နွံအိုင်တောင်ထိပ်၊ရုပ်အလောင်းတောင်နှင့် အမည်မဲ့တောင်တို့မှ သွေးသခင်များမှာ တဆတ်ဆတ်တုန်သွားကြပြီး သူတို့၏လည်ပင်းမှ အပြာရောင် သွေးကြောကြီးများပင် ထောင်ထလာ၏။ သူတို့အပေါ်တွင် မမြင်ရသော စွမ်းအားတစ်ခုက သူတို့၏သွေးသခင်စွမ်းအားတို့ကို နုတ်ယူသွားကာ ဖိနှိပ်နေကြောင်း ချက်ချင်းသတိပြုမိလိုက်လေသည်။
သူတို့ပိုင်စားရာ တောင်ထိပ်များ၏ ကျင့်ကြံသူအပေါင်းကို ထိန်းချုပ်နိုင်စွမ်းမှာ ပယ်ပျက်သွားပြီး ၄င်းကိုဟန့်တားရန် ဘာမှ မလုပ်နိုင်တော့ချေ။ အတိုတောင်းဆုံးတခဏလေးအတွင်းမှာပင် သူတို့က ကြီးကျယ်မြင့်မြတ်သောအဆင့်မှ ကျဆင်းသွားကာ သာမန်ကျင့်ကြံသူများထက် ပိုမစွမ်းဆောင်နိုင်တော့ပေ။
တောင်ထိပ်သုံးလုံးမှ မဟာအကြီးအကဲများအားလုံးသည်လည်း တူညီစွာ ဖိနှိပ်ခံလိုက်ရလေသည်။
စုန့်ကျင်းဝမ်၏မျက်နှာမှာ ဖြူဖျော့သွားပြီး သူမ၏မျက်လုံးတို့တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်သွား၏။ ပိုင်ရှောင်ချန်းနှင့် ညမုဆိုးတို့နှစ်ဦးက တစ်ယောက်တည်းဆိုသည့်အချက်နှင့် မရေမတွက်နိုင်သော လူပေါင်းစွာကို တုန်လှုပ်ချောက်ချားသွားစေသည့် ပြောင်းလဲခြင်းတရား တို့မှာ သူတို့ယခုကြုံတွေ့နေရသည်နှင့် ယှဥ်လျှင် မပြောပလောက်ပေ။
“မဖြစ်နိုင်တာ… ”
“ကျုပ်က ရုပ်အလောင်းတောင် သွေးသခင်လေ”
“ဘာတွေ ဘယ်လိုဖြစ်နေတာတုံး ။ သူရဲ့ ရိုးရိုးလက်ဟန်လေးတစ်ခုက ကျုပ်တို့အားလုံးကို ဖိနှိပ်နိုင်တယ်ဆို မယုံနိုင်တော့ဘူး ”
သွေးသခင်များနှင့် မဟာအကြီးအကဲတို့မှာ ထိုနည်းဖြင့် တုံ့ပြန်ကြသည်ကို ကြည့်ခြင်းအားဖြင့် အခြားကျင့်ကြံသူများမည်သို့ခံစားရမည်မှာ ဆိုဖွယ်မရှိတော့ချေ။ နတ်ဆရာ၊ ကျားလဲ့၊ စုန့်ချွဲ၊ ရွှီရှောင်ရှန်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အခြားသူများအားလုံး အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။ သူတို့ဘာကိုဖြစ်စေချင်သည်မှာ အရေးမကြီးတော့ပေ။ သွေးဘိုးဘေးကြီးကို အခြေတည်ကျင့်ကြံခဲ့သမျှအားလုံးကို ပိုင်ရှောင်ချန်းက ချေဖျက်ပစ်လိုက်လေသည်။
ပိုင်ရှောင်ချန်းက သူ၏လက်ကို ဝေ့ယမ်းလိုက်သည်တွင် လေပွေတစ်ခုပေါ်လာပြီး ဧရာမသွေးရောင်လက်ကြီးတစ်ခုထွက်ပေါ်လာကာ ထိုအပြုအမူတစ်ခုက စစ်မြေပြင်တစ်ဝှမ်းရှိ အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲသွားစေလေသည်။
အပြင်စည်းဂိုဏ်းသားများ၊ အတွင်းစည်းဂိုဏ်းသားများ၊ တောင်လေးလုံးတွင်နေထိုင်သော ကျင့်ကြံသူများ၊ ဂိုဏ်းစောင့်အကြီးအကဲများသာမက သွေးအေးလူသတ်သမားတို့နှင့် ခေါင်းဆောင်ကြီးများ အပါအဝင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူတိုင်းကို ထိခိုက်သွားသည်နှင့် ချောက်ချားဖွယ် ထစ်ခြုန်းမြည်သံကြီးက တဝုန်းဝုန်း မြည်ဟည်းသွားလေသည်။
သူတို့အကုန်လုံးမှာ တုန်လှုပ်သွားကြပြီး မျက်နှာပျက်သွားကြလေသည်။ သူတို့ကမ္ဘာရှိ နေနှင့်လကြတ်သွားသည်ဟုပြောလျှင်ပင် လျှော့ပြောရာကျလိမ့်မည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အရှိန်အဝါစွမ်းအားတို့မှာ ပျောက်ကွယ်လာလေသည်။သူတို့မှာ ကမ္ဘာလောကကိုပင် အာရုံမခံနိုင်တော့ချေ။ သူတို့ကတစ်စတစ်စအားနည်းလာကာ ရုတ်တရက်အလှည့်အပြောင်းကြောင့် မရေမတွက်နိုင်သောဂိုဏ်းသားတို့၏စိတ်မှာ ပျက်ပြား
စပြုလာ၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရုတ်ခြည်းပရမ်းပတာဖြစ်နေလေပြီ။
အခြေအနေကမောက်ကမဖြစ်သွားသဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ပျက်စီးလုဆဲဆဲဖြစ်နေလေသည်။
ထိုအခိုက်တွင် အမည်မသိ လူတစ်ယောက်၏ ရုတ်တရက် ကြောက်လန့်စွာ ထအော်လိုက်သံက အရပ်မျက်နှာတစ်ခွင်သို့ပျံ့သွားလေသည်။
“သွေးကိုယ်တော်…။ ဒါက ဒဏ္ဍာရီလာသွေးကိုယ်တော်ရဲ့ စွမ်းအားပဲ”
“ဘုရားဘုရား… ညမုဆိုး…ပိုင်ရှောင်ချန်း.. သူကတကယ်ကို သွေးကိုယ်တော် ဖြစ်လာတယ်ဆိုတာ မယုံနိုင်စရာပဲ”
“သွေးနတ်ဆိုး..”
ထိုကဲ့သို့သော အော်ဟစ်သံများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။ လူတိုင်းမှာ ကြောက်ဒူးတုန်လျက်ရှိပြီး ဖြစ်ပျက်နေသည်ကို လိုက်မမီလိုက်သော လူတချို့မှာ အခြားသူတို့ ပြောစကားသံများကိုကြားပြီး ဆွံ့အသွားကြသည်။ ကောင်းကင်ထက်ရှိ ခေါင်းဆောင်ကြီးများမှာ သူတို့အင်အားများ ပျောက်ကွယ်လာသည်ကို ခံစားလိုက်ရပြီး သုန်မှုန်နေသောမျက်နှာထားဖြင့် သူတို့က အော်ဟစ်လိုက်လေသည်။
“ကျုပ်ဖြင့် သွေးနတ်ဆိုး တကယ်ရှိနေတာကို ယုံတောင်မယုံနိုင်ဘူး”
“ငါတို့အခု..ဘယ်..ဘယ်လို..ဆက်တိုက်နိုင်တော့မှာလဲ”
ရုန့်ရင်းဆန်ခတ်အခြေအနေများအကြားတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ လက်တစ်ဖက်တည်းနှင့် သူတို့အားလုံးကို ဖိနှိပ်နေသည့် ပိုင်ရှောင်ချန်းရှိရာကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
လေထဲတွင်ရပ်နေသဖြင့် ပိုင်ရှောင်ချန်း၏ ဆံပင်မှာ လေနှင့်အတူ တလွင့်လွင့်ဖြစ်နေလေသည်။ သူက သွေးသခင်တစ်ပါးထက် အနည်းငယ်ပိုအထင်ကြီးစရာကောင်းသော်လည်း သူက အသေအကြေတိုက်ပွဲကြီးကို ပြောင်းလဲတော့မည့်လူတစ်ယောက်ပုံမပေါ်ချေ။
သို့တိုင်အောင်…
အရာအားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။ တစ်ဂိုဏ်းလုံးအား လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ပစ်နိုင်သည့်လူတစ်ယောက်မှာ ဂရုမစိုက်ပဲ ပစ်ထားလို့ရသည့်လူမဟုတ်ပေ။ သူက ဥပေက္ခါပြုရမည့်သူ မဟုတ်ချေ။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏နောက်မှစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများနှင့် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို စိုက်ကြည့်လိုက်သည်။ သူ၏အသံက အက်ကွဲကွဲဖြင့်သိပ်မကျယ်သော်ငြား ၄င်းက စစ်မြေပြင်တစ်ခွင်ဖုံးလွှမ်းသွား၏။
“အခု..ခင်ဗျားတို့လူတွေ ကျုပ်ပြောတာနားထောင်တော့မလား။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း . ခင်ဗျားတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို အမြစ်ဖြုတ်ချင်ရင် ကျုပ်သေမှရမယ်” ပိုင်ရှောင်ချန်း၏ စွမ်းအားများပေါက်ကွဲထွက်သွားသဖြင့် သွေးရောင်အလင်းက ကောင်းကင်ယံသို့ မြင့်တက်သွားလေသည်။ တချိန်တည်းမှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပေါ်ကျရောက်နေသည့် ဖိအားမှာတိုးလာပြီး သူ၏စကားလုံးတို့က သူတို့နားတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွား၏။
သန့်စင်ပြီး ရုပ်အလောင်းတို့မှာ တုန်ရီနေပြီး တစ်ကောင်ပြီးတစ်ကောင် ခေါင်းငုံ့လာကြသည်။ မဟာဖုတ်ကောင်ကြီး၏ မျက်လုံးများမှာ မီးဝင်းဝင်းတောက်လာပြီး ခေါင်းကို နောက်လှန်ပြီး ဟိန်းဟောက်လိုက်ကာ ပျံသွား၍ ပိုင်ရှောင်ချန်းရှေ့တွင်ရပ်လိုက်သည်။
သူ၏မြစိမ်းရောင်ဖုတ်ကောင်ကြီးသည်လည်း ထိုနည်းတူဟိန်းဟောက်လိုက်သဖြင့် မရေမတွက်နိုင်သော အစိမ်းရောင်ဆံပင်တို့က ဘေးပတ်လည်ရှိ ဖုတ်ကောင်တို့ထံပြေးဝင်သွားလေသည်။ တုံ့ပြန်သည့်အနေဖြင့် အခြားဖုတ်ကောင်များ၏ မျက်လုံးအိမ်များကျုံ့သွားပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိသူတို့၏သခင်များကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ထိုမျှနှင့် မပြီးသေးချေ။ ဂါဂိုလီသွေးအေးမွန်းစတားအုပ်ကြီးအနက် သာမန်မွန်းစတားဖြစ်ဟန် တစ်ကောင်က ရုတ်တရက်နားကွဲလုမတတ်ထအော်လိုက်သဖြင့် အခြားမွန်းစတားပေါင်းများစွာတို့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်လှည့်ကာ အစွယ်များထုတ်လိုက်ကြသည်။
ယခုတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ ဖိနှိပ်ချုပ်ထိန်းခံနေရရုံသာမက သူတို့၏စွမ်းအားတစ်ဝက်ကျော်မှာ နုတ်ယူခံလိုက်ရလေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများက ရှုပ်ထွေးထူးဆန်းသောခံစားချက်များနှင့် တင်းမာခက်ထန်သော မျက်နှာထားဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်ကြသည်။
” ဒီကောင်က သွေးကိုယ်တော်ပဲ ”
အဓိကခေါင်းဆောင်ကြီး ၊ ခေါင်းဆောင်ကြီးအတုမဲ့နှင့် စုန့်ကျင်းဝမ်စသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိလူတိုင်း၏ မျက်လုံးများထဲတွင် ဖော်ပြရန် မဖြစ်နိုင်သည့် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့်ပြည့်နေလေသည်။ သူတို့သာ ညမုဆိုးက သွေးကိုယ်တော်ဖြစ်ကြောင်း အစောကတည်းကသိပါက စစ်ပွဲက ယခုလိုမျိုး လုံးဝအဆုံးသတ်မည်မဟုတ်ပေ။
ဒဏ္ဍာရီလာသွေးနတ်ဆိုးနှင့်စပ်လျဥ်း၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် သဘောထားအမျိုးမျိုးရှိသည်။ လူတချို့က ၄င်းပေါ်လာရန် တောင့်တနေသော်လည်း အခြားသူများမှထိုသို့မဟုတ်ပြန်။ အကယ်၍ သွေးကိုယ်တော်က သာမန်ဂိုဏ်းသားတစ်ဦးဖြစ်ပါလျှင် သူ့ကို အလွယ်တကူ ကိုင်တွယ်ထိန်းချုပ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် အကျိုးရှိမည့်အရာများကိုသာ လုပ်ခိုင်းစေနိုင်သည်။ သို့သော် ခန့်မှန်းချက်များနှင့် သွေဖယ်၍ ပိုင်ရှောင်ချန်းက သွေးကိုယ်တော်ဖြစ်သွားလေသည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက လုံးဝနှုတ်ဆိတ်နေ၏။ အဓိကခေါင်းဆောင်ကြီးမှာ မှင်သက်နေလေသည်။ ဘယ်သူမှ မတွေးတတ်တော့ပေ။ ခေါင်းဆောင်ကြီးအတုမဲ့ကမူ ဘာမှမပြောသည့်တိုင်အောင် သူ၏မျက်လုံးတို့တွင် ပုံမှန်မဟုတ်သောအလင်းတို့ဖြင့်တောက်ပနေ၏။ ခေါင်းဆောင်ကြီးဟန်ရန်က ခေါင်းငိုက်စိုက်ကျနေသဖြင့် မည်သူမှ သူ၏မျက်နှာထားဘယ်လိုရှိသည်ကိုမပြောတတ်ပေ။
လူအုပ်ထဲရှိ စုန့်ကျင်းဝမ်မှာ ပိုင်ရှောင်ချန်းကို သူမ၏ဘေးပတ်လည်ရှိ လူတကာ၏နှလုံးအိမ်ရှိခါးသီးနာကြည်းမှုထက်ပိုသော ခါးသက်သော အပြုံးတစ်ခုဖြင့် ကြည့်နေလေသည်။ သူမက ပိုင်ရှောင်ချန်းကို မော့ကြည့်လျက် သူတို့နှစ်ဦးကြာရှိ ကွာဟခြားနားမှုမှာ ကြီးသထက်ကြီးလာနေသည်ကို သိလိုက်ရလေသည်။
သူမက ဖြေးညင်းစွာ ခေါင်းငုံ့လိုက်သည်။ ယခုအခိုက်အတန့်တွင် သူမမှာ ဖြစ်နိုင်လျှင် အဝေးသို့ထွက်ပြေးကာ ပုန်းကွယ်နေချင်မိသည်။ သူမမှာ ပိုင်ရှောင်ချန်းကို ဘာပဲဖြစ်ဖြစ် တွေ့မြင်လိုစိတ်မရှိတော့ချေ။
ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတိတ်ဆိတ်သွားပြီး ခေါင်းဆောင်ကြီးများ၏ မျက်နှာထားအမျိုးမျိုးနှင့် ညှိုးငယ်နေသော စုန့်ကျင်းဝမ်ကို မြင်လိုက်ရသောအခါ သူ၏နှလုံးသားတွင် နာကျင်မှုကြောင့် တဆစ်ဆစ် အောင့်လာလေသည်။ သို့သော်လည်း သူလုပ်နိုင်သည့်တခြားအရာမရှိချေ။
ယခုအချိန်မတိုင်ခင်အထိ အစောဆုံးအချိန်ကတည်းက သူ စိတ်လှုပ်ရှားနေခဲ့ရသည်။ နောက်ဆုံးတွင်တော့ တိုက်ပွဲဆက်မဖြစ်နိုင်တော့ကြောင်း သူပြောနိုင်လေသည်။
“တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေဖို့ မလိုပါဘူး” သူကညင်ညင်သာသာပင်ပြောလိုက်၏။ ” ကျုပ်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကိုယ်စားပြုပေးနိုင်ပါတယ်… ”
သို့သော်လည်း သူစကားပြောမဆုံးမီ စွမ်းအားပြင်းအငွေ့အသက်တို့က လောချိန်တောင်တန်းရှိ မဟာမန္တန်အစီအရင်မှ ထိုးထွက်လာသောကြောင့် စစ်မြေပြင်၏ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်ရှိ လေထုတွင် တဝီဝီအသံတစ်ခုပေါ်ထွက်လာ၏။
ပိုင်ရှောင်ချန်း၏မျက်လုံးမှာ ပြူးကျယ်သွားပြီး လှမ်းကြည့်လိုက်ရာ ခေါင်းဆောင်ကြီးများ၏မျက်နှာများထက်တွင် ထူးဆန်းသောအရိပ်အယောင်များ ဖြတ်ပြေးနေသည်။
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီး၏ မျက်လုံးတို့မှာ တလက်လက် ရွှန်းလက်တောက်ပသွားလေသည်။ ဖြစ်သွားခဲ့သည့် အရာတို့ကို သူ့မှာ အံ့သြတုန်လှုပ် နေပြီး ပိုင်ရှောင်ချန်းက သွေးသခင်သာမက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဒဏ္ဍာရီလာသွေးကိုယ်တော်တစ်ပါးဖြစ်လိမ့်မည်ဟု တွေးပင်မကြည့်ခဲ့ဖူးပေ။
ထိုကဲ့သို့လူတစ်ယောက်၏ အရေးပါမှုကို လျှော့တွက်၍မရချေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဖိနှိပ်ပြီး စစ်ပွဲကို ပြောင်းပြန်လှန်ပစ်နိုင်ရုံသာမက ဂိုဏ်းသားများကို ရှားပါးသည့်အခွင့်အရေးတစ်ခုကို ထောက်ပံ့ ပေးနိုင်လေသည်။
ထိုအခွင့်အရေးမျိုးကို ရှေ့တည့်တည့်တွင် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးငါးဦး မှာ အလွန်တရာ တုန်လှုပ်သွားလေသည်။ သူတို့က ပိုင်ရှောင်ချန်းကို ဂရုစိုက်သော်လည်း တချိန်တည်းမှာပင် ဂိုဏ်းဆက်လက်ရှင်သန်နိုင်ရေးနှင့်သက်ဆိုင်နေသည့်ကိစ္စဖြစ်နေပြန်လေသည်။ ယခုကဲ့သို့အခိုက်အတန့်တွင် ဂိုဏ်းအကျိုုးအတွက် သူတို့၏ကျင့်ဝတ်သိက္ခါတို့ကိုချိူးဖောက်နေချင်ကြသည်။ အခြားခေါင်းဆောင်ကြီးများနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ခေါင်းနောက်လှန်ကာ အော်ရယ်လိုက်၏။
“တော်တယ်ကွာ..ပိုင်ရှောင်ချန်း… ဒီနေ့ဂိုဏ်းအတွက် အကြီးကျယ်ဆုံးတာဝန်ကို မင်း စွမ်းဆောင်လိုက်တာပဲ ။ အခုကစပြီး မင်းက အမွေဆက်ခံသူအဆင့်ခေါင်းဆောင်ငယ်ပဲကွ ”
“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းးးးး တိုက် ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အပြတ်ချေမှုန်းးးး ”
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ချက်ချင်းပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အခြားလေးဦးသောခေါင်းဆောင်ကြီးတို့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများဘက်သို့ တဟုန်ထိုးဦးတည်သွား၏။ တချိန်တည်းမှာပင် လောချိန်တောင်တန်းရှိ မန္တန်အစီအရင်ကြီးမှာ တဖျပ်ဖျပ်လင်းတောက်လာပြီး ဘီလူးကြီးတို့က တခဏမျှရပ်နေပြီးနောက် ရှေ့သို့ မာန်ဖီဟိန်းဟောက်လျက် ပြေးတက်လာကြသည်။မြောက်ဘက်ခြမ်းမှ မရေမတွက်နိုင်သော
တိုက်ပွဲဝင်သားရဲတို့က အူမြည်လိုက်ကြသည်။ ထိုတိုက်ပွဲဝင်သားရဲတပ်ဖွဲ့ကြီးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တခြားအင်အားစု၏ သုံးဆယ်ရာခိုင်နှုန်းနှင့် ပေါင်းစပ်သွားပြီး ကောင်းကင်တစ်ခွင်နှင့် မြေပြင်တစ်ဝှမ်း ဖုံးလွှမ်းသွားလေသည်။
၄င်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအပေါ် အထိအခိုက် အကျအရှုံးများစေပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို နှစ်ပေါင်းတစ်သောင်းကြာရှည်တည်တံ့စေမည့် အခြေခံအုတ်မြစ်ဖြစ်ပြီး တစ်ဂိုဏ်းလုံးကို စစ်ရေးသာစေမည့်အခွင့်ကောင်းဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ လုံးလုံးလျားလျားတုန်လှုပ်သွား၏။ချက်ချင်းပင် သူတို့အကုန်လုံး အလျှော့မပေးဘဲ အော်ဟစ်လိုက်ကြသည်။ သို့သော့် နောက်ဆုတ်ရမည့်နေရာမရှိသည့်အပြင် သူတို့၏နှလုံးအိမ်တွင် ပူဆွေးသောကများအပြင် ပိုင်ရှောင်ချန်းအပေါ်မုန်းတီးစက်ဆုပ်ခြင်းများ ပြည့်နှက်လာသည်။
” ကျုပ် ခင်ဗျားကို ရွံတယ်.. ညမုဆိုး”
“ဘယ်သူကများ သွေးသခင်နဲ့ သွေးကိုယ်တော်တွေကို ဂရုစိုက်လို့လဲ။ မင်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ကိုယ်စားပြုတဲ့လား…ဟားဟားဟား.. ညမုဆိုး..မင်းကဘာမှမဟုတ်ပါဘူးကွာ”
“ညမုဆိုး…ကျုပ်ဒီကနေ့ စစ်ပွဲမှာ သေသွားခဲ့ရင်တောင်မှ ကျုပ်ရဲ့ဝိညာဥ်က မင်းကို မျိုးရိုးစဥ်ဆက် ကလဲ့စားချေမယ် ”
ခါးသက်သက်ရယ်သံများထွက်ပေါ်လာပြီး သွေးသခင်သုံးပါး၊ ဂိုဏ်းစောင့်အကြီးအကဲများနှင့် သွေးအေးလူသတ်သမားများအားလုံး သူတို့စုစည်းနိုင်သမျှ စွမ်းအားအလုံးစုံကို ထုတ်လွှတ်လိုက်ကြသည်။ ခေါင်းဆောင်ကြီးများကမူ အံတင်းတင်းကြိတ်လိုက် ကြပြီး မချိတင်ကဲ အော်ဟစ်လိုက်ကြသည်။
ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးတို့အား တအံ့တသြကြည့်လိုက်သည်။ ယခုအခိုက်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တိုက်ခိုက်လိမ့်မည်ဟု သူ မတွေးထင်ထားပေ။ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်လိုက်ကာ သူက ရုတ်တရက် တဟားဟားနှင့် မျက်ရည်ကျလုနီးပါး အော်ရယ်လိုက်သည်။
“ဘယ်လောက်တောင် အ လိုက်တဲ့ငါလဲ။ တစ်ဖက်ကို ဖိနှိပ်ချုပ်ထိန်းလိုက်ရင် စစ်ပွဲပြီးသွားမယ်ထင်တာ..။ ဘယ်လိုတောင်မှားသွားတာတုံး”
” အခုတော့ သိပြီ..ငါ တကယ်ကိုသိလိုက်ပါပြီ….ကိုယ့်အဆင့်ကိုယ်အရမ်းမျှော်လင့် ထားမိတာပဲ။ဟားဟား… ကိုယ့်အဆင့်အတန်းကို တလွဲတွေးထားခဲ့မိတာပဲ။ ကောင်းပြီလေ… စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း.. မင်းက ငါ့မိသားစု.. အေး..ဒါပေမယ့်..ဒီအချိန်မှာတော့..ငါ့စွမ်းအားအစစ်အမှန်ကို ပြဖို့လိုနေပြီ”
သူက မော့လိုက်ပြီး သူ၏ဆံပင်ရှည်တို့ကသူ့ကို ရိုက်ခတ်နေကာ ညာလက်ကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဘက် ဝှေ့ယမ်းလိုက်ရင်း တစ်ယောက်ယောက်ကို ခေါ်လိုက်သည်။
“ဘရူဆာ …”