” ဘာလို့ အမိန့်ပေးလို့ ရလဲဟုတ်လား။ ငါက အလယ်တောင်ထိပ်ရဲ့ သွေးသခင် ဖြစ်နေလို့ပေါ့ကွာ ”
ဂိုဏ်းနှစ်ဂိုဏ်းမှာ စစ်ဖြစ်လုဆဲဆဲဖြစ်ပြီး တိုက်ကြခိုက်ကြရန် အကွာအဝေးသိပ်မလိုတော့ချေ။ သို့သော် ပိုင်ရှောင်ချန်း၏ အသံမှာ ပြတ်ပြတ်သားသား ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူ့ စကားလုံးများ၏ နောက်တွင် သွေးချီများက အရပ်မျက်နှာတစ်ခွင်သို့ပေါက်ကွဲထွက်သွားပြီး သူ၏အသံမှာ ဖော်ပြ၍ မစွမ်းသာအောင် ထိတ်လန့်အံ့သြဖွယ်ကောင်းလေသည်။
သူက ရက်စက်ယုတ်မာသည့်ပုံကြိုးစားဖမ်းနေခြင်းမဟုတ်သော်လည်း ညမုဆိုး မျက်နှာဖုံးကြောင့် သူ့ပုံက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိခဲ့သကဲ့သို့ သဘာဝကျကျထင်ဟပ်လာလေသည်။ သူ၏အသံသြဇာမှာ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းကာ မိုးကောင်းကင်ကြီးတုန်လှုပ်၍ မြေပြင်တို့ကွဲအက်သွားစေသည့် အရှိန်အဝါများက သူပ့တ်လည်တွင်ဝန်းရံနေပြီး အရာအားလုံးမှာ တိတ်ဆိတ်သွားလေသည်။
ယခုတဒင်္ဂပြောလိုက်သည့် စကားလုံးများ၏နောက်ကွယ်ရှိ ဂယက်ရိုက်ခတ်မှုကို မည်သူမှ မထင်မှတ်ထားခဲ့ပေ။ နှစ်ဂိုဏ်းစလုံးရုတ်ခြည်း အလွန်တရာတုန်လှုပ်သွားကြပြီး သူတို့၏နှလုံးတွင် စိတ်ချောက်ချားအံ့သြမှုလှိုင်းလုံးများ အဆက်မပြတ်တိုးဆောင့်လာလေသည်။
မလှမ်းမကမ်းမှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ ဧရာမတိမ်တိုက်ကြီးများနှင့် တူလေသည်။ တစ်ခုက အဖြူ။ တစ်ခုက အနီ။ ထိုတိမ်တိုက်ကြီးတို့၏ အစိတ်အပိုင်းအချို့မှာ ရောနှောစပြုနေသည့်တိုင်အောင် တိခနဲရပ်သွားလေသည်။ လူတိုင်းက ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများက ခုခံရန်တခဲနက် ပြင်နေပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများက သတ်ဖြတ်လိုစိတ်များဖြင့် တဟုန်ထိုးပြေးလာသည့် နေရာ စပ်ကြားမှ လှမ်းကြည့်လိုက်ကြသည်။ လူတိုင်းက ပိုင်ရှောင်ချန်းကို ငေးကြည့်နေကြသည်။
ပိုင်ရှောင်ချန်းနှင့် အနီးဆုံးဖြစ်သည့် ကျားလဲ့မှာ မိုးကြိုးပစ်ချလိုက်သည့်အလား ခံစားလိုက်ရ၏။ မျက်လုံးများပြူးထွက်ကာ တုန်ရီလာပြီး အသက်ရှူရန်ပင်မေ့သွားလေသည်။ သူ့မှာ လုံးဝပင် ပြောစရာစကားမရှိအောင်ဆွံ့အသွား၏။ ပိုင်ရှောင်ချန်းပြောလိုက်သည့်စကားတို့က သူ့နားတွင် ပဲ့တင်ထပ်နေပြီး သူ့မျက်လုံးထဲတွင် အလယ်တောင်ထိပ်၏သွေးသခင်ဖြစ်သော ညမုဆိုးကို မြင်လိုက်ရလေသည်။
“မင်း…က… ညမုဆိုး”
သူက ကတုန်တယင်ဖြင့်ပြောလိုက်၏။သွေးသခင်နေရာအတွက် နတ်မီးလျှံစမ်းသပ်ပွဲကတည်းက ညမုဆိုးအပေါ် ကျားလဲ့၏ အကြောက်တရားတို့မှာ ကြီးထွားလာပြီး ယခုတွင်တော့ သူ့မှာ အံ့သြလွန်း၍ နှုတ်ပိတ်သွားလေသည်။
ပိုင်ရှောင်ချန်း၏ပတ်လည်တွင် ရစ်ပတ်နေသည့် သွေးချီများနှင့် အသတ်အဖြတ်အငွေ့အသက်တို့ကြောင့် သက်သေပင်မလိုတော့ချေ။ ကျားလဲ့က သံသယရိပ်မြူမှုန်မှမပါပဲ ထိုသည်က အလယ်တောင်ထိပ်၏ သွေးသခင်ဖြစ်ကြောင်း ချက်ချင်းပြောနိုင်လေသည်။
သူတစ်ဦးတည်းသာလျှင် အံ့သြဆွံအသွားသည့်သူမဟုတ်ပေ။သူ့ထံမှ မနီးမဝေးတွင် ပိုင်ရှောင်ချန်းကို သတ်ပြီး သူ၏ဂုဏ်သိက္ခါကိုမြှင့်ရန်အတွေးများဖြင့် စိတ်လှုပ်ရှားနေသည့် နတ်ဆရာရှိလေသည်။ သို့သော် ပိုင်ရှောင်ချန်းက မျက်နှာဖုံးတပ်လိုက်သည်နှင့် သူက နတ်ဆရာ၏အိမ်မက်ဆိုးထဲတွင် ခြောက်လှန့်နေသော ညမုဆိုးအဖြစ်ပြောင်းသွားလေသည်။
” ည…ညမုဆိုး” သူကကြောက်ဒူးတုန်သွား၏။
” မ..ဖြစ်နိုင်တာ”
တိုက်ခိုက်နေသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတို့တွင် သူတို့နှစ်ဦးသာလျှင် ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။ လွန်ခဲ့သော အချိန်အနည်းငယ်က ရက်စက်ကြမ်းကြုတ်သတ်ဖြတ်လိုစိတ်များက သူတို့မျက်နှာတွင်ထင်ဟပ်နေသော်လည်း ယခုတွင် မူ
သူတို့မှာ အလွန်အမင်း အံ့အားသင့်နေသည်။ သူတို့၏ မျက်နှာကိုသစ်သားချောင်းနှင့် ရိုက်ချလိုက်သကဲ့သို့ မျက်လုံးများ ပြူးထွက်လာကြသည်။
” မ..မ..မင်း ”
“ဘယ်….ဘယ်လိုများဖြစ်နိုင်တာတုံး”
“ဘုရားရေ.. ၊ဝမ်းလျှောမိစ္ဆာ ညမုဆိုးက.. ပိုင်ရှောင်ချန်း”
“သူတို့က တစ်ယောက်တည်းဆိုတာ မယုံနိုင်ဘူးဟေ့”
ရွှီရှောင်ရှန်းမှာ လျှာကိုက်လုမိမတတ်ပင် အတော်လေးအံ့သြသွား၏။ သူ၏ ဘဝတစ်လျှောက်လုံး ယခုကဲ့သို့ ကိုးရို့ကားယားအရာတို့ကို ဘယ်သောအခါမှ မျက်မြင်ကိုယ်တွေ့မကြုံရဖူးပေ။ ၄င်းက သူရုပ်အလောင်းတောင်တွင် ကြုံတွေ့ခဲ့ရသည့် သွေးလေချောက်ချားခြင်းထက်ပင် ယုံရခက်၏။ သူ့မှာ ကယောင်ကတမ်းမြင်နေသည်ဟုပင် ထင်မြင်လာလေသည်။
ထို့နောက် ထိုနေရာတွင် သတ်ဖြတ်လိုစိတ်များတောက်လောင်နေခဲ့သည့် စုန့်ချွဲတစ်ယောက်ရှိ၏။ ယခုတွင် အကုန်လုံး ပြောင်းပြန်ဖြစ်သွားသည်။ သူ့မှာ ဖြစ်ပျက်နေသမျှအား လိုက်ပင်မမှီတော့ချေ။ သူက ပါးစပ်အဟောင်းသားနှင့် တုန်ယင်လျက် သူ့ဘဝတွင်ဖြစ်ခဲ့ဖူးသမျှထက် မျက်လုံးများဗလာကျင်းကာ ထိုနေရာတွင် တန့်နေသည်။
သူ့အတွက်မူ ထိုအရာတို့ကို လက်ခံရန်ခဲယဥ်းလေသည်။ စုန့်ချွဲမှာ ညမုဆိုးက သူ၏ရန်သူဟု သဘောထားခဲ့ပြီး ပိုင်ရှောင်ချန်းက ထို့ထက်ပင်ပိုသည့် ရန်ဖက်တစ်ယောက်ပင်ဖြစ်သည်။ မထင်ထားဖွယ် ထိုရန်သူနှစ်ယောက်စလုံးက တစ်ဦးတစ်ယောက်တည်းဖြစ်နေလေသည်။
စစ်မြေပြင်မှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွား၏။ ဂိုဏ်းနှစ်ခု၏ ခေါင်းဆောင်ကြီးများသည်ပင် တိုက်ခိုက်ရန်မေ့လျော့နေပြီး ပိုင်ရှောင်ချန်းကို ငုံ့ကြည့်နေကြသည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အလွန်တရာအံ့အားသင့်နေပြီး အမျိုးမျိုးသောခံစားချက်များဖြင့် ရောြပွမ်းလျက် ဖြစ်ပေါ်နေသည်။ ခေါင်းဆောင်ကြီးအတုမဲ့က အံ့သြသွားပြီး မသင်္ကာဖြစ်သွားသည့်ပုံပေါ်၏။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီး ထျယ်မုပင် မျက်စိရှေ့တွင်ဖြစ်ပျက်နေသည့် ယုတ္တိမရှိသောဖြစ်ရပ်အား မယုံကြည်နိုင်ဖွယ်ဖြစ်နေလေသည်။
အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများနှင့် သွေးအေးလူသတ်သမားများသည်လည်း အခြားသူများနည်းတူ အံ့သြတုန်လှုပ်နေ၏။ ပိုင်ရှောင်ချန်းနှင့်အတူ ကျမ်းကျိန်ခဲ့သည့် သွေးသခင်သုံးဦးအတွက်မူ ပေါက်ကွဲထွက်မတတ်ပင် ခံစားလိုက်ရလေသည်။
” ညမုဆိုးက.. ပိုင်ရှောင်ချန်း” နွံအိုင်တောင်ထိပ်မှ သွေးသခင်က ရေရွတ်လိုက်သည်။ သူ၏ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများသာလျှင် တုန်လှုပ်သွားခြင်းမဟုတ်ပေ။ ပိုင်ရှောင်ချန်းက မျက်နှာဖုံးတပ်ပြီး ညမုဆိုးအသွင်ပြောင်းသွားလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ လျှပ်စီး မိုးကြိုးများ တရစပ် ပစ်ချခံလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ မရေမတွက်နိုင်သော အံ့သြရေရွတ်သံများ၊ထိတ်လန့်ခြင်းများ၊ မယုံကြည်နိုင်မှုများ၊ သံသယများ နှင့် ပင့်သက်ရှိုက်သံများက လောချိန်တောင်တန်းများအတွင်း ပွက်လောရိုက်သွားလေသည်။
ရှန်ကွမ်းထျန်ယုံက ပိုင်ရှောင်ချန်း သတ်ခံရမည်ကို စောင့်ပြီး ခံစားချက်ကင်းမဲ့စွာ ရယ်နေခဲ့သည်။ သို့သော် ယခုတွင်မူ သူ၏ မျက်လုံးတို့က ဦးခေါင်းခွံထဲမှ ပေါက်ထွက်လုမတတ် ပြူးလာ၏။ ရင်တုန်သွားကာ သူ၏ စိတ်မှာ လုံးဝဗလာကျင်းသွားလေသည်။
ဝိညာဥ်စွယ်၊ ကုန်းစွန်းဝမ်၊ ပေဟန်လဲ့ နှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခြားလက်ရွေးစင်များအားလုံး အလွန်တရာတုန်လှုန်သွားလေသည်။ ကျိုးရှင်းချီမှာမူ ထို့ထက်မျက်လုံးမပြူးနိုင်တော့ချေ။ သူမအတွက် ယခုအခိုက်အတန့်ရှိကမ္ဘာကြီးက လုံးဝပင် ယုတ္တိမဆန်တော့ပေ။
သူမသည် ပိုင်ရှောင်ချန်းက ဟိုရှောင်မေ့ကိုပြောခဲ့သည့် ပိုင်ရှောင်ချန်းသာရှိလျှင် ညမုဆိုးမျက်နှာပင်ပြရဲမှာမဟုတ်ဘူးဟုဆိုသောစကားကို ရုတ်တရက်သတိရသွား၏။
“ဒီ….ဒီ…”
ကျိုးရှင်းချီမှာ သူမ၏ပတ်လည်ရှိအရာအားလုံးက ပရမ်းပတာဖြစ်နေသကဲ့သို့ခံစားလိုက်ရလေသည်။
မလှမ်းမကမ်းတွင် ဟိုရှောင်မေ့က အံ့သြတုန်လှုပ်လျက်ရပ်နေ၏။ သူမမှာ သူမ၏နှလုံးသားထဲရှိ ကြီးကျယ်မြင့်မြတ်သောပိုင်ရှောင်ချန်းက ကျင့်ကြံသူအားလုံး၏ အကြောက်တကာ့အကြောက်ဆုံး ညမုဆိုးလည်းဖြစ်သည်ကို မည်သို့မှ ဆက်စပ်၍မရအောင် ဖြစ်နေလေသည်။
သူမသာ ထိုကဲ့သို့ဖြစ်ပျက်နေခြင်းမဟုတ်၊ ဟိုယွင်ဖေး ၊ ဖက်တီးကျန်းနှင့် အမှတ်သုံးဖက်တီးဟီတို့မှာ ဆွံ့အသွားကြသည်။
လီချင်းဟောက်မှာမူ ပိုင်ရှောင်ချန်းကိုပင် မသိတော့သလို ခံစားလိုက်ရပြီး ထိတ်လန့်အံ့သြစွာပင် ကြည့်နေရုံမှအပ ဘာမှမလုပ်နိုင်တော့ချေ။
လူတိုင်း ချာချာလည်မူးနောက်သွားသည်နှင့် ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြီးအကဲတို့ကို ကြည့်ပြီး အင်္ကျီလက်ကိုခါလိုက်ပြီးနောက် အဆုံးမရှိအေးစက်အက်ကွဲသည့် အသံကြီးဖြင့် ပြောလိုက်သည်။
” သွေးသခင်တစ်ယောက်ကို မနှုတ်ဆက်ဘဲ နေရဲတယ်လား ”
ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် သူက ထာဝရအသက်ရှည်နည်းပညာရပ်ကိုထုတ်ဖော်ပြီး သွေးသခင်တစ်ယောက်၏ စွမ်းအားတို့ကို ပေါ်ထွက်စေလိုက်သည်။ အလယ်တောင်ထိပ်မှ ကျင့်ကြံသူများမှာ ဖိအားကြီးတစ်ခုက သူတို့အပေါ် အဆက်မပြတ်ဖိနှိပ်နေကြောင်းခံစားလိုက်ရ၏။
၄င်းက စစ်မြေပြင်နှင့်ပတ်သက်သည့် သူတို့၏ ခံစားချက်များကို ပြောင်းလဲသွားစေသည့် ထူးခြားခန့်ညားသော ဖိအားကြီးဖြစ်လေသည်။
ကတုန်ကယင်နှင့်ကျားလဲ့မှာ ပထမဆုံးဒူးထောက်ဦးညွတ်သူဖြစ်သည်။ ထို့နောက် နတ်ဆရာ၊ ဒေါသခိုးများတောက်လောင်နေသည့် အလယ်တောင်ထိပ်ဂိုဏ်းသားတို့အားလုံး ချက်ချင်း ဒူးထောက်လာကြရသည်။ အံ့အားသင့်နေသည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ ငေးကြည့်နေကြပြီး စုန့်ချွဲပင်လျှင် ပိုင်ရှောင်ချန်း၏ သွေးသခင်ဖိအားက မရမကဖိနှိပ်မှုကြောင့် ဒူးထောက်ရပြီး ဦးညွတ်ရလေသည်။
“အလယ်တောင်ထိပ်သွေးသခင်ကို…ဂါဝရပြုပါတယ်”
တစ်စထက် တစ်စ အလယ်တောင်ထိပ်ကျင့်ကြံအားလုံးသာမက တပ်ထဲရှိ ခပ်ဝေးဝေးမှ သူများပင်လျှင် တုန်ယင်လျက် ဒူးထောက်လာကြရသည်အထိ ထိုအသံများက ဟိန်းထွက်လာလေသည်။
မျက်စိတစ်ချက် ကစားကြည့်လိုက်လျှင် ပိုင်ရှောင်ချန်းကို နာခံနေသည့် လူပမာဏအတော်များပြီး တပ်ဖွဲ့၏ နှစ်ဆယ်ရာခိုင်နှုန်းပြည့်ပင် ရှိကြောင်းပြောနိုင်လေသည်။ ထိုအကုန်လုံးက အလယ်တောင်ထိပ်မှဖြစ်သည်။
ပိုင်ရှောင်ချန်းက ဖိအားပေးဒူးမထောက်စေသည့် လူတစ်ဦးသာရှိသည်။ ထိုသူက သူနှင့် မီတာသုံးဆယ်မျှ ကွာဝေးပြီး တုန်လှုပ်နေကာ သူမ၏ မျက်ဝန်းအိမ်တွင် မယုံကြည်နိုင်မှူများ၊ နာကျည်းချက်များနှင့် အခြားခံစားချက်မျိုးစုံတို့ ပြည့်နှက်နေသည်။
သူမက အလယ်တောင်ထိပ်၏ မဟာအကြီးအကဲ စုန့်ကျင်းဝမ်ပင်။
သူမ၏တုံ့ပြန်မှုက အခြားသူများနှင့် ကွဲပြားလေသည်။ သူမမှာပို၍နာကျင်နေလေသည်။။ ညမုဆိုးပျောက်နေပြီးနောက် သူမမှာ အိပ်၍ပင်မပျော်ခဲ့ချေ။ သူ့ကို ရှာရန်အတွက် သူမ၏ အခွင့်အာဏာအားလုံး အသုံးချခဲ့သည်။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကိုပင် အပူကပ်ခဲ့ရလေသည်။ စစ်ဖြစ်လုဆဲဆဲတွင် သူမက သွေးဓားကြီးပေါ်တွင် တစ်ကိုယ်တည်းရပ်ကာ ညမုဆိုးဘယ်ရောက်နေလဲစဥ်းစားနေမိသည်။ သူပျောက်ကွယ်သွားသည့် အချိန်ကစ၍ သူမ၏နှလုံးအိမ်တွင် လွမ်းဆွေးနာကြည်းမှုဖြင့် ပြည့်နေခဲ့ရသည်။
ယခုအခြေအနေ အချိန်အခါ၌ စစ်မြေပြင်တွင် သူ့ကို တွေ့ရမည်ဟူ၍ သူမမှာ တစ်ခါမှ မတွေးခဲ့ဖူးချေ။
စုန့်ကျင်းဝမ်က ညမုဆိုးကို စိုက်ကြည့်နေသဖြင့် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ အတော်ကြာပြီးနောက် သူမက ခါးသီးနာကျင်မှုများစွက်နေသော အသံလေးဖြင့်ပြောလိုက်လေသည်။
” မင်း…ဘယ်သူလဲ.။ ညမုဆိုးလား… ပိုင်ရှောင်ချန်းလား…။ ဘယ်…ဘယ်သူလဲ”
သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ခါနေပြီး သူမ၏ မျက်လုံးများက ရဲရဲနီနေသည်။ သူမစကားလုံးတွေထဲမှာ ခံစားချက်များအား ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
ပိုင်ရှောင်ချန်းက ချက်ချင်းမတုံ့ပြန်ပေ။ သူက စုန့်ကျင်းဝမ်အပေါ်ခံစားချက်ကို မသေချာသော်လည်း သူမ၏မျက်ဝန်းအိမ်မှ မျက်ရည်တို့ ဝေ့တက်လာသည်ကို မြင်ရသောအခါ သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
” နှစ်..နှစ်ယောက်လုံးပဲ ”
စုန့်ကျင်းဝမ်၏ မျက်ရည်စက်တို့က ပါးပြင်ပေါ်သို့ တလိမ့်ချင်းစီးကျလာပြီး သူမမှာ မြေပြင်ပေါ်သို့ ဒူးညွတ်ခွေကျသွားလေသည်။
“မင်းက နှစ်ယောက်လုံးတဲ့လား…. ဒီတော့ အကုန်လုံးက အလိမ်အညာတွေပဲပေါ့ ”
သူမမှာ အရူးတစ်ယောက်သဖွယ် ခံစားလိုက်ရသည်။ သူမနှင့် ညမုဆိုးကြားဖြစ်ပျက်ခဲ့သည်များကို ပြန်လည်စဥ်းစားလိုက်သည်တွင် သူမ၏နှလုံးသားကို ဓားဖြင့်မွှန်းသကဲ့သို့ နာကျင်လာလေသည်။ သူမ၏ခန္ဓာကိုယ်မှာ ပျော့ခွေကျသွားပြီး သူမမှာ အကူအညီမဲ့နေသော ကလေးသဖွယ် တရှုံ့ရှုံ့ငိုတော့သည်။
ပိုင်ရှောင်ချန်းက အံတင်းတင်းကြိတ်လိုက်ပြီး ဂိုဏ်းနှစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတို့ကို မော့ကြည့်ကာ အသံကိုမြှင့်၍ ပြောလိုက်၏။
” ကျုပ်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံထားရတဲ့ ပိုင်ရှောင်ချန်းပဲ။ အလယ်တောင်ထိပ်ရဲ့ သွေးသခင် ညမုဆိုးလဲ ဖြစ်တယ် ။ ခေါင်းဆောင်ကြီးတို့ ဒီစစ်ကို ရပ်လိုက်ပါ။ကျုပ်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တိုက်ခိုက်တာနဲ့ပဲ ဖြေရှင်းလို့ရတာ မဟုတ်ဘူး”
“နှစ်ဖက်လုံး ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ယုံကြည်မှုအကြောင်းရင်းဖြစ်နိုင်တဲ့ အရာတစ်ခုလိုတယ်။ ကောင်းပြီ…ကျုပ်က အဲ့ဒီ ယုံကြည်မှုအကြောင်းရင်း မဖြစ်နိုင်ဘူးလား..”
သူ၏စကားများ စစ်မြေပြင်တစ်ဝှမ်းပျံ့နှံ့သွားပြီး ကြားလိုက်ရသည့်ကျင့်ကြံသူများမှာ မည်သည်မှ မတုံ့ပြန်ကြပေ။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ချီတုံချတုံဖြစ်လျက် လေထဲတွင် ရပ်တန့်နေ၏။ ညမုဆိုးက ပိုင်ရှောင်ချန်းဖြစ်သည်ကို သူ လက်မခံနိုင်သော်ငြား ညမုဆိုးက မည်သူဆိုသည်မှာ အရေးမကြီးပေ။ သူက အလယ်တောင်ထိပ်၏ သွေးသခင်ဖြစ်ဆဲဖြစ်ပြီး အလယ်တောင်ထိပ်၏ မှော်သိုင်းပညာရပ်များ ကျင့်ကြံခဲ့သည်။ သို့သော် ဂိုဏ်းက သွေးသခင်ညမုဆိုးကို အလွန် ဂရုစိုက်သော်လည်း သူတို့က သွေးသခင်ကို တစ်ဂိုဏ်းလုံး၏ လွတ်မြောက်မှုအား အဟန့်အတားဖြစ်စေမည့်ကိစ္စများကို လုပ်ခွင့်မပြုနိုင်ချေ။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက တစ်ခုခုပြောရန်ပြင်လိုက်စဥ် ခေါင်းဆောင်ကြီးဟန်ရန်က ရုတ်တရက် အေးစက်စက် ရယ်လိုက်လေသည်။
မျက်လုံးများက တလက်လက်တောက်ပလျက် သူက ရက်စက်ကောက်ကျစ်သည့်အသံဖြင့်အော်ပြောလိုက်သည်။
” သွေးသခင်ညမုဆိုးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အဖမ်းခံလိုက်ရတာပဲ။ ဘယ်လောက်တောင် အရှက်သိက္ခါမဲ့တဲ့ လုပ်ရပ်လဲ…စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း။ ကျုပ်တို့ သွေးသခင်ကို ဆန့်ကျင်ပြီး ဘယ်လိုတောင် အသုံးချရဲတာလဲ။ ဒီကနေ့.. ကျုပ် မင်းတို့ကို မျိုးဖြုတ်မယ်.. အမွေအနှစ်တွေကို ဖျက်စီးပစ်မယ်…ပြီးရင် ဂိုဏ်းသားတစ်ယောက်ချင်းစီကို သတ်ပစ်မယ်..။ မင်းတို့ကောင်တွေ..သွေးသခင်ကို သွေးမြူတိမ်ထဲ ပြန်ခေါ်ကြစမ်း”
ထို့နောက် သူက အင်္ကျီလက်ကို ခါလိုက်သည်။
ယခုအခါ တိုက်ပွဲက ပြန်လည်စတင်တော့မည်။