Switch Mode

အပိုင်း (၁၂၀၈)

ဝဲကတော့ထဲကနေ ထွက်ခွာခြင်း

သံဓားကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် ကောက်ကွေ့ချန် တိုးဝင်လာချိန်၌ နောက်ဆုတ်သည်။ သူက သူ့ဘယ်လက်ကို ညွှန်ရာ အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူတို့၏ စိတ်ဝိညာဉ်နှစ်ခုမှာ ရှေ့သို့ တိုးထွက်သွားကြသည်။

ထိုတိုက်ပွဲဝင်စိတ်ဝိညာဉ်နှစ်ခုမှာ သူ့ထံရှိ လက်ကျန်မူလစွမ်းအင်ရင်းမြစ်ကလွဲ၍ အားအကောင်းဆုံး ဝှက်ဖဲများ ဖြစ်ကြသည်။

တကယ်တော့ အခုက ချင်းလင်၏ လှိုဏ်ဂူတုန်းကကဲ့သို့ မဟုတ်ပေ။ အခုချိန်၌ သူ့ထံတွင် တိုက်ခိုက်မှုအားလုံးကို တောင့်ခံနိုင်သည့် မူလခန္ဓာကိုယ်လည်း ရှိမနေခဲ့၊ အတိတ်တုန်းကကဲ့သို့ ပြင်းထန်သော ရှေးဟောင်းနတ်ဘုရားလက်သီးချက်ကိုလည်း ထုတ်ဖော်နိုင်ခြင်း မရှိပေ။ နေသာသောညမန္တာန်ကို အသုံးပြုနိုင်မည့် အခွင့်အရေးလည်း ရှိမနေခဲ့သလို ချင်းလင်ကို ကယ်တင်ရာ၌ သူ့အဇူရာဒိုင်းမှာ ပျက်စီးသွားခဲ့ခြင်းကြောင့် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ချန်ထားခဲ့သည့် ရှေးအိပ်မက်မန္တာန်အစွမ်းကိုလည်း အသုံးမပြုနိုင်ဘဲ ရှိ၏။

အခုချိန်၌ ဝမ်လင်းထံတွင် သူ့ကိုယ်ပွားသပ်သပ်သာ ရှိနေကာ ထိုကျင့်ကြံသူကို သတ်ဖို့မှာ အလွန်ခက်ခဲနေသည်။

အထူးသဖြင့် သည်ကောက်ကွေ့ချန်၏ အဖြူရောင်အလင်းက သူ့ညာခြေထောက်ကို သွေးများ ပန်းထွက်စေခဲ့သေး၏။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲ၌ ဥပဒေသအမျိုးအစားအချို့ ပါဝင်သည့် မူလစွမ်းအင်မှာ သောင်းကြမ်းနေသည်။

ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သာ သူ့မူလစိတ်ဝိညာဉ်ပတ်လည်တွင် ရှိမနေပါက သူ သေနေလောက်ပေပြီ။ ကံကောင်းစွာဖြင့် ဝမ်လင်း၏ခန္ဓာကိုယ်က သာမန် မဟုတ်ဘဲ ရှိနေ၏။ ဟင်္သာငှက်နတ်ကလန်၌ သန့်စင်မွန်းမံပြီးနောက် သူ့ခန္ဓာကိုယ်ထဲ၌ မီးနှင့်မိုးကြိုးတို့၏ ဥပဒေသများ ပါဝင်နေခဲ့ပေသည်။

ထို့အတွက်ကြောင့် သူသည် ကောက်ကွေ့ချန်၏ မန္တာန်ကြောင့် သေမသွားဘဲ ဒဏ်ရာသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဝမ်လင်းက ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့ဘဝတွင် အန္တရာယ်အထွေထွေကို ကြုံခဲ့ဖူး၏။ ထို့ကြောင့် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများ၏ အန္တရာယ်ကို ကောင်းကောင်း သိထားသည်။

အခု အန္တရာယ်က သူ့ ရှေ့တွင် ရောက်နေရာ ဝမ်လင်းအဖို့ အများကြီးတွေးနေဖို့ အချိန် မရှိပေ။ သူက သည်တိုက်ပွဲကို မြန်မြန် ဖြတ်ကာ ဒီနိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူကို သတ်နိုင်မှ ဖြစ်ပေမည်။ သူ့ဘယ်လက်ညွှန်ချက်နှင့်အတူ အရှင်လေဟာနယ်နှင့်ရှေ့ဖြစ်ဟောသူတို့၏ စိတ်ဝိညာဉ်နှစ်ခုက တိုးဝင်သွားခဲ့ကြပြီး ဖြစ်၏။

ထိုအားကောင်းလှသည့် စိတ်ဝိညာဉ်နှစ်ခုကို ရင်ဆိုင်ရာ၌ ကောက်ကွေ့ချန်က အတော်လေး သတိထားနေ၏။ သူ့ကျင့်ကြံမှု သက်တမ်းအတွင်း သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်က နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သည့် မန္တာန်မျိုး လုံးဝ မတွေ့မြင်ခဲ့ဖူးပေ။

ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်မှာ ရူးသွပ်လာဟန် ရကာ မြန်ဆန်စွာ ချိပ်ဟန်များကို ဖြစ်စေ၍ မန္တာန်များကို ပစ်လွှတ်၏။ ထိုမန္တာန်များသည် ဝေဝါးကာ အစစ်အမှန် မဟုတ်၊ သို့သော် ၎င်းတို့က လောက၏ ဥပဒေသကို ကောက်ကွေ့ချန်ထံ တိုက်ရိုက် တိုးဝင်စေနိုင်စွမ်း ရှိနေသည်။

အရှင်လေဟာနယ်၏ စိတ်ဝိညာဉ်လည်း ရှိသေးချေ၏။ သူက မသေခင် ပထမကောင်းကင်ဘုံဒုက္ခအဆင့်ကို ရောက်ရှိခဲ့ခြင်းကြောင့် သူ့လက်ကို ဝေ့ယမ်းရာ မိုးကြိုးမုန်တိုင်းတစ်ခုသည် ကောက်ကွေ့ချန်၏ မန္တာန်များကို တိုက်ခိုက်ရန် ပေါ်လာလေပြီ။

ဝမ်လင်းတွင်သာ အချိန်အတွက် ပူပန်မှု ရှိမနေပါက သူသည် အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူတို့ကို အသုံးချ၍ ကောက်ကွေ့ချန်ကို သတ်မည် ဖြစ်၏။ သို့သော် ဝမ်လင်းထံ၌ အချိန်မရှိသလို သည်အစွမ်းထက်စိတ်ဝိညာဉ်နှစ်ခုကို အချိန်အကြာကြီး တိုက်ခိုက်စေဖို့ ကောင်းကင်ဘုံမူလစွမ်းအင်လည်း ရှိမနေပေ။

ဆန်းကြယ်လက်နက်မန္တာန်က သူ့ကောင်းကင်ဘုံမူလစွမ်းအင်အများကြီးကို သုံးစွဲရစေသည် မဟုတ်လား။

အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူတို့က ကောက်ကွေ့ချန်နှင့် တိုက်ခိုက်နေကြစဉ် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ သံဓားကို စူးရဲစွာ ကြည့်၏။ သူက ဓားကို ကြမ်းတမ်းစွာ ပိုင်းချရာ ဓားစွမ်းအင်တန်းတစ်ခု ပေါ်လာသည်။ ၎င်းက ပုံရိပ်ယောင်ဧရာမဓားကြီးအဖြစ်သို့ ပြောင်း၍ ကောက်ကွေ့ချန်ထံ ပိုင်းချလာသည်။

ထိုမျှနှင့် အဆုံးမသပ်သေးပေ။ ဝမ်လင်းက မျက်လုံးမှိတ်၏။ သူက သံဓားကို ထိန်းချုပ်မှုအား လွှတ်ပေးကာ ၎င်းဘာသာ လှုပ်ရှားစေသည်။ သံဓားသည် ဝမ်လင်းလက်ထဲကနေ လွတ်သည်နှင့် နောက်တစ်ကြိမ် ပိုင်းချလာ၏။

အလင်းတန်းများ စက်ဝန်းအသွင် ဖြစ်တည်ကာ မြူများကို ဖြတ်သန်း၏။ အလင်းတန်းတစ်ခုစီက ဓားစွမ်းအင်တန်းတစ်ခုကို ကိုယ်စားပြုသည်။ ဓားစွမ်းအင်တန်းများသည် ဝမ်လင်းထံမှ မူလစွမ်းအင်များစွာကို သုံးစွဲထားပေသည်။

မျက်စိတစ်မှိတ်အတွင်း ဓားဆယ့်သုံးချက် ကျဆင်းလာ၏။ ဝမ်လင်းက သံဓား သူ့ဟာသူ လှုပ်ရှားနေရင်း မျက်လုံးမှိတ်လျက် သူ့လက်ကို ရွှေ့လျားသည်။ မထင်မှတ်စွာ ဝမ်လင်းထံကနေ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပေါ်လာ၏။ လောကသည် ဤဓားကြောင့် ဖျက်စီးခံရတော့မည့်အလား။

ထိုတိုက်ခိုက်မှုများက ချက်ခြင်းလိုလို ဖြစ်ပွားလာခြင်းတည်း။ ကောက်ကွေ့ချန်က အရှင်လေဟာနယ်နှင့်ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်တို့ဖြင့်ပင် အလုပ်ရှုပ်နေရ၏။ သူ့လက်ဖြင့် ချိပ်ဟန်မျိုးစုံကို ဖြစ်စေကာ ရတနာလက်နက်များနှင့်အတူ တိုက်ခိုက်နေ၏။ သို့သော် သူ့မျက်နှာက ဖြူရောနေသည်။ သူက သံဓားသည် နိဗ္ဗာနလေဟာနယ်ရတနာမှန်း သိထားသော်လည်း ထိုအဆင့်လက်နက်ရတနာများကြား ခွန်အားအရာ၌ ကွာခြားမှု ရှိပေ၏။

သူ စိတ်ကူးကြည့်၍ မရသည်က ဓားစွမ်းအင်၏ စွမ်းအားပင်။ အခုချိန်၌ သူသည် သူ့ဘေးပတ်လည်ရှိ ဓားစွမ်းအင်များကို ထင်ရှားစွာ မြင်၏။ သို့သော် သူ မရှောင်နိုင်ပေ။ သူက မာန်သွင်းကာ သူ့အား တစ်နေရာတည်း ချုပ်ထား၍ တိုက်ခိုက်နေသည့် စိတ်ဝိညာဉ်နှစ်ခု၏ လက်ကနေ ချိုးဖျက်နိုင်ဖို့ ကြိုးစားသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ့မျက်နှာမှာ ဖြူရောနေလျက် သံဓားကို ပြန်ဆွဲယူ၏။ ထို့နောက် သူက တစ်ဆက်တည်း ခြောက်ကြိမ်တိတိ ခုတ်ပိုင်းချသည်။

စုစုပေါင်း ဓားချက် ဆယ့်ကိုးချက်။ ၎င်းဓားချက်တို့က ဝမ်လင်း၏ မူလစွမ်းအင် (၆၀)ရာခိုင်နှုန်းကို သုံးစွဲပစ်ခဲ့ပေပြီ။ သူက နောက်သို့ ဆုတ်၏။ ပုံရိပ်ယောင်ဧရာမဓားကြီး ဆယ့်ကိုးလက်သည် ရုတ်တရက် ကောက်ကွေ့ချန် ဘေးပတ်လည်တွင် ပေါ်လာလေ၏။

ဝမ်လင်း၏ ခုလက်ရှိ ခွန်အားဖြင့် သူက ဆက်၍ ဓားချက် ထုတ်ဖော်နိုင်သေးသည်။ သို့သော် ၎င်းတို့ကို ထုတ်ဖော်ပါက အကျိုးဆက်တန်ပြန်မှုမှာ သူ မျှော်လင့်သည်ထက် ပိုသွားနိုင်၏။ ထို့ကြော့် သူက သံဓားကို အပြီးသပ် ပိုင်းချခြင်းပင်။ ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဓားချက်ဆယ့်ကိုးချက်ကို ထိန်းချုပ်နိုင်သေး၏။ ဆယ့်ကိုးချက် နောက်တွင် သူက ရပ်တန့်ခြင်လျှင်ပင် ရပ်တန့်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

“ခုတ်ပိုင်းခြင်း…” ဝမ်လင်းသည် အော်ဟစ်မာန်သွင်း၏။ ဓားကြီးကိုးလက်က ကျဆင်းလာသည်။ ၎င်းတို့က ကောက်ကွေ့ချန်ထံ တန်းတန်းမတ်မတ် ဦးတည်သည်။

ထိုအရာကား အံ့မခန်းမြန်လွန်း၏။ ကောက်ကွေ့ချန်သည် နိဗ္ဗာနလေဟာနယ်ဓား၏ ဓားချက်ဆယ့်ကိုးချက်ကို ခုခံနိုင်စွမ်း မရှိချေ။ တုန်ဟည်းသံများနှင့်အတူ ဓားချက်များက သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွား၏။

သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ ချက်ခြင်းပင် အစိတ်အပိုင်းဆယ့်ကိုးခု ကွဲထွက်၏။ သွေးများ နေရာအနှံ့သို့ ပေါက်ကွဲထွက်ကုန်၏။

ကောက်ကွေ့ချန်၏ခန္ဓာကိုယ် ပျက်စီးသွားခြင်းနှင့်အတူ နာကျင်စွာ အော်ဟစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ တကယ်တော့ သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ဖြစ်ကာ ထို့ကြောင့် သူ့မူလစိတ်ဝိညာဉ်မှာ သူ့ဦးခေါင်းထက်ကနေ လွတ်မြောက်လာနိုင်၏။ သူက သူ့ခလောက်တံရတနာကို ယူဆောင်ပြီး မြန်ဆန်စွာ ပြေးတော့သည်။

ကောက်ကွေ့ချန်က အလွန် ကြောက်နေမိပေပြီ။ သူက ထိုဆံဖြူကျင့်ကြံသူက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကိစ္စနှင့်ပတ်သတ်၍ သိထားသည် ဟူ၍ပင် ခံစားချက် ရနေ၏။ ရှီလောရှင်း၏ သေဆုံးမှုသည်ပင် သည်လူနှင့် ပတ်သတ်နေလောက်၏။

“ဒီလူက အခုလိုမျိုး အစွမ်းထက် ရတနာ ရှိနေတာ ဘယ်ကလန်ကများလဲ။ ဖြစ်နိုင်တာက သူဟာ အဆင့်ရှစ်ဒေသကများလား…” ထိုအကြောင်းကို တွေးမိကာ ကောက်ကွေ့ချန်သည် အဆုံးစွန်တုန်လှုပ်မိ၏။ သူ့မူလစိတ်ဝိညာဉ်ဖြင့် အရူးအမူး ပျံသန်းတော့သည်။ သူက သူ့ကလန်သို့ အခုကိစ္စကို ပြောမှ ဖြစ်ပေမည်။

သူက သူ့ကလန်၏ ဒုတိယအသုတ်မှာ မကြာခင် ရောက်လာတော့မည်ကို သိထား၏။ ထို့ကြောင့် သူ့အတွက် အချိန်နည်းနည်းသာ ပို တောင့်ခံထားရန် လို၏။

ဝမ်လင်း၏မျက်နှာမှာလည်း ဖြူရောနေ၏။ ကောက်ကွေ့ချန်၏ မူလစိတ်ဝိညာဉ် ထွက်ပြေးသည့် အခိုက်၌ သူ့ဘယ်မျက်လုံးထဲတွင် မီးတောက်တစ်ခု ပေါ်လာ၏။ သူ့ပတ်လည်တွင် မွန်းစတားဆန်သောမီးတောက်တစ်ခု ပေါ်လာကာ မီးတောက်ပင်လယ် ဖြစ်တည်၏။ သေချာကြည့်ပါက ထိုမီးတောက်ပင်လယ်တွင် မီးတောက်အလွှာကိုးခု ရှိသည်ကို တွေ့နိုင်ပေမည်။

ဆန်းကြယ်အသွင်ပြောင်းခြင်းကိုးခု။

ထိုမီးတောက်အလွှာကိုးခု ပေါ်လာသည်နှင့် ၎င်းတို့က ဝမ်လင်း ပတ်လည်တွင် မြန်ဆန်စွာ ကျုံ့၏။ ဝမ်လင်း၏ ခန္ဓာကိုယ်သည်ပင် လောင်ကျွမ်းခံရသည်နှင့် တူနေကာ သူသည် ရှေ့သို့ ခြေလှမ်းသည်။

ထိုခြေလှမ်းနှင့်အတူ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလျက် ပေရာချီအဖြူရောင်ဟင်္သာငှက်တစ်ကောင် ပေါ်လာ၏။ ထိုဟင်္သာငှက်မှာ ဝမ်လင်းပင်။

သူ့တောင်ပံခတ်သံတစ်ချက်နှင့်အတူ ဟင်္သာငှက်ဝမ်လင်းက ကောက်ကွေ့ချန်ကို မှီလာကာ ထိုသူ၏မူလစိတ်ဝိညာဉ်ကို ဝင်ဆောင့်ပစ်သည်။

ထိုအခါ ကောက်ကွေ့ချန်၏ မူလစိတ်ဝိညာဉ်၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားကာ သူက နာကျင်စွာ အော်ဟစ်၏။ သူက သေခြင်းတရား နီးကပ်လာသည်ကို ခံစားမိရာ ထိုအခိုက်အတန့်၌ သူ့အဖို့ တွေးနေဖို့ပင် နောက်ကျနေပေပြီ။ သူ့လက်ကို လှုပ်ရှားရင်း မျက်လုံးထဲတွင် ရူးသွပ်မှုတစ်ခု ပေါ်လာကာ သူ့မူလစိတ်ဝိညာဉ်ထံမှ အဖျက်အစီးအော်ရာတစ်ခု ထွက်ပေါ်လာတော့သည်။

ထိုအန္တရာယ်အခိုက်အတန့်တွင် သူက သူ့မူလစိတ်ဝိညာဉ်ကို ဖျက်စီးပစ်ရန် ရွေးချယ်လိုက်သည်။ သို့သော် သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့ကိုယ်သူဖျက်စီးခြင်းကို ထိန်းချုပ်နိုင်သည်။ သူ ကိုင်ထားသည့် အဖြူရောင်ခလောက်တံရတနာက သူ့ထိန်းချုပ်မှုဖြင့် ဟင်္သာငှက်ထံ တစ်ဖြောင့်တည်း တိုးဝင်သွားသည်။

သို့ရာတွင် ထိုခလောက်တံက ဟင်္သာငှက်ကို မရပ်တန့်စေနိုင်ပေ။ ၎င်းငှက်က ကောက်ကွေ့ချန်ကို ဝင်တိုက်သွားသည်။ မီးတောက်များသည် ကောက်ကွေ့ချန်၏မူလစိတ်ဝိညာဉ်ကို ဝန်းရံသွား၏။

နာကျင်စွာအော်ဟစ်သံများနှင့်အတူ သူ့မူလစိတ်ဝိညာဉ်က အားနည်းသွားပေပြီ။ သူသည် မီးတောက်များ ဖုံးလွှမ်းနေရင်း နောက်ဆုတ်ကာ လျင်လျင်မြန်မြန် ထွက်ပြေး၏။

သူ ထွက်ပြေးနေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေရာ ဆန်းကြယ်စာလုံးများ သူ့ဘေးပတ်လည်တွင် ပေါ်လာတော့သည်။ ဧရာမမြွေစိတ်ဝိညာဉ်တစ်ခု သူ့ရှေ့တွင် ပေါ်လာ၏။ ၎င်း ပေါ်လာသည်နှင့် ကောက်ကွေ့ချန်က ရှိုက်သွင်းကာ ထိုမြေကြီး၏ စိတ်ဝိညာဉ်ကို ကျုံ့၍ ချက်ခြင်း ပျက်စီးစေသည်။

သူ့အသက်သားရဲစိတ်ဝိညာဉ်ကို စုပ်ယူပြီးသည့်နောက် ကောက်ကွေ့ချန်က နောက်မလှည့်တမ်း အရူးအမူး ပြေးသည်။

ဟင်္သာငှက်သည် ပျောက်ကွယ်သွားကာ ဝမ်လင်းအသွင် ပြန်ဖြစ်ပေါ်သည်။ သူ့ရင်ဘက်တွင် သွေးများရွှဲနစ်ကာ အဖြူရောင်အရိုးများကိုပါ မြင်နေရသည်။ သူက ကောက်ကွေ့ချန်ကို စူးစိုက်ကြည့်ရင်း သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်မှာ ပို၍ အားကောင်းလာ၏။

“ရှေ့ဖြစ်ဟောသူရဲ့ စိတ်ဝိညာဉ်၊ ငါ့နတ်ဘုရားအာရုံနဲ့ ပေါင်းစည်းစေ…” ဝမ်လင်းသည် ရပ်တန့်ခြင်းမန္တာန်ကို အသုံးမပြု၊ ထိုအစား ရှေ့ဖြစ်ဟောသူ၏ မူလစိတ်ဝိညာဉ်ထံသို့သာ ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လက်ညွှန်သည်။ စိတ်ဝိညာဉ်၏မျက်လုံးက လင်းလက်ကာ အလင်းတန်းအသွင်ပြောင်း၍ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ ရုတ်တရက် သူ့မျက်လုံးတို့က တည်ငြိမ်လာသည်။ ထိုတည်ငြိမ်မှုက အရာရာကို ထွင်းဖောက်မြင်နိုင်သည့် အကြည့်မျိုးနှင့် တူ၏။ ဝမ်လင်း ဘဝတွင် တွေ့ကြုံဖူးခဲ့သည့် မရေမတွက်နိုင်သော ကျင့်ကြံသူများထဲ၌ ရှေ့ဖြစ်ဟောသူကသာ အခုလိုအသွင်ဟန်ပန်မျိုး ရှိသူ ဖြစ်သည်။

ချင်းလင်ထံမှ ကံကောင်းမှု ရရှိပြီးနောက် ဝမ်လင်းက ပေဖန်၏မန္တာန်များ အပေါ် ဉာဏ်အလင်း ရရှိလာခဲ့သည်။ ဆန်းကြယ်လက်နက်မန္တာန်ကို အကန့်အသတ်သို့ ရောက်လာသည့်နောက် သူက စိတ်ဝိညာဉ်တစ်ခုကို သူနှင့် ပေါင်းစပ်နိုင်စွမ်း ရှိလာသည်။

ကောက်ကွေ့ချန် လွတ်မြောက်နေသည်ကို လစ်လျူရှုထားလျက် ဝမ်လင်းသည် မျက်လုံးဖြည်းဖြည်းချင်း မှိတ်သည်။ တစ်ချိန်တည်းမှာ သူက ဘယ်လက်ကို ပင့်မြှောက်၍ အကွာအဝေးတစ်ခုထံ လက်ညွှန်သည်။

ချက်ခြင်းပင် အကွာအဝေးတစ်ခု၌ မုန်တိုင်းတစ်ခု ပေါ်လာ၏။ အဝါရောင်လှိုင်းတွန့်များ ပေါ်လာရင်း မြူများ တဝီဝီ လှည့်ပတ်သည်။ ထိုလှိုင်းများ၏ ဗဟိုချက်၌ ဧရာမလက်ဝါးတစ်ခုသည် လက်ညှိုးပင့်မြှောက်မှုနှင့်အတူ ပေါ်လာ၏။ ကျန်သည့် လက်ချောင်းများက လက်သီးစုပ်ဟန် ဖြစ်ပေါ်သည်။

ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း။

ဝမ်လင်းက သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကာ ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်ကို လမ်းညွှန်အဖြစ် အသုံးချသည်။ ကောင်းကင်ဘုံကံကြမ္မာလက်ချောင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းပေါ်တွင် ကျဆင်းလာခဲ့ပေပြီ။ ၎င်းသည် အံ့မခန်းအဟုန်နှင့်အတူ ရွှေ့လျားကာ ထွက်ပြေးနေသော ကောက်ကွေ့ချန်ထံ ဦးတည်၏။ သူက မည်မျှ ခက်ခက်ခဲခဲ ကြိုးစားပါစေ ထိုလက်ချောင်း သူ့ခန္ဓာကိုယ်ပေါ်သို့ တဖြည်းဖြည်း ကျရောက်လာခြင်းကို မရှောင်နိုင်တော့ပေ။

ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း ကျရောက်လာသည့်အခါ နောက်ဆုံးတွင် ကောက်ကွေ့ချန်၏ မူလစိတ်ဝိညာဉ်သည် အလင်းအစက်အပြောက်များအဖြစ် ပျက်စီးသွားသည်။ လက်ချောင်းကလည်း သူနှင့်အတူ ပျောက်ကွယ်သွားပေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေ၏။ ဝမ်လင်း၏ အစကနေ အဆုံးထိ တိုက်ခိုက်မှုမှာ အချိန်တိုတောင်းစွာသာ ကြာမြင့်ခဲ့၏။ ထို့နောက် ဝမ်လင်းသည် အကွာအဝေးတစ်ခုထံ ဦးတည်သွားတော့သည်။

“ငါ့မူလခန္ဓာကိုယ်သာ ဒီမှာ ရှိနေရင် ဒီတိုက်ပွဲဟာ အခုလောက် ခက်ခဲမှာ မဟုတ်ဘူး။ စမ်းသပ်မှုသုံးခုကပ်ဘေးခုနစ်ခု…၊ ငါ့မူလခန္ဓာကိုယ်က ဒါကို ဖြတ်ကျော်နိုင်မလား ငါ သေချာ မသိဘူး…” ဝမ်လင်းက ညာလက်ဖြင့် သူ့ရင်ဘက်ကို အုပ်၏။ ထိုအခိုက်အတန့်၌ သူ့ရင်ဘက်အတွင်းကနေ မရေမတွက်နိုင်သောအဖြူရောင်အမျှင်တန်းများ ထွက်ပေါ်လာကာ နာကျင်မှု ပေါက်ကွဲထွက်လာ၏။

ဝမ်လင်းသည် ဦးတည်သွားနေရင်း မိုးကုပ်စက်ဝန်းထဲသို့ ပျောက်ကွယ်သွားလေတော့၏။

ငါးရက်ကြာပြီးနောက် မိုလျိုကုန်းမြေသည် သူ့မျက်လုံးရှေ့၌ ပေါ်လာ၏။ ဝမ်လင်းက စိတ်သက်သာရာရစွာ ခုမှ စိတ်အေးနိုင်တော့၏။

ဝမ်လင်းသည် ကောက်ကွေ့ချန်ကို သတ်ပစ်ပြီးနောက် ရှီလောရှင်း၏သေဆုံးမှုက အခြားကလန်များကပါ သိသွားပလားတော့ သူလည်း မသိပေ။ ထိုအရိုင်းကုန်းမြေ၏ ဟင်းလင်းပြင်မှာ ချက်ခြင်းပင် တင်းတင်းကြပ်ကြပ် ချိပ်ပိတ်ခြင်း ခံထားရပေပြီ။

ကောက်ကွေ့ချန်၏ သေဆုံးမှုက သန့်ရှင်းသောပန်းကလန်ကို တုန်လှုပ်စေခဲ့၏။ ချိပ်ပိတ်ဧရိယာအတွင်း သူတို့က လူသတ်သမားကို အရူးအမူး ရှာဖွေကြ၏။ သို့သော် ဝမ်လင်းက အဝေးသို့ ရောက်နေခဲ့ပေပြီ။

အဆင့်ခြောက်ဒေသမှ ကျင့်ကြံသူများသည် ရှီလောရှင်း၏ အလောင်းမှာ တောင်ကြားထဲတွင် ရှိနေသည်ကို တွေ့ခဲ့ကြ၏။ သူတို့အားလုံး၏ ပစ်မှတ်က အဆိပ်ငါးပါးကလန် ဖြစ်လာခဲ့ပေပြီ။ ကလန်အားလုံး၏ ရန်လိုသည့် အကြည့်ကို ရင်ဆိုင်ရကာ အဆိပ်ငါးပါးကလန်သည် ရှင်းပြနိုင်စွမ်း မဲ့ရ၏။

အဆင့်ငါးဒေသအတွင်း၌ အုံ့ပုန်းလှုပ်ရှားမှုတို့ စတင် ပေပြီ။

မိုလျိုကုန်းမြေသို့ ပြန်ရောက်ရှိလာပြီးနောက် ဝမ်လင်းက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ မူလကလန်ထံ တန်းသွားသည်။ သူက အဆင့်ငါးဒေသမှာ ဗရမ်းဗတာဖြစ်တော့မည်ကို သိလေ၏။ အဆင့်ခြောက်ဒေသမှ ကျင့်ကြံသူများသည် သူတို့၏ ရှာဖွေမှုကို နယ်ချဲ့လာတော့မည် ဖြစ်ရာ ထိုအခါ မူလကလန်၌ သူ့နောက်ခံပုံရိပ်သည် အလွန်အရေးပါပေမည်။

ဝမ်လင်း ပြန်ရောက်လာမှုက မူလကလန်ထဲ၌ အာရုံစိုက်မှုများစွာ မဖြစ်စေခဲ့ပေ။ သူက ချက်ခြင်းပင် တောင်ဘက်ခြံဝန်းတွင် ပေါ်လာ၏။ သူ ပေါ်လာသည်နှင့် အခန်းအပြင်တွင် ထိုင်နေသည့် ရှုယန်က တွေ့မြင်သွားရာ အံ့အားသင့်ဟန် ဖြစ်သွားသည်။

“နင်…” ရှုယန်က စကားပြောရန် ပြင်၏။ သို့သော် ဝမ်လင်းက သူမကို အာရုံမစိုက်ဘဲ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ဆေးပင်များစွာ ပေါ်လာကာ သိပ်မကြာခင်တွင် သူတို့ကြား၌ တောင်ငယ်တစ်ခုလိုပင် ဖြစ်သွားသည်။

“ငါ နင့်ဆေးပင်တွေ ပြန်ပေးတာ…” ဝမ်လင်းသည် ထိုသို့ တစ်ခွန်းသာ ဆို၍ သူ့အိမ်ထဲသို့ ဝင်သွားသည်။

ရှုယန်က သူမရှေ့ရှိ ဆေးပင်များကို ကြည့်ကာ ပင့်သက်ရှိုက်မိသည်။ သူမအမြင်၌ သူမသည် ထိုမျှများပြားသည် ဆေးပင်များကို ရဖို့ရာ အလွန်ခက်သည်။ သူတို့၏ တန်ဖိုးက ဝမ်လင်း အသုံးပြုခဲ့သည့် ဆေးပင်များထက် များစွာ ပိုထိုက်တန်၏။

သူမသည် အချိန်အတန်ကြာထိ မင်သက်မိနေပြီးမှာ သတိပြန်ဝင်လာကာ စိတ်သက်သာရာ ရသွားတော့သည်။ ဝမ်လင်း ထွက်ခွာသွားသည့်နောက် သူမသည် သူမဆရာ၏ နေ့စဉ် အဆူခံထိခဲ့သည်။ သူမ၏ဆရာက စီနီယာစန်နူးသာ ပြန်မလာခဲ့ပါက သူမ၏ ဆရာက ခရမ်းရောင်တာအိုကလန် ရောက်ရှိလာချိန်၌ သူမသည် ကလန်ကို ပျက်စီးမှု ဆိုက်စေသည့်သူ ဖြစ်လာမည်ဟု ပြောခဲ့သည်။

ဝမ်လင်းက အလေးအနက်အကြည့်ဖြင့် သူ့အိမ်ကို ကြည့်ကာ သူ့ရင်ဘက်ကို ညာလက်ဖြင့် ညွှန်သည်။ သူ့မျက်နှာက ဖြူရောနေ၏။ သူက စတင် ကျင့်ကြံသည်။သိပ်မကြာခင်တွင် အဖြူရောင်လိုင်းများသည် တလက်လက် ဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲကနေ အတင်းကန်ထွက်လာ၏။

အဖြူရောင်လိုင်းများက တွန့်လိန်ကာ အဆုံးစွန်ကြမ်းတမ်းဟန် ပေါက်သည်။ ဝမ်လင်းက သူ့ညာလက်ဖြင့် အဖြူရောင်လိုင်းများကို ခပ်သွက်သွက် ဖမ်းယူ၏။ သွေးများ ပန်းထွက်ကာ သူ့အဝတ်အစားများ နီမြန်းကုန်သည်။

သူ့လက်ထဲရှိ အဖြူရောင်လိုင်းများကို စူးစိုက်ကြည့်ရင်း ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြစ်ပေါ်သည်။ သူက ၎င်းတို့ကို ခပ်ကြမ်းကြမ်း ညှစ်ချေကာ ဖုန်မှုန့်ဖြစ်သွားစေသည်။ ဝမ်လင်းသည် ဆက်လက်ကျင့်ကြံရင်း သူ့ခန္ဓာကိုယ်ထဲမှ အဖြူရောင်လိုင်းအမျှင်တန်းများကို ထုတ်ပစ်နေသည်။

သူက သည်ပြန်လာသည့်လမ်းတစ်လျှောက်တွင်လည်း အချိန်အများစုကို ထိုကဲ့သို့ ရင်ဘက်ကနေ အဖြူရောင်အမျှင်လိုင်းများကို ထုတ်ပစ်ခဲ့ရာ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲ၌ များစွာ မကျန်တော့ပေ။

ဝမ်လင်း မူလကလန်သို့ ပြန်ရောက်လာပြီး တတိယမြောက်နေ့တွင် သူက အဖြူရောင်အမျှင်လိုင်းအားလုံးကို ထုတ်ပစ်ပြီးသွားခဲ့လေပြီ။ နောက်ဆုံးအဖြူရောင်အမျှင်လိုင်းကို ဖျက်စီးပြီးနောက် ဝမ်လင်းမျက်လုံးတို့က တောက်ပလာ၏။

သူ့ညာလက်ဖြင့် လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ် ပေါ်လာသည်။ ကျောက်စိမ်းပြားနှင့် သားရဲအရိုးပိုင်းဆေးညွှန်းတို့က သူ့လက်ထဲသို့ ပျံသန်းဝင်လာ၏။

ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှုသွင်း၏။ ၎င်းတို့ကို ရရှိလာပြီးနောက် သူက လေ့လာဖို့ငှာ အချိန် မရခဲ့ပေ။ အခုမှ နောက်ဆုံးတွင် စိတ်အေးရကာ လေ့လာရန် ပြင်နိုင်သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားကာ ကျောက်စိမ်းပြားနှင့်အရိုးပိုင်းတို့ကို ပြန်သိမ်းဆည်း၏။ ဖျပ်ခနဲပင် သူသည် ပျောက်ကွယ်သွားကာ သူ့မူလခန္ဓာကိုယ်ရှိနေသော မြေအောက်သို့ ဦးတည်သွားလေ၏။

“စမ်းသပ်မှု…”

***

Comment

Leave a Reply

Options

not work with dark mode
Reset