Switch Mode

အပိုင်း (၁၂၀၆)

ဘာလုပ်ရမလဲ

ကောကွေ့ချန် သည် လူအများ ပေးတတ်သော နာမည် ဖြစ်၏။ သို့သော် အဆင့်ခြောက်ဒေသတွင် ၎င်းက ရက်စက်မှုကို ကိုယ်စားပြုသည်။ သန့်ရှင်းသောပန်းကလန်၏ အကြီးအကဲတစ်ယောက်အနေဖြင့် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်တွင် ရှိပေ၏။

သူ့ထံ၌ တုန်လှုပ်ဖွယ် မန္တာန်များ ပိုင်ဆိုင်ထား၏။ သူ့ စိတ်နေစိတ်ထားကြောင့် သင်သည် သူ့ကို ရန်စမိပါက၊ သင့်နောက်ခံမှာ ကျင့်ကြံခြင်းအစွမ်းထက်ခြင်း၊ သို့မဟုတ် အစွမ်းထက်ကလန်တစ်ခုသာ မဟုတ်ပါက ရလဒ်မှာ သေဆုံးဖို့ရန်သာ ရှိ၏။

လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်လောက်က အဆင့်ခြောက်ဒေသအတွင်းရှိ ကလန်ငယ်တစ်ခုက သူ့တပည့်များထဲမှ တစ်ယောက်ကို သတ်ခဲ့ဖူး၏။ ထိုအခါ သူသည် ထိုကလန်ကို သူ့အပေါင်းအသင်းအချို့နှင့် ဖျက်စီးပစ်ကာ သွေးလွှမ်းစေခဲ့ဖူးသည်။

ထိုတိုက်ပွဲက သူ့ကို ကျော်ကြားစေခဲ့သည်။ အဆင့်ခြောက်ဒေသရှိ ကလန်တိုင်းက သူ့နာမည်ကို သိလာခဲ့ကြသည်။

ယခုအခါ၌ သူ့အသွင်မှ နဂါးဦးခေါင်းနှင့် မြေကြီး၏ ဦးခေါင်းထက်တွင် သုန်မှုန်စွာ ထိုင်နေလျက် ရှိ၏။ ထိုစိတ်ဝိညာဉ်သားရဲက အဆင့်ငါးဒေသကို ဖြတ်သန်းနေကာ သန့်ရှင်းသောပန်းကလန်မှ တပည့်များက သူ့နောက်ကနေ လိုက်လာနေကြသည်။

“ဒီသဲလွန်စက အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…” ကောက်ကွေ့ချန်က သူ့ကိစ္စကို တွေးမိတိုင်း သူ့နှလုံးမှာ အခုန်မြန်လာရ၏။ လွန်ခဲ့သောလအတော်အတန်က သူ့သန့်ရှင်းသောပန်းကလန်သည် ဒဏ္ဌာရီလာနိဗ္ဗာနဆေးလုံးနှင့် လူတစ်ယောက်ကို ကောင်းကင်ချိုးဖျက်ခြင်းကလန်၏ အတွင်းတပည့် ဖြစ်လာစေဖို့ မည်သို့ ပြုလုပ်ရသည့် နည်းလမ်း ကျောက်စိမ်းပြားနှင့် ဆက်နွှယ်သည့် သဲလွန်စတစ်ခု ရရှိခဲ့၏။

တိမ်ပင်လယ်၏ ဒေသခံကျင့်ကြံသူတစ်ယောက်အနေဖြင့် ကောက်ကွေ့ချန်က လွန်ခဲ့သောနှစ်ပေါင်း (၁၈၀၀၀၀)က ဖြစ်ပျက်ခဲ့သော ကောင်းကင်တုန်ဟည်းဖွယ် အဖြစ်အပျက်ကို ကောင်းကောင်း သိထားခဲ့ပေသည်။

လွန်ခဲ့သောနှစ်ပေါင်း(၁၈၀၀၀)က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်သည် အဆင့်ရှစ်ကလန် ဖြစ်ကာ အဆင့်ကိုးဒေသသို့ သွားနိုင်လောက်သော အနေထားတစ်ခုလည်း ရှိခဲ့သည်။ သူတို့ မလှုပ်ရှားခင် နှစ်လအလိုတွင် သူတို့သည် အက်ကြောင်းတစ်ခုကို ရုတ်တရက် တွေ့ရှိခဲ့ကြ၏။ထိုအက်ကြောင်းထဲတွင် အတားအဆီးများ၊အန္တရာယ်များနှင့် ပြည့်နှက်နေခဲ့သည်။ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်က ကျင့်ကြံသူများစွာကို စုစည်းကာ အက်ကြောင်းထဲသို့ ဝင်ရောက်ခဲ့ကြ၏။ ထိုကျင့်ကြံသူများထဲ၌ ကောင်းကင်ဘုံဒုက္ခအဆင့်သို့ ရောက်နေကြသည့် အကြီးအကဲများပင် ပါဝင်ခဲ့သည်။သူတို့သည် အက်ကြောင်းထဲ ဝင်ရောက်သည့် လမ်းတစ်လျှောက် ချိုးဖျက်ကာ ကပ်ဘေးများစွာကို ကြုံခဲ့ရသည်။

အဆုံးသပ်၌ သူတို့က ထိုဟင်းလင်းပြင်အက်ကြောင်း၏ အတွင်းနက်ပိုင်းတွင် အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြသည်။

ထိုအလောင်းဘေး၌ ဆေးလုံးတစ်လုံး၊ဓားကျိုး၊ သားရဲအရိုးပိုင်းတစ်ခု တို့ ရှိခဲ့ကြသည်။ ထိုပစ္စည်းသုံးခုကို ရရှိပြီးသည့်နောက် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ အကြီးအကဲများသည်ပင် ရူးသွပ်သွားကြကာ သူတို့သည် ယင်းဟင်းလင်းပြင်အက်ကြောင်းထဲကနေ အမြန်ထွက်ခွာ၍ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရှိရာသို့ အရောက်ပြန်လာခဲ့ကြသည်။

ထိုသို့ ဖြစ်ရခြင်းမှာ သူတို့၏ ရှာဖွေတွေ့ရှိမှုသည် အံ့မခန်းဖြစ်၍ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သောကြောင့်ပင်။ ထိုပစ္စည်းသုံးခုကြောင့် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်အဖို့ အဆင့်ကိုးနတ်ဘုရားကလန်မှ အချုပ်အာဏာကိုပါ ယူဆောင်နိုင်တာ ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

သို့ရာတွင် သူတို့ကလန်၌ သစ္စာဖောက်တစ်ယောက် ရှိခဲ့ကာ သတင်းသည် ပေါက်ကြားသွားခဲ့သည်။ ထိုအခါ သူတို့အား စောင့်ဆိုင်းနေသည်က အဆင့်ရှစ်ဒေသတစ်ခုလုံး ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကို ဆန့်ကျင်ကြဖို့ ဖြစ်လာသည်။ ထွက်ပေါ်လာခဲသော မွန်းစတားအိုကြီးများစွာသည်ပင် မျက်လုံးများ နီရဲလာစေသည့်အထိ သည်တိုက်ပွဲတွင် ပါဝင်လာခဲ့ကြသည်။

သို့ရာတွင် အဆင့်ကိုးဒေသသို့ ခြေချနိုင်စွမ်း ရှိသော ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တွင် အဆင့်ရှစ်ဒေသတစ်ခုလုံးနှင့် တိုက်ခိုက်နိုင်သည့်စွမ်းအား ရှိခဲ့ပေ၏။ထိုစဉ်က သွေးလွှမ်းမှုမှာ အဆင့်ရှစ်ဒေသတွင် ဖြစ်ပွားခဲ့တော့သည်။

အဆင့်ခုနစ်နိုင်ငံသည်ပင် သက်ရောက်ခြင်း ခံရ၏။ သူတို့သည်လည်း ထိုတိုက်ပွဲသို့ ကျင့်ကြံသူများ စေလွှတ်ခဲ့ကြသည်။ အဆင့်ခြောက်ဒေသသည်ပင် ဆွဲချပါဝင်စေခြင်း ခံရ၏။ အဆင့်ငါး ဒေသသည်ပင် သက်ရောက်ခြင်း ခံရကာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ကပ်ဘေးမုန်တိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ထိုကိစ္စမှာ အလွန်တရာ ကြမ်းခဲ့၏။ နှစ်ပေါင်း(၁၈၀၀၀၀) ကုန်လွန်ပြီးသည့်နောက်တွင်ပင် ကောက်ကွေ့ချန်က ထိုအကြောင်းကို တွေးမိတိုင်း တုန်ယင်မိသည်။

အဆုံးသပ်၌ ထိုကိစ္စမှာ ကြားဝင်ပတ်သတ်လေ့ မရှိသည့် အဆင့်ကိုးဒေသကပါ နောက်ဆုံးတွင် ပါဝင်လာခဲ့ရသည်။ ထိုကိစ္စက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်အတွက် ဆိုးကျိုးများစွာ ဖြစ်စေခဲ့ကာ ထိုစဉ်ကာလက ကလန်သည် နှစ်ပိုင်းကွဲသွားခဲ့သည်။

ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကျင့်ကြံသူများက ထိုပစ္စည်းသုံးခုအတွက် တိုက်ခိုက်ချင်စိတ် မရှိကြတော့ပေ။ သူတို့က ထိုဆေးလုံးနှင့်ဓားကျိုးကို သူတို့၏ ရှင်သန်နိုင်ဖို့ရာအတွက် လဲလှယ်ခဲ့ကြသည်။ သူတို့၏ မူလရည်ရွယ်ချက် အဆင့်ကိုးဒေသသို့ ရွှေ့ပြောင်းမည့် ကိစ္စကို ဆက်ထိန်းသိမ်းခဲ့ကြသည်။

ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ အစိတ်အပိုင်းငယ်တစ်ခုကတော့ သားရဲအရိုးပိုင်းကို ယူကာ လုယူဖို့ကြိုးစားကြသူများနှင့် သေရေးရှင်ရေးတိုက်ပွဲများ ရင်ဆိုင်ပြီးနောက် သမိုင်းတွင် ပျောက်ကွယ်သွားကြလေသည်။

သားရဲအရိုးမှာ ဆေးလုံးဖော်စပ်နည်း ဖြစ်၍ ၎င်း ပျောက်ကွယ်သွားသည်နှင့် မည်သူကမျှ ဘယ်နေရာ ရောက်သွားမှန်း မသိခဲ့ကြတော့ပေ။ အချို့က ၎င်းကို အဆင့်ကိုးဒေသမှ ကျင့်ကြံသူများ ယူဆောင်သွားသည်ဟု ယုံကြည်ကြ၏။ အချို့ကတော့ ၎င်းဆေးညွှန်းမှာ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် အဆင့်ရှစ်ကလန်များကြားမှာ တစ်ခုခုတွင် ဝှက်ထားခဲ့ကြသည်ဟု ယုံကြည်ခဲ့သည်။

အဆုံးသပ်၌ ထိုကိစ္စက အဆုံးသပ်သွားကာ သားရဲအရိုးပိုင်း ဘယ်ရောက်သွားသနည်းဟုသော အချက်ကတော့ ဆန်းကြယ်ဖွယ်အချက်တစ်ခု ဖြစ်ခဲ့တော့သည်။ နှစ်ပေါင်း(၁၈၀၀၀) ကြာပြီးနောက်မှ အဆင့်ခြောက်ဒေသရှိ သန့်ရှင်းသောပန်းကလန်က သဲလွန်စတစ်ခု ရှာတွေ့ခဲ့ကြသည်။

ထိုသဲလွန်စက မှန်သည် ဖြစ်စေ၊မှားသည် ဖြစ်စေ သန့်ရှင်းသောကလန်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပေ၏။ သူတို့က ချက်ခြင်းပင် ထိုသတင်းကို ပိတ်ဆို့ကာ ဤကိစ္စအား သိသည့် တပည့်အချို့ကိုပါ သတ်ပစ်ခဲ့ကြသည်။

သိသာစွာပင် ၎င်းကိစ္စက တုန်လှုပ်ဖွယ်ရာ ကောင်းလွန်း၏။ သူတို့ အနည်းငယ် ဂရုမစိုက်မိသည်နှင့် သူတို့ကလန် ပျက်စီးမှုထံ ဦးတည်သွားနိုင်သည်။ တကယ်တော့ အတိတ်တုန်းက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ သွေးနှင့်ပေးသောသင်ခန်းစာမှာ လူများကို သတိထားဖို့ရာ လုံလောက်ခဲ့ပေသည်။

အတိတ်တုန်းက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်နှင့် ယှဉ်ပါက သန့်ရှင်းသောပန်းကလန်မှာ ပုရွတ်ဆိတ်သာသာမျှ ရှိ၏။ သူတို့ထံ၌ ထိုအရိုးပိုင်းကို လက်ဆုပ်ကိုင်ထားရန် အရည်အချင်း မရှိကြပေ။ သူတို့သည် လောဘတတ်မိကြသော်လည်း ၎င်းဆေးညွှန်းကို ထိန်းသိမ်းထားဖို့ ဆန္ဒမရှိကြပေ။

သူတို့က ထိုသားရဲအရိုးပိုင်းကို ရှာပြီး အကျိုးအမြတ်များစွာ၊ ရေရှည်ကာကွယ်ပေးမှုတို့ ဖြင့် အဆင့်ရှစ်ကလန်တစ်ခုထံ လဲလှယ်မည့် မျှော်လင့်ချက်သာ ရှိသည်။ သူတို့သည် အဆင့်ရှစ်ကလန်ထံမှ အကူအညီကို အသုံးပြုကာ အဆင့်ခြောက်ဒေသတွင် အရှင်သခင် ဖြစ်လာရန်သာ မျှော်လင့်ခဲ့သည်။

သို့ရာတွင် ထိုအခြင်းအရာများက သည်သဲလွန်စ မှန်၊မမှန်ပေါ် မူတည်ပေ၏။ သူတို့သာ အဆင့်ရှစ်ကလန်တစ်ခုထံ သဲလွန်စသပ်သပ် ပေးခဲ့ပါက မှားသွားခဲ့လျှင် ထိုကလန်၏ ဒေါသကို ခံသွားရနိုင်သည်။ ထို့ကြောင့်လည်း သူတို့က သဲလွန်စကို လက်ကမ်းမပေးဝံ့ဘဲ သူတို့ဘာသာ အရင်စစ်ဆေးကြည့်ရန် သွားခဲ့ကြသည်။

သို့ရာတွင် သူတို့က ထိုသဲလွန်စကို စစ်ဆေးလိုပါက အခြားအဆင့်ခြောက်ဒေသရှိ ကလန်များ တစ်ခုခုမှားနေကြောင်း သတိမပြုမိအောင် ကောလဟာလများ မပြန့်အောင် လုပ်ဖို့ လိုခဲ့သည်။ ထို့အပြင် ထိုသဲလွန်စမှာ အဆင့်သုံးဒေသသို့ ဦးတည်ကာ သန့်ရှင်းသောပန်းကလန်၏ တပည့်များစွာ ထိုဒေသသို့ သွားပါက အခြားကလန်များကို သံသယ ဝင်သွားစေနိုင်သည်။

ထို့အတွက်ကြောင့် သန့်ရှင်းသောပန်းကလန်က တပည့်ခေါင်းဆောင် ရှီလောရှင်းနှင့် တပည့်ဆယ့်ကိုးယောက်ကိုသာ ထိုအဆင့်သုံးဒေသသို့ လျို့ဝှက်၍ သွားစေခဲ့သည်။

ရှီလောရှင်း၏ ကျင့်ကြံမှုအဆင့်မှာ အဆင့်ခြောက်ဒေသတွင် မြင့်မားလှခြင်း မရှိ၊ ထို့ကြောင့် တပည့်တစ်ချို့နှင့် သူ့ကို သွားစေခြင်းက အများအပြား အာရုံစိုက်မှုကို မဖြစ်နိုင်စေတော့ပေ။ သူ အဆင့်သုံးဒေသသို့ ရောက်လာသည့်နောက် ဘာပြဿနာမှ မဖြစ်လိုက်ဘဲ ထိုသဲလွန်စမှာ မှန်ကန်ကြောင်း သိခဲ့ရသည်။

သို့ရာတွင် ရှီလောရှင်းက ထိုသဲလွန်စမှာ မှန်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူက သားရဲအရိုးပိုင်းနှင့် ကျောက်စိမ်းပြားတို့ကို လွယ်လင့်တကူပင် ရရှိခဲ့သည်။

သို့ရာတွင် သူ သန့်ရှင်းသောပန်းကလန်သို့ အပြန်လမ်း၌ သူက အဆိပ်ငါးပါးကလန်၏ နောက်ယောင်ခံလိုက်ခြင်းကို ခံရ၏။ အဆင့်ခြောက်ဒေသမှ အခြားကလန်များကလည်း သည်ကိစ္စကို သတိပြုမိသွားကြသည်။

“ရှီလောရှင်း…မင်း ဒီပစ္စည်းနှစ်ခုကို ထိန်းသိမ်းထားမှ ဖြစ်မယ်…” ကောက်ကွေ့ချန်က သူ့မူလစွမ်းအင်ကို သူ့အောက်ရှိ စိတ်ဝိညာဉ်သားရဲထံ သွတ်သွင်းပေးသည်။ ထိုအခါ ၎င်းစိတ်ဝိညာဉ်သားရဲမှာ ပိုမြန်ဆန်စွာ အရိုးကုန်းမြေထံ ဦးတည်တော့၏။

ကောက်ကွေ့ချန်က ပထမဆုံးအကူအညီပေးမည့် အသုတ်ကို ဦးဆောင်လာခြင်းသာ ဖြစ်၏။ သူ့နောက်တွင် သန့်ရှင်းသောကလန်တစ်ခုလုံးနီးပါး လိုက်လာနေကြသည်။

သူတို့က ကြယ်မြူများကြား၌ တရကြမ်း သွားနေရင်းဖြင့် ကောက်ကွေ့ချန်သည် သူ့နတ်ဘုရားအာရုံအတွင်း ကျင့်ကြံသူတစ်ယောက်ကို တွေ့သည့်အခါ မျက်လုံးကျဉ်းမြောင်းသွားသည်။ ထိုကျင့်ကြံသူက ပေတစ်ထောင်ခန့်လူဝံနက်ကို စီးနင်းလာ၏။

သည်နေရာသို့ လာသည့်လမ်းတစ်လျှောက်တွင် သူ တွေ့မြင်သည့် ဤဆံပင်အဖြူရောင်ကျင့်ကြံသူမှာ ပထမဆုံးတော့ မဟုတ်ပေ။ သို့ရာတွင် သည်နေရာက အရိုင်းကုန်းမြေနှင့် အလွန်မဝေးလှသည့်အတွက် ကောက်ကွေ့ချန်က အာရုံစိုက်မိသည်။

သူက ရှေ့သို့ သွားနေရင်းဖြင့် သူ့အကြည့်မှာ ထိုဆံပင်ဖြူနှင့်ကျင့်ကြံသူထံသို့သာ ကျရောက်နေ၏။ သူသာမက သန့်ရှင်းသောပန်းကလန်၏ တပည့်ဆယ်ယောက်လုံးမှာလည်း ထိုကျင့်ကြံသူထံ အကြည့်ရောက်နေကြသည်။

သူတို့၏အကြည့်များကြောင့် ဝမ်လင်း၏မျက်နှာမှာ ဖြူရောသွား၏။ သူက အလင်းတန်းဆယ်ခုကျော်ကို မင်သက်သွား ကြည့်မိရင်း တုန်လှုပ်နေဟန် ဆောင်သည်။ သူက လေထဲ၌ ရပ်ကာ မည်သို့ပျံသန်းရမည်ကိုပင် မေ့သွားဟန် ပုံဖမ်းသည်။ သူက သူ့ကျင့်ကြံမှုအဆင့်မှာ အနည်းငယ်ထူးဆန်း၍ အပြင်လူများ ချက်ခြင်း ဖြတ်မြင်နိုင်စွမ်း မရှိသည်ကို သိ၏။ ထို့ကြောင့် မလိုအပ်ဘဲ သူ့အပေါ် သံသယ ဝင်သွားနိုင်သည်။ သည့်အတွက်ကြောင့် သူက သူ့မူလစွမ်းအင်ကို နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်တွင်သာ ထိန်းသိမ်းထားသည်။

ကောက်ကွေ့ချန်သည် သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။ သူက အရိုးကုန်းမြေသို့ ရောက်ရန် စိတ်မရှည် ဖြစ်နေသည်။ ဦးဆုံးအကြည့်တစ်ချက်ဖြင့်ပင် သူက ထိုဆံပင်ဖြူကျင့်ကြံသူ၏ အမူအရာမှာ ရုတ်တရက် တုန်လှုပ်သွားသည်ကို မြင်သည်။

သူ့ထံရှိ ကြယ်မြေပုံအရ သည်အနီးအနားတွင် အရိုင်းကုန်းမြေအချို့လည်း ရှိနေ၏။ ဆံပင်ဖြူနှင့်လူ၏ လမ်းကြောင်းကို တွေ့သည့်အခါ ထိုသူသည် အခြားအရိုင်းကုန်းမြေတစ်ခုခုကနေ လာခဲ့မှန်း သိသာသလို ဖြစ်နေ၏။

သူက ဝမ်လင်းကို အာရုံထပ်စိုက်မနေတော့ပေ။ ထို့နောက် သူ့စိတ်ဝိညာဉ်သားရဲကို ဝမ်လင်းအား ကျော်လွန်သွားရန် အမိန့်ပေးသည်။ အခြားတပည့်များကလည်း ဝမ်လင်းကို ဖြတ်ကျော်သွားချိန်၌ သူတို့အကြည့်ကို ပြန်ရုတ်သိမ်းကြ၏။

ဝမ်လင်းသည် ကြိတ်၍ စိတ်သက်သာရာ ရသွား၏။ သူက ထိုသူများမှာ အဆင့်ခြောက်ဒေသမှာ လာကြသူများ ဖြစ်မှန်း သိနေသည်။ သူတို့အားလုံးက ဟိုအရိုင်းကုန်းမြေထံ ဦးတည်နေကြပေ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ အလင်းတန်းတစ်ခု ချိုးဖျက် ဝင်ရောက်လာ၏။ ထိုအလင်းတန်းက တောက်ပကာ အတွင်းထဲ၌ ကျောက်စိမ်းပြားတစ်ခု ရှိနေသည်ကို ဝမ်လင်းက ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်သည်။

ထိုကျောက်စိမ်းပြားက တစ်ယောက်ယောက် သတင်းပို့သည့် ကျောက်စိမ်းပြားမှန်း သိသာ၏။ ကလန်များကြား၌ ထိုသို့ ကလန်တူချင်းချင်း သတင်းပို့နိုင်သည့် နည်းလမ်းများ ရှိတတ်ကြပေသည်။

ကျောက်စိမ်းပြားက ဝမ်လင်းကို မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်ကာ သိပ်မဝေးသောနေရာရှိ ကောက်ကွေ့ချန်၏ လက်ထဲသို့ ကျရောက်သွားသည်။ ကောက်ကွေ့ချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ထို့နောက် သူက ကျောက်စိမ်းပြားပေါ်ရှိ ချိပ်ပိတ်မှုကို ဖြေကာ အတွင်းရှိ သတင်းကို စစ်ကြည့်၏။ သူ့နတ်ဘုရားအာရုံ ကျောက်စိမ်းပြားထဲ ဝင်ရောက်သွားချင်းချင်း သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပေသည်။

ထိုကျောက်စိမ်းပြားက သန့်ရှင်းသောကလန်၏ ဒုတိယအသုတ်မှ ကျင့်ကြံသူများ ပို့ပေးလာခြင်း ဖြစ်၏။ ထိုကျောက်စိမ်းပြားထဲ၌ သတင်းတစ်ခုသာ ပါ၏။ ၎င်းက ရှီလောရှင်း၏ အသက်ကျောက်ပြား တစစီ ဖြစ်သွားကြောင်းကို အသိပေးခြင်းပင်။

ရှီလောရှင်း သေသွားခဲ့ပြီ။

ကောက်ကွေ့ချန်၏ အမူအရာက အလွန် သုန်မှုန်သွား၏။ သူက ကျောက်စိမ်းပြားကို ကြမ်းတမ်းစွာ ညှစ်ချေပစ်သည်။ ထို့နောက် သူ့အကြည့်က ရုတ်တရက် ဝမ်လင်းထံ ကျရောက်လာသည်။ သူက ဝမ်လင်းကို သံသယရှိ၍တော့မဟုတ်၊ သို့သော် ခုချိန်၌ ရှိလောရှင်း သေသွားရာ သူ့ကို မည်သူ သတ်သွားမှန်းလည်း မသိ ဖြစ်နေ၏။ အဆိပ်ငါးပါးကလန် သို့မဟုတ် အခြားအဆင့်ခြောက်ကလန်တစ်ခုခုက သူတို့၏ သံသယ ဝင်စရာ ဖြစ်လာခဲ့တော့သည်။

အခုကိစ္စက အရေးကြီးလွန်း၏။ ကောက်ကွေ့ချန်က အခုလာသည့်လမ်းတွင်ပင် အပြစ်မဲ့လူတစ်ထောင်ကျော်ကို သတ်ခဲ့သေး၏။

“သူ့ကို အရိုင်းကုန်းမြေရှိ ခေါ်လာခဲ့…” ကောက်ကွေ့ချန်က ဝမ်လင်းကို လက်ညှိုးလှမ်းထိုးပြရာ တပည့်ရှစ်ယောက်သည် ဝမ်လင်းထံ ပျံသန်းလာကြတော့သည်။

ဝမ်လင်း၏အသွင်က ပြောင်းလဲသွား၏။ သူက လေးစားသည့်အမူအရာဖြင့် မတ်တတ်ထရပ်ကာ ကြောက်လန့်ဟန်ပုံစံဖြင့် မေး၏။ “ရောင်းရင်းကျင့်ကြံသူတို့…ဒါက ဘာအဓိပ္ပာယ်လဲ…”

“ရောင်းရင်းကျင့်ကြံသူ…ငါတို့နဲ့ မြန်မြန်လိုက်ခဲ့ပါ…” ထိုရှစ်ယောက်တွင် ခြောက်ယောက်က အထည်ဒြပ်ယန်အဆင့်၊ ကျန်နှစ်ယောက်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိကြ၏။

သူတို့သည် သာမန်အခြေအနေများ၌ ဝမ်လင်းကို တွေ့ပါက အခုလိုမျိုး လုပ်ဝံ့ကြမည် မဟုတ်ပေ။ တကယ်တော့ ဝမ်လင်းသည် သူတို့ထက် ကျင့်ကြံမှု အဆင့်မြင့်ပေ၏။ သို့ရာတွင် အကြီးအကဲကောက်ကွေ့ချန်က ဤနေရာတွင် ရှိနေသလို သူတို့ကလန်အတွက် အခုကိစ္စကလည်း အရေးကြီးလှရာ သူတို့အားလုံးသည် ရန်လိုနေကြပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset