ဝမ်လင်းက သည်လူများနှင့် အရိုင်းကုန်းမြေထံ ပြန်မလိုက်နိုင်ပေ။
လူဝံနက်ကြောင့် ထိုအရိုင်းကုန်းမြေပေါ်ရှိ သားရဲများအားလုံးက ဝမ်လင်းကို ကောင်းကောင်း မှတ်မိနိုင်၏။ ဝမ်လင်းသာ ပြန်သွားပါက ထိုသားရဲများကြား မုန်တိုင်းထန်ပေလိမ့်မည်။
ထိုအခါ အရိုင်းကုန်းမြေပေါ်ရှိ သေဆုံးသည့်ကိစ္စတွင် သူ့အပေါ် သံသယ ဝင်လာကြပေမည်။
ရှီလောရှင်း၏ သေဆုံးမှုအပြင် အဆင့်ခြောက်ကလန်များက အဆိပ်ငါးပါးကလန်မှ အဘွားအိုကို သူ သတ်မှန်းသာ ရှာတွေ့သွားပါက သူတို့သည် ဝမ်လင်းအပေါ်၌သာ သံသယများစွာ ဝင်ကြပေမည်။
ထိုကဲ့သို့ သံသယဝင်သည်နှင့် သူတို့က ဝမ်လင်း၏ သိုလှောင်နေရာလွတ်နှင့် ကြမ်းတမ်းသည့် ကျင့်ကြံသူများဆို သူ့စိတ်ဝိညာဉ်ကိုပါ ရှာဖွေကြပေမည်။ ထိုအဖြစ်က ဝမ်လင်းအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်၏။
အခုချိန်၌ ဝမ်လင်း၏မျက်နှာထက်တွင် ကြောက်ရွှံ့ဟန် ဟန်ဆောင်ထား၏။
သို့ရာတွင် တပည့်ရှစ်ယောက် သူ့နား ရောက်လာသည့်အခါ ဝမ်လင်းက လူဝံနက်ကို လှုပ်ရှားရန် အမိန့်ပေးကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖျပ်ခနဲ ပေါ်သွား၏။ သူက အရိုင်းကုန်းမြေသို့ ပြန်မသွားနိုင်၊ ထိုသို့ ပြန်သွားခြင်းက သူ့အတွက် သေဆုံးခြင်းကိုသာ ဖြစ်စေမည် မဟုတ်လား။
ကျင့်ကြံသူဆယ့်ရှစ်ယောက်၊ ၎င်းတို့ကို နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်က ဦးဆောင်လာ၏။ သို့သော် ကျန်သည့်ဆယ့်ခုနစ်ယောက်တွင် အမြင့်ဆုံးမှ နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိကြ၏။
သူ တိုက်ခိုက်သည်နှင့် အချိန်တိုအတွင်း လက်စသပ်ရမည် ဖြစ်၏။ သည်နေရာသို့ နောက်ထပ်ကျင့်ကြံသူများ လာနေကြသည်မှာ သိသာသည်။ ထို့ကြောင့် သူက အချိန်တိုအတွင်း ပြီးမြောက်အောင် လုပ်ရမည်။ သူက မည်သူ့ကိုမျှလည်း အသက်ရှင်ခွင့် ပေး၍ မဖြစ်ပေ။
ဝမ်လင်းက ခေါင်းမော့ကာ ရှေ့သို့ ခြေလှမ်း၍ သူ့လက်ကို ဝေ့ယမ်းသည်။ လေဆင့်ခေါ်ခြင်း မန္တာန်ပေါ်လာကာ နဂါးငါးကောင်အဖြစ်သို့ ပြောင်း၍ ဘေးပတ်လည်ရှိ ကျင့်ကြံသူငါးယောက်ထံ ဦးတည်ကြသည်။
တစ်ချိန်တည်းမှာ လူဝံနက်က ၎င်း၏လက်ကို ဝေ့ယမ်းကာ စတင် တိုက်ခိုက်သည်။
ဝမ်လင်းသည် အလင်းတန်းအလား လှုပ်ရှားရာ နိဗ္ဗာနကြိုမြင်ခြင်းကျင့်ကြံသူနားသို့ ချက်ခြင်း ရောက်သွား၏။ သူက ထိုသူထက် များစွာ ပိုမြန်၏။ ၎င်းနိဗ္ဗာနကြိုမြင်ခြင်းကျင့်ကြံသူ၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားကာ သူသည် ရှောင်ရန် ပြင်၏။ သို့သော် မကြာခင်တွင် သူ့အမြင်ကို လက်ချောင်းတစ်ချောင်းက ဖုံးကွယ်သွားလေသည်။
ထိုလက်ချောင်းက ထိုကျင့်ကြံသူ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ သွေးပေါက်တစ်ပေါက် ချန်ထားခဲ့၏။ နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်၏ စွမ်းအားက ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ထဲ တရကြမ်း ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ဖျက်စီးသွားတော့သည်။
ဝမ်လင်းက တစ်စက်လေးပင် မရပ်တန့်ပေ။ တစ်ယောက်ကို သတ်ပြီးနောက် သူက နောက်တစ်ယောက်ထံ ချက်ခြင်း ဦးတည်ကာ ထိုကျင့်ကြံသူကို အကြိမ်များစွာ လက်ညွှန်သည်။ ၎င်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်ကာ သွေးများ ပန်းထွက်ကုန်သည်။
ထိုအခိုက်အတန့်မှာပင် လေဆင့်ခေါ်ခြင်း၏ နဂါးနက်ငါးကောင်းက နောက်ထပ်ငါးယောက်ထံ ကျရောက်သွားသည်။ ထိုငါးယောက်က အထည်ဒြပ်ယန်အဆင့်တွင်သာ ရှိရာ ထို့ကြောင့် သူတို့သည် ပေဖန်၏ မန္တာန်ရှေ့တွင် ရပ်နေနိုင်ဖို့ရာ အခွင့်အရေး မရှိနိုင်ပေ။ သူတို့သည် နဂါးနက်ငါးကောင် သူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်းကို မခုခံနိုင်ဘဲ ထို့နောက် သူတို့ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်သွားလေ၏။
ထိုသူများနှင့်အတူ ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့်နှစ်ယောက်မှာလည်း ပေါက်ကွဲထွက်သွား၏။ ရှစ်ယောက်တွင် နောက်ဆုံးကျန်သည့်တစ်ယောက်က လူဝံနက်၏ ကြမ်းကြုတ်သည့် ရိုက်ချက်များကို ခံရကာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ မယုံကြည်နိုင်လောက်အောင် မြန်လွန်း၏။ လူရှစ်ယောက်သည် တစ်ချိန်တည်းလိုလို ပေါက်ကွဲ သေဆုံးသွားရသည်။
ကောက်ကွေ့ချန်သည် ရုတ်တရက် လှည့်ကြည့်လာ၏။ သူသည် တုန်လှုပ်မိသွားသည်။ သို့ရာတွင် ထိုတုန်လှုပ်မှုက ကြမ်းတမ်းရန်လိုမှုအဖြစ် ပြောင်းကာ သူသည် ဝမ်လင်းထံ တိုးဝင်လာ၏။
ဝမ်လင်း၏အမူအရာက ပုံမှန်ဟု ထင်ရ၏။ သို့သော် သူက ခါးသီးမှုကို ခံစားမိ၏။ သူ့မူလခန္ဓာကိုယ်သည် ဒီနေရာတွင် မရှိနေသည့်အတွက် သူက ဖိအားပေးခံရခြင်းကြောင့်သာ မဟုတ်လျှင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူကို ဘာကြောင့် ရန်စပါ့မည်နည်း။
သို့သော် သူ့အဖို့ တွေးနေဖို့ရာ အချိန်မရှိပေ။ သူက လူရှစ်ယောက်ကို သတ်ပြီးခဲ့ပြီ။ ဝမ်လင်းက ရှေ့သို့ မြန်ဆန်စွာ လှမ်း၏။သူက နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူ ဘေးရှိ လူတိုင်းကို တတ်နိုင်သမျှ မြန်မြန် သတ်မှ ဖြစ်မည်။ မဟုတ်ပါက တစ်ယောက်ယောက်သာ လွတ်သွားခဲ့ပါက ဝမ်လင်းအဖို့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ တစ်လက်မလောက် လှုပ်ရှားရန်ပင် ခက်ခဲသွားရမည် ဖြစ်၏။
သို့ရာတွင် နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူနှင့် ကျန်သည့်ကိုးယောက်က ချက်ခြင်း သဘောပေါက်ကာ လူစုခွဲကြ၏။ ကောက်ကွေ့ချန်မှာ ရှေ့သို့ တိုးလာကာ ဝမ်လင်း ရှေ့သို့ တိုးလာမှုအား ဟန့်တားရန် အနက်ရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်သည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ တရဟော ထိုးထွက်လာ၏။ ၎င်းတို့က အကာအကွယ်အဖြစ် သိပ်သည်းရင်း ဝမ်လင်းသည် ရှေ့သို့ တရကြမ်း တိုးဝင်သည်။
သူ တိုးဝင်လာရင်း သူက ကမ္ဘာကြီးတစ်ခုနှင့် ဝင်ဆောင့်သကဲ့သို့ ခံစားရကာ သူ့ပတ်လည်ရှိ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည် ပျက်စီးကုန်၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တစ်ယောက်၏ မန္တာန်က လျော့တွက်၍ မရနိုင်ချေ။ သတ်ဖြတ်ခြင်းစွမ်းအင်များ လွင့်ပြယ်သွားသည်နှင့် ပြင်းထန်သောအားတစ်ခုက ဝမ်လင်းထံ တိုးဝင်လာကာ သူ့အား သွေးအန်ထွက်စေသည်။
သို့ရာတွင် သူက ထိုအနက်ရောင်အလင်းထဲကနေ ထိုးထွက်လာ၏။ ကောက်ကွေ့ချန်က နီးလာနေရင်း ဝမ်လင်းသည် လူစုခွဲသွားကြသည့် ကိုးယောက်ထံ ဦးတည်နေသည်။ သူ့ဘယ်မျက်လုံး၌ မီးတောက်တစ်ခု ပေါ်လာရင်း သူက သူ့ဘယ်လက်ကို ဝေ့ယမ်းရာ မီးတောင်ပင်လယ်တစ်ခု ပေါ်ထွက်လာ၏။
ထိုမီးတောက်ပင်လယ်ထဲ၌ လူသုံးယောက် ရှိနေရာ သူတို့သည် ချက်ခြင်း နာကျင်စွာအော်ဟစ်၍ ပြာ ဖြစ်သွားတော့သည်။ ကျန်သည့်ခြောက်ယောက်၏မျက်နှာမှာ ဖြူရောသွားကာ နောက်သို့ အမြန် ဆုတ်သည်။ ဝမ်လင်း၏မျက်နှာသည်လည်း ဖြူရောနေ၏။ သူက လိုက်လံမှုကို လက်လျော့ရလုနီး ဖြစ်လာ၏။
သို့ရာတွင် ထိုအခိုက်အတန့်၌ ကောက်ကွေ့ချန်က ဒေါသတကြီးအော်ဟစ်၍ အနား ရောက်လာပေပြီ။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ အနက်ရောင်အလင်းသည် လှံနက်အဖြစ်သို့ ပြောင်းလဲပြီး ဝမ်လင်းထံ နီးကပ်သွားသည်။
ကျန်သည့်ခြောက်ယောက် လူစုခွဲကာ နောက်ဆုတ်နေခြင်းနှင့် ကောက်ကွေ့ချန် အနားတိုးလာနေသည်ကို တွေ့ရသည့်အခါ ဝမ်လင်း၏မျက်လုံးမှာ နီရဲလာ၏။ သူက သူနှင့်ကောက်ကွေ့ချန်တို့ကြား ကျင့်ကြံခြင်းအဆင့်မှာ ကွာဟလှသည်ကို သိသည်။ သူ ရပ်လိုက်သည်နှင့် ထိုခြောက်ယောက်ကို သတ်နိုင်တော့မည် မဟုတ်ပေ။
လှံနက် အနား ရောက်လာချိန်တွင် ဝမ်လင်းက ပါးစပ်ဟကာ ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်၏။ ၎င်း ပေါ်လာသည်နှင့် လှံနှင့် ထိပ်တိုက်တွေ့သည်။
ပေါက်ကွဲသံတစ်ချက်နှင့်အတူ တံဆိပ်တုံးသည် ဝမ်လင်းထံ ပြန်ကန်လာကာ သူ့အား သွေးအန်စေပြန်သည်။သို့သော် ၎င်းအဖြစ်က သူ့ကို သိပ်မဝေးသောနေရာရှိ လူတစ်ယောက် အနား ရောက်သွားစေ၏။ သူက သူ့ညာလက်ကို ချက်ခြင်း ဝေ့ယမ်းရာ အစိမ်းရောင်အလင်းကွင်းတစ်ခုက ထိုကျင့်ကြံသူ၏ လည်ပင်းပေါ် ကျရောက်သွားသည်။
၎င်းကျင့်ကြံသူက သူ့လက်များကို ပင့်မြောက်၍ အနက်ရောင်အလင်းပေါ်လာကာ ဒိုင်းအသွင် ဖြစ်စေသည်။ သို့သော် ဝမ်လင်း လက်ဝေ့ယမ်းရာ ထိုဒိုင်းက ပျက်စီးသွားပြီး ကျင့်ကြံသူ၏ လက်နှစ်ဖက်လုံး ပေါက်ကွဲထွက်သွားသည်။ နောက်ဆုံးတွင် ထိုကျင့်ကြံသူ၏ ဦးခေါင်းမှာလည်း ပေါက်ကွဲ၍ သေဆုံးသွားရပေပြီ။
“ငါးယောက် ကျန်သေးတယ်…” ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းသည်။ မိုးစက်များ ချက်ခြင်း ပေါ်လာပြီး မရေမတွက်နိုင်သောမိုးစက်များသည် သလင်းဓားငါးလက်အဖြစ် စုဝေးကာ သန့်ရှင်းသောပန်းကလန်မှ ကျန်သည့်တပည့်ငါးယောက်ထံ ပစ်ဝင်လာကြသည်။
ထိုအခိုက်အတန့်၌ ကောက်ကွေ့ချန်က အနား ရောက်လာပြီး သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်သည်။ အဖြူရောင်ခလောက်တံ တစ်ခု ပျံသန်းထွက်လာပြီး ကောက်ကွေ့ချန်က ၎င်းကို ဖမ်းဆုပ်ကာ ဝေ့ယမ်းလေ၏။
ဥပဒေသအမျိုးအစားတစ်ခု ရုတ်ချည်းပေါ်လာကာ ဝမ်လင်း၏ အထက်၌ အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသည်။ ထိုအဖြူရောင်အလင်းတန်းများက ဓားများအလား အောက်သို့ သက်ဆင်းလာ၏။ သိသာစွာ မြန်လွန်းသည်။ ဝမ်လင်းက ရုတ်တရက် အပေါ်သို့ မော့ကြည့်ကာ သူ့ဘယ်မျက်လုံးထဲမှ မီးတောက်သည် လင်းလက်သွားသည်။ ထို့နောက် သူ့ဘေးပတ်လည်တွင် ကြက်သွေးနီရောင်ချပ်ဝတ်တစ်ခု ပေါ်လာလေ၏။
ထိုအဖြူရောင်အလင်းတန်းများ ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေကာ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်ကာ နောက်ထပ်သွေးများ အန်ထုတ်ရ၏။ သူ့မျက်နှာသည် ဖြူရောသွားပြီး သူ့မူလစိတ်ဝိညာဉ်မှာ မှိန်ဖျော့သွားသည်။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့ညာခြေထောက်ကို ထွင်းဖောက်ကာ သွေးများ ပန်းထွက်စေသည်။ ချပ်ဝတ်ကြောင့်သာ မဟုတ်ပါက သူ သေသွားလောက်ပေပြီ။
ထိုအခိုက်အတန့်၌ မိုးဆင့်ခေါ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သလင်းဓားများက ထွက်ပြေးကြသည့် တပည့်ငါးယောက်၏ ခန္ဓာကိုယ်များကို ထွင်းဖောက်သွားသည်။
သူတို့၏ နာကျင်ထိတ်လန့်ဖွယ် အော်သံများ မြည်ဟည်းသွားကာ လေးယောက်၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့မှာ ပျက်စီးသွားတော့သည်။ သို့ရာတွင် တစ်ယောက်က ကျောက်စိမ်းပြားကို ထုတ်ကာ ထိုအန္တရာယ်အခိုက်အတန့်၌ ၎င်းကို ချိုးဖျက်၏။ သူက သူ့မူလစိတ်ဝိညာဉ်ကို ကာကွယ်နိုင်စွမ်းရှိသွားပြီးနောက် မြန်ဆန်စွာ ထွက်ပြေးသည်။
ဝမ်လင်းက ထိုသူ့ကို မည်သို့ လွတ်မြောက်ခွင့် ပေးပါ့မည်နည်း။ သူ့ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်၏။ ဓားအလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ၎င်းမှာ ထိုထွက်ပြေးသည့် မူလစိတ်ဝိညာဉ်ထံ တန်းတန်းမတ်မတ် လိုက်ပါသွားသည့် ရှုလီကောပင်။
“မင်း သူ့ကို မသတ်နိုင်ရင် မင်း သေရမယ်…” ထိုစကားမှာ ရှုလီကော ပေါ်လာသည်နှင့် ပထမဆုံး ကြားလိုက်ရသည့် ဝမ်လင်းထံမှ အမိန့် ဖြစ်၏။ ထိုသို့ ကြားရသည့်နောက် သူသည် ဟိုကျင့်ကြံသူထံ အရူးအမူးမလိုက်ဘဲ မည်သို့ နေပါ့မည်နည်း။
သိုလှောင်နေရာလွတ်ထဲကနေ ငွေရောင်လင်းလက်ကာ ငွေရောင်အမျိုးသမီးအလောင်း ပေါ်လာ၏။ သူမသည် ကောက်ကွေ့ချန်ကို တိုက်ခိုက်ရာ၌ မကူညီပေ။ သို့သော် သူတို့၏ပိုင်ရှင်များ ဆုံးရှုံးသွားကြပြီ ဖြစ်သော သားရဲစိတ်ဝိညာဉ်များ၏ အသက်ကို ယူဆောင်ရန် တိုက်ခိုက်လာသည်။
ထိုအဖြစ်အပျက်များမှာ အသက်ရှုချိန်အနည်းငယ်သာ ကြာလိုက်၏။ ကောက်ကွေ့ချန်ကလွဲ၍ သည်နေရာရှိ ကျင့်ကြံသူအားလုံးကို အခုလောက်အချိန်ဖြင့် သတ်ဖို့က ဝမ်လင်းအတွက် ခက်ခဲလှသည်။ သို့ရာတွင် သူက စိတ်မသက်သာသေးပေ။ သူ့ရှေ့ရှိ နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူက သူ ရင်ဆိုင်ရမည့် အကြီးမားဆုံး အန္တရာယ် ဖြစ်နေသေးသည် မဟုတ်လား။
သူက အခြားကျင့်ကြံသူများကို အရင်ဆုံးသတ်လိုခြင်းက ၎င်းတို့ကို မလွတ်မြောက်သွားစေလိုသည့်အချက်အပြင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူနှင့် တိုက်ပွဲ၌ ကြားမဝင်စေနိုင်ရန် ဖြစ်သည်။ သူက ထိုနိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူကို သတ်ချင်ပါက သူသည် အနှောက်အယှက်နည်းနည်းလေးပင် အဝင်မခံဘဲ အာရုံအပြည့်အဝ စိုက်ထားမှ ဖြစ်ပေမည်။ ထိုမှသာ သူ့အတွက် အခွင့်အရေးတစ်မျှင်လောက် ရနိုင်မည် ဖြစ်၏။
“ငါ့မူလခန္ဓာကိုယ်သည် ဒီမှာ ရှိနေရင် အခုချိန် ဒီလူ့ကို သတ်ဖို့က ပိုလွယ်မှာ…”
ပြောပြောဆိုဆိုဖြင့် ဝမ်လင်းက သူ့ညာလက်ကို ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးထံ လက်ညွှန်သည်။ ဖျပ်ခနဲ လင်းလက်သွားကာ ငရဲဆယ့်ရှစ်ထပ်ကနေ စိတ်ဝိညာဉ်အပိုင်းအစများ ထွက်လာကြ၏။
အစွမ်းထက်ဆုံး စိတ်ဝိညာဉ်များကတော့ အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူ ကိုယ်ပွားနှစ်ယောက်၏ ပေါင်းစည်းမှုကနေ ဖြစ်ပေါ်ခဲ့သည့် စိတ်ဝိညာဉ်တို့ ဖြစ်ကြသည်။ သူတို့က ဝမ်လင်း၏ ဝှက်ဖဲများပင်။ သူတို့ ပေါ်လာသည်နှင့် အေးစက်စက်စွမ်းအင်တစ်ခု သည်ဧရိယာတွင် လွှမ်းခြုံလာသည်။
ကောက်ကွေ့ချန်၏အမူအရာက ရုပ်စိုးသွား၏။ သူက ထိုဆံပင်ဖြူနှင့်ကျင့်ကြံသူထံ၌ အခုလိုအားကောင်းသည့် မန္တာန်များ ပိုင်ဆိုင်ကာ တပည့်များကို အချိန်တိုအတွင်း သတ်ပစ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။ သူ့မန္တာန်များ ကျရောက်သွားချိန်တွင်ပင် သူသည် ထိုသူ့ကို အမှန်တကယ် မသတ်နိုင်ခဲ့သေးပေ။
အခု သူ့ကို တုန်လှုပ်မိစေသည်က ထိုကျင့်ကြံသူမန္တာန်ဖြင့် ဆင့်ခေါ်လိုက်သော စိတ်ဝိညာဉ်အသေများပင်။ ထိုထဲမှ စိတ်ဝိညာဉ်သေနှစ်ခု၏ အော်ရာများက သူ့ကိုပင် ရှိန့်စေ၏။ ထိုအဖြစ်က အသက်ရှင်ခဲ့စဉ်က သူတို့၏ကျင့်ကြံမှုအဆင့်များသည် မည်မျှအားကောင်းကြောင်းကို ပြသနေပေ၏။
ဝမ်လင်းက အရှင်လေဟာနယ်နှင့်ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်တို့ထံ လက်ညွှန်၏။သို့ရာတွင် ထိုမျှလောက်ဖြင့် သည်တိုက်ပွဲကို မြန်မြန် လတ်စသပ်နိုင်ဖို့ မလုံလောက်သေးပေ။ အကယ်၍ အကူအညီများသာ ရောက်လာပါက ဝမ်လင်းသည် သံသယမရှိ သေဆုံးရမည် ဖြစ်၏။
သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲလျက်၊ ဝမ်လင်းက ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူတို့ စိတ်ဝိညာဉ်က ထိုးထွက်သွားကြချိန်၌ သူက သံဓားကိုပါ ထုတ်ယူသည်။
သံဓားပေါ်လာသည်နှင့် ကြယ်များ တုန်ခါကာ ပတ်ဝန်းကျင်ရှိ မြူများပါ တဝီဝီလှည့်ပတ်ကုန်၏။
“အတုအပနိဗ္ဗာနလေဟာနယ်ရတနာ…” ကောက်ကွေ့ချန်၏ မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ သေဆုံးပြီးစိတ်ဝိညာဉ်များသည်ပင် သူ့ကို တုန်လှုပ်စေခဲ့ပြီး ဖြစ်၏။ ထို့နောက် သံဓား ပေါ်လာမှုက သူ့ကို မယုံကြည်နိုင်ပါ ဖြစ်သွားစေသည်။ သူ့မျက်လုံးထဲ၌လည်း လောဘတတ်ဟန် ပေါ်လာကာ ရှေ့သို့ တရကြမ်း တိုးဝင်လာရာ သူ့နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံခြင်းစွမ်းအား ပေါက်ကွဲထွက်လာသည်။
နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူတစ်ယောက်က နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူထက် များစွာ ပိုအစွမ်းထက်၏။ ထို့ကြောင့် သည်တိုက်ပွဲမှာ ဝမ်လင်းအဖို့ ခါးသက်လှသည့် ရုန်းကန်မှု ဖြစ်ရသည်။ သူသည် အနိုင်ယူရမည့်အပြင် မြန်မြန်လုပ်ဖို့လည်း လိုနေ၏။
***
Nice