ပြောင်းလဲသွားသည်နှင့် ဝမ်လင်း၏မူလစွမ်းအင်မှာ ငြင်သာခြင်း မရှိတော့ပေ။ ၎င်းစွမ်းအင်ထဲ၌ တောင်တစ်တောင်၏ အား ပါဝင်ကာ သက်လတ်ပိုင်းလူပေါ်သို့ ရိုက်ချသွားသည်။
သို့ရာတွင် ထိုအခိုက်၌ သက်လတ်ပိုင်းလူက ခေါင်းမော့ကာ သူ့မျက်နှာသည် ရန်လိုလာ၏။ အဖျက်အစီးအားတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာတော့မည့်ဟန် တူသည်။
ဝမ်လင်း၏အမူအရာက အေးဆက်နေဆဲပင်။ သူက မူလစွမ်းအင်ကို စေလွှတ်ပြီးနောက် သူ့သိုလှောင်အိတ်ကို ချက်ခြင်းဖွင့်ရာ သံဓားသည် ရှေ့သို့ ပျံသန်းသွားသည်။
ဓားစွမ်းအင်တန်းတစ်ခုက ရှေ့သို့ ထိုးထွက်သွားရာ ပေါက်ကွဲခါနီး သက်လတ်ပိုင်းလူသည် တုန်ယင်၏။ သူ့လည်ပင်းကနေ သွေးများ ပန်းထွက်သွား၏။ သူ့ခန္ဓာကိုယ်သာ သေဆုံးသွားသည် မဟုတ်၊ သူ့အားနည်းနေသော မူလစိတ်ဝိညာဉ်ပါ သေဆုံးသွားရသည်။
သူက မျက်လုံးဖွင့်လျက် ဝမ်လင်းကို စူးစိုက်ကြည့်နေဆဲ၊ သူ့ဦးခေါင်းမှာ လိမ့်ဆင်းကျကာ မြေပြင်ထက်သို့ လိမ့်ကျလာသည်။ သူ့ဖျော့တော့သောအကြည့်သည်ပင် ရန်လိုနေသေး၏။
သူမသေခင် လှည့်ကွက်မှာ မကောင်းမွန်လှပေ။ သို့သော် ကျောက်စိမ်းပြားနှင့် ဆေးလုံးဖော်စပ်နည်းကို သိထားသည့်သူများအတွက်တော့ စွဲဆောင်နိုင်လောက်၏။ သို့ရာတွင် ဝမ်လင်းက ထိုအခြင်းအရာများကို ဘာမှ မသိသည့်သူ ဖြစ်သည်။
ပို၍ အရေးကြီးသည်က ဝမ်လင်း တောင်ကြားထဲသို့ ဝင်လာသည်နှင့် သူက ပထမအလောင်း၊ ထို့နောက် အလောင်းလေးလောင်းကို ထပ်မြင်ခဲ့ရ၏။ အပြင်ပိုင်း၌ ၎င်းအလောင်းများ မသေခင်အဆိပ်မိ၍ သေဆုံးသွားကြသည့်ပုံစံမျိုးပင်။
သို့ရာတွင် အမှန်တကယ်တော့ မဆိုသလောက် ခြားနားမှု ရှိသည်။ ဝမ်လင်းက အမြဲတမ်း သတိရှိသူတစ်ယောက်၊ ထို့ကြောင့် ထိုခြားနားမှုက သေးငယ်သော်လည်း သူက မြင်သည်။
ပထမအလောင်းက သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကြောင့် အမှန်တကယ် သေဆုံးခဲ့ခြင်း ဖြစ်၏။ အခြားအလောင်းလေးလောင်းကတော့ ထိုကဲ့သို့ မဟုတ်ပေ။ သူတို့က အသတ်ခံရပြီးမှ သူတို့ခန္ဓာကိုယ်ထဲရှိ အဆိပ်များ အသက်ဝင်လာခဲ့ခြင်းပင်။ ထိုအလောင်းလေးလောင်း၏ အနေထားက ဝမ်လင်းကို သံသယ ဝင်စေခဲ့ပေသည်။
ထိုလေးယောက်မှာ သတ်လတ်ပိုင်းလူ၏ သတ်ပစ်ခြင်း ခံရသည်မှာ ဖြစ်နိုင်၏။ သူတို့သည် သူ ပြောခဲ့သလို သူ့တပည့်များလည်း ဖြစ်နိုင်သည်၊ သို့မဟုတ် စောနကအဘွားအို၏ တပည့်များလည်း ဖြစ်နိုင်နေသည် မဟုတ်လား။
တကယ်တော့ ဝမ်လင်းက ထိုအဖြစ်အပျက်၏ နောက်ကွယ်မှ ကံကြမ္မာအကြောင်းရင်းကို မသိပေ။ သူက သက်လတ်ပိုင်းလူ မူလစွမ်းအင် အသုံးမပြုနိုင်ဟု ဆိုခြင်းက လိမ်နေတာ ဖြစ်မှန်းကိုသာ သိ၏။
သေခါနီး လူတစ်ယောက်အဖို့ လိမ်ညာရသည်မှာ အကြောင်းရင်းတစ်ခု ရှိရပေမည်။ ထို့အတွက်ကြောင့် ဝမ်လင်း သည့်လူကို နှေးဖင့်မနေဘဲ ချက်ခြင်း သတ်ပစ်ခဲ့ခြင်း ဖြစ်၏။
ခေါင်းပြတ်သွားသည့် သက်လတ်ပိုင်းလူကို ကြည့်နေရင်း သူ့ခန္ဓာကိုယ်မှာ စတင် ပုတ်သိုး၍ သူ့အဝတ်အစားများမှာ တစစီ ဖြစ်သွားသည်။
“ကျောက်စိမ်းပြားနဲ့ ဆေးညွှန်း…” ဝမ်လင်းသည် စတင် စဉ်းစားကြည့်၏။စောနက အဘွားအိုက သည်လူ့ကို ကျောက်စိမ်းပြားနှင့်ဆေးညွှန်းကြောင့် ပိတ်လှောင်ထားခြင်း ဖြစ်ရမည်။
“ဘယ်လို ကျောက်စိမ်းပြားနဲ့ ဆေးညွှန်းကြောင့်များ နိဗ္ဗာနသန့်စင်ခြင်းအဆင့်နှစ်ယောက်က သေတဲ့ထိ တိုက်ခိုက်ကြရတာလဲ။ ဒီနှစ်ခုက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ကျင့်ကြံသူကို နောက်ဆုံးအဆင့်တစ်ယောက်အပေါ် သတ်ဝံ့စေတဲ့အထိ ဖြစ်စေခဲ့တာပဲ…”
“ဒီသက်လတ်ပိုင်းလူရဲ့ မူလအစီအစဉ်က သူ့ကိုယ်သူ ဖျက်စီးပစ်ပြီး သေမယ်၊ အဲ့နောက် သူ့သိုလှောင်နေရာလွတ်ကိုပါ ပျောက်ကွယ်သွားအောင် လုပ်မလို့ ဖြစ်မယ်။ ဒါပေမယ့်လည်း လူတစ်ယောက်က လုံလောက်အောင် မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ရှိရင် သိုလှောင်နေရာလွတ်ကနေ တစ်ခုခုကို ထုတ်ယူဖို့ ခက်ခဲမှာ မဟုတ်ဘူး…”
“ဒါ့အပြင် သူ ပြောခဲ့သလိုဆို သူက ငါ့ကို ကလန်တစ်ခုခုက တစ်ယောက်ယောက်နဲ့ အထင်မှားနေခဲ့တာ…၊ ဒီလိုဆိုရင် ကျောက်စိမ်းပြားနဲ့ဆေးညွှန်းအတွက် တိုက်ပွဲဟာ ကလန်တွေကြားက တိုက်ပွဲပဲ…။ သူက သူ့တပည့်တွေဟာ အဆိပ်ငါးပါးကလန်ရဲ့ အဆိပ်အဘွားကြီးရဲ့ အဆိပ်ကို မိခဲ့တာတဲ့။ အဲ့အဘွားအိုက စောနက ငါ သတ်လိုက်တဲ့သူ ဖြစ်ရမယ်…”
“ဒါ့အပြင် ဒီအဆိပ်အဘွားအိုက ငါ ပေါ်လာတာနဲ့ ငါ့ကို သတ်ဖို့ ချက်ခြင်း လုပ်ဆောင်ခဲ့တယ်။ သူမက ငါ့ကိုအခြားကလန်တစ်ခုခုက ကိုယ်စားပြုတဲ့သူလို့ ထင်ခဲ့တာပဲ…”
“ပိုအရေးကြီးတာက ဒီအဘွားအို မတိုက်ခိုက်ခင် ‘ရောက်လာတာ မြန်လိုက်တာ’ လို့ ပြောခဲ့သေးတယ်…” ဝမ်လင်းသည် ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်၏။ သူ့မျက်လုံးသူငယ်အိမ် ကျုံ့သွားမိသည်။
“ကလန်အမျိုးမျိုးရဲ့ ကျင့်ကြံသူများစွာ ဒီနေရာကို လာနေတာများ ဖြစ်နိုင်လား…။ ဒီလိုသာဆိုရင် ကျောက်စိမ်းပြားနဲ့ဆေးညွှန်းရဲ့ တန်ဖိုးက ကလန်တွေကြား တိုက်ပွဲဖြစ်စေလောက်တဲ့အထိ ဖြစ်ရလောက်အောင် မြင့်မားလွန်းနေတာပဲ…”
ဝမ်လင်းက အသက်ဝဝရှိုက်သွင်း၏။ သူ့မျက်လုံးတို့က တောက်ပနေသည်။
“ငါ့ သုံးသပ်ချက်သာ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် မှန်ခဲ့မယ်ဆိုရင် ဒီသက်လတ်ပိုင်းလူက ကျောက်စိမ်းပြား၊ဆေးညွှန်းတို့နဲ့ ပတ်သတ်ပြီး အတော်လေး စိတ်ပူပန်မှာ။ သူက အခြားလူတွေ သူ့ သိုလှောင်နေရာလွတ်ကို ဖွင့်နိုင်တာ သိမှတော့ သူဟာ ဒီပစ္စည်းနှစ်ခုကို သူ့သိုလှောင်နေရာလွတ်ထဲ ထည့်မသိမ်းထားမှာ စိုးမိတယ်…”
ဝမ်လင်းသည် တောင်ကြား ပတ်လည်သို့ ကြည့်၏။ ထို့နောက် သူ့အကြည့်သည် မြေပြင်ထက်ရှိ အလောင်းလေးလောင်းထံသို့ ကျရောက်သွားသည်။ သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။
“ငါသာ သူ့နေရာမှာ ဆိုရင် ဒီလို အခြေအနေမျိုး ကြုံရင် ဘာလုပ်မလဲ…။ ငါ့ သိုလှောင်နေရာလွတ်ထဲ သိမ်းထားမလား၊ ဒါမှမဟုတ် တစ်နေရာရာမှာ ဖွက်ထားမလား…”
ဝမ်လင်းသည် စဉ်းစား၏။ သူ့မျက်လုံးကို မှိတ်ကာ ထိုသက်လတ်ပိုင်းလူ နေရာကနေ တွေးကြည့်နေသည်။
သိပ်မကြာခင်တွင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်၏။ သူ့နတ်ဘုရားအာရုံကို တပည့်လေးယောက်၏ အလောင်းများပေါ်သို့ ဖြန့်ကျက်ကြည့်သည်။ သို့သော် သူက ဘာတစ်ခုမှ မတွေ့ပေ။ သို့ရာတွင် ဝမ်လင်းက လက်မလျော့ချင်သေးပေ။ သူ့ဘယ်မျက်လုံးတွင် မီးတောက်တစ်ခု ပေါ်လာကာ ထိုအလောင်းလေးလောင်းကို ဝန်းရံသွားသည်။
တောင်ကြားအတွင်း၌ မီးလောင်ကျွမ်းသံ ထွက်ပေါ်လာ၏။ အလောင်းများအတွင်း၌ ပြင်းထန်သောအဆိပ် ရှိနေရာ မီးတောက်သည် တစ္ဆေအလင်းကို ပေးစွမ်းနေသည်။ သိပ်မကြာခင်တွင် အလောင်းများ ပြာပုံဘဝသို့ ရောက်သွားတော့၏။
သို့ရာတွင် ပြာပုံများကြား၌ ကျောက်စိမ်းပြားတစ်ခုနှင့် လက်ဝါးအရွယ်ခန့် တိရိစ္ဆာန်အရိုးတစ်ခု ရှိနေသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန် ပေါ်နေ၏။ သူ့လက်ကို ဆန့်ထုတ်ရာ ကျောက်စိမ်းပြားနှင့်အရိုးတို့က သူ့လက်ထဲသို့ ပျံသန်းလာကြသည်။ သူ့နတ်ဘုရားအာရုံဖြင့် အရင်ဆုံး ကျောက်စိမ်းပြားကို စစ်ကြည့်ရာ ဝမ်လင်း၏အမူအရာသည် ပြောင်းလဲသွားတော့၏။
“အဆင့်ရှစ်ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းမိ၏။ ထို့နောက် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ကာ အရိုးအပိုင်းကို ကြည့်သည်။ ဝမ်လင်း၏ စိတ်အင်အားဖြင့်ပင် သူသည် နှလုံးခုန် မြန်မိလေ၏။
သူက လက်ထဲရှိ အရိုးပိုင်းကို ကြည့်ကာ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေ၏။ သူသည် အချိန်အတန်ကြာသည့်အထိ စွန့်အနေမိသည်။
“နိဗ္ဗာန…နိဗ္ဗာနလေဟာနယ်ဆေးလုံး…” သူက နိဗ္ဗာနဆေးလုံးကို ဘာဆိုတာ မသိသော်လည်း သူ သိထားသည့် နိဗ္ဗာန နှင့် လေဟာနယ် ဆိုသည့် စကားလုံးနှစ်လုံးက အစွမ်းထက်ကျင့်ကြံသူများကို ဆိုလိုနေသည် မဟုတ်လား။
အထူးသဖြင့် ဆေးလုံးဖော်စပ်နည်းမှာ ဝမ်လင်း၏ စိတ်ထဲ၌ ဂနာမငြိမ် ဖြစ်မိစေ၏။ သူက အရိုးပိုင်းကို လက်ထဲ၌ တင်းကြပ်စွာ ကိုင်ထားလျက် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ လှိုင်ထွက်လာ၏။ အခုချိန်၌ တစ်ယောက်ယောက်ကသာ သူ့လက်ထဲရှိ အရိုးပိုင်းကို လုယူဖို့ ကြိုးစားလာပါက ဝမ်လင်း၏ အရူးအမူး တိုက်ခိုက်မှုကို လက်ခံရပေလိမ့်မည်။
“ဆေးလုံး သောက်သုံးထားတဲ့ လူတစ်ယောက်ကို မူလရင်းမြစ် ဥပဒေသထိ ပြောင်းလဲစေဖို့နဲ့ ငါတို့ ကျင့်ကြံသူတွေ အခေါ် တတိယအဆင့်ကို ရောက်စေဖို့ ဆယ်ရာခိုင်နှုန်းအခွင့်အရေး ရှိစေတယ်။ ဒီဆေးလုံး သောက်ထားတဲ့ သူကို ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်စေနိုင်ဖို့ ငါးဆယ်ရာခိုင်နှုန်း ကူညီပေးနိုင်တယ်။ ဒီဆေးလုံး သောက်ထားတဲ့သူဟာ ရှီနယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ ရှစ်ဆယ် ရာခိုင်နှုန်း အခွင့်ရေး ရှိစေတယ်…”
ဝမ်လင်း သတိဝင်ကာ ပုံမှန်အတိုင်း ဖြစ်လာဖို့ အချိန်အတော် ကြာလိုက်၏။ သူက ကျောက်စိမ်းပြားနှင့်သားရဲအရိုးတို့ကို သူ့ သိုလှောင်အိတ်ထဲသို့ မြန်မြန် ထည့်သည်။ သူက အသေးစိတ်တွေးနေဖို့ရာ အချိန်မရှိပေ။ သို့သော် သူသည် ထိုပစ္စည်းနှစ်ခုက ကျင့်ကြံခြင်းလောကတွင် ကပ်ဘေးတစ်ခု ဖြစ်သွားစေဖို့အထိ လုံလောက်မှန်းကို သေချာ သိနေ၏။
ခုချိန်၌ ဆေးညွှန်းသတင်းမှာ အရမ်း ပျံ့နှံ့ခြင်း မရှိသေးပေ။ သို့သော် ၎င်းပစ္စည်းအတွက် တိုက်ပွဲများသာ ဆက်ဖြစ်ပါက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေပေမည်။
ဝမ်လင်းသည် အချိန်အတန်ကြာသည့်အထိ သတွေးမမြိုချနိုင် ဖြစ်မိနေ၏။ သူက နှုတ်ခမ်းသပ်မိ၏။ သူက သူ့တည်ရှိခဲ့မှု အရိပ်အယောင်အားလုံးကို သေချာရှင်းလင်းကာ သက်လတ်ပိုင်းလူ၏အလောင်းနှင့် နောက်ထပ်အလောင်းတစ်ခုကို ယူဆောင်သည်။
မည်သည့် သဲလွန်စမျှ မချန်ထားမိမှန်း သေချာမှ ဝမ်လင်းသည် တောင်ကြားထဲကနေ ပျံသန်းထွက်လာ၏။ သူက အရိုးခေါင်းများကို ယူရန် ပြင်ပြီးမှာ ချီတုံချတုံ ဖြစ်မိကာ ပြတ်သားစွာဖြင့် ၎င်းအရိုးခေါင်းများထဲမှ တစ်ခုကို လက်ညွှန်၏။ ထိုအရိုးခေါင်းသည် ချက်ခြင်း ပျက်စီးကာ တောင်ကြားအတွင်း၊အပြင်တွင် အစိတ်အပိုင်းများ ပြန့်ကြဲ လွင့်စင်၏။
ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့စိတ်ထဲ၌ အတွေးများ ခုန်ပေါက်နေသည်။ သူက ကျန်သည့် အရိုးခေါင်းခုနစ်ခုကိုတော့ ယူဆောင်လိုက်သည်။ ထို့နောက် အနည်းငယ် စဉ်းစားပြီးနောက် သတ်လတ်ပိုင်းလူ၏တပည့်ဖြစ်သူ အလောင်းကို ထုတ်ကာ မူလနေရာတိုင်း ပြန်ထားခဲ့လိုက်သည်။
ထို့နောက်တွင် သူက တောင်ကြား အတွင်း၊အပြင်ရှိ အရိုးခေါင်းအစိတ်အပိုင်းများကို သေချာ ရှင်းလင်းပြီးနောက် အစိတ်အပိုင်းတစ်ခုကို အလွန်လျှို့ဝှက်သောနေရာတစ်ခုနောက်တွင် ချန်ထားခဲ့သည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက အသက်ဝဝရှုကာ ငွေရောင်အမျိုးသမီးအလောင်းကို ပြန်သိမ်းဆည်းသည်။ ထို့နောက် သူက အလင်းတန်းအဖြစ်ပြောင်းကာ လူဝံနက်နောက်သို့ လိုက်သွားတော့၏။
“ငါ့မှာ ဟိုအဆိပ်အဘွားအိုရဲ့ မူလစိတ်ဝိညာဉ် ရှိနေတယ်။ ငါ သူမကို သေစေလို့ မဖြစ်ဘူး။ သူမ မသေသေးသ၍ ဘယ်သူကမှ အပြင်လူတစ်ယောက်ဟာ ဒီကိစ္စမှာ ပါဝင်နေလိမ့်မယ်လို့ ထင်ကြမှာ မဟုတ်ဘူး။ သူတို့က ဒီအဘွားအိုကသာ ဆေးညွှန်းကို ရသွားပြီး ပုန်းနေတာလို့ ထင်ကြလိမ့်မယ်…”
“တကယ်တော့ တောင်ကြားထဲမှ သူမ အသုံးပြုခဲ့တဲ့ အရိုးအစိတ်အပိုင်းတစ်ခုလည်း ကျန်ခဲ့တယ်။ ဒါ့အပြင် သူမအဆိပ်ကြောင့် သေဆုံးခဲ့တဲ့ တပည့်တစ်ယောက်ရဲ့ အလောင်းလည်း ရှိနေခဲ့တယ်။
အရိုင်းကုန်းမြေသို့ ရောက်လာကြမည့် ကလန်အမျိုးမျိုးမှ ကျင့်ကြံသူများအတွက် အချိန်တစ်ခုသာ လို၏။ ဝမ်လင်းသည် ဤနေရာတွင် ဆက်၍ မနေဝံ့တော့ပေ။ သူက အခုလိုမျိုးလည်း အောင်မြင်မှုတစ်ခု ရခဲ့ပြီးပြီ မဟုတ်လား။
သူ့ထံ၌ ဆေးပင်များကို ထပ်လုယူဖို့ရာ စိတ်မပါတော့ပေ။ သူက ရှေ့သို့ အမြန်သွားနေ၏။ ထို့နောက် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ပျောက်ကွယ်သွား၏။ သူသည် ပြန်ပေါ်လာချိန်၌ သားရဲအုပ်ထံကနေ ထွက်ပြေးနေသော လူဝံနက်နားသို့ ရောက်နေပေပြီ။
လူဝံနက်က ဝမ်လင်းကို တွေ့သည်နှင့် စိတ်လှုပ်ရှားကာ တောင်ထိပ်များကို ညွှန်ပြသည်။ ၎င်းက ထိုနေရာများတွင် ဆေးပင်များရှိကြောင်း ပြသသည်မှာ ထင်ရှား၏။
ဝမ်လင်းက စိတ်မဝင်စားတော့ပေ။ သူက လူဝံနက်ပေါ်သို့ အဝါရောင်အဆောင်ကို ပြန်သိမ်းဆည်းကာ လူဝံနက်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သည်။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ပျံတက်ကာ မြူများကို ချိုးဖျက်၍ အဝါရောင်အဆောင်ကို သူ့ကိုယ်ပေါ်တွင် တင်သည်။သူက သူ့အမြန်နှုန်းကိုပင် မကျေမနပ် ဖြစ်နေ၏။ ထို့ကြောင့် သားရဲအရေပြားကိုပါ ထပ်ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ထပ်တင်သည်။
ထို့အတွက်ကြောင့် ဝမ်လင်း၏ အမြန်နှုန်းသည် အထွတ်အထိပ်သို့ ရောက်သွားပြီး သူသည် မြူများကြား ထွင်းဖောက်ကာ သည်အရိုင်းကုန်းမြေကနေ ထွက်လာတော့သည်။
အခုချိန်ထိပင် သူ့နှလုံးမှာ ခုန်ပေါက်နေ၏။ သူက အိပ်မက်တစ်ခု မက်နေသည့်အလား။ သည်အရိုင်းကုန်းမြေပေါ်ရှိ အဖြစ်အပျက်တိုင်းကို သူသည် အစစ်အမှန် မဟုတ်သကဲ့သို့ ခံစားမိနေဆဲ ဖြစ်၏။
သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည့်နောက် ဝမ်လင်းက သူ ရရှိခဲ့သည့် ဆေးညွှန်းကသာ ပေါက်ကြားသွားပါက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထဲ၌ အဆုံးမရှိ လိုက်လံခြင်းကို ခံရမည်ကို ရှင်းရှင်းလင်းလင်း သိလာသည်။ မဟာမိတ်နှင့်အလုံးစုံကောင်းကင်တို့တွင်လည်း အတူတူပင်။အကြောင်းမှာ ထိုဆေးညွှန်းက ကျင့်ကြံသူအချို့ကို ရူးသွပ်သွားစေဖို့ရာ လုံလောက်နေသည် မဟုတ်လား။
အထူးသဖြင့် အမြဲတမ်းလိုလို တံခါးပိတ်ကျင့်ကြံလျက်ရှိသော နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် မွန်းစတားအိုကြီးများနှင့် သူတို့၏ ကောင်းကင်ဘုံဒုက္ခကို ချိုးဖျက်ဖို့ရာ ပြင်ဆင်နေကြသည့်သူများမှာ ထိုဆေးညွှန်းအတွက် ဘာမဆို လုပ်ကြပေလိမ့်မည်။
“ငါ့လက်ထဲက ဒီကိစ္စကို ဘယ်သူ့မှ သိလို့ မဖြစ်ဘူး…” ဝမ်လင်းသည် အဆင့်ငါးနယ်မြေတွင် မြန်ဆန်စွာ သွားနေ၏။ သူသည် သူ့နတ်ဘုရားအာရုံကိုပင် မဖြန့်ကျက်ဝံ့ပေ။ ဝမ်လင်းက ကျင့်ကြံသူများစွာသည် အခုချိန်၌ ဤအဆင့်ငါးနယ်မြေရှိ အရိုင်းကုန်းမြေထံသို့ လာနေသည်ဟု ခံစားမိနေ၏။
သူတို့သာ အလျင်စလို သွားနေသည့် သူ့ကို တွေ့သွားပါက သံသယ ဝင်သွားနိုင်၏။ ထိုသံသယက ကြီးမားခြင်း မရှိလျှင်ပင် သူတို့က အရိုင်းကုန်းမြေရှိ အဖြစ်သနစ်ကို တွေ့ပါက သူတို့ သံသယဝင်သည့် လူများကို စဉ်းစားကာ ထိုသူများကို အာရုံစိုက်ပေမည်။
ကိစ္စက ပိုကြီးလာလေလေ သင် ထိန်းသိမ်းရမည့် လျှို့ဝှက်ချက်က ပိုများလေလေ၊ သင်သည် ပိုတည်ငြိမ်လာဖို့ လိုအပ်ပေ၏။
အကွာအဝေးတစ်ခုသို့ ရောက်လာပြီးနောက် ဝမ်လင်းက ဧရာမလူဝံနက်ကြီးကို ထုတ်ယူ၏။ သူက ၎င်း၏ပုခုံးထက်တွင် ထိုင်ချကာ မူလကလန် ရှိသော မိုလျိုကုန်းမြေထံသို့ ပျံသန်းရန် အမိန့်ပေးသည်။
အခုနေရာမှာ မိုလျိုကုန်းမြေနှင့် ရက်အနည်းငယ်ကြာ ဝေးသေး၏။ သူ့အသည်းအသန် ထွက်ခွာလိုစိတ်ကလွဲ၍ ဝမ်လင်းသည် တည်ငြိမ်စွာ လူဝံနက်ပေါ်တွင် ထိုင်နေ၏။ သူက တိမ်ပင်လယ်၏ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ပုံဖမ်းထားပေသည်။
နာရီအတော်အတန် ကြာပြီးနောက် ဝမ်လင်းက ထိုအရိုင်းကုန်းမြေ၏ အဝေးသို့ ရောက်လာခဲ့ပေပြီ။ အနီးအနားတွင် အခြားအရိုင်းကုန်းမြေများ ရှိနေရာ အခြားသူများအဖို့ ဝမ်လင်း မည်သည့်နေရာကနေ လာမှန်း သိနိုင်ဖို့မှာ မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏ တည်ငြိမ်သော မျက်လုံးမှာ ရုတ်တရက် မျက်မှောင်ကြုံ့သွားမိ၏။ သိပ်မကြာခင်တွင် သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
အနီရောင်အလင်းတန်းများသည် ကြယ်မြူများကြားကနေ တဝီဝီ ဖြတ်သန်းလာရင်း နီးသထက် နီးလာကြသည်။
***
Nice