Switch Mode

အခန်း ( ၂၈၁ )

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း...အခုချက်ချင်း နောက်ဆုတ်လိုက်

ခေါင်းဆောင်ကြီးဟန်ရန်က အရင်တုံ့ပြန်လိုက်ပြီး ပိုင်ရှောင်ချန်းကြောင့် ပွက်လောရိုက်သွားခဲ့သော ကမောက်ကမအခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်ဖြစ်ခါနီးဖြစ်သွားလေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို စွပ်စွဲအသေရေဖျက်လိုက်ခြင်းဖြင့် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများကို စိတ်နှင့်လူ ပြန်ကပ်ကာ နိုးကြားသွားစေသည်။

သွေးသခင်သုံးဦး၏ မျက်လုံးများက တဖျပ်ဖျပ်တောက်ပသွားပြီး စုန့်ချွဲ နှင့် ဂိုဏ်းတွင်းရှိ အခြားအရေးကြီးပုဂ္ဂိုလ်များသည်လည်း ထိုနည်းတူပင်။ သွေးအေးလူသတ်သမားသုံးယောက်နှင့် ဂိုဏ်းစောင့်အကြီးအကဲအချို့တို့က ပိုင်ရှောင်ချန်းထံ တုန့်ဆိုင်းခြင်းအလျဥ်းမရှိပဲ ပြေးသွား၏။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက အေးစက်စက်ရယ်လိုက်လေသည်။
”ဟားဟား ပေါက်တတ်ကရတွေပြောပါဦး..။ ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ကောင်းကင်တာအိုကျင့်ကြံသူပဲ။ သူက ငယ်ရွယ်ရိုးသားတဲ့ ကလေးမလို့ မင်းတို့ရဲ့ မိစ္ဆာမှော်သိုင်းနဲ့ မုချ ပြုစားခံထားရတာတောင် သူ့ကို ငါ့ရှေ့မှာ ပြန်ပေးဆွဲဖို့ကြိုးစားရဲတယ်လား ။ ကိုယ့်လူတို့.. ပိုင်ရှောင်ချန်းကို တောင်တန်းတွေဆီပြန်ခေါ်သွားကြ ။ ငါကိုယ်တိုင် သူ့ကိုယ်ထဲက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မိစ္ဆာမှော်သိုင်းကို ဖယ်ရှားပေးမယ်”

ချက်ချင်းပင် လီချင်းဟောက်အပါအဝင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူတို့က ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ဦးတည်သွားကြသည်။

အမွေဆက်ခံသူအဆင့်ကျင့်ကြံသူနှင့်တကွ ဂိုဏ်းစောင့်အကြီးအကဲများက နီးကပ်လာပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်တွင်းသို့ ဦးတည်လျက် ပိုင်ရှောင်ချန်းကိုလုရန် စွမ်းအားကြီးသိုင်းကွက်များကို ထုတ်ဖော်ရန်ပြင်နေကြသည်။

ပိုင်ရှောင်ချန်းမှာ စစ်မြေပြင်တစ်ခုလုံး၏ အာရုံစိုက်ရာဖြစ်သွားပြန်သည်။ ဂိုဏ်းနှစ်ခုလုံးအတွက် သူက အဆုံးစွန်အရေးကြီးလှသည်မဟုတ်သော်ငြား မည်သည့်ဂိုဏ်းကမှ သူ့ကို လွယ်လင့်တကူ လက်မလျှော့ချင်ကြပေ။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ပေါ်ပေါက်သွားသော အားနည်းချက်ကို ဖယ်ရှားရန် ညမုဆိုးအတွက် တိုက်ခိုက်ချင်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်မူ ပိုင်ရှောင်ချန်းကို ပြန်လိုချင်သည်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အားနည်းချက်ကို ပို၍ ဆိုးရွားသွားစေရန်ဖြစ်သည်။

တိုက်ပွဲနောက်တစ်ကြိမ်ထပ်ဖြစ်လာရာ မိုးကောင်းကင်နှင့် မြေကြီးမှာ တဝုန်းဝုန်းမြည်ဟည်းသံများ ထစ်ခြုန်းသွားလေသည်။

ကောင်းကင်ပြင်တွင် ခေါင်းဆောင်ကြီးများက တိုက်ခိုက်နေကြသည်။ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများကလည်း သွေးအေးလူသတ်သမားတို့အား တန်ပြန်တိုက်ခိုက်နေကြသည်။ နှစ်ဖက်လုံးမှ ဂိုဏ်းစောင့်အကြီးအကဲတို့သည်လည်း မှော်ပစ္စည်းများနှင့် မှော်သိုင်းတို့ကိုထုတ်ဖော်တိုက်ခိုက်နေသဖြင့် ကောင်းကင်တစ်ခွင်တွင် အလင်းများက ဖြိုးခနဲဖြတ်ခနဲ လင်းလက်နေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မဟာဖုတ်ကောင်ကြီးက စိတ်နှလုံး တုန်လှုပ်ခြောက်ခြားဖွယ် ဟိန်းဟောက်သံကြီးဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်နှင့် သန့်စင်ထားသောရုပ်အလောင်းပေါင်းများစွာ နိုးထလာလေသည်။ သူတို့လှုပ်ရှားလာသည်နှင့် ရုပ်အလောင်းအငွေ့အသက်တို့က နေရာအနှံ့ပျံသွား၏။ ထိုရုပ်အလောင်းများထဲတွင် အချို့က သူနှင့်ဆက်နွယ်နေမှန်း ပိုင်ရှောင်ချန်း သိပြီး သူတို့ကိုထိန်းချုပ်နိုင်လေသည်။ သို့သော်လည်း ရုပ်အလောင်းအနည်းစုဖြစ်သဖြင့် လက်ချိုးရေ၍ပင် ရလေသည်။ သူတို့က ပင်လယ်ထဲကသဲပွင့်များပမာတူလေသည်။

ဂါဂိုလီသွေးအေးမွန်းစတားတို့မှာမူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအင်အားစုများမှ ကွဲထွက်ကာ စူးစူးဝါးဝါးအော်နေကြပြီး တိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြသည်။

ထို့ပြင် မရေမတွက်နိုင်သော သွေးဓားပေါင်းများစွာလည်းရှိ၏။ သွေးသခင်တစ်ပါးအနေနှင့် ပိုင်ရှောင်ချန်းက အလယ်တောင်ထိပ်ကို ထိန်းချုပ်၍ရပါသော်လည်း သွေးသခင်ဖြစ်ခဲ့ဖူးသည့် သွေးအေးလူသတ်သမားအမြောက်အမြားရှိလေသည်။ သူတို့၏ အလယ်တောင်ထိပ်ကိုထိန်းချုပ်နိုင်သည့်အဆင့်မှာ လက်ရှိသွေးသခင်တို့ကို မယှဥ်နိုင်သော်လည်း ပူးပေါင်းပြီး ခေါင်းဆောင်ကြီးများ၏ အထောက်အပံ့ကိုယူခြင်းဖြင့် သူတို့က ပိုင်ရှောင်ချန်း၏ သွေးသခင်စွမ်းအားထက် အလျင်အမြန်သာလွန်သွားကာ အလယ်တောင်ထိပ်ကျင့်ကြံသူများအား နောက်တစ်ကြိမ်ထပ်တိုက်စေလိုက်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မန္တန်အစီအရင်ဘီလူးကြီးများက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်ကို ဦးတည်၍ ဟိန်းဟောက်မာန်ဖီလိုက်ကြသည်။ ရှန်ကွမ်းထျန်ယုံ၏ဘီလူးကြီးထံမှ သတ်ဖြတ်လိုစိတ်အငွေ့အသက်များ ထွက်ပေါ်လာပြီး ဝိညာဥ်စွယ်၊ ကုန်းစွန်းယွင်၊ ပေဟန်လဲ့၊ ရွှီဆုန်နှင့် ကျိုးရှင်းချီတို့၏ဘီလူးများသည်လည်း ထိုနည်းတူပင်။

မြောက်ခြမ်းမှ မရေမတွက်နိုင်သော တိုက်ပွဲဝင်သားရဲများက ပျံထွက်လာပြီး အူမြည်လိုက်ကြသည်။ သားရဲလှိုင်းလုံးကြီး မှာ အံ့သြဘနန်းပင်။ ကောင်းကင်ဦးချိုမှင်ရည်နဂါးက ဟိန်းဟောက်လိုက်သည်နှင့် သူ၏ပါးစပ်မှ မဟူရာမီးတောက်တို့ထွက်လာကာ ကောင်းကင်တစ်ခွင်ပြည့်သွားပြီး မီးပင်လယ်ဖြစ်သွားလေသည်။

အောက်ဘက်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတပ်ထံသို့ မန္တန်အစီရင်ဘီလူးများက ဒုန်းစိုင်းပြေးသွားကြသည်။ သူတို့တစ်ခုနှင့်တစ်ခုနီးကပ်သွားသည်နှင့် မှော်ရတနာများပေါ်ထွက်လာကာ အရာခပ်သိမ်းကို ကြောက်ရွံ့ တုန်ခါသွားစေလေသည်။

ကောင်းကင်ထက်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဖြူရောင်နေမင်းကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏စာခြောက်ရုပ်ကြီးတို့က ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးထဲတွင် ခါးသီးနာကြည်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူ၏သွေးသခင်ပုံစံကို ဖော်ထုတ်လိုက်သည့်တိုင် တိုက်ခိုက်မှုများမဖြစ်စေရန် မတားဆီးနိုင်လိုက်ပေ။ သူနှင့် ရင်းနှီးကျွမ်းဝင်သူများအားလုံး တိုက်ခိုက်နေကြသည်ကို ဝေ့ဝှက်ကြည့်လိုက်သည်တွင် စိတ်ထဲ၌ သူ့မှာ တစ်စစီ စုတ်ဖြဲပစ်ခံလိုက်ရသကဲ့သို့ ခံစားလာရလေသည်။

“ဘာကြောင့် ငါတို့တိုက်ရမှာလဲ” သူကရေရွတ်လိုက်သည်။
” ဒီစစ်ပွဲက ဖြစ်လာစရာအကြောင်းကို မရှိတာ။ ငါများ မသန်မာလို့လား။ ဒါကြောင့် ဘယ်သူ့မှငါ့စကားနားမထောင်တာလား”
သူကဘေးဘီဝဲယာကို ကြည့်လိုက်ပြီး အဖြစ်မှန်ကို သဘောပေါက်သွားး၏။ ဂိုဏ်းနှစ်ခုလုံးက သူ့ကို နက်နက်ရှိုင်းရှိုင်းဂရုစိုက်သော်ငြား သူက ယခုကဲ့သို့ အသေအကြေစစ်ပွဲကြီးကို လွှမ်းမိုးရန် မသန်မာသေးသည့်အပြင် လုံးဝ အရေးမကြီးသေးချေ။

သို့သော်လည်း သူစိုးရိမ်သည်မှာ အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းက အခြားဂိုဏ်းတစ်ခုကို သုတ်သင်ချေမှုန်းပစ်လိုက်ပါက အောင်မြင်သော်ပဲဖြစ်ဖြစ် သူနှင့် ရင်းနှီးသည့်မျက်နှာ များစွာမှာ ရှင်းလင်းဖယ်ရှားခံရမည်ကို တပ်အပ်မြင်တွေ့ရမည်ဖြစ်သည်။

သူက ထိုနေရာတွင် တဆတ်ဆတ်တုန်လျက်ရပ်နေပြီးနောက် ယခုအချိန်မှ နောက်ပြန်ဆုတ်မရနိုင်တော့မှန်းသဘောပေါက်လိုက်လေသည်။ သူက ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်လိုက်ပြီး လေပေါ်သို့ ပျံတက်လိုက်ကာ နှစ်ဖက်ကြားတွင် ထပ်မံရပ်၍ အော်ဟစ်လိုက်သည်။
” ခင်ဗျားတို့ကို ဆက်တိုက်ခွင့်မပြုဘူးလို့ ကျုပ်ပြောနေတယ်လေ ”

သူ၏အသံနက်ကြီးက မိုးကြိုးသဖွယ် ထစ်ခြုန်းသွားပြီး လူအနည်းစုမှာ ချီတုံချတုံဖြစ်သွားသည်။ စု့န်ချွဲမှာ အေးစက်စက်ပြုံးကာ စိတ်ထဲတွင် ပိုင်ရှောင်ချန်းကို လှောင်ပြောင်သရော်နေ၏။

နတ်ဆရာ၊ ကျားလဲ့ နှင့် အလယ်တောင်ထိပ်မှလူများမှာ ပိုင်ရှောင်ချန်း၏ သွေးသခင်စွမ်းအားမှ လွတ်မြောက်သွားသည်။ သွေးအေးလူသတ်သမားများကျေးဇူးဖြင့် သူတို့မှာ အချုပ်အနှောင်ကင်းစွာ တိုက်ခိုက်နိုင်သွားလေသည်။ သူတို့၏ နှလုံးသားများထဲ၌ အတွေးပေါင်းစုံတို့ ရောထွေးလျက် မျက်လုံးများတောက်ပနေကာ လွှားခနဲ ခုန်ပျံလာကြသည်။

စုန့်ကျင်းဝမ်တစ်ယောက်သာလျှင် နှုတ်ဆိတ်နေပြီး မတိုက်ခိုက်ချေ။ သူမ၏မျက်ဝန်းအိမ်တို့တွင် မျက်ရည်စများ ရှိနေဆဲဖြစ်ပြီး စောစောကထက် ပိုမိုပူဆွေးသောကရောက်နေဟန်တူသည်။

ပိုင်ရှောင်ချန်းက သူ၏ အင်္ကျီလက်ကိုခါယမ်းလိုက်ကာ သူ့ကိုလာရောက်တိုက်ခိုက်မှုများအား ဖယ်ရှားပစ်လိုက်သည်။ ရူးသွပ်မှုများပြည့်နှက်နေလျက် မျက်လုံးများနီရဲနေကာ သူက အော်ဟစ်လိုက်သည်။
” ခင်ဗျားတို့ ကျုပ်ပြောတာ မကြားဘူးလား။ ခင်ဗျားတို့ကို ဆက်တိုက် ခွင့်မပြုဘူးလို့ ကျုပ်ပြောနေတယ်လေ ”

ကံဆိုးစွာပင် သူ၏ စကားလုံးများက ရေတွင်းထဲကျသွားသည့်ကျောက်စရစ်ခဲကလေးသဖွယ် ရေပြင်တွင် ဂယက်အနည်းငယ်ထသွားသော်လည်း ဘာမှဆက်မဖြစ်လာပေ။

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သက်ပြင်းချပြီး ပြော၏။
“ငါ့သား ညမုဆိုး… အချိန်ဖြုန်းမနေနဲ့။ မင်းအဆင့်ကြောင့် ဆတ်ဆတ်ထိမခံဖြစ်နေတာကိုး ။ ဒီတော့.. စစ်မြေပြင်က ထွက်သွားလိုက်တော့။ မင်းအတွက် ဒီစစ်ပွဲထဲဝင်တိုက်ဖို့မလိုပါဘူး။ မင်း….ဒီမှာဖြစ်နေတာတွေကို ထိန်းချုပ်လို့မရဘူးကွ ”

ထိုအချိန်တွင် ခေါင်းဆောင်ကြီး ထျယ်မုက သူ့ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေလေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ပင့်သက်ရှိုက်လိုက်ပြီးနောက် ပြော၏။

“ရှောင်ချန်း.. သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက တိုက်ဖို့ ဆုံးဖြတ်ချက်ချထားမှတော့..မင်းပြောတဲ့စကားတွေက အချည်းနှီးပဲ။ မင်းဘယ်လိုခံစားရလဲ ငါနားလည်ပါတယ်။ ဒါကြောင့် လောချိန်တောင်တန်းကိုသာပြန်လိုက်တော့။ မင်းတိုက်ပွဲထဲဝင်ပါဖို့ မလိုဘူး”

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏အဓိကခေါင်းဆောင်ကြီးက ယခင်ထက်ပင် ပိုအားသုံးကာ သူ၏မှော်ဝင်ပစ္စည်းတို့ကိုပင် ဆွဲထုတ်၍ တိုက်ခိုက်လေသည်။

တအုန်းအုန်း တဒိုင်းဒိုင်းမြည်သံများ လေထဲတွင် ပေါ်ထွက်နေပြီး အားလှိုင်းများက စစ်မြေပြင်တစ်ခွင် ပျံ့နှံ့သွား၏။ ပိုင်ရှောင်ချန်းက တိုက်ပွဲတလျှောက်ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် အလွန်တရာတုန်လှုပ်သွားလေသည်။ နောက်ဆုံး၌ သူက သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ယခုတွင် သူဘာလုပ်ရမည်ကို သိသွား ပြီး ၄င်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် ကပ်ဆိုးကြီးတစ်ခုဖြစ်သွားလိမ့်မည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အမှတ်တရများက သူစိတ်ထဲတွင်ပြန်မြင်ယောင်လာသော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။

လုံးဝ စိတ်ပိုင်းဖြတ်လိုက်ပြီး သူက ခေါင်းကို နောက်လှန်ကာ မာန်သွင်းဟိန်းဟောက်လိုက်၏။

ထိုဟိန်းဟောက်သံတွင် သူ၏ ထာဝရအသက်ရှည်နည်းပညာရပ်၏စွမ်းအားဖြစ်သည့် ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များ ပါဝင်ပြီး ပို၍အရေးကြီးသည်မှာ သူ၏နှလုံးသားထဲတွင် ခံစားနေရသော ရူးသွပ်နာကျင်မှုများ ပါဝင်နေခြင်းပင်။

သူ၏ သွေးချီများ ပေါ်ထွက်လာပြီး ထစ်ခြုန်းမြည်ဟည်းလာကာ သွေးရောင်ဧရာမအလင်းတိုင်ကြီးဖြစ်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ တုဖက်မရအောင် ခန့်ညားထည်ဝါကာ သြဇာညောင်းသော အသံဖြင့် သူက ဟစ်ကြွေးလိုက်သည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း.. အခုချက်ချင်းနောက်ဆုတ်လိုက် ”

ထိုသို့ပြောပြီး သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ လက်ညှိုးထိုးလိုက်သည်။

ရုတ်ခြည်း ကောင်းကင်တစ်ခွင်နှင့် မြေပြင်တစ်ဝှမ်းတွင် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်သွားပြီး သူ့ကိုဝန်းရံထားသည့် သွေးရောင်အလင်းတန်းတို့က လျင်မြန်စွာပျံ့ကားထွက်လာ၏။ ကောင်းကင်ကြီးတုန်လှုပ်၍ မြေပြင်တို့ ငလျင်လှုပ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်မြေပြင်ပေါ်ရှိအရာအားလုံးကို အလင်းများဖုံးအုပ်သွားလေသည်။

သွေးရောင်လေပွေကြီးပေါ်ထွက်လာပြီး ဖော်ပြခြင်းငှာမစွမ်းသာအောင် ကြီးမားလှသော သွေးရောင်လက်မောင်းကြီးတစ်ဖက် အသွင်ပြောင်းသွားသဖြင့် ကောင်းကင်ကြီးမှာ တအုန်းအုန်းတုန်ခါသွား၏။ လက်မောင်းကြီးက ကောင်းကင်ယံကိုလွှမ်းသွားပြီး ပိုင်ရှောင်ချန်း၏ကိုယ်ပိုင်လက်ကွက်ဖော်ထားဟန် ထင်ဟပ်နေကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏စစ်တပ်ထံ တစ်ဟုန်ထိုးဦးတည်သွားလေသည်။

နှိုင်းယှဥ်မရလောက်အောင် အံ့မခန်းစွမ်းအားများ ထိုလက်မောင်းကြီးမှ ချက်ချင်း ထွက်ပေါ်လာပြီး အင်အားပြင်းဖိအားများ ရုတ်ခြည်းသက်ရောက်သွားလေသည်။

လူအတော်များများက ထိုလက်ကြီးကို သတိမူမိသွားကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများနှင့် အထူးသဖြင့် နှုတ်ဆိတ်နေသော အဓိကခေါင်းဆောင်ကြီးက ထိုအရာကို မြင်သောအခါ မျက်နှာကွက်ခနဲပျက်သွားလေသည်။

တဟုန်ထိုးပြေးလာနေသည့်လက်ကြီးကြောင့် နွံအိုင်တောင်ထိပ်ကျင့်ကြံသူအပေါင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။သူတို့ကျင့်ကြံခဲ့သော ပညာရပ်တို့အားလုံး လုံးဝပရမ်းပတာဖြစ်သွားသည်ကို သဘောပေါက်သွားသဖြင့် သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကြပြီး အံ့သြတုန်လှုပ်မှုများနှင့် ပြည့်နှက်သွားလေသည်။ တစ်ခါမှ မကြားဖူးသော တံဆိပ်တော်အမှတ်အသားက သူတို့ကိုရုတ်တရက်ချေဖျက်လိုက်သည်နှင့်တူလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နွံအိုင်တောင်ထိပ်ကျင့်ကြံသူအားလုံး၏ အတိုက်အခိုက်စွမ်းအား တို့မှာ မထင်မှတ်ထားဖွယ် တစ်ဝက်အထိလျှော့ချခံလိုက်ရလေသည်။

နွံအိုင်တောင်ထိပ်ကျင့်ကြံသူတို့သာ ထိုသို့ထိခိုက်ခြင်းမဟုတ်ပေ။ ရုပ်အလောင်းတောင်၊ အလယ်တောင်ထိပ်နှင့် အမည်မဲ့တောင်မှကျင့်ကြံသူဟူသမျှ ထိတ်လန့်သွားကြကာ တအံ့တသြ အော်ဟစ်ပြောဆိုလိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ကျုပ်ရဲ့ကျင့်ကြံခြင်းအခြေခံက မငြိမ်သက်တော့ဘူး”

“ဘယ်လိုတောင်ဖြစ်နိုင်တာတုံး ။ကျုပ်…ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံက တကယ်ကြီး ပိတ်လှောင်ခံလိုက်ရပါလား”

စစ်မြေပြင်ရှိ ကျင့်ကြံသူများသာ ထိုသို့သက်ရောက်ခြင်းခံရသည်မဟုတ်ပေ။ သန့်စင်ပြီးရုပ်အလောင်းများ၊ ဂါဂိုလီသွေးအေးမွန်းစတားများ၊ သွေးဓားများ၊ အရာခပ်သိမ်းက ပိတ်လှောင်အားကို ခံစားလိုက်ရလေသည်။ ကြောက်လန့်တကြီးအော်ဟစ်သံများ ပွက်လောရိုက်သွားလေသည်။ သွေးတိမ်များပင်လျှင် မှုန်ဝါးဝါးဖြစ်လာပြီး သွေးဓားတို့မှာ ခြောက်သွေ့လာလေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများမှာ စိတ်ရောကိုယ်ပါ ချာချာလည်သွား၏။ အံအားသင့်ဖွယ် သူတို့၏ ကျင့်ကြံခြင်းအခြေခံတို့မှာလည်း ဖိနှိပ်ခံလိုက်ရကြောင်း တွေ့လိုက်ရလေသည်။

သူတိူ့၏ အငွေ့အသက်တို့ကိုလည်း သက်ရောက်သွားပြီး ထိုဖိအားကိုတန်ပြန်တိုက်ခိုက်ရန်မဖြစ်နိုင်တော့ပေ။

သွေးဘိုးဘေးကြီးနှင့် ဆက်နွယ်နေသည့် မည်သည့်ပညာရပ်ကိုမဆို လေ့ကျင့်သူတိုင်း ထိုကျိန်စာမှ မလွတ်မြောက်နိုင်ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset