Switch Mode

အပိုင်း (၁၂၁၁)

ခွန်အား

ကီလိုမီတာငါးဆယ်အတွင်းရှိ မူလစွမ်းအင်အားလုံးသည် တဟုန်ထိုး တိုးဝင်လာနေ၏။ သို့သော် မလုံလောက်သေးပေ။

ဝမ်လင်း၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ ပြန်ဖြစ်ပေါ်လာပေပြီ။ သူ့အောက်ပိုင်းခန္ဓာကိုယ်တစ်ဝက်ကတော့ ဖြစ်ပေါ်နေဆဲပင်။ မူလစွမ်းအင်သည် ဆက်လက် မြင့်တက်လာရင်း ပတ်ဝန်းကျင် ကီလိုမီတာငါးရာ ဧရိယာရှိ စွမ်းအင်အားလုံး ဆွဲသိမ်းခြင်း ခံရသည်။

ဧရာမဝဲကတော့ကြီးတစ်ခုက သည်ဧရိယာရှိ မူလစွမ်းအင်အားလုံးနှင့်ကြယ်မြူခိုးများအားလုံးကို လှည့်လည်နေ၏။သို့သော် ၎င်း၏ချဲ့ကားမှုက ရပ်တန့်မသွားပေ။ တကယ်တော့ မိုလျိုကုန်းမြေနှင့် ယှဉ်ပါက ကီလိုမီတာငါးရာသည် အမှန်ပင် ပမွှားဖြစ်ရ၏။

ကီလိုမီတာ ၁၅၀၀၊၂၅၀၀၊၅၀၀၀၊၁၅၀၀၀၊…၅၀၀၀၀၊၁၅၀၀၀၀၊ ၅၀၀၀၀၀ ထိ ပြန့်ကားလာ၏။

မိုလျိုကုန်းမြေပြင်ပရှိ ထိုကီလိုမီတာ ငါးသိန်းအတွင်း မြူများနှင့်မူလစွမ်းအင်များသည် အရူးအမူး ဖြစ်ကာ ကုန်းမြေထံသို့ တရကြမ်း တိုးဝင်နေသည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ အလွန့်အလွန်နည်းပါးသည့်သူများသာ ထိုမြူများ မည်သည့်နေရာကနေ လာမှန်း သိကြ၏။ ထိုကြယ်မြူများသည် ဤနေရာတွင် အမြဲတမ်း ရှိနေသည့်အလား။ လူတစ်ယောက်သည် အတိတ်ကို ပြန်ကြည့်ပါက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်၊ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ရှိခဲ့စဉ်ကပင် ထိုမြူများ ရှိနေသည်ကို တွေ့ရှိရပေလိမ့်မည်။

ထိုကြယ်မြူများသည် တိမ်ပင်လယ်ရှိ ကျင့်ကြံသူများအဖို့ ရှင်းပြဖို့ ခက်ခဲလှသည့် မေးခွန်းတစ်ခုပင်။သူတို့က ထိုကြယ်မြူများကြောင့်သာ တိမ်ပင်လယ်၌ သားရဲများ ပြည့်နေခြင်း ဖြစ်ကြောင်းကိုတော့ သိထားကြသည်။

ဝမ်လင်းသည်လည်း ထိုကြယ်မြူများက မည်သည့်အရာဖြစ်မှန်းကို မသိပေ။ သို့သော် ထိုမြူများ သူ့ပြန်လည်တည်ဆောက်သည့် အရိုးများထံ ပေါင်းစပ်လာချိန်၌ သူသည် ထူးဆန်းသောခံစားချက်တစ်ခု ရှိသည်။ သို့ရာတွင် ထိုအရာက ဘာကြောင့်မှန်း သိရှာတွေ့နိုင်စွမ်း မရှိပေ။

မိုလျိုကုန်းမြေ၏ ကီလိုမီတာငါးသိန်း အတွင်းမှ မူလစွမ်းအင်များ တရကြမ်း တိုးဝင်လာနေရင်း ဝမ်လင်း၏ ခြေထောက်များ စတင် ဖြစ်ပေါ်နေပေပြီ။ ဖွဲ့တည်နှုန်းက အရိုးကပ်ဘေး၏ ပျက်စီးနှုန်းထက် အဆများစွာ ပိုမြန်လာ၏။ ခဏအကြာတွင် သူ့ဘယ်ခြေထောက်သည် ပြန်ဖြစ်တည်သည်။

သူ့ညာခြေထောက်က သိပ်မကြာခင်တွင် ဖွဲ့တည်၏။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ပြန်ဖွဲ့တည်ပြီးနောက် အရိုးကပ်ဘေးသည် ပြယ်သွားပေပြီ။

သို့ရာတွင် ကပ်ဘေးက မပြီးသေးပါ။ အရိုးများ ပြန်ဖြစ်တည်နေရင်း အကြောအမျှင်များ စတင်ပေါ်လာကာ အရိုးများ ပတ်လည်၌ အသွေးအသားတို့ ပြန် ဖြစ်တည်၏။

သို့ရာတွင် ထိုအသွေးအသား ပြန်ပေါ်လာသည်နှင့် ၎င်းက ချက်ခြင်းပင် ပျက်စီးသွား၏။ အသွေးအသား ကပ်ဘေးသည် ရောက်လာ၏။

ဝမ်လင်းက ထိုဖြစ်စဉ်အတွက် ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ အသွေးအသားကပ်ဘေး ပေါ်လာချိန်၌ ကိုယ်ပွားက သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ သိုလှောင်အိတ်ကို ဖွင့်လှစ်သည်။

ရှေးဟောင်းနတ်ဘုရားကုန်းမြေမှ သူ ရရှိခဲ့သော လက်သီးအရွယ်သွေးသလင်းများက ပျံသန်းထွက်လာ၏။ သူက သူ့မူလခန္ဓာကိုယ်ကို ကူညီဖို့ အသက်ဓာတ်အချို့ကို ထိန်းသိမ်းထားနိုင်ဖို့ရာ အချို့ကို အသုံးပြုခဲ့၏။ သူက ကျန်သည့် သွေးသလင်းတို့ကို ဆက်လက် အသုံးပြုပေတော့မည်။

ထိုအခိုက်အတန့်၌ သွေးသလင်းများသည် ပျံသန်းထွက်လာကာ အရိုးများပေါ်သို့ ကျရောက်သည်။ ၎င်းတို့ ကျရောက်လာချိန်၌ အရိုးများထဲသို့ ကျူးကျော်ဝင်ရောက်သည်။

ဝမ်လင်းက သွေးသလင်းများကို ထုတ်ယူလိုက်ချိန်၌ နောက်ဆုတ်နေသောကြမ်းကြုတ်သော သားရဲများသည် တန့်သွားကာ ကုန်းမြေကို ကြည့်၍ စတင် ဟိန်းအော်ကြသည်။ ၎င်းတို့၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ဖြစ်ပေါ်ကာ သွေးသလင်းတို့သည် ၎င်းတို့ကို အားဖြစ်စေသည့်အလား ထင်ရ၏။ သူတို့က ထိုသွေးသလင်း ရနံ့ကို ရရှိကာ ၎င်းအတွက် ဘာလုပ်ဖို့ဖို့ ဆန္ဒရှိသလို ဖြစ်လာသည်။

ဟိန်းသံများ ဆက်ထွက်ပေါ်နေရင်း သားရဲများသည် ဦးတည်ချက် ပြောင်းကာ မိုလျိုကုန်းမြေထံ ဦးတည်လာသည်။ ၎င်းတို့ကြား၌ အဆင့်ငါး၊ခြောက်၊ခုနစ် သားရဲများ ပါသည်။ ၎င်းတို့အားလုံးသည် ရူးသွပ်သွားဟန် တူကာ တရကြမ်း တိုးဝင်လာသည်။

မူလကလန်ကျင့်ကြံသူများသည် ထိုအဖြစ်သနစ်များကြောင့် တုန်လှုပ်မိကြ၏။ သားရဲများ တရကြမ်း တိုးဝင်လာချိန်၌ သူတို့သည် သတိဝင်လာကြသည်။

ဝမ်လင်း၏ မူလခန္ဓာကိုယ်က သွေးသလင်းများကို စုပ်ယူပြီးသည့်နောက် အရိုးများပေါ်၌ သွေးကြောင်းတို့ ပေါ်လာပေပြီ။ မူလစွမ်းအင်နှင့်ကြယ်မြူများ မြင့်တက်နေရင်း ထိုသွေးကြောင်းများနှင့်အတူ အသွေးအသားတို့ ပြန် ဖြစ်တည်သည်။

ထိုအခိုက်အတန့်၌ သားရဲဟိန်းသံများသည် မြေပြင်ထုထံ တိုးဝင်လာ၏။ ဝမ်လင်း ကိုယ်ပွား၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်ပေါ်လာသည်။ မူလခန္ဓာကိုယ်၏ မျက်လုံးထံမှလည်း တစ္ဆေအလင်းကို ပေးစွမ်းလာ၏။

ပေသုံးထောင်ကနေ အမှုန့်အထိ ကျုံ့သွားခဲ့သော မူလခန္ဓာကိုယ်သည် သာမန်အရွယ်အစားသို့ ပြန်ရောက်လာပေပြီ။ ကိုယ်ပွးက ထိုးထွက်ကာ မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်၏။

မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးနောက် ဝမ်လင်းက မေ့ကြည့်ကာ ထိုးထွက်၏။ သူ မြေအောက်ထဲကနေ ထိုးထွက်လာချိန်၌ တစီစီအသံများ မြည်ဟည်း ပဲ့တင်ထပ်သည်။

မြေအောက်ထဲမှ သူ ထွက်လာသည်နှင့် ကြမ်းကြုတ်သည့်သားရဲအားလုံးက သူ့ထံ အရူးအမူး တိုးလာကြသည်။ ဝမ်လင်း၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ ပေါ်လာသည်နှင့် သူ့ရှေ့ရှိ ရေဘဝဲကဲ့သို့ သားရဲကို ညာလက်သီးတစ်လုံး ပစ်ကျွေးလေသည်။

ပေါက်ကွဲကာ ထိုသားရဲသည် ပေါက်ကွဲ၍ သွေးများ နေရာအနှံ့ ပန်းထွက်၏။ ၎င်း၏ စိတ်ဝိညာဉ်သည်ပင် တစစီ ဖြစ်သွား၏။ သို့သော် မမြင်ရသောစွမ်းအားတစ်ခု ပေါ်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

ထိုမမြင်ရသောစွမ်းအားက သားရဲ၏အသက်ဓာတ် ဖြစ်ကာ ဝမ်လင်း အလိုအပ်ဆုံးအရာလည်း ဖြစ်နေပေ၏။

သူက သူ့မူလခန္ဓာကိုယ်ကိုယ်မှာ ထိုအသက်ဓာတ် ဝင်လာချိန်၌ ပြန်ဖွဲ့တည်မှုနှုန်း အနည်းငယ် မြန်လာသည်ဟု ခံစားမိ၏။ ဝမ်လင်းက ဘေးတစ်ဖက်ရှိ နောက်ထပ်သားရဲထံ မြန်ဆန်စွာ သွား၍ လက်သီးတစ်ချက် ပစ်သွင်းသည်။ သူက မိုလျိုကုန်းမြေပေါ်၌ သွေးများ မိုးရွာသကဲ့သို့ ပန်းကျလာစေသည်။

ထိုကြမ်းကြုတ်သည့်သားရဲများက သွေးသလင်များကို ဝါးမြိုချင်ကြ၏။ သို့သော် ၎င်းတို့ မအောင်မြင်ခင်မှာပင် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသည်။ မိုးကြိုးပစ်သံတစ်မျှ ကောင်းကင်ထက်တွင် မြည်ဟည်းလေ၏။

ဝမ်လင်းက ခြေတစ်လှမ်း လှမ်းရာ စပါးအုံးမြွေကြီးနားတွင် ပေါ်လာသည်။ ၎င်းက ဝမ်လင်းကို ပါးစပ်ဟကာ ဝါးမြိုရန် ကြံစည်နေစဉ် ဝမ်လင်း၏လက်သီးချက်သည် ၎င်း၏ပါးစပ်ထဲသို့ အရင်ကျရောက်သည်။ တစီစီအသံများ ပဲ့တင်ထပ်၏။ ထိုမြွေ၏ အသက်ဓာတ်က ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် မြွေ၏ပါးစပ်မှာ ပေါက်ကွဲထွက်သွားပေပြီ။

အချိန်တိုအတွင်း သားရဲတစ်ရာကျော် သေဆုံးသွားခဲ့ရပြီ ဖြစ်၏။ ၎င်းတို့၏ အသက်ဓာတ်ကို စုပ်ယူပြီးသည့်နောက် ဝမ်လင်းသည် သက်တောင့်သက်သာ ဖြစ်မှုကို ခံစားနေရသည်။ သူ့မျက်လုံးက လင်းလက်ကာ သူသည် ရှေ့သို့ တရကြမ်း ထိုးထွက်သည်။

သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲ သေဆုံးကြ၏။ ပုန်းကွယ်နေသော ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုအဖြစ်ကို တွေ့သည့်အခါ လုံးဝ တုန်လှုပ်မိကြ၏။ အထူးသဖြင့် လီရှောင်တန်နှင့် သူ့လူများပင်။ လုယန်ဖေကတော့ အနည်းငယ် အခြေအနေပိုကောင်း၏။ သူမက တစ်ခုခုကို ကြိုပြင်ဆင်ထားခဲ့သည့်အလား။

သို့ရာတွင် လီရှောင်တန်လည်း ထိုသတ်ဖြတ်မှုများကို ကြောင်ရီစွာ ကြည့်နေမိ၏။ သူမဘေးရှိ အကြီးအကဲနှစ်ယောက်ကတော့ ပင့်သက်ရှိုက်မိကုန်သည်။

“မြင့်မြတ်တဲ့ဆရာဦးလေး…သူ…သူဟာ မြင့်မြတ်တဲ့ဆရာဦးလေးပဲ။ ဒါက အဆင့်ခြောက်သားရဲလေ…ဒါပေမယ့် ဆရာဦးလေးရဲ့ လက်သီးချက်မန္တာန်တစ်ချက်တည်းနဲ့ သတ်ပစ်တာ ခံလိုက်ရတယ်…”

ထိုအခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ သားရဲအော်သံ ထွက်ပေါ်လာ၏။ မိုးကုပ်စက်ဝန်းအစွန်း၌ ဆူးချွန်များ ဖုံးနေသော ပေနှစ်ထောင်ရှိ ခြင်္သေ့ပုံစံသားရဲသည် တဟုန်ထိုး တိုးဝင်လာသည်။

၎င်း ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကြမ်းကြုတ်သောသားရဲများသည် ပြန့်ကြဲကာ လမ်းရှင်းပေးသည့်အလား။

“အဆင့်ရှစ်ဓားခြင်္သေ့သားရဲ…” လီရှောင်တန်၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိ၏။ သူ့ဘေးရှိ ကျန်သည့် အကြီးအကဲနှစ်ယောက်မှာ အံ့အားတသင့် ဖြစ်ကုန်သည်။ လုယန်ဖေသည်ပင် လေအေးတစ်ချက် ရှိုက်သွင်းမိကာ စိတ်ပူပန်ဟန် ဖြစ်ပေါ်သည်။

ဝမ်လင်းက ခေါင်းမော့ကာ သူ့မျက်လုံးသည် တောက်ပ၏။ ကျင့်ကြံသူတိုင်း၏ ရှေ့တွင်ပင် သူက ကြယ်ပျံတစ်စင်းအလား အဆင့်ရှစ်သားရဲထံ တိုးဝင်သွားတော့သည်။

သူက လျှပ်စီးထက်ပင် မြန်၏။ သူ ၎င်းခြင်္သေ့နား ရောက်လာချိန်၌ ဝမ်လင်းက သူ့ညာခြေထောက်ဖြင့် ကြမ်းတမ်းစွာ ကန်သည်။

ကောင်းကင်တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ထိုသားရဲ၏ခန္ဓာကိုယ်က တုန်ယင်ကာ သွေးမြူအဖြစ် ပေါက်ကွဲထွက်သည်။ ၎င်း၏ အသက်ဓာတ်များစွာက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ သူက ဤနေရာတွင် နတ်ဘုရားတစ်ပါးကဲ့သို့ မားမားရပ်နေလျက် အဆင့်ရှစ်သားရဲထံမှ အသက်ဓာတ်များစွာ ရရှိခြင်း အပေါ် ကျေနပ်နေလေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်၏။ ပတ်ဝန်းကျင်မှ သားရဲများ၏ မျက်လုံးထဲရှိ လောဘသည် ပျောက်ကွယ်ကာ ကြောက်ရွှံ့မှု အစားထိုး ဝင်လာ၏။ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို စူးစိုက်ကြည့်ကာ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင် ဖြစ်နေ၏။

“အဆင့်ရှစ်…” လီရှောင်တန်က မင်သက်မိနေ၏။ သူ့စိတ်သည် ဗလာကျင်းမိနေသည်။ သူ့နောက်ရှိ အကြီးအကဲနှစ်ယောက်သည်လည်း မှုန်ဝေကာ လုံးဝ တုန်လှုပ်မိနေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset