ်သွင်ကို ကြည့်ကာ ခစ်ခနဲ ရယ်မောလိုက်သည်။ ထို့နောက် ရှေ့မှသွားနေသော ဆရာ့နောက်သို့ လိုက်သွားသည်။

လင်းအယ်လေးသည် ခပ်သွက်သွက်သွားနေရာမှ တဖြည်းဖြည်းနှင့် ပြေးလိုက်သွားလေသည်။

လီချန်ရှို့က မြေပြင်ပေါ် လှဲနေရင်း သက်ပြင်းချလိုက်သည်။ တိမ်ဖြူတစ်အုပ်က သူ့ထံ ရောက်ရှိလာကာ အပေါ်သို့ သယ်ဆောင်သွားသည်။

‘ ဆရာက တကယ်ကြီး ဗျင်းတာပဲ ’
လီချန်ရှို့က တင်ပါးနှစ်ဖက်ကို ပွတ်ကာ တကျွတ်ကျွတ် ညည်းညူလိုက်သည်။ ထို့နောက် သူ သက်ပြင်းချလိုက်ပြန်သည်။

သူ့ဆရာသာ အမှန်အကန် ဗျင်းမည်မှန်း သိနေခဲ့ပါက အမိခံလိုက်မည် မဟုတ်၊

မဟုတ်သေး၊ သူ ထိုသို့လုပ်၍မရ၊ ဆရာ့ဂုဏ်သိက္ခာကိုလည်း ထည့်တွက်ရဦးမည် မဟုတ်လော။ ယင်းအပြင် ဆရာ့အနေဖြင့် နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာရန် မျှော်လင့့်ချက် အနည်းအကျဉ်းသာ ရှိသည်။ ပြင်းထန်သော ဖိအားများအောက်ကို သူ ရောက်နေပြီး သူ့ဘဝက ခက်ခဲကြမ်းတမ်းနေရသည် မဟုတ်လော။

ယခုလေးတင် ဆရာအသုံးချသွားခဲ့သည့် ဓမ္မမန္တန်များအရ အပြင်ပန်းမှကြည့်လျှင် အစွမ်းထက်သည် ထင်ရသော်လည်း အမှန်တွင် အားပျော့နေသည်။ သူ၏ချီစွမ်းအင်များက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ ယင်းက ချီယွမ်သည် ကျင့်ကြံခြင်းအဆင့်တက်ရန် အလောတကြီး လုပ်မိခဲ့ကြောင်း ဖော်ပြနေသည်။

ထားလိုက်တော့ …
လီချန်ရှို့က ကောင်းကင်ပြစ်ဒဏ်ခံယူရာတွင် သူ့ဆရာ အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုများလာစေရန် နည်းလမ်းစဉ်းစားလိုက်သည်။

လီချန်ရှို့က တိမ်စိုင်များအပေါ် လှဲ၍ ခေါင်းကုတ်ကာ အတွေးများထဲ နစ်မျောနေတော့သည်။ တဖြည်းဖြည်းနှင့် ပြီးလုပြီးခင်ဖြစ်နေသော တတိယမြောက်တဲအိမ်လေးထံ သူ လွင့်မျောသွားသည်။

***

ယနေ့ရက်များက အိမ်မက်အလားပင်။

အသက်ကိုးနှစ်အရွယ်၌ လင်းအယ်လေးသည် အမေနှင့်အတူ စျေးဝယ်နေခဲ့သည်။ ထိုစဉ် နတ်ဝိဇ္ဇာအိုကြီးတစ်ပါးက လင်းအယ်လေးကို မျက်စိကျသွားခဲ့ပြီး တပည့်အဖြစ် သိမ်းသွင်းခဲ့သည်။

လင်းအယ်လေး၏မိဘများက လင်းအယ်လေးနှင့် မခွဲနိုင်ပါသော်လည်း ယင်းက သူတို့အတွက် ကြီးကျယ်သော သတင်းစကားတစ်ခုဖြစ်သည်။လင်းအယ်လေးသာ ပေါက်မြောက်အောင် ကျင့်ကြံသွားနိုင်မည်ဆိုပါက သူမ၏မျိုးနွယ်စုသည်လည်း ဂုဏ်အရှိန်အဝါ ကြီးမားလာမည် ဖြစ်သည်။ ထိုသို့ဖြင့် တရားဝင်တပည့်လက်ခံခြင်း အခမ်းအနားပြီးနောက် လင်းအယ်လေးသည် အမေ၏ ဆုံးမစကားများကို မှတ်သားကာ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ဆရရာနှင့်အတူ လိုက်ပါလာခဲ့သည်။

ထို့နောက် အနည်းငယ် ထူးဆန်းသော ဆရာတူအစ်ကိုကြီးကို တွေ့ခဲ့ရသည်။

ဆရာအစ်ကို၌ နားထောင်ခါစက မှန်ကန်သလိုလို ရှိသော်လည်း တစ်ခုခု လွဲချော်နေတတ်သော ဒဿနများစွာ ရှိသည်။

ချီယွမ်က ဆရာတူအစ်ကိုသည် လူထူးဆန်းတစ်ယောက်ဖြစ်ပြီး သူ့အပြုအမူများကို အတုမခိုးသင့်ကြောင်း ထပ်ဖန်တလဲလဲ ဆုံးမပါသော်လည်း ဆရာတူအစ်ကိုက အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟူ၍ လင်းအယ်လေး ခံစားနေရသည်။

တောင်လေးထဲတွင် လိုက်နာကျင့်ကြံရမည့် စည်းမျဉ်းစည်းကမ်းများစွာ မရှိဘဲ ကန်လေးနှင့် တောင်ထဲတွင် အရသာရှိသော စားစရာများသာ ရှိသည်။ ကျင့်ကြံခြင်းဆိုသည်မှာလည်း အလွန် စိတ်ဝင်စားဖွယ်ကောင်းသော အရာတစ်ခုဖြစ်၍ ယခင်က လင်းအယ် တွေးထားခဲ့သလိုမျိုး ပျင်းရိငြီးငွေ့စရာ ကောင်းသည်တော့ မဟုတ်ပေ။

အမှန်တကယ်တော့ ဆရာတူအစ်ကိုနှင့် အလည်အပတ်သွားရသည့်အချိန်များက လင်းအယ်လေးအတွက် အပျော်ရွှင်ရဆုံးအချိန်များ ဖြစ်သည်။ သူတို့နှစ်ဦးသား ငါးများနှင့် အသားများကင်ကာ စားသောက်ကြပြီး တောင်အနှံ့ လျှောက်သွားကြသည်။ ကန်ဘေး၌ သွားရည်ကျစရာ သားရဲတိရစာ ္ဆန်လေးများဖြင့် ဗိုက်ဖြည့်ရင်း ဆရာတူအစ်ကို၏ လူ့ဘောင်အပြင်ထွက်နေသော ဒဿနများကို မျှဝေကြသည်။

ထိုကဲ့သို့ နေ့ရက်များက သံသရာအဆုံးထိ ဆက်လက်ကြာရှည်သွားပါမည်လား။

လင်းအယ်လေးသည် လေးပင်စွာ သက်ပြင်းလေးချ၍ အမျိုးအမည်မသိသော အရာဝတ္ထုတစ်ခုဖြင့် ပြုလုပ်ထားသော စောင်အား ခြုံလိုက်သည်။ ပြီးသည်နှင့် ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ အိပ်လိုက်သည်။

ရုတ်တရက် အရိပ်တစ်ရိပ် ဖျတ်ခနဲ ပြေးသွားသည့်အလား လင်းအယ် ခံစားလိုက်ရပြီး မက်မွန်သီးပမာ မျက်ဝန်းဝိုင်းဝိုင်းလေးများ မဆိုစလောက် ပြူးကျယ်သွားကာ အလန့်တကြား နိုးလာသည်။ လင်းအယ်လေးသည် ကြောက်လန့်၍ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီနေတော့သည်။

ပြတင်းပေါက်အပြင်ဘက်၌ လီချန်ရှို့က တိမ်ဖြူတစ်အုပ်ပေါ်တွင် လှဲနေကာ လက်ကိုဝှေ့ယမ်းပြနေသည်။

“ ညသင်ခန်းစာပဲ ကလေးမ ”

“ အဲ … ”
လင်းအယ်လေး၏မျက်ဝန်းကလေးများ တဖျပ်ဖျပ် ခတ်သွားသည်။ ထို့နောက် လင်းအယ်က စောင်အောက်မှ ကုန်းရုန်းထကာ ခေါင်းလေးညိတ်ပြလိုက်သည်။
“ ဟုတ် … ”

“ ကဲ မေးခွန်းနံပါတ်နှစ်ကို နားထောင်ကြည့် ”

‘ အင်း၊ ဆရာတူအစ်ကိုက တကယ့် လူထူးဆန်းတစ်ယောက်ပဲနော် ’

***

ထိုသို့ဖြင့် ဆယ်နှစ်ကြာပြီးနောက် ….

***

Comment

Leave a Reply

Options

not work with dark mode
Reset