ရှေးဟောင်းနတ်ဘုရားများ၏ ကပ်ဘေးခုနစ်ခု၊စမ်းသပ်မှုသုံးခုသည် ကျင့်ကြံသူများ၏ ကောင်းကင်ဘုံဒုက္ခငါးခုကို ဖြတ်ကျော်ရခြင်းနှင့် တူသည်။ သူတို့၏ ခေါင်းပေါ် ဓားတင်ထားရသည့် အနေထားမျိုးဖြင့် ဖြတ်ကျော်ရခြင်းပင်။ သူတို့သာ ရှင်သန်နိုင်ခဲ့ပါက ကျင့်ကြံမှုအဆင့်သည် များစွာ တိုးတက်လာမည်။ သို့သော် ကျရှုံးလျှင်တော့ သေရလိမ့်မည်။
ပထမစမ်းသပ်မှုတွင် ကပ်ဘေးနှစ်ခု ပါဝင်၏။ ဒုတိယစမ်းသပ်မှုတွင်လည်း ကပ်ဘေးနှစ်ခု၊ တတိယစမ်းသပ်မှုတွင်တော့ ကပ်ဘေးသုံးခု ပါဝင်သည်။
ရှေးဟောင်းနတ်ဘုရားများ၏ ကပ်ဘေးခုနစ်ခု၊စမ်းသပ်မှုသုံးခုက ကျင့်ကြံသူများ၏ ပထမကောင်းကင်ဘုံဒုက္ခထက် ပို၍ ထူးဆန်း၏။ ဝမ်လင်း၏ မှတ်ဉာဏ်များအရ ရှေးဟောင်းနတ်ဘုရားက ပို၍ အစွမ်းထက်လေလေ စမ်းသပ်မှုနှင့်ကပ်ဘေးများသည် နောက်ကျမည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ကြယ်ခြောက်လုံးအဆင့်ကို ရောက်မှ ပထမစမ်းသပ်မှုကို တွေ့ကြုံရ၏။ အချို့ဆို ကြယ်ခုနစ်လုံးအဆင့်ကျမှ တွေ့ကြုံရသည်။
အလွန်နည်းပါးလှသည့် ရှေးဟောင်းနတ်ဘုရားများသာ သူတို့၏ ပထမစမ်းသပ်မှုကို ကြယ်ရှစ်လုံးအဆင့်တွင် တွေ့ကြုံရတတ်၏။ ထူစီသည် ထိုသူများထဲမှ တစ်ယောက် ပါဝင်၏။ သူက ပထမစမ်းသပ်မှုကို ကြယ်ရှစ်လုံးအဆင့်၌ တွေ့ကြုံရာ လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ထိုအဖြစ်က သူ့စွမ်းအားကို များစွာ တိုးမြင့်သွားစေခဲ့သည်။ သူက ဒဏ္ဌာရီလာ ကြယ်ကိုးလုံးအဆင့်သို့ ရောက်နိုင်စွမ်း မရှိခဲ့သော်လည်း ကြယ်ရှစ်လုံး၏အထွတ်အထိပ်ကိုတော့ ရောက်သည်။ ကြယ်ကိုးလုံးအဆင့်ကို ချိုးဖျက်ဖို့ရာ ရည်ရွယ်ချက်ကြောင့် မဟုတ်ခဲ့ပါက သူသည် စီးဆင်းသောမင်အသွင်ပြောင်းခြင်းနတ်ဘုရား နည်းစနစ်ကို စွန့်စား၍ ကျင့်ကြံလိမ့်မည် မဟုတ်ပေ။
တတိယစမ်းသပ်မှုနှင့် နောက်ဆုံးကပ်ဘေးသုံးခုကတော့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ရင်ဆိုင်ရသည့် အမြင့်မားဆုံး စမ်းသပ်မှု ဖြစ်လေ၏။ ထိုကပ်ဘေးသုံးခုနှင့်စမ်းသပ်မှုသုံးခုတို့ကိုတော့ ထူစီသည်ပင် မသိပေ။
ထူစီ၏မှတ်ဉာဏ်များထဲ၌ ကြယ်ငါးလုံးအဆင့်၌ ပထမဆုံးစမ်းသပ်မှုကို တွေ့ကြုံရပါက မည်သို့တွေ့ကြုံရမည် မပါပေ။ဝမ်လင်း ထိုအကြောင်းကို တွေးမိတိုင်း မချင့်ပြုံးပြုံးမိ၏။ သူ့ပထမစမ်းသပ်မှု စောလျင်စွာ ရောက်ရှိလာမှုသည် သူ့မပြီးပြည့်စုံသော ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နှင့် နတ်ဆိုးစိတ်ဝိညာဉ်တွင် သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အလွန်အကျွန် သုံးစွဲခဲ့ခြင်းတို့ဖြင့် ဆက်နွှယ်နေနိုင်သည်။
ထို့အတွက်ကြောင့် သူသည်ကြယ်ငါးလုံးအဆင့်မှာပင် ပထမစမ်းသပ်မှုကို ကြုံရသည့် ပထမဆုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာစေခဲ့သည်။
ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား လွယ်လင့်တကူ ဖြတ်ကျော်ခဲ့သည့် စမ်းသပ်မှုက ဝမ်လင်းအတွက် သေခြင်း၊ရှင်ခြင်းပင်။
ပထမစမ်းသပ်မှု၏ ကပ်ဘေးများထဲမှ တစ်ခုသည် သွေးကပ်ဘေးပင်။ အတိတ်တုန်းက ဟင်္သာငှက်နတ်ကလန်၌ ဝမ်လင်း၏ အောက်ပိုင်းတစ်ဝက်မှာ အရိုးအတိ ပြီးခဲ့၏။ ခုချိန်၌ တိမ်ကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ရောက်ရှိလာပြီးနောက် ထိုအဖြစ်က ပိုဆိုးလာသည်။ သူ့ရင်ဘက်နှင့်အောက်ပိုင်းတစ်ခုလုံးမှာ အရိုးများ ဖြစ်နေပေပြီ။
ထိုအရာက အစမျှသာ ရှိသေး၏။ ပထမဆုံးကပ်ဘေး ရောက်ရှိလာရုံမျှသာ ရှိသေး၏။ ခန္ဓာကိုယ်သည် အသွေးအသား လုံးဝ မကျန်တော့သည့်အထိ ဆက်၍ ပျက်စီးပေလိမ့်မည်။ ထို့နောက် ပထမစမ်းသပ်မှု အဆုံးသပ်ကာ ဒုတိယတစ်ခု စတင်မည် ဖြစ်သည်။
ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် သူ့မူလခန္ဓာကိုယ်သည် သဲလွန်စမရှိ သေဆုံးရမည်။ ကံကောင်းစွာဖြင့် ဝမ်လင်းသည် ထူစီ၏နှလုံးသွေးကို ရရှိခဲ့၏။ ထို့ကြောင့် သူ့အတွက် တိုက်ခိုက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလာသည်။
မူလခန္ဓာကိုယ်က မူလကလန်၏ မြေအောက်အနက်ပိုင်းတွင် ထိုင်လျက် ရှိနေ၏။ ၎င်းမှာ အသွေးအသားဟူ၍ မရှိ၊အရိုးသပ်သပ် ကျန်ရှိလေ၏။
အရိုးစုများ ပတ်လည်၌ သေးငယ်သော သွေးရောင်အလွှာပါး တစ်ခု ရှိသည်။ သေချာကြည့်ပါက ထိုအလွှာပါးနှင့်အရိုးများကြားတွင် သွေးမျှင်တစ်ခု ရွှေ့လျားနေသည်ကို တွေ့ရပေမည်။
ဝမ်လင်း၏ကိုယ်ပွားက နီးကပ်လာနေရင်း သူ့မူလခန္ဓာကိုယ်၏ မျက်လုံးအိမ်မှာ နိုးထလာသကဲ့သို့ တစ္ဆေအလင်းတန်း လှစ်ဟလာ၏။
သူက သူ့မူလခန္ဓာကိုယ်ကို တိတ်ဆိတ်စွာ ကြည့်၍ ၎င်းကို ကာကွယ်ပေးဖို့ ထိုင်ချ၏။ သူက သူ့မူလခန္ဓာကိုယ်ထံသို့သာ အာရုံအပြည့်စိုက်၍ နာကျင်မှုကို ခွဲဝေခံကာ ကူညီသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပြီ။ ဤသုံးရက်အတွင်း မူလခန္ဓာကိုယ်၏ ဝေဒနာခံစားရမှုက ပြင်းထန်လာ၏။ အသွေးအသား မရှိခြင်း ခံစားချက်၊စိတ်မလွတ်သွားအောင် ထိန်းထားရမှုက လူများကို ရူးသွပ်သွားစေဖို့ရာ လုံလောက်သည် မဟုတ်လား။
ထိုသုံးရက်တာအတွင်း မူလခန္ဓာကိုယ်၏ အရွယ်အစားက ဆယ်ဆ ချဲ့ကားလာ၏။
ထိုအခိုက်အတန့်၌ မူလကလန်၏ အောက်ဘက်တွင် ပေတစ်ရာ ရှည်လျားသည့် အရိုးစုတစ်ခုက တည်တည်ငြိမ်ငြိမ် လှဲလျောင်းနေ၏။ သွေးအလင်းတို့ တလက်လက် ဖြစ်ကာ အလွှာပါးအောက်ရှိ သွေးမှာ မြန်ဆန်စွာ စီးဆင်းနေသည်။
နောက်ထပ်သုံးရက် ကုန်ဆုံးပြီးနောက် ဝမ်လင်း၏အရိုးစုမှာ ချဲ့ကားခြင်း ပြီးဆုံးကာ ပေသုံးထောင်အမြင့်ထိ ရောက်၏။ နည်းပါးလွန်းသော သွေးပမာဏက အရိုးများကြား စီးဆင်းနေဆဲ ဖြစ်၏။ သို့ရာတွင် သွေးစီးဆင်းမှုက အရှိန်လျော့ကျကာ တဖြည်းဖြည်း လွင့်ပြယ်တော့မည့်အထိပင်။
ထိုသွေးက ထူစီ၏နှလုံးသွေး ဖြစ်၏။ သည်ရက်များအတွင်း နှလုံးသွေးက မူလခန္ဓာကိုယ်၏ အရိုးများ၏ စုပ်ယူခြင်းကို တဖြည်းဖြည်း ခံခဲ့ရသည်။ သွေးအားလုံး စုပ်ယူပြီးသည့်အခါတွင် ပထမကပ်ဘေးသည် အဆုံးသပ်ပေမည်။
ထိုအခိုက်အတန့်၌ မူလခန္ဓာကိုယ်၏မျက်လုံးတို့သည် မြေကြီးထုကို ဖြတ်၍ အထက်ရှိ အပြာရောင်ကောင်းကင်ယံသို့ ထွင်းဖောက်မြင်ရသကဲ့သို့ တောက်ပလွန်း၏။ တစ်ချိန်တည်းမှာ အက်ကွဲသံလှိုင်းတစ်ခု မြေအောက်တွင် ပဲ့တင်ထပ်သည်။
“အရိုးကပ်ဘေး…”
ထိုအက်ကွဲသံက သူ့မူလခန္ဓာကိုယ်၏ ညာခြေထောက်ထံမှ ထွက်ပေါ်ခြင်း ဖြစ်၏။ ဧရာမလက်ကြီးတစ်ခုက သူ့ညာခြေထောက်အရိုးကို ဖြည်းဖြည်းချင်း ချေမွပစ်နေသည့်အလား။
သူ့အရိုးများသည် တစစီ ဖြစ်ကာ အမှုန့် ဖြစ်၏။ ထိုအံ့မခန်းနာကျင်မှုအောက်၌ မူလခန္ဓာကိုယ်က တုန်ယင်နေသည်။ သို့ရာတွင် အက်ကွဲသံက ရပ်တန့်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ပြင်းထန်လာ၏။
မြေကြီးအောက်တွင် တဝုန်းဝုန်းအသံများ မြည်ဟည်းနေ၏။ အက်သံတစ်ခုတိုင်းက မူလခန္ဓာကိုယ်ပေါ်ရှိ အရိုးတစ်ခု ပျက်စီးခြင်းကို ကိုယ်စားပြုသည်။ ဝမ်လင်းကိုယ်ပွား၏ မျက်နှာသည်ပင် ဖြူရောနေ၏။ သူက အံတင်းတင်းကြိတ်ထားကာ သူ့မူလခန္ဓာကိုယ်၏ အံ့မခန်းနာကျင်မှုကို မျှဝေခံသည်။
အရိုးကပ်ဘေးက ရူးသွပ်စွာ သက်ဆင်းလာပေပြီ။ ရှေးဟောင်းနတ်ဘုရားများ၏ အားကောင်းသော အသက်ဓာတ်ဖြင့်ပင် မည်သည့်အသွေးအသားမှ မကျန်တော့လျှင်ပင် သူတို့သည် အသက်ဓာတ်လက်ကျန် ရှိရုံဖြင့် အချိန်ယူကာ ပြန်ကောင်းမွန်နိုင်ကြ၏။ ပထမစမ်းသပ်မှုက ရှင်သန်ခြင်းအသက်ဓာတ် ဖြစ်၏။
ရှင်သန်ခြင်းအသက်ဓာတ်ကို ပတ်သယ်ပြီးသည့်နောက် အရိုးကပ်ဘေးသည် ရောက်ရှိလာကာ မည်သည့်အသက်ဓာတ်မှ မရှိဘဲ ပြန်ကောင်းမွန်မလာနိုင်အောင် အရိုးများကို ဖျက်စီးမည် ဖြစ်၏။ အရိုးများ ဖျက်စီးခံရသည်နှင့် ရလဒ်သည် သေဆုံးသွားရနိုင်၏။
သူ့မူလခန္ဓာကိုယ် သေဆုံးသွားပါက ကိုယ်ပွားပါ ပျက်စီးသေဆုံးသွားလိမ့်မည်ပင်။
သူသာ အရိုးကပ်ဘေးကို ဖြတ်ကျော်ချင်ပါက သူသည် သူ့အသက်ဓာတ်ဖြင့် အရိုးစုများ ပြန်လည် ဖြစ်တည်သည့်အထိ ဤအရိုးဖျက်စီးခြင်းကပ်ဘေးကို တိုက်ခိုက်ရပေမည်။
အသစ်ဖြစ်သော အရိုးများက မူလထက် အဆများစွာ ပိုသန်မာအားကောင်းပေမည်။ ဆန်းကြယ်ရတနာများသည်ပင် ၎င်းအရိုးတို့ကို ဖျက်စီးနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထို့အတွက်ကြောင့် နာကျင်မှုက သေသည်ထိ ဆိုးဝါးနေလျှင်ပင် သူသည် တောင့်ခံနေမှ ဖြစ်ပေမည်။ သူ့ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်နှစ်ခုလုံးက တောင့်ခံနေ၏။ သူသည် သူ့အရိုးများ အက်ကွဲပျက်စီးခြင်းက နာကျင်မှုကို တင်းခံထား၏။
သူသည် အကြီးမားဆုံး အကျိုးကျေးဇူး ရဖို့ရာ သူ့အရိုးများအားလုံး တစစီ ဖြစ်သွားမည့် အခိုက်အတန့်ကို စောင့်ဖို့ လို၏။ ထိုသို့ မဟုတ်ပါက သူသာ ခုခံလျှင် အချို့အရိုးများ ပြန်ဖြစ်ပေါ်ပြီး ကျန်သည့်အရိုးများသည် အရင်လို ပျက်စီးမြဲ ဖြစ်နေပေမည်။
ထိုသို့သာ ဖြစ်ပါက သူသည် အခွင့်အရေးကို ဖြုန်းတီးပစ်ခြင်းပင်။ သို့ရာတွင် ဝမ်လင်းက ဆက်၍ ခုခံလေလေ အောင်မြင်မှုနှုန်းက ပိုနည်းလေမှန်း သိ၏။ အရိုးများ ပျက်စီးလေလေ ခက်ခဲမှုက ပိုတိုးလေပင်။
အမှန်တော့ ကြယ်ရှစ်လုံးအဆင့်ရှိ ရှေးဟောင်းနတ်ဘုရားများကော၊ ကြယ်ခုနစ်လုံးအဆင့် ရှေးဟောင်းနတ်ဘုရားများကောသည် သူတို့၏ အရိုးအားလုံး ပျက်စီးချိန်ထိ စောင့်ဖို့ ရွေးချယ်မည်၊ ထို့နောက်မှ သူတို့က ခုခံပေလိမ့်မည်။ ထိုမှသာ သူတို့သည် ဤကပ်ဘေးကို မဟာကံကောင်းမှုတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ကြမည် ဖြစ်သည်။
ထိုအကြံက ကောင်းမွန်၏။ သို့သော် နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်သည့်သူမှာ ရှားပါးလွန်းသည်။ အများစုသည် လူသားလက်သည်းခွံအရွယ် အရိုးပမာဏ ကျန်သည့်အချိန်တွင် သူတို့သည် စတင် မခုခံဘဲ မနေတော့ပေ။ ရလဒ်အနေဖြင့် ထိုလက်သည်းခွံအရွယ်အရိုးသည် ရှေးဟောင်းနတ်ဘုရားအများစု၏ ခန္ဓာကိုယ်ပေါ်တွင် ချိုယွင်းချက်တစ်ခု ဖြစ်နေတတ်လေသည်။
ဝမ်လင်းသည် နောက်ဆုံးအခိုက်အတန့်ထိ တောင့်ခံနိုင်မလားကို မသေချာပေ။ သို့ရာတွင် သူ့အသွေးအသား ပြန်ဖြစ်ပေါ်ဖို့ အမိန့်ပေးသည်နှင့် သူသည် အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည်၊ မပြည့်မစုံ မဟုတ်တော့ပေ။ ဝမ်လင်းက ဘာပဲဖြစ်ဖြစ် စွန့်စားရန် ဆုံးဖြတ်လိုက်၏။
“ငါ့ကိုယ်ပွားဟာ ကောင်းကင်ကို ဖိဆန်တဲ့ ကျင့်ကြံသူ၊ ငါ့မူလခန္ဓာကိုယ်ထဲမှာ အညံ့မခံတဲ့ သွေးမျိုးဆက်။ ငါ…ဝမ်လင်းဟာ ငါ့ကျင့်ကြံတဲ့ဘဝတစ်ခုလုံးမှာ ဖိဆန်ခြင်း ဆိုတဲ့ စကားကို အသုံးပြုခဲ့တယ်။ ငါဟာ ကောင်းကင်ဘုံနဲ့မြေကြီးကို ဖိဆန်တယ်။ ကပ်ဘေးကို ဖိဆန်တယ်၊ ကံကြမ္မာကိုတောင် ဖိဆန်ပစ်မယ်။ ဒီကပ်ဘေးလောက်နဲ့ ငါ့ဖိဆန်တဲ့ လမ်းကြောင်းကို ရပ်တန့်သွားဖို့လား…ဒါဟာ မဖြစ်နိုင်ဘူး…”
ဝမ်လင်း၏ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်တို့၏ ဖိဆန်သည့်အကြည့်မှာ တောက်ပလေ၏။
ထိုအရာမှာ ဝမ်လင်း၏ ဖိဆန်သည့်သဘာဝပင်။ ၎င်းသဘာဝမှာ မမြင်ရ၊သို့သော် ကောင်းကင်ယံကိုပါ တုန်လှုပ်စေနိုင်သည်။
အက်သံများ ကျယ်လောင်စွာ ပဲ့တင်ထပ်၏။ သူ့ညာခြေထောက်တစ်ခုလုံးသည် ပျက်စီးကာ သူ့ဒူးဆစ်ကနေ ဘယ်ခြေထောက်တစ်ခုလုံးသည်လည်း အမှုန့်ဖြစ်သွားခဲ့ပေပြီ။ အရိုးပျက်စီးသံများက တဖြည်းဖြည်းဖြင့် မြေပြင်မျက်နှာပြင်ထိပင် ထုတ်လွှတ်ပျံ့နှံ့သည်။
သည်လဝက်အတွင်း မိုလျိုကုန်းမြေတစ်ခုလုံးသည် မြေကြီးထုထံမှ တုန်ဟည်းသံများကို ကြားရ၏။ ပထမ၌ ထိုအသံက ဖျော့၏။ သို့သော် တဖြည်းဖြည်း ပိုကျယ်လောင်လာသည်။ မြေပြင်ထုသည်ပင် အနည်းငယ် တုန်ယင်နေ၏။
ကုန်းမြေပေါ်ရှိ သေမျိုးများသည် ဘာဖြစ်မှန်းမသိရကာ ကြောက်လန့်နေကြသည်။ သူတို့သည် ဒူးထောက်လျက် နတ်ဘုရားများ ဒေါသမထွက်အောင် ဆုတောင်းတောင်းပန်နေကြ၏။
မူလကလန်ရှိ ကျင့်ကြံသူများက သည်ကိစ္စကို အရေးတကြီး ထားကြသည်။ သူတို့သည် ကလန်တစ်ခုလုံးကိုပါ စုံစမ်းစစ်ဆေးခိုင်း၏။ ထိုဆူညံသံများက ဟိန်းအော်သံများနှင့် တူကာ သူတို့နားထဲ တိုးဝင်လာတိုင်း မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရသည်။
လီရှင်းတန်နှင့်လုယန်ဖေတို့သည် အခြားအကြီးအကဲနှစ်ယောက်နှင့်အတူ လေထဲတွင် ရပ်၍ မြေပြင်ထုကို ကြည့်သည်။ သူတို့၏ကျင့်ကြံမှုအဆင့်များကြောင့် သူတို့သည် ဟိန်းအော်သံများ ထွက်ပေါ်လာနေသည့် နေရာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
လီရှင်းတန်က အောက်သို့သွား၍ စစ်ဆေးကြည့်လို၏။ သို့သော် သူ့ကို လုယန်ဖေက ဟန့်တားသည်။ သို့ရာတွင် ထိုအော်သံများသည် ပို၍ ပြင်းထန်လာရာ ကောင်းကင်တုန်လှုပ်စေနီးပါးပင်။
ထိုမျှသာဆိုပါက ပြဿနာ မဟုတ်သေးပေ။ သို့သော် ကုန်းမြေရှိ မူလစွမ်းအင်အားလုံးမှာ တဝီဝီလှည့်လည်ကုန်၏။
သူတို့လေးယောက်ကို ပို၍ ထိတ်လန့်စေသည်က မူလစွမ်းအင်များစွာသည် ကုန်းမြေအပြင်ဘက်တွင်ပါ စုဝေးလာနေခြင်းပင်။ မူလစွမ်းအင်များက အပြင်ဘက်တွင် ရှိနေသော်လည်း တရကြမ်း တိုးဝင်လာသည်နှင့် ကုန်းမြေပတ်လည်ရှိ အရံအတားမှာ ချက်ခြင်း ပျက်စီးသွားနိုင်ပေ၏။
ထိုအဖြစ်ကို တွေးမိကာ သူတို့လေးယောက်၏ ဦးရေပြားပါ ထုံထိုင်းမိကုန်၏။
သူတို့ကို ပို၍ တုန်လှုပ်စေသည်က ကုန်းမြေအပြင်ဘက်တွင် ကြမ်းကြုတ်သည့်သားရဲများ ပိုပို ပေါ်လာနေခြင်းတည်း။ အချို့အကြောင်းပြချက်များကြောင့် သားရဲများစွာသည် မိုလျိုကုန်းမြေထံ ညှို့ယူခံရသည့်အလား။ သူတို့သည် ကုန်းမြေကို ကြမ်းကြုတ်စွာ စူးစိုက်ကြည့်၏ ။ သို့သော် သူတို့သည် ချီတုံချတုန် ဖြစ်နေကြဟန် တူ၏။
သူတို့သည် အကြိမ်များစွာ တိုးဝင်လာကြမည့်ဟန် ပေါက်သော်လည်း တုံ့ဆိုင်းနေဆဲပင်။ ထိုကြမ်းကြုတ်သောသားရဲများကို သည်နေရာသို့ စွဲဆောင်စေသည့် တစ်စုံတစ်ရာ အမှန်တကယ် ရှိနေသလို တစ်ဖက်မှာလည်း ထိုအရာကပင် သူတို့အား မလှုပ်ရှားဝေ့စေသလို ဖြစ်နေစေ၏။ ထို့ကြောင့် သူတို့က တုံ့ဆိုင်းနေကြခြင်းပင်။
ထိုသားရဲများကြား၌ အဆင့်ငါးနှင့်အဆင့်ခြောက်သားရဲများပင် ပါသည်။ လီရှောင်တန်ကို ပို၍ လန့်နေစေသည်က သူသည် အဆင့်ခုနစ်သားရဲကိုပင် တွေ့မြင်လိုက်ရသောကြောင့်ပင်။ အဆင့်ခုနစ်သားရဲက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်တိုက်နိုင်၏။
“ဂျူနီယာညီမလေးလု…နင် ငါတို့ သုံးယောက်ကို ဘာကြောင့် တားထားလဲတော့ မသိဘူး။ ဒါပေမယ့် ဒီနေ့တော့ ငါတို့ စစ်ဆေးကြည့်မှ ဖြစ်တော့မယ်။ ငါတို့ ဒီလိုမျိုး မူလစွမ်းအင် မမျှော်လင့်ဘဲ ပြောင်းလဲမှုနဲ့ သားရဲတွေအုပ်လိုက် ရောက်လာမှုဟာ ဘာကြောင့် ဖြစ်လဲဆိုတာ သိမှကို ဖြစ်မယ်…”
သူသည် လုယန်ဖေထံ အလေးအနက် ကြည့်လာသည်။
အခြားအကြီးအကဲနှစ်ယောက်ကလည်း လုယန်ဖေကို တိတ်ဆိတ်စွာ ကြည့်၏။
လုယန်ဖေက အောက်နှုတ်ခမ်းကို ကိုက်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်တော့သည်။
***