အခန်း ( ၂၈၃ )

အခု...ခင်ဗျားတို့ ကျုပ်ပြောတာ နားထောင်တော့မလား

ပိုင်ရှောင်ချန်းက ထိုစကားများပြောလိုက်သည့်အချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တပ်ဖွဲ့ထဲရှိ မရေမတွက်နိုင်လောက်အောင်များပြားလှသည့် သားရဲများအကြားမှ ဘရူဆာသည် ခေါင်းထောင်လာတော့သည်။ ထို့နောက် သူက ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါစေနိုင်လောက်သည့် အသံကြီးဖြင့် အော်ဟစ်လိုက်သည်။

သူ၏ အော်သံပဲ့တင်ထွက်လာသောအခါ သူက ပို၍ကြီးမားလာတော့သည်။ ကိုးမီတာ… မီတာသုံးဆယ်… မီတာခြောက်
ဆယ်… မီတာကိုးဆယ်…

မျက်စိတစ်မှိတ်အတွင်းတွင် သူက တောင်အသေးစားလေးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ပြင်းထန်သောစွမ်းအားများကို ထုတ်လွှတ်ကာ သူ၏ခြေထောက်အောက်မှလည်း အနက်ရောင်မီးတောက်များ ထွက်နေတော့သည်။ သူ့တွင် နဂါးဦးခေါင်းနှင့် မြင်းခန္ဓာကိုယ်ရှိပြီး ယခုအချိန်တွင် ကောင်းကင်ကိုတုန်ခါစေကာမြေကြီးကိုအက်ကွဲစေနိုင်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေတော့သည်။

ထိုအရာမှာ သားရဲဘုရင်တစ်ကောင်သာ ပိုင်ဆိုင်နိုင်သည့် စွမ်းအင်မျိုးဖြစ်သည်။

သားရဲဘုရင်စွမ်းအင်မှလွဲ၍ အခြားအရာမဖြစ်နိုင်ချေ။

လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဘရူဆာက ရှေ့သို့ပျံထွက်လာသောအခါ ကြောက်မက်ဖွယ် တဂျုန်းဂျုန်းမြည်သံကြီးများပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်း ရှေ့သို့ရောက်သော် သူက ရပ်လိုက်ပြီး နားစည်ကွဲလောက်သည့်အသံမျိုးဖြင့် ဟိန်းဟောက်လိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် ခံစားချက်များ ရောယှက်နေပါသော်လည်း သူက တုန့်ဆိုင်းခြင်းမရှိချေ။ မည်သည့်အခြေအနေတွင်ဖြစ်စေ ပိုင်ရှောင်ချန်းခိုင်းသမျှကို သူက လုပ်မည်သာဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို တိုက်ခိုက်ရမည်ဆိုလျှင်ပင် တိုက်ခိုက်မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းနှင့်သူအတူရှိနေသ၍ မည်သည်ကိုမှ ဂရုစိုက်မည်မဟုတ်။

သူ၏ဘဝတွင် အရေးပါသောသူတစ်ယောက်သာရှိသည်။ ထိုသူမှာ သူ၏အဖေဖြစ်သည်။ သူအသက်ရှင်ရန် လိုအပ်သည့်စွမ်းအင်မရှိခဲ့စဥ်အခါက ထိုသူက နွေးထွေးကြင်နာမှုများစွာကိုပေးခဲ့သဖြင့် ဘရူဆာက သူ့တစ်သက် မေ့မည်မဟုတ်ချေ။

သူ၏ဟိန်းဟောက်သံတွင် သားရဲဘုရင်တစ်ကောင်၏ အစွမ်းများပါဝင်နေသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ သားရဲအားလုံးမှာ တုန်ရီသွားကြပြီး သူတို့၏ သခင်များဘက်သို့လှည့်ကာ အော်ဟစ်ကုန်ကြတော့သည်။

မရေမတွက်နိုင်သည့် သားရဲများ၏ အော်သံကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် အလင်းရောင်များက တောက်ပလာတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ လူအားလုံးမှာ အလွန်အမင်း အံ့အားသင့်နေကြပြီး အလန့်တကြား ထအော်ကုန်ကြတော့သည်။

” ဒါ….”

” ပိုင်ရှောင်ချန်း။ မင်းဘာလုပ်နေတာတုံးကွ။”

” ဘုရားရေ။ ဘရူဆာ။ မင်း….”

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ပျာယာခတ်သွားတော့သည်။ သူတို့၏ တပ်ဖွဲ့များမှာ ပြိုကွဲစပြုလာပြီး သားရဲများ၏ ရုတ်တရက်ပြောင်းလဲမှုကြောင့် မြောက်ခြမ်းမှာ လုံးဝ ကမောက်ကမဖြစ်သွားရတော့သည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ကောင်းကင်မှင်ရည်ဦးချို နဂါးကြီးက ခေတ္တမျှ တုန့်ဆိုင်းလိုက်ပြီးနောက် ဘရူဆာကိုငုံ့ကြည့်ကာ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။ အနည်းငယ်ကြာသောအခါ သူက ဘရူဆာ၏ဘေးတွင်ရောက်သွားပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို စိုက်ကြည့်နေတော့သည်။

မရေမတွက်နိုင်သော အလန့်တကြားအော်သံများထွက်လာသည်။ ခေါင်းဆောင်ကြီးများ၊ ဂိုဏ်းစောင့်အကြီးအကဲများနှင့် အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများမှာ ဒေါသထွက်လုမတတ်ဖြစ်သွားပြီး သူတို့၏ မျက်ဝန်းများမှာ မယုံကြည်နိုင်လောက်အောင် တောက်ပနေသည်။

သူတို့အမြင်တွင် ပိုင်ရှောင်ချန်းက ကောင်းကင်တာအိုကျင့်ကြံသူနှင့် အမွေဆက်ခံသူအဆင့်အတွက် လျာထားခြင်းခံရသူဖြစ်သည်။ သူသာ အမြုတေအဆင့်သို့ ရောက်ပါက သူ့ကိုယ်ယှဥ်နိုင်မည့်လူမျိုးလိုက်ရှာရန်မှာ အင်မတန်ခက်ခဲသွားမည် ဖြစ်သည်။

သို့သော်လည်း သူ၏တစ်ခွန်းထဲသောစကားကြောင့် ဘရူဆာက မြောက်ခြမ်းမှ သားရဲအားလုံးကို သူ့ဖက်သို့ပါအောင် ခေါ်နိုင်လိုက်ပြီဖြစ်သည်။ ဤသို့သောဖြစ်ရပ်များမှာ မြန်ဆန်လွန်း၍ ပိုင်ရှောင်ချန်း မည်မျှပင် အဆင့်မြင့်သည်ဖြစ်စေ မည်သူမှပင် ထိုသို့ဖြစ်လာနိုင်ကြောင်း မထင်မှတ်ထားကြချေ။

ဤအချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ မကြာသေးမီက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဲ့သို့ တုန်လှုပ်နေပြီဖြစ်သည်။

ရှန်ကွမ်းထျန်ယုံက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသမီးများက သူ၏မျက်ဝန်းထဲတွင် လောင်ကျွမ်းနေသည်။ ဝိညာဥ်စွယ်၊ ပေဟန်လဲ့၊ ကုန်းစွန်းယွင်၊ ရွှီဆုန် နှင့်အခြားသော လက်ရွေးစင်တို့၏မျက်နှာများပေါ်တွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည့် မြင်ကွင်းကို မြင်နိုင်သည်။

ကျိုးရှင်းချီမှာ ဆွံ့အနေပြီး ဟိုယွင်ဖေးမှာ မျက်လုံးများပြူးနေသည်။ ဟိုရှောင်မေ့ကမူ ပါးစပ်အဟောင်းသားဖြစ်ကာ နှလုံးခုန်နှုန်းများ မြန်လာတော့သည်။

ဖက်တီးကျန်းကြီး၊ အမှတ်သုံး ဖက်တီးဟီ၊ ချန်ဖေး နှင့် ပိုင်ရှောင်ချန်း၏ အခြားမိတ်ဆွေများအားလုံးမှာလည်း ဆွံ့အကာ ကယောင်ခြောက်ခြားဖြစ်နေကြသည်။

လီချင်းဟောက်၏မျက်ဝန်းထဲတွင် ခံစားချက်များစွာ ရောယှက်နေသည်ကို မြင်နိုင်သည်။ သို့သော်လည်း သူက ပိုင်ရှောင်ချန်းကို ကြည့်လိုက်သောအခါ ထိုခံစားချက်များက ထောက်ခံမှုများအဖြစ် ပြောင်းလဲသွားသည်။

” ရှောင်ချန်းက ရင့်ကျက်လာပြီပဲ။” သူက ရေရွတ်လိုက်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တုန်လှုပ်နေပြီး ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးနှင့် အခြားခေါင်းဆောင်များစွာက ပိုင်ရှောင်ချန်းကို တအံ့တသြကြည့်နေကြစဥ် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ခေါင်းဆောင်ကြီးများကို မော့ကြည့်လိုက်သောအခါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူ၏ နောက်သို့ ရောက်နေပြီဖြစ်သည်။

သူ၏ နှလုံးသားထဲတွင် ပူဆွေးသောကမီးများဖြင့် လောင်ကျွမ်းနေသည်။ ဤဂိုဏ်းနှစ်ခုကို သူက စစ်မဖြစ်စေလိုပေ။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
” စောစောက ကျုပ်ပြောထားသလိုပဲ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို သုတ်သင်ချင်ရင် ပိုင်ရှောင်ချန်းဆိုတဲ့ ကျုပ်ရဲ့ အလောင်းကိုရှေ့ထားပြီးမှ သုတ်သင်လို့ရမယ်။”

သူ၏ အသံမှာ ဝမ်းနည်းနေသံပေါက်သော်လည်း ထိုလေသံထဲရှိ ပြတ်သားမှုကို အထင်အရှားသိနိုင်၍ လူတိုင်းမှာ အံ့အားသင့်နေကြသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးများမှာလည်း တုန်ရီနေကြသည်။ သွေးအေးလူသတ်သမားများ၊ ဂိုဏ်းစောင့်အကြီးအကဲများ နှင့် သွေးသခင်သုံးယောက်တို့အားလုံးမှာ အသားများတဆတ်ဆတ်တုန်နေကြပြီး ပိုင်ရှောင်ချန်းကို ကြည့်လိုက်သောအခါ သူတို့၏နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သည့် ခံစားချက်များ ပေါ်ထွက်လာသည်။

ရွှီရှောင်ရှန်း၊ စုန့်ချွဲနှင့် ကျားလဲ့တို့မှာလည်း ထိုနည်းတူပင်။ ဤသို့ အန္တရာယ်များလှသည့် အခြေအနေမျိုးတွင် ပိုင်ရှောင်ချန်းက သူတို့အစား ရှေ့သို့ရဲရင့်စွာထွက်ပြသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ နှလုံးသားများထဲတွင် နွေးထွေးသော ခံစားချက်များ ပေါ်ပေါက်လာတော့သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုရင်ဆိုင်နေသော မတ်တတ်ရပ်နေသည့် ပိုင်ရှောင်ချန်း၏ နောက်ကျောကို သူတို့က ကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ အလယ်တောင်၏ ညမုဆိုးအသွင်အဖြစ် ပြောင်းလဲသွားပြန်သည်။

စုန့်ကျင်းဝမ်မှာ တုန်တုန်ရီရီနှင့် ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် တောက်ပသည့်အလင်းတန်းတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။

ဤအချိန်တွင် စစ်မြေပြင်ပေါ်ရှိ မျက်လုံးများအားလုံးက ပိုင်ရှောင်ချန်းကို မခွာတမ်းကြည့်နေကြပြီဖြစ်သည်။

သူ၏ စကားလုံးများကို မည်သူမှ လျှစ်လျူမရှုနိုင်ချေ။ ယခုတွင်မူ သူ၏ စကားများကို နားထောင်နေရပြီဖြစ်သည်။

သူက တစ်ယောက်တည်းအားဖြင့် တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲလိုက်နိုင်သည်။ သူတစ်ယောက်တည်းဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို ထိန်းချုပ်နိုင်လိုက်သည်။

” ခင်ဗျားတို့အခု ကျုပ်စကား နားထောင်တော့မလား။ ”
သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးများကိုကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ၏ စကားလုံးများတွင် ဝမ်းနည်းမှုများ ရောထွေးပါဝင်နေပါသော်လည်း မည်သူကမှ သူ့ကို မငြင်းဆိုနိုင်သည့် အရာတစ်ခုလည်း ပါဝင်နေသည်။

လူတိုင်းကို မတိုက်ခိုက်စေရန် တားဆီးနိုင်သည့် စွမ်းအားကြီးကာ ဂုဏ်အရှိန်အဝါကြီးမားသည့် လူတစ်ယောက်အသွင်အဖြစ် သူက ပြောင်းလဲသွားတော့သည်။

” ဘာလို့ ခင်ဗျားတို့က ဒီလို သတ်ဖြတ်တိုက်ခိုက်နေကြရတာလဲ။ ဒီလောက်လူတွေအများကြီးသေတာ ဘာအကျိုးရှိလဲ။ ကျုပ်တို့အားလုံးက ကျင့်ကြံခြင်းလောကရဲ့ အရှေ့အောက်ပိုင်းဒေသမှာရှိတဲ့ ကျင့်ကြံသူတွေပဲမလား။ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က လူတွေကိုသတ်ဖို့လားဗျာ။ ” သူကထိုသို့ပြောလိုက်သောအခါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ ပို၍ပင် တိတ်ဆိတ်သွားကြသည်။

စစ်မြေပြင်ပေါ်တွင် ကြားရသည့် တစ်ခုတည်းသောအသံမှာ ပိုင်ရှောင်ချန်း၏ စကားသံဖြစ်သည်။

” ကျင့်ကြံခြင်းဆိုတာ ထာဝရအသက်ရှင်ဖို့မလားဗျ။ မှော်သိုင်းတွေဆိုတာကလည်း ကျုပ်တို့ကိုယ်ကျုပ်တို့ ကာကွယ်ဖို့ပဲမလား။ ဒီလို သတ်ဖြန်ရန်ဖြစ်တာတွေကို ရှောင်လွှဲနိုင်ရင် နောက်ထပ်ပိုကောင်းတဲ့ ဖြေရှင်းနည်းတွေကို ရှာလို့ရမယ် မဟုတ်ဘူးလား။ ဘာလို့ နည်းနည်းလေးတောင် မကြိုးစားကြည့်ချင်ရတာလဲဗျာ။” သူ၏ လေသံမှာ အစတွင် တိုးလှပါသော်လည်း တဖြည်းဖြည်းနှင့် အော်ဟစ်နေသည်အထိ ကျယ်လာတော့သည်။ သူ၏ နှလုံးသားမှာ တဆစ်ဆစ်နာကျင်နေပြီး သူ၏မျက်လုံးများမှာ နီရဲနေပြီဖြစ်သည်။ သူနှင့်ရင်းနှီးသူများကို သူကလိုက်ကြည့်ရင်း စောစောကဖြစ်ပွားခဲ့သည့် အသေးစားတိုက်ပွဲလေးကြောင့် သွေးထွက်ကာ ဒဏ်ရာရနေသူများကို သူတွေ့လိုက်ရလေသည်။

သူ၏ နာကျင်မှုများမှာ ပို၍ ကြီးထွားလာသည်။

” ကျုပ်က သေရမှာကြောက်တဲ့ ငကြောက်တစ်ယောက်ပါဗျာ။ ဒါပေမဲ့ သေရမယ်ဆိုတာကြီးကို ကျုပ်က ကြောက်တာမဟုတ်ဘူးဗျ။ ကျုပ်ရဲ့ မိသားစုကို ကျုပ်မသေစေချင်ဘူး။ ကျုပ်ရဲ့ ဂိုဏ်းတူရောင်းရင်းတွေ သေတာကို ကျုပ်မမြင်ချင်ဘူး။ ကျုပ်ရဲ့မိတ်ဆွေတွေ သေတာကိုလည်း ကျုပ်မမြင်ချင်ဘူးဗျ။”

” ကျုပ်က ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်ဖြစ်၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်ဖြစ်။ ”
သူ၏ လေသံမှာ ကျယ်လာကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ ခေါင်းများငုံ့နေကြတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ ဆုပ်ထားသောလက်သီးများမှာလည်း ပြေလျော့လာတော့သည်။

ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ ခေါင်းဆောင်ကြီးများကလည်း ပိုင်ရှောင်ချန်း၏ စကားလုံးများကို ကြားသောအခါ သူတို့၏ နှလုံးသားထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်ထွက်လာကြသည်။

” ကျုပ်က ခင်ဗျားတို့နှစ်ဂိုဏ်းကြားထဲ ဝင်ပါစရာကိုမလိုတာ။ ဘေးနားကနေ ခင်ဗျားတို့ သတ်ဖြတ်နေကာ ထိုင်ကြည့်နေရုံပဲ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက နိုင်နိုင်၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက နိုင်နိုင်ဗျာ။ ကျုပ်က အသက်ရှင်မှာပဲ။ဘာလို့လဲဆိုတော့ ကျုပ်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်ဆို သွေးသခင်တစ်ယောက်၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်ဆို အမွေဆက်ခံသူအဆင့်ထဲကို ရောက်မဲ့လူဗျာ။ ”

” ဒါပေမဲ့ အဲ့တာတွေ ကျုပ်မလိုချင်ဘူးဗျ။ ခင်ဗျားတို့ကျုပ်ကို မုန်းချင်ရင်မုန်း။ အပြစ်တင်ချင်ရင်တင်ဗျာ။ ခင်ဗျားတို့ အချင်းချင်း မသတ်ဖြတ်တော့ဘူးဆို ကျုပ်က အဲ့တာတွေကို မမှုဘူး။ ” သူက ထိုသို့အော်ပြောနေရင်း မျက်ရည်များပင် ဝဲလာတော့သည်။

သူ၏ စကားလုံးများကြောင့် လူအများစုမှာ နှလုံးသားများ တုန်ရီသွားကြသည်။ ဟိုရှောင်မေ့၊ ကျိုးရှင်းချီ၊ ဟိုယွင်ဖေး၊ ဖက်တီးကျန်းကြီး၊ စုန့်ချွဲနှင့် ရွှီရှောင်ရှန်းတို့ပင်ပါလေသည်။

နှစ်ဘက်စလုံးမှ ကျင့်ကြံသူများသည် ပိုင်ရှောင်ချန်းပြောနေသည့်အရာမှာ မှန်ကန်ကြောင်း လက်ခံစပြုလာပြီး သူတို့၏ အကြည့်များထဲမှ ရန်လိုမှုများမှာ လျော့နည်းလာတော့သည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း။ ဒီစစ်ပွဲကြောင့် ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းလောက်သေမှာကို ခင်ဗျားတို့အသိပဲ။ ဂိုဏ်းကတော့ ပျက်ချင်မှပျက်မှာပေါ့။ ဒါပေမဲ့ ကပ်ဆိုက်တဲ့အလား အကျိုးဆက်ဆိုးတွေကို ခံစားရမှာ။ အောက်ပိုင်းဒေသထဲမှာ ဆက်နေရရင်တောင်မှ ဂိုဏ်းက အရည်အချင်းပြည့်မှီချင်မှ မှီတော့မှာ။ ”
ထိုသို့ပြောကာ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်သို့ လှည့်လိုက်သည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း။ ခင်ဗျားတို့နိုင်ရင်တောင်မှ တိုက်ပွဲကြီးက ခက်ထန်ကြမ်းတမ်းလွန်းမှာ အသေအချာပဲ။ ပြီးရင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ကုံမြစ်ဂိုဏ်းခွဲကို ရင်ဆိုင်ရဦးမှာ။ အဲ့အချိန်ကြရင် ခင်ဗျားတို့ အနိုင်ရမယ်လို့ ထင်လား။ နိုင်ဖို့ အခွင့်အရေး ဘယ်လောက်များရှိလို့လဲ။ ခင်ဗျားတို့နိုင်သွားပြီပဲထားဦး။ အလယ်ဒေသမှာ အားအနည်းဆုံး ဂိုဏ်းဖြစ်သွားမှာဆိုတော့ ဘာထူးတုံး။ မကြာခင်ပဲ ခင်ဗျားတို့လည်း ချေမှုန်းခံရမှာပဲ။”
ပိုင်ရှောင်ချန်းက တရိုတသေ ပြောမနေတော့ချေ။ လက်ရှိအခြေအနေ၏ အမှန်တရားများကိုသာ သူက ချပြနေပြီဖြစ်သည်။ သူ၏ ငြင်းခုံမှုကိုလည်း မည်သူ့ကိုမှ ပြန်လည် ချေပခွင့်မပေးချေ။ အခြားသော ကျင့်ကြံသူများမှာ အတွေးများစွာဖြင့် ခေါင်းငုံ့နေကြတော့သည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဒီစစ်ပွဲကို မတိုက်ချင်ဘူးဆိုတာ ကျုပ်ကောင်းကောင်းသိတယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလည်း ဒီတိုင်းပဲ။ ခင်ဗျားတို့က အခြားနည်းလမ်းမရှိတော့ဘူးလို့ ထင်နေကြတာ။ အလယ်ဒေသက ဂိုဏ်းဖြစ်နိုင်ဖို့အခွင့်အရေးအတွက် ခင်ဗျားတို့က တိုက်ခိုက်ချင်နေကြတာ။

” ဒါပေမဲ့ ကျုပ်တို့ ဂိုဏ်းအချင်းချင်း ပေါင်းစည်းလိုက်ရင်ရော။ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်အောင် ပေါင်းဖွဲ့လိုက်ရင်ရော။ အဲတာဆို ကျုပ်တို့ အင်အားပိုကြီးလာမှာ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကိုရော ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုပါ ကျုပ်တို့သုတ်သင်နိုင်ပြီ။ ဒါမှမဟုတ် သူတို့ဆီက အင်အားတွေကိုပါ အရယူပြီး ပိုအင်အားကြီးလာအောင်တောင် လုပ်လို့ရမယ်။ အဲ့တာဆို ကုံမြစ်ဂိုဏ်းခွဲကို သုတ်သင်ပြီး အလယ်ဒေသမှာ နေရာတစ်ခုရပြီလေဗျာ။”

သူက ထိုသို့ အော်ဟစ်ရင်း စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကိုပင် ဆုပ်ထားသည်။
” အလယ်ဒေသက ဂိုဏ်းတွေအတွက်ဆို အထောက်အပံ့ပစ္စည်းတွေက အများကြီးပဲ။ ကျုပ်တို့ လိုတာထက်တောင်ပိုသေးတယ်။ အတူတူပေါင်းစည်းလိုက်ရင် လူတိုင်း အကျိုးခံစားရမှာဗျ။ အတူတကွပူးပေါင်းပြီး တိုက်မယ်။ အောင်မြင်မှုတွေ ကျရှုံးမှုတွေကို ဝေမျှကြမယ်လေဗျာ။ ဘာလို့အဲ့လိုမျိုး မဖြစ်နိုင်ရမှာလဲ။”

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေ၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေ… ဂိုဏ်းသစ်တစ်ခု တည်ထောင်ရအောင်ဗျာ။ ဘယ်သူမှမမြင်ဖူးတဲ့ ဂိုဏ်းမျိုးကို ထောင်ကြမယ်လေ။ တခြားဂိုဏ်းတွေအကုန်လုံးကို တုန်လှုပ်စေနိုင်တဲ့ ဂိုဏ်းမျိုး တည်ထောင်ကြရအောင်။ ”

သူ၏ စကားလုံးများက ကျင့်ကြံသူများ၏ ရင်ထဲထိရောက်သွားသဖြင့် သူတို့အားလုံးမှာ နက်နဲစွာတွေးတောနေကြတော့သည်။

ဂိုဏ်းနှစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများမှာလည်း တိတ်ဆိတ်နေကြသည်။ ပိုင်ရှောင်ချန်းပြောသည့်အရာအားလုံးမှာ အဓိပ္ပါယ်ရှိနေသည် မဟုတ်ပါလော။ အရင်တုံးက သူတို့ဂိုဏ်းနှစ်ဂိုဏ်းအကြားတွင် ယုံကြည်စရာ ကြားခံနယ်တစ်ခုမရှိခဲ့ချေ။ နှစ်ဂိုဏ်းပေါင်းစည်းကာ ကြီးမားသောဂိုဏ်းတစ်ခုဖြစ်အောင် တည်ထောင်နိုင်လျှင်ပင် တစ်ဘက်နှင့်တစ်ဘက်က အမြဲတမ်း သံသများဝင်နေကြမည်ဖြစ်ပြီး သစ္စာဖောက်လိုသည့် စိတ်များမှာလည်း အမြဲတမ်း ကျန်ရှိဆွဲငြိနေမည် ဖြစ်သည်။

သို့သော်လည်း ယခုတွင် ပိုင်ရှောင်ချန်းရှိလာပြီဖြစ်သည်။ သူရှိလျှင် ဂိုဏ်းနှစ်ဂိုဏ်းမှာ ဖြတ်တောက်၍မရနိုင်လောက်အောင် ခိုင်မြဲနေမည်ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset