Switch Mode

အပိုင်း (၁၂၁၀)

ထပ်ခါထပ်ခါ အရိုးသန့်စင်ခြင်း

“အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်သည် စိတ်ပူပန်စွာ ပြောသည်။ အဆင့်ခုနစ်သားရဲသာ ဖြစ်ခဲ့ရင် တော်သေးတယ်။ ဒီလိုသာ ဆက်ဖြစ်မယ်ဆိုရင် နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်နဲ့တောင် တိုက်ခိုက်နိုင်တဲ့ အဆင့်ရှစ်သားရဲသာ ပေါ်လာခဲ့ရင်၊ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်နဲ့ ယှဉ်နိုင်တဲ့ အဆင့်ကိုးသားရဲတွေကို စွဲဆောင်မိခဲ့ရင်…အဲ့လိုဆိုရင် မိုလျိုကုန်းမြေဟာ ဗရမ်းဗတာ ဖြစ်ကုန်လိမ့်မယ်…”

လီရှောင်တန်က အနည်းငယ် စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောသည်။ “ငါတော့ ဒီလိုမထင်ဘူး။ တကယ်တော့ ဒီကုန်းမြေဟာ အဆင့်လေးဒေသရဲ့ အစွန်းအဖျားနားမှာ ဖြစ်တဲ့အတွက်ကြောင့် အားကောင်းတဲ့မွန်းစတားသားရဲတွေ ရှိမနေလောက်ဘူး…”

“ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ရတာပေါ့…” အဘိုးအိုက ခေါင်းယမ်၏။ သူ့မျက်နှာထက်၌ ခါးသက်ဟန် ဖြစ်ပေါ်နေသည်။ ထို့နောက် သူက လုယန်ဖေကို ကြည့်သည်။ ခုချိန်ထိပင် သူတို့သုံးယောက်က စစ်ဆေးခြင်းကို ဘာကြောင့်တားနေခဲ့မှန်း မသိပေ။

လုယန်ဖေကလည်း ရှင်းမပြပေ။ သူမက အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ အောက်ဘက်သို့ ဆင်းချသွား၏။ သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ လုယန်ဖေနောက်သို့ လိုက်ပါသွားကြ၏။ သူတို့ မြေပြင်အနီးအနားသို့ ရောက်လာချိန်၌ အလင်းတန်းတစ်ခုလင်းလက်ကာ မြေပြင်ထုကို ထွင်းဖောက်သွားသည်။

မြေကြီးအောက်ထဲ၌ သူတို့လေးယောက်က ဟိန်းသံများ ပို ရှင်းလင်းလာ၍ အရှိန်လျော့ချ၏။ အသံက နီးနီးကပ်ကပ် ရှိလှခြင်းကြောင့် သူတို့၏ စိတ်နှင့်ခန္ဓာကိုယ်မှာ တုန်ယင်ရပေသည်။

မြေအောက်နက်ပိုင်းကနေ ကြောက်မက်ဖွယ်တုန်ခါလှိုင်းများ ထွက်ပေါ်နေခြင်းက သူတို့၏ စိတ်ဝိညာဉ်ထဲ၌ ဖိအား ဖြစ်စေသည်။

ထိုခံစားချက်က သူတို့အား ရပ်တန့်သွားစေကာ သူတို့၏အမူအရာများကို အလေးအနက် ဖြစ်လာစေသည်။ လုယန်ဖေတစ်ယောက်သာ မျက်လုံး လက်ခနဲ ဖြစ်၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ရှိကာ မည်သူကမျှ သူမ ဘာတွေးနေသည်ကို မသိနိုင်ပေ။

“ဒါက ဘယ်လို ငရဲမျိုးလဲ…။ ဒီလောက်ပြင်းတဲ့ ဖိအားကို ပေးစွမ်းနေတာ…”

“ဒီတုန်ခါလှိုင်းတွေအရ ရတနာတစ်ခု မဖြစ်သင့်ဘူး…”

သူတို့သုံးယောက်သည် အလွန်တရာ သတိထားမိနေ၏။ အနည်းငယ် ချီတုံချတုံ့ ဖြစ်ပြီးနောက် လီရှောင်တန်က အံတင်းတင်းကြိတ်ကာ ရှေ့သို့ ဦးတည်သည်။ သူက သည်အောက်တွင် အတိအကျ ဘာဖြစ်နေသည်ကို တွေ့မြင်ချင်၏။

သူ ပိုနက်နက် တိုးဝင်လေလေ ဖိအားသည် ပိုတိုးလာသည်။ ဟိန်းသံများက ပိုမြည်ဟည်းလာ၏။ သူတို့ကို တုန်ယင်နေစေသည်။ ထိုဖိအားက သူတို့အား လောက၏ အဆုံးသပ်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။

လေးယောက်က နှေးသထက်နှေးလာ၏။ မြေကြီးအောက်မှ ဖိအားထဲ၌ ရူးသွပ်မှုအရိပ်အမြွက် ပါသည်။

“ငါတို့ ခုချက်ခြင်း ထွက်သွားဖို့ အကြံပြုချင်တယ်…” တစ်လမ်းလုံး တိတ်ဆိတ်နေသည့် လုယန်ဖေသည် ပထမဆုံးအကြိမ်အဖြစ် စကားဆိုလာသည်။

ကျန်သည့် သုံးယောက်က တိတ်ဆိတ်စွာ တွေး၏။ လီရှောင်တန်၏ မျက်လုံးက လက်ခနဲ ဖြစ်ကာ သူက ပြောလာသည်။ “ဒီအောက်မှာ ဘာရှိမှန်း မသိသေးပဲ ထွက်သွားဖို့ ငါ ငြင်းဆန်တယ်…” ထိုသို့ ပြောပြီးနောက် သူက ခပ်နက်နက်သို့ ချက်ခြင်း သွားသည်။

အကြီးအကဲနှစ်ယောက်သည် ချီတုံချတုံ့ ဖြစ်ကာ ထို့နောက် သူ့နောက်သို့ လိုက်သွားကြသည်။ လုယန်ဖေက သက်ပြင်းချကာ နောက်ကနေ လိုက်သွားသည်။ သူတို့လေးယောက် အတွင်းနက်ပိုင်းသို့ ပိုသွားလေလေ အသံ၏ရင်းမြစ်က ပိုနီးလာပေပြီ။

ထိုအခိုက်အတန့်၌ အော်သံသည် မိုးကြိုးပစ်သံထက် ပိုအားကောင်းလွန်းလာ၏။ သူတို့၏ ခုလက်ရှိ အနေထားအရ အသံထွက်ပေါ်လာမှု ရင်းမြစ်သံ အက်ကွဲသံ ကြားရသည်။

ထိုဆူညံမှုက အရိုးများ ချိုးဖျက်ခြင်း အသံပင်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ အရိုးများသည်ပင် တင်းကြပ်ကုန်သည်။

သို့ရာတွင် သူတို့လေးယောက် နီးကပ်လာကာ အသံထွက်ပေါ်လာရာ ရင်းမြစ်ထံ ဝင်ရောက်ခါနီး၌ ရူးသွပ်ဖွယ်နတ်ဘုရားအာရုံ လွှမ်းခြုံဝေ့ခတ်လာသည်။

“ဒီနေရာက ထွက်သွား…”

ထိုနတ်ဘုရားအာရုံသည် အစွမ်းထက်လွန်း၏။ သူတို့အား မုန်တိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်သည်။ အနီးဆုံး လီရှောင်တန်က ထိုမုန်တိုင်းကြောင့် လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်၍ သွေးများ အန်ထွက်ကုန်သည်။ သူက နောက်သို့ တုံ့နှေးခြင်းမရှိ ဆုတ်ကာ မွန်းစတားဆန်သော ကြောက်ရွှံ့မှုသည် သူ့မျက်လုံးထဲ၌ ပြည့်နှက်လာသည်။

သူသာမက အကြီးအကဲနှစ်ယောက်၏ ခန္ဓာကိုယ်သည်ပင် တုန်ယင်ကာ သွေးအန်၍ ချက်ခြင်း နောက်ဆုတ်သည်။သူတို့၏ စိတ်မှာ တုန်ယင်၍ မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်၏။

လုယန်ဖေ၏ ခန္ဓာကိုယ်သည်ပင် တုန်ယင်ကာ ပါးစပ်ထောင့်ကနေ သွေးများ စိမ့်ကျသည်။ သို့ရာတွင် သူ့မျက်လုံးက တောက်ပသွား၏။ သူက ထိုအသံမှာ သူမစိတ်ထဲရှိ သံသယ ရှိနေသူမှန်း သေချာသွားစေသည်။

“စီနီယာဟာ ဒီမှာ ကျင့်ကြံနေတာပဲ။ ဂျူနီယာဟာ မူလကလန်က လီ…” လီရှောင်တန်သည် သူ့လက်နှစ်ဖက်ကို တရိုတသေ စုပ်၍ နောက်ဆုတ်ရင်း စကား ပြောရန် ကြိုးစားသည်။

“ထွက်သွား…” နတ်ဘုရားအာရုံသည် ထပ်မံ ပျံ့နှံ့လာ၏။ သို့သော် အရင်အသံထက် ပိုအားကောင်းနေသည်။ ထိုနတ်ဘုရားအာရုံက မုန်တိုင်းတစ်ခုကို ဖြစ်စေကာ မိုလျိုကုန်းမြေကို တုန်ယင်စေသည်။

လီရှောင်တန်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူက နောက်ထပ် သွေးအန်ရသည်။ ထိုစွမ်းအား၏ ဖိအားအောက်တွင် သူသည် နောက်သို့ တန်းတန်းမတ်မတ် လွင့်ထွက်သည်။ မြေပြင်ထုသည် တုန်ယင်ကာ သူတို့သည် မြေကြီးထဲကနေ လွင့်ထွက်သွား၏။

သူသည် မြေပြင်ထက်ကနေ ချိုးဖျက်ကာ လေထဲသို့ မြောက်တက်စဉ် နောက်ထပ်အော်သံတစ်ခု ပေါ်လာသည်။ အကြီးအကဲနှစ်ယောက်သည်လည်း မြေပြင်ထက်ကနေ လွင့်ထွက်ကာ နှစ်ယောက်လုံး သွေးအန်သည်။ သူတို့သည် သနားစရာအခြေအနေသို့ ဆိုက်ရောက်၏။ လုယန်ဖေကလည်း တူတူပင်။

သူတို့လေးယောက်သည် လေထဲ၌ ရှိနေလျက် မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်နေသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ လုယန်ဖေသည် အသက်ဝဝရှုသွင်းကာ သူမပါးစပ်ထောင့်ကနေ သွေးကို သုတ်၍ ဖြည်းဖြည်းချင်း ပြောသည်။ “ငါ နင်တို့ကို မသွားဖို့ ပြောခဲ့တယ်။ ကံကောင်းလို့…မြင့်မြတ်တဲ့ဆရာဦးလေးဟာ ငါတို့ကို ဒဏ်ရာ အများကြီး မရစေခဲ့တာ…”

“မြင့်မြတ်တဲ့ဆရာဦးလေး…” သူတို့သုံးယောက်သည် ဖြူရောသွားကြ၏။ ထိုရူးသွပ်ဖွယ်နတ်ဘုရားအာရုံက သူတို့၏ စိတ်ထဲ၌ မှတ်ထင်သွားကြပေပြီ။ သူတို့သည် ကြောက်လန့်နေရာကနေ လုယန်ဖေ၏ စကားများကြောင့် သူတို့သည် မင်သက်သွားမိကြသည်။

လုယန်ဖေက ခဏတာ စဉ်းစားကာ တိုးညင်းစွာ ပြောသည်။ “မြင့်မြတ်တဲ့ဆရာဦးလေးလုဇီဟောင်…နင်တို့အားလုံး သူ့ကို ကြားဖူးသင့်တယ်…”

သူတို့လေးယောက်ကို ခုချိန်၌ လစ်လျူရှုလျက် မြေအောက်အနက်ပိုင်းတွင် ဝမ်လင်း၏ ပေသုံးထောင်ရှည် ခန္ဓာကိုယ်၏ အရိုးများအားလုံးသည် တစစီ ဖြစ်လုနီးနေကာ လူတစ်ယောက်အသွင် ပြာပုံအရိုးဖြစ်သာ ကျန်ခဲ့၏။ ၎င်းထံကနေ မိုးကြိုးဟိန်းသံများ ထွက်ပေါ်နေဆဲပင်။

ဦးခေါင်း၏ အစိတ်အပိုင်းတော်တော်များများသည် တစစီ ဖြစ်သွားသည်တောင်မှ ပြိုကျပျက်စီးနေတုန်းပင်။ ထိုနာကျင်မှုမျိုးက ဖော်ပြ၍ပင် မရနိုင်ပေ။ မူလခန္ဓာကိုယ်နှင့်ကိုယ်ပွားနှစ်ယောက်လုံး၏ စိတ်နှစ်ခုလုံးမှာ လောင်ကျွမ်းနေရ၏။

ထိုအခိုက်အတန့်၌ ကျန်သည့်ဦးခေါင်းတစ်ဝက်ကနေ အက်ကွဲသံများ ထွက်ပေါ်လာရင်း ထပ်မံ ပျက်စီးနေသည်။ ၎င်းက ဆက်လက်၍ ပျက်စီး၏။ အရိုးအမှုန့်များ တစစီ ဖြစ်နေသည်။ ဦးခေါင်းက ဆက်လက်၍ ကျုံ့လာကာ လူ့လက်ဖဝါးအရွယ်လောက်သာ ရှိတော့သည်။

ထိုအရိုးအစိတ်အပိုင်းငယ်သည် စောနက ပေသုံးထောင်ရှေးဟောင်းနတ်ဘုရားနှင့် ယှဉ်ပါက အမှန်တကယ် မပြောပလောက်တော့ပေ။ သို့သော် ဝမ်လင်းက တောင့်ခံထားဆဲ၊ ရူးသွပ်လုနီးပါးပင်။

လက်ဝါးအရွယ် အရိုးက ဆက်လက်၍ ပျက်စီးလာကာ သေးသထက် သေးလာသည်။ လက်သည်းခွံအရွယ်စားလောက်ထိ ဖြစ်လာ၏။ သို့သော် ထိုပြိုကျပျက်စီးမှု ပြီးသည့်နောက် ၎င်းသည် လုံးဝ လွင့်ပါးသွားပေပြီ။

အချိန်သည် ရပ်တန့်သွားဟန်တူ၏။ ပျက်စီးသည့် အရိုးများ အမှုန့်အမွှားအဖြစ်သို့ ပြောင်းကာ စတင် လွင့်ပျောက်သွားသည်။ ထိုအခိုက်အတန့်၌ ဝမ်လင်း၏ကိုယ်ပွားက ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူ့ညာလက်ကို ပင့်မြှောက်သည်။

“ရပ်တန့်ခြင်း…”

စကားတစ်ခွန်းဖြင့်ပင် ကိုယ်ပွား၏ခန္ဓာကိုယ်သည် ချက်ခြင်း တုန်ယင်၏။ သူ့ခန္ဓာကိုယ်ကနေ တုန်ဟည်းသံများ မြည်နေရင်း သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာ လွင့်ပါးနေသည့် အရိုးမှုန့်များသည် ခဏတာ တုံ့ဆိုင်းသွားလေ၏။

သိပ်မကြာခင်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာက အရူးအမူး ပျံ့လွင့်လာ၏။ မိုလျိုကုန်းမြေ၏ အပြင်ဘက်ရှိ မူလစွမ်းအင်များ တရကြမ်း တိုးဝင်လာကာ သည်နေရာသို့ နီးကပ်လာသည်။

စိတ်ဝိညာဉ်ကို ထွင်းဖောက်နိုင်သည့် ငြိမ်သက်သောအော်သံတစ်ခုက မြေအောက်တွင် ပဲ့တင်ထပ်သည်။ ၎င်းအသံက ကုန်းမြေပေါ်ရှိ သေမျိုးတိုင်း၊ကျင့်ကြံသူတိုင်းနှင့် သက်ရှိဖြစ်တည်မှုအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်သည်။

ထိုအသံက ကောင်းကင်ကိုဖိဆန်သည့် စိတ်ဆန္ဒပင်။ ဝမ်လင်း၏ ကိုယ်ပွားက မူလခန္ဓာကိုယ် ရှင်သန်နိုင်ဖို့ အခွင့်ရေးအတွက် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုခြင်းကြောင့် တန်ပြန်ဒဏ် ခံစားရသည်။

လွင့်ပါးသည့်အမှုန့်များမှာ အံ့မခန်းနှုန်းဖြင့် စတင် သိပ်သည်းကာ လက်သည်းခွံအရွယ်အစား အရိုး ဖြစ်ပေါ်သည်။

ပြန်လည်ဖွဲ့တည်သည့် ဖြစ်စဉ်အတောအတွင်း ကုန်းမြေ၏ မူလစွမ်းအင်သည် ထိုအရိုးနှင့်အတူ ရောယှက်သည်။ ပြန်လည်ဖြစ်ပေါ်သော အရိုးက သူ့မူလခန္ဓာကိုယ်၏ မူလအရိုးများထက် များစွာ ပိုအားကောင်းသန်မာသည်။

ထိုလက်သည်းခွံအရွယ် အရိုးသည် ဆက်လက် ကြီးထွားကာ ခုနစ်လက်မထိ ရှည်လာသည်။ ထိုခုနစ်လက်မအရိုးသည် မိုလျိုကုန်းမြေပေါ်ရှိ မူလစွမ်းအင်ကို ဆောင်ယူ၏။

ထိုအရိုးက ဆက်လက်ကြီးထွားနေကာ သိပ်မကြာခင်တွင် ငါးပေခန့်ဦးခေါင်းခွံ ဖြစ်တည်သည်။ ထိုအရိုးပေါ်၌ အနက်ရောင်အလင်းတစ်ခု ပေါက်ကွဲကာ ထိုအလင်းသည် ရှေးဟောင်းနတ်ဘုရား၏ အရိုးကို ချေမွသည့် အရိုးကပ်ဘေးပင်။

အရိုးကပ်ဘေးက မူလအရိုးများကို ဖျက်စီးနေရင်း အသစ်ပြန်ဖြစ်တည်ခြင်းပင်။ ထိုစက်ဝန်းက မူလအရိုးများ အထွတ်အထိပ် ရောက်သည့်အထိ ဆက်လက် ဖြစ်နေပေမည်။

ငါးပေလောက်ရှိသည့် ဦးခေါင်းခွံက စတင် တောက်ပလာရင်း ငြိမ်သက်သော အော်သံများ ပဲ့တင်ထပ်သည်။ တဖြည်းဖြည်းဖြင့် မိုလျိုကုန်းမြေထက်ရှိ မူလစွမ်းအင်အားလုံးမှာ စုပ်ယူခြင်း ခံရကာ ဘာတစ်ခုမှ မကျန်တော့ပေ။

အခုအခိုက်အတန့်တွင် ဝမ်လင်း၏ဦးခေါင်းခွံက လုံးဝ ပြန်ဖြစ်တည်နေပေပြီ။ သူ့မျက်လုံးအိမ်ကနေ အနီရောင်အလင်း တောက်ပကာ အညံ့မခံ၊အလျော့မပေးသည့် စိတ်ဆန္ဒကို ဖော်ညွှန်းလှစ်ဟသည်။

“ငါဟာ ကောင်းကင်နဲ့မြေကြီးကို တိုက်ခိုက်ဝံ့တဲ့ ရှေးဟောင်းနတ်ဘုရားပဲ။ အရိုးကပ်ဘေးလောက်နဲ့ ငါ့ကို မဖျက်စီးပစ်နိုင်ဘူး…” မူလခန္ဓာကိုယ်၏ မျက်လုံးထဲမှ အနီရောင်အလင်းသည် တောက်ပကာ သူ့လည်ပင်း ပြန်ဖွဲ့တည်သည်။ တစ်ချိန်တည်းမှာ မိုလျိုကုန်းမြေ အပြင်ဘက်တွင် စုဝေးနေသည့် မူလစွမ်းအင်က အကာအကွယ်အရံအတားကို တရကြမ်း တိုးဝင်လာသည်။

ထိုအကာအကွယ်အရံအတားက စက္ကူစကဲ့သို့ ပျက်စီးသွား၏။

၎င်းအရံအတား ပျက်စီးသွားချိန်၌ ပြင်းထန်သောမူလစွမ်းအင်သည် တိုးဝင်လာသည်။ ၎င်းသည် မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ မူလကလန်သို့ တရကြမ်း တိုးဝင်သည်။ မူလကလန်၏ ကျင့်ကြံသူအားလုံးသည် မြေအောက်ထဲသို့ တရကြမ်း တိုးဝင်သည့် မူလစွမ်းအင် မုန်တိုင်းကို စူးစိုက်ကြည့်မိနေကြသည်။

အရံအတား ပျက်စီးသွားခြင်းနှင့် မူလစွမ်းအင်များ မြင့်တက်လာမှုက အပြင်ဘက်ရှိ ကြမ်းကြုတ်သောသားရဲများကိုပါ ဝင်လာစေတော့သည်။ သို့ရာတွင် သူတို့ ဖြန့်ကျက်မလာခင်မှာပင် သူတို့သည် ထိုစုပ်အားကြောင့် မူလကလန်ထဲသို့ ဆွဲသွင်းခြင်း ခံရ၏။

ကောင်းကင်က မြူများနှင့် ခြုံလွှမ်း၏။ မြူများသည် မြေပြင်ထက်တွင် မြစ်ကဲ့သို့ စီးဆင်းနေသည်။

အပြင်ဘက်ရှိ ကြမ်းကြုတ်သည့်သားရဲများမှာ ကြောက်လန့်လာဟန် တူ၏။ သူတို့အားလုံးသည် နောက်သို့ ပြန်ဆုတ်ကာ အနားတိုးမလာဝံ့တော့ပေ။

မူလစွမ်းအင်မြောက်များစွာနှင့် မြူများသည် ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရသည်။ တုန်ဟည်းသံများ ဆက်လက် မြည်နေရင်း ဝမ်လင်း၏ အရိုးများသည် အံ့မခန်းနှုန်းဖြင့် ပြန်ဖြစ်တည်သည်။ အရိုးကပ်ဘေးကြောင့် ပျက်စီးသည့် သူ့အရိုးများက ပြန်ဖွဲ့တည်သိပ်သည်းပေ၏။

သူ့ဦးခေါင်းနှင့်လည်တိုင်သာ ပြန်ပေါ်လာရုံမျှ မက ဝမ်လင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည်လည်း ပြန်ဖွဲ့တည်လာပေပြီ။

အရိုးကပ်ဘေးသည် အားကောင်းသော်လည်း ဝမ်လင်း၏ ကောင်းကင်ဘုံကို ဖိဆန်သည့် စိတ်ဆန္ဒကြောင့် နောက်ဆုတ်ရသည်။ ၎င်းကပ်ဘေးက အရိုးများ ပြန်ဖွဲ့တည်ခြင်းကို ရပ်တန့်စေနိုင်စွမ်း မရှိပေ။

မူလစွမ်းအင်နှင့် မိုလျိုကုန်းမြေ၏ ကီလိုမီတာငါးဆယ်အတွင်းရှိ ကြယ်မြူများမှာလည်း ဆွဲသွင်းခြင်း ခံရသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းအခြင်းအရာမှာ ဧရာမဝဲကတော့ကဲ့သို့ ဖြစ်တည်ကာ ယင်းဝဲကတော့၏ အလယ်၌ မူလကလန် ရှိ၏။

အတော်ဝေးသော နေရာတွင် ဧရာမခြင်္သေ့ပုံစံ သားရဲသည် ဆူးချွန်များ ဖုန်းနေလျက် မိုလျိုကုန်းမြေထံ လောဘအကြည့်ဖြင့် ကြည့်နေသည်။ မည်သည့်သားရဲကမျှ ထိုအဆင့်ရှစ်သားရဲ၏ အော်ရာ ပျံ့နှံ့လာချိန်၌ ကပ်လာဝံ့ကြခြင်း မရှိတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset