Switch Mode

အပိုင်း (၁၂၁၂)

လီချန်မေ

ခြေကန်ချက်တစ်ချက်ဖြင့် အဆင့်ရှစ်သားရဲကို သတ်ပစ်နိုင်စွမ်း ရှိ၏။ အဆင့်ရှစ်သားရဲသည် နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်သော်လည်း ၎င်းသည် ရတနာများကိုတော့ အသုံးမပြုနိုင်ပေ။ ၎င်းသည် နားလည်ထားသည့် ဥပဒေသများကို မန္တာန်များအဖြစ် အသုံးပြု၏။ မည်သို့ပင်ဖြစ်စေ ၎င်းသည် အဆင့်ရှစ်သားရဲ ဖြစ်နေဆဲပင်။

တိမ်ပင်လယ်ထဲ၌ပင် ထိုအဆင့်ရှစ်သားရဲကို ချက်ခြင်းသတ်ပစ်နိုင်သည့် ကျင့်ကြံသူသည် အစွမ်းထက်သန်မာသူဖြစ်ဖို့ရာ လုံလောက်ပေသည်။

လီရှောင်တန်နှင့်ကျန်သူများက မင်သက်နေမိကြသည်။ သူတို့သည် သူတို့ လုံးဝ မမြင်ဖူးခဲ့သော ဆရာဦးလေးမှာ သူတို့အတွက် ဆန်းကြယ်သထက် ဆန်းကြယ်လာခဲ့ပေပြီ။ သူတို့က ဝမ်လင်း၏နောက်ခံကို သံသယရှိနေလျှင်ပင် လုံးဝ လစ်လျူရှုထားဖို့ ရွေးချယ်မည်သာ ဖြစ်သည်။

“ငါ့မူလကလန်ဟာ ဒီလောက်အစွမ်းထက်တဲ့ ကျင့်ကြံသူနဲ့ဆိုရင် မူလကလန် အဆင့်ငါးဒေသမှာ လွှမ်းမိုးနိုင်ဖို့ဟာ အလွယ်လေးပဲ…”

လီရှောင်တန်နှင့် အခြားအကြီးအကဲနှစ်ယောက်သည် အချင်းချင်း ကြည့်မိကြ၏။

သူတို့သာ ဝမ်လင်းသည် အဆင့်ခြောက်ဒေသမှ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူကို သတ်နိုင်ခဲ့မှန်း သိပါက ပို၍ပင် တုန်လှုပ်မိကုန်ကြမည် ဖြစ်၏။

သားရဲများသည် ဝမ်လင်း၏ခွန်အားကို တွေ့မြင်ရသည့်အခါ သူတို့၏မျက်လုံးထဲ၌ လောဘများ ပျောက်ကွယ်ကာ ကြောက်ရွှံ့မှုတို့သာ ရှိတော့၏။ ၎င်းတို့က ချက်ခြင်းပင် နောက်သို့ စတင် ထွက်ပြေးကြကာ မိုလျိုကုန်းမြေပိုင်နက်ကနေ ထွက်သွားကြရန် ပြင်သည်။

ဝမ်လင်းက သူ့ဘေးပတ်လည်ရှိ ကျင့်ကြံသူများ ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။ သူက အဆင့်ရှစ်သားရဲ အသက်ဓာတ်ကို စုပ်ယူကာ အသွေးအသားကပ်ဘေးကို ခုခံနေသည်။

အသက်ရှုချိန်အတော်အတန် ကြာပြီးနောက် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာကာ နောက်ဆုတ်နေသည့် သားရဲများကို ကြည့်သည်။ သူက ရှေ့သို့ သတ်ဖြတ်ရန် ရွှေ့လျားလာခဲ့ပေပြီ။ သူသည် ထွက်ပြေးကြသည့် သားရဲများထဲမှ တစ်ကောင်နားသို့ ချက်ခြင်း ရောက်ရှိသွား၏။ သူက တိုက်ခိုက် လက်သီးဖြင့် ၎င်းသားရဲကို ထိုးချကာ သွေးများ ပန်းထွက်စေပြီး အသက်ဓာတ်ကို စုပ်ယူသည်။

ဝမ်လင်းက ကောင်းကင်တစ်ခွင်တွင် လျှပ်စီးအလား လှုပ်ရှားနေ၏။ သူ တစ်ချက်လှုပ်ရှားတိုင်း သားရဲတစ်ကောင် သေရသည်။

ချက်ခြင်းလိုလိုပင် ဝမ်လင်းက မိုလျိုကုန်းမြေပြင်ပရှိ သားရဲများနောက်သို့ လိုက်၏။ အလင်းများ တလက်လက် တဖျတ်ဖျတ် ဖြစ်ကာ အော်ဟစ်သံများ ကြယ်ရောင်စုံကောင်းကင်ထက်၌ မြည်ဟည်းပဲ့တင်ထပ်၏။ သွေးသလင်း၏ စွဲဆောင်မှုကို ခံရကာ ရောက်လာကြသည့် သားရဲများသည် အခုချိန်၌ ဝမ်လင်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံရလေပြီ ဖြစ်သည်။

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ခုနစ်မိနစ်ခန့် ကြာမြင့်ပြီးနောက် တဖြည်းဖြည်း အဆုံးသပ်လာ၏။ နောက်ဆုံးတွင် မိုလျိုကုန်းမြေ၏ ကီလိုမီတာငါးထောင်အတွင်း၌ မည်သည့်သားရဲမှ မကျန်တော့ပေ။ ထွက်ပြေးသွားနိုင်သည့် သားရဲများအဖို့လည်း ယခုအဖြစ်အပျက်ကို လုံးဝ မေ့နိုင်ကြတော့မည် မဟုတ်ပေ။ မိုလျိုကုန်းမြေရှိ ထိုကျင့်ကြံသူက နတ်ဘုရားတစ်ပါးကဲ့သို့အလား။

မိုလျိုကုန်းမြေ၏ အကာအကွယ်အရံအတားကို ပြန်ပြုပြင်ပြီးသွား၏။ အရာရာသည် ဘာမှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်း ပြန်ဖြစ်သည်။ သို့ရာတွင် မူလကလန်၏ ကျင့်ကြံသူများအားလုံး၏ တုန်လှုပ်မှုကတော့ အခုထိ ရှိနေဆဲပင်။

ထိုအခိုက်အတန့်၌ တောင်ဘက်ခြံဝန်းအပြင်ဘက်၌ လီရှောင်တန်၊လုယန်ဖေနှင့် အခြားအကြီးအကဲနှစ်ယောက်သည် မားမား ရပ်နေကြ၏။ သူတို့က အချိန်အတန်ကြာ စောင့်နေရသော်လည်း စိတ်မရှည် မဖြစ်မိပေ။

တောင်ပိုင်းခြံဝန်းထဲရှိ ကျင့်ကြံသူအားလုံးကို ကျန်သည့် ခြံဝန်းထဲသို့ ရွှေ့ပြောင်းနေရာ ချခဲ့၏။ လုယန်ဖေဘေးရှိ ရှုယန်ကလွဲ၍ ကျန်သည့်တပည့်အားလုံး ထိုခြံဝန်းထဲ၌ မကျန်တော့ပေ။

“ဒီဆေးပင်တွေ…ဒါက မြင့်မြတ်တဲ့ဆရာဦးလေး ယူလာခဲ့တာလား…”

လီရှောင်တန်၏ အကြည့်က ထိုခြံဝန်းထဲရှိ ဆေးပင်များပေါ်သို့ ကျရောက်နေ၏။ ရှုယန် ခေါင်းညိတ်လိုက်သည့်နောက် သူ့အသွင်ဟန်ပန်မှာ စိတ်လှုပ်ရှားသွားသည်။

ထိုအခိုက်အတန့်၌ ခြံဝန်းအောက်ရှိ မြေအောက်အနက်ပိုင်းတွင် ဝမ်လင်းက သူ့မူလခန္ဓာကိုယ်နှင့် မျက်နှာချင်းဆိုင်၍ တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။

သူ့မူလခန္ဓာကိုယ်က ပထမဆုံးစမ်းသပ်မှု၏ နောက်ဆုံးလက်ကျန်ကို ခုခံနေကာ အသွေးအသားများ ပြန်ကြီးထွားနေသည်ကလွဲ၍ အများစုသည် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ သုံးရက်တာ ကြာမြင့်ပြီးနောက် ဝမ်လင်း၏ ရင်ဘက်ပေါ်ကနေ အလင်းတစ်ခု ပေါ်လာကာ အသွေးအသားကပ်ဘေးသည် ပျောက်ကွယ်သွားတော့၏။ သူက စမ်းသပ်ချက်သုံးခု၊ကပ်ဘေးခုနစ်ခု၏ ပထမစမ်းသပ်မှုနှင့် ကပ်ဘေးနှစ်ခုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပေပြီ။

မူလခန္ဓာကိုယ်သည် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာ၏။ သူ့မျက်လုံးတို့က တောက်ပလှသည်။ မမြင်ရသော အော်ရာတစ်ခု ပျံ့လွင့်လာရင်း သူ့အရေပြားသည် ပို၍ ကြမ်းရှလာ၏။ သူ့အရိုးများသည် ပိုမာလာခဲ့ပေပြီ။

ယခုအချိန်၌ မူလခန္ဓာကိုယ်သည် အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေပြီ။ အရင်တုန်းကကဲ့သို့ မပြည့်မစုံ မဟုတ်တော့ပေ။ အဆုံးမဲ့မူလစွမ်းအင်များနှင့် ဆန်းကြယ်မြူများကို ဝါးမြိုပြီးသည့်နောက် မူလခန္ဓာကိုယ်၏ ကျင့်ကြံမှုက ကြီးစွာ တိုးတက်လာခဲ့ပြီ ဖြစ်၏။

သူ့နှဖူးထက်ရှိ ကြယ်ငါးလုံးဘေး၌ နောက်ထပ်ကြယ်တစ်လုံး ထပ်ပေါ်လာခဲ့သည်။ ထိုကြယ်က ဝေဝါးနေဆဲ၊အပြည့်အဝ ဖြစ်ပေါ်ခြင်း မရှိသေးသော်လည်း ဝမ်လင်းကို ကျေနပ်ပီတီ ဖြစ်မိစေ၏။

ရှေးဟောင်းနတ်ဘုရားများသည် ကျင့်ကြံသူများကဲ့သို့ မဟုတ်ပေ။ ကြယ်တစ်ခုရဖို့က အလွန်တရာ ခက်ခဲလွန်း၏။ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း ဝမ်လင်း အခက်အခဲမျိုးစုံ၊ စွန့်စားမှုမျိုးစုံ ဖြတ်ကျော်ပြီးမှ နောက်ဆုံးတွင် သူသည် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားအဖြစ်သို့ ရောက်ခဲ့ရသည်။

ခြောက်လုံးမြောက်ကြယ်က ဝေဝါးနေဆဲ ဖြစ်သော်လည်း အရင်ထက် စွမ်းအားများစွာကို သူ ပို၍ အသုံးပြုလာနိုင်ပြီ ဖြစ်သည်။ပို၍ အရေးကြီးသည်က ရှေးဟောင်းနတ်ဘုရားတစ်ပါး ကြယ်ခြောက်လုံးအဆင့်သို့ ရောက်လျှင် သူတို့သည် ကိုယ်ပိုင်လမြွေနဂါးသားရဲကိုပါ ထုတ်လွှတ်နိုင်စွမ်း ရှိလာခြင်းပင်။

ဝမ်လင်း၏ပါးစပ်ထောင့်၌ အပြုံးတစ်ခု ပေါ်လာ၏။ ဝမ်လင်းက သူ့မူလခန္ဓာကိုယ်ကို ထားခဲ့ကာ ကုန်းမြေ၏ မူလစွမ်းအင်များကို ဆက်လက် စုပ်ယူစေရင်း သူ့လမြွေနဂါးကို စတင် ဖြစ်ပေါ်စေတော့သည်။ ဝမ်လင်းက မြေအောက်ကနေ ထွက်လာကာ ခြံဝန်းထဲရှိ သူ့အိမ်ထဲ၌ ပေါ်လာခဲ့သည်။

သူက အသက်ဝဝရှုသွင်း၏။ သူ့စိတ်သည် ခုချိန်၌ အလွန်ကျေနပ်မှု ရှိနေ၏။ သည်မူလခန္ဓာကိုယ်က ထိုစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ခြင်းက တိမ်ပင်လယ်၌ သူ့ခွန်အားသည် များစွာ တိုးတက်မှုကို ဖြစ်စေခဲ့ပြီ မဟုတ်လား။ သူ့ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်ကို ပေါင်းစပ်ပါက နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တစ်ယောက်ကို သတ်ဖို့က ဝမ်လင်းအတွက် အရင်လို ခက်ခဲတော့မည် မဟုတ်ပေ။

“ဒါပေမယ့်လည်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ရဲ့ အစောပိုင်း၊အလယ်၊ နောက်ဆုံး၊ အထွတ်အထိပ် အဆင့်တွေကြားက ကွာဟမှုက ကြီးလွန်းတယ်…။ ငါ့မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွား ပေါင်းစပ်ထားရင် နိဗ္ဗာနဖြိုခွဲခြင်းအလယ်ပိုင်းအဆင့်ကို ခုခံနိုင်မလားတော့ မသိဘူး…”

ဝမ်လင်းသည် အိမ်တံခါးတွန်းဖွင့်ကာ လှမ်းထွက်လာ၏။

ဝမ်လင်း ပေါ်လာသည်နှင့် သူ့မျက်နှာထက်သို့ လေပြေလေနုက တိုက်ခတ်သွားကာ သူသည် သက်တောင့်သက်သာ ခံစားမိ၏။ သည်ကုန်းမြေ၏ အရံအတား အသက်ပြန်ဝင်ခဲ့ပြီ ဖြစ်ရာ အပြာရောင်ကောင်းကင်နှင့်တိမ်လွှာဖြူလွှလွှတို့ကို တွေ့မြင်နေရပေသည်။

ခြံဝန်းထဲရှိ ဆေးပင်များကို ကြည့်ကာ ဝမ်လင်းက ဆုံးဖြတ်ချက်တစ်ခု ချ၏။ သူက တိမ်ပင်လယ်၏ ထူးကဲလှသောဆေးဝါးပညာရပ်ကို အသုံးပြုကာ သူ့ကျင့်ကြံမှုအဆင့်ကို တိုးမြင့်ရန် အချိန်အချို့ အသုံးပြုပေမည်။

စဉ်းစားနေရင်း ဝမ်လင်းအကြည့်က ခြံအပြင်ဘက်ရှိ လူငါးယောက်ထံ ကျရောက်သွားသည်။ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “မင်းတို့အားလုံး ဝင်လာခဲ့ကြ…”

သူ့အသံက တည်ငြိမ်၏။ သို့သော် ထည်ဝါလှသည်။ အပြင်ဘက်ရှိ လူငါးယောက်က ဝမ်လင်း စကားကို ကြားသည့်အခါ အသက်ခပ်ဝဝရှုမိသည်။ သူတို့သည် လေးစားမှု၊ဖိအားနှင့်အတူ ခြံဝန်းထဲသို့ လှမ်းဝင်လာကြသည်။

ရှုယန်သည် ပို၍ပင် စိတ်ပူပန်ကာ ရှုပ်ထွေးမိနေရင်း လုယန်ဖေနောက်ကနေ လိုက်ပါလာ၏။

လီရှောင်တန်နှင့်တခြားသူများ ဝင်လာချိန်၌ သူတို့က တလေးတစား ဆိုလာကြ၏။ “တပည့်က မြင့်မြတ်တဲ့ဆရာဦးလေးကို နှုတ်ဆက်ပါတယ်။ ဆရာဦးလေး ပြန်ရောက်တာ ကျနော် မသိခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အပြစ်ပေးပါ…”

ထိုသို့ ခပ်တိုတို ပြောဆိုပြီးနောက် လူတိုင်း ပြန်ထွက်သွားကြသည်။ ရှုယန်သည်လည်း ဤနေရာတွင် ဆက်မနေတော့ဘဲ လုယန်ဖေနှင့်အတူ တောင်ပိုင်းရှိ အဆောက်အဦထံ ပြန်လိုက်သွားသည်။ တောင်ပိုင်းခြံဝန်းတစ်ခုလုံးက ခုချိန်၌ တားမြစ်နေရာတစ်ခု ဖြစ်ကာ မည်သည့်တပည့်မှ ဝင်ခွင့်မရှိပေ။

တစ်ချိန်တည်းမှာ ဝမ်လင်း၏အမိန့်အရ အရည်အသွေးမြင့် ဆေးလုံးများနှင့် ဆေးညွှန်းများကို သူ့ထံ ပို့ပေးလာကြသည်။ သို့ရာတွင် ထိုဆေးလုံးများက ဝမ်လင်းအမြင်ကို ဖမ်းစားနိုင်ခြင်း မရှိပေ။ သူက ၎င်းတို့ကို လေ့လာပြီးနောက် ဆေးဝါးဖော်စပ်နည်းကိုသာ သိမ်းထားပြီး ဆေးလုံးများကို ပြန်ပေးသည်။

ဝမ်လင်းက ဆေးဝါးပညာရပ်ကို လေ့လာနေရင်း ရှီလောရှင်း၏ သေဆုံးမှုကြောင့် ရူးသွပ်ဖွယ်ရှာဖွေမှုသည် မိုလျိုကုန်းမြေ၏ အဝေးတွင် အစပြုနေခဲ့ပေပြီ။ အဆင့်ခြောက်ကလန်များမှ ကျင့်ကြံသူများစွာကို စေလွှတ်ကာ ကုန်းမြေများကို စစ်ဆေးကြ၏။ အချို့ဆို အဆင့်ငါးအောက် ဒေသများထံသို့ပါ သွားရောက်ကြသည်။

အဆင့်ခြောက်ဒေသတစ်ခုလုံး စတင်လှုပ်ရှားလာကြရင်း ကျောက်စိမ်းပြားနှင့်ဆေးညွှန်းသတင်းသည် စတင် ပျံ့နှံ့လာခဲ့၏။ အဆင့်ခုနစ်နယ်မြေများပါ ထိုသတင်းကို သိရှိလာကြ၏။ အဆင့်ရှစ်ဒေသသည်ပင် အာရုံစိုက်လာကြသည်။

အဆင့်ခုနစ်၊အဆင့်ရှစ်ဒေသတို့မှ အလင်းတန်းများသည် အဆင့်ငါးဒေသရှိ ချိပ်ပိတ်ထားသော အရိုင်းကုန်းမြေထံ ဦးတည်လာနေကြပေပြီ။

တိမ်ပင်လယ်၏ အတွင်းနက်ပိုင်းရှိ ကြယ်မြူများက အလွန်တရာ သိပ်သည်းလွန်း၏။ ထို့ကြောင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် သူတို့၏ နတ်ဘုရားအာရုံကို ပေငါးရာသာ ဖြန့်ကျက်နိုင်သည်။ ကြိုပြင်ဆင်ထားခြင်း မရှိဘဲ အလောသုံးဆယ် သွားမိပါက ကြယ်မြူများကြား၌ လမ်းပျောက်သွားနိုင်၏။

ထိုနေရာတွင် အစွမ်းထက်ဆုံးသော သားရဲများ နေထိုင်၏။ အချို့သားရဲများဆို သူတို့၏ခန္ဓာကိုယ်များကို ဥပဒေသအား နားလည်ဖို့ရာ မြူများနှင့် ပေါင်းစည်း၍ မန္တာန်များကို အသုံးပြုကြသည်။ ကျင့်ကြံသူတစ်ယောက်က သူတို့အား ရန်စသည်နှင့် တန်ပြန်တိုက်ခိုက်မည် ဖြစ်၏။

သူတို့နှင့်ယှဉ်ပါက ထိုကြယ်မြူထဲမှ ကျင့်ကြံခြင်းဂြိုဟ် အနည်းငယ်က ပြင်ပကမ္ဘာနှင့်တူကာ လုံးဝ မထင်မရှား ရှိ၏။

သို့ရာတွင် ထိုကျင့်ကြံခြင်းဂြိုဟ်အနည်းငယ်၏ စွမ်းအားသည် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ ထိုအားကောင်းသောသားရဲများသည်ပင် သူတို့ကို လန့်ကာ အနားသို့ ချဉ်းကပ်မလာဝံ့ကြချေ။

ထိုနေရာမှာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အဆင့်ကိုးဒေသ ဖြစ်လေ၏။

ထိုအဆင့်ကိုးဒေသ၏ အစွန်းအဖျား၌ ကြီးမားလှသည့်ငှက်အသွင် အစီအရင်ကြီးထဲ၌ ကျင့်ကြံခြင်းဂြိုဟ်ခုနစ်ခု ရှိလေ၏။ ထိုဂြိုဟ်များကို အကာအကွယ်အလွှာတစ်ခု ဝန်းပတ်ထား၏။

ထိုအစီအရင်၏ ပထမဆုံးဂြိုဟ်ပေါ်တွင် အကာအကွယ်အလွှာသန်းချီအောက်၌ လွင်ပြင်ကြီးတစ်ခု ရှိ၏။ ထိုလွင်ပြင်ထက်၌ မြင့်မားလှသော အဆောက်အဦတစ်ခု ရှိသည်။

ထိုအဆောက်အဦက ကျင့်ကြံသူတစ်ယောက် ကောင်းကင်ထက်သို့ လက်ညွှန်ကာ ကျိန်ဆိုနေဟန်နှင့်ပင် တူ၏။ သည်ဧရိယာသို့ ခြုံလွှမ်းထားသည့် ခမ်းနားထည်ဝါမှုမှာ ဖော်ပြရန်ပင် ခက်ခဲလွန်းသည်။

ထိုလွင်ပြင်တစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်ကာ ရံဖန်ရံခါတွင်တော့ စိတ်ဝိညာဉ်သားရဲအနည်းငယ် ပေါ်ပေါ်လာတတ်၏။ ၎င်းတို့က လှည့်ပတ် ဆော့ကစားပြီးနောက် အကွာအဝေးတစ်ခုထံ မြန်ဆန်စွာ ပြေးကြသည်။ အချိန်အတန်ကြာပြီးနောက် မိုးကုပ်စက်ဝန်းထံကနေ အလင်းတန်းတစ်ခု နီးကပ်လာ၏။

ထိုအလင်းတန်းထဲ၌ အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက လှ၏။ သို့သော် သူမထံ၌ ထူးဆန်းသောဆံပင်အရောင် ရှိကာ တစ်ခေါင်းလုံး အပြာရောင်ဆံပင်များ ပြည့်နေသည်။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံး၌ လူတစ်ယောက်သာ ထိုကဲ့သို့ဆံပင် ပိုင်ဆိုင်၏။

သူက အဆင့်ကိုးကောင်းကင်ချိုးဖျက်ခြင်းကလန်၏ လီချန်မေပင်။

သူမက အသက်ငါးနှစ်တွင် စတင်ကျင့်ကြံကာ ခုနစ်နှစ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်၊ ဆယ့်ကိုးနှစ်တွင် အမြုတေဖွဲ့တည်ခြင်းအဆင့်၊ နှစ်ဆယ့်ခြောက်နှစ်တွင် စဦးစိတ်ဝိညာဉ်အဆင့်၊ သုံးဆယ့်ခုနစ်နှစ်တွင် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်၊ လေးဆယ့်ငါးနှစ်တွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်၊ ခြောက်ဆယ့်တစ်နှစ်တွင် အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သူပင်။ နှစ်ပေါင်းတစ်ရာ ကျင့်ကြံပြီးသည့်နောက် သူမသည် ပုံရိပ်ယောင်ယင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပေပြီ။

ထို့နောက် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန် တစ်ခုလုံးက သူမ၏ကျင့်ကြံခြင်းအတွက် အားသွန်ခွန်စိုက် ပြုလုပ်ပေးခဲ့သည်။ နှစ်ပေါင်းလေးရာကျော်ဖြင့် သူမသည် နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့သည်။ နောက်ထပ် နှစ်ပေါင်းသုံးရာကြာပြီးနောက် သူမသည် နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်သို့ ရောက်ခဲ့သည်။

အပြင်ဘက်တွင်နှစ်ပေါင်း ငါးရာ ကျင့်ကြံပြီးနောက် သူမသည် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တွင် အသက်ငယ်ဆုံးနိဗ္ဗာနဖြိုခွဲခြင်းအဆင့် ဖြစ်လာခဲ့တော့သည်။ ယနေ့တွင် သူမသည် နှစ်ပေါင်းထောင့်သုံးရာကျော် ကျင့်ကြံခဲ့ပြီး ဖြစ်ကာ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်၏။

တိမ်ပင်လယ်၌ လီချန်မေ၏ နာမည်မှာ ဒဏ္ဌာရီတစ်ခု ဖြစ်နေခဲ့၏။

“တပည့်လီချန်မေက ဘိုးဘေးကို နှုတ်ဆက်ပါတယ်…” အလင်းတန်း ပျောက်ကွယ်သွားချိန်၌ လှပသောအမျိုးသမီးလီချန်မေ၏အသွင် ထွက်ပေါ်လာလေ၏။

“စစ်မာမိုရဲ့ ကျောက်စိမ်းပြား ပေါ်လာခဲ့ပြီ။ အဆင့်ငါး ဒေသကို သွားလိုက်။ ဖြစ်နိုင်ရင် ကျောက်စိမ်းပြားကို တွေ့ခဲ့တဲ့ သူကို ကျောက်စိမ်းပြားနဲ့အတူ ပြန်ခေါ်လာခဲ့…”

ထိုရုပ်တုနှင့်တူသည့် အဆောက်အဦထံကနေ အတိတ်ကို အောက်မေ့မှုတို့ ပါဝင်သည့် ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာချေသည်။

လီချန်မေက တလေးတစား ခေါင်းညိတ်ပြကာ ပြန်ထွက်ခွာသွားသည်။

ထိုရုပ်တုထဲ၌ ဆံပင်ဖြူအဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ့ဆွေးမြေ့နေသော ခန္ဓာကိုယ်ထက်တွင် အစက်အပြောက်များစွာ ရှိနေကာ သူ့မျက်လုံးထဲ၌ ပြန်လည်အောက်မေ့မှုတို့လည်း ရှိနေသည်။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းယမ်းကာ သက်ပြင်းချသည်။

“စီနီယာအစ်ကို စစ်မာ…အတိတ်တုန်းက မှားခဲ့တဲ့သူဟာ ဆရာ ဖြစ်နိုင်ကောင်းတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset