ဝမ်လင်းသည် ဤအရိုင်းကုန်းမြေတွင် ခဏသာ နေပေမည်။ မူလကလန်ရှိ ကိစ္စကို စဉ်းစားကြည့်ပါက သူသည် သည်ကုန်းမြေပေါ်တွင် အချိန်ကြာကြာ ထပ်နေ၍ မရတော့ပေ။
သူက ခရမ်းရောင်တာအိုကလန်နှင့် ပတ်သတ်၍ မစိုးရိမ်သော်လည်း သူသာ ထိုနေရာတွင် မရှိပါက မူလကလန်သည် သူတို့၏ ခုလက်ရှိ ခွန်အားအရဆို အမြစ်ဖျက်ခြင်း ခံရပေမည်။ အတိတ်တုန်းကသာ ဆိုပါက ဝမ်လင်းသည် ဂရုစိုက်မည် မဟုတ်၊ သို့သော် သူက ခရမ်းရောင်တာအိုကလန်ရှိ လူများကို သတ်ပစ်ပြီးမှတော့ သူ ဤကိစ္စတွင် ပါဝင်ရပေတော့မည်။
ထို့အပြင် ထိုဉာဏ်ထက်သောအမျိုးသမီးကျင့်ကြံသူ လုယန်ဖေက သူ့အား နောက်ခံပုံရိပ်တစ်ခုပါ လက်ဆောင်ပေးခဲ့သေး၏။ ထိုမျှသာမက သူသည် ခရမ်းရောင်တာအိုကလန်ရှိ လူများထံကနေ အဆုံးစွန်ယင်၏ သဲလွန်စကို သိဖို့ လိုသေးသည်။
သို့အတွက်ကြောင့် ဝမ်လင်းက တစ်ချီဆိုတစ်ချီ မောက်မာစွာ ပြုမူကာ လူဝံနက်ကို ယဉ်ပါးအောင် လုပ်ပြီး သားရဲအသိုက်အမြုံထဲသို့ တိုးဝင်ကာ ဆေးပင်များကို အတင်းလုယူခဲ့ခြင်းပင်။
သူက သားရဲအုပ်ကြိးကို သူတို့နောက်သို့ လိုက်လာခွင့် ပြုခဲ့၏။ ဝမ်လင်းက ထိုလူဝံနက်မှာ အခုလိုမျိုး ကောင်းမွန်စွာ ဆေးပင်များကို လုယူနိုင်လိမ့်မည်ဟုတော့ မထင်ထားမိခဲ့ပေ။ ကြည့်ရသည်မှာ ၎င်းလူဝံနက်က ထင်တာထက် ပိုအသုံးဝင်ဟန် တူ၏။
ဤနေ့များအတွင်း ဝမ်လင်းက တည်နေရာတစ်ခုကို သတ်သတ်မတ်မတ် ရှာဖို့ပင် မလိုခဲ့ဘဲ လူဝံနက်က ဤကုန်းမြေနှင့် အလွန်ရင်းနှီး၍ လျှပ်စီးတန်းအလား ရွှေ့လျားလှုပ်ရှားနေခဲ့ပေသည်။ ၎င်းက ဆေးပင်များကို အလျင်စလိုယူ၊ ထို့နောက် နောက်လှည့်မကြည့်ဘဲ ပြေး၏။
ထိုအောင်မြင်စွာ လုယူမှုများ ပြီးသည့်နောက် လူဝံနက်သည် စိတ်လှုပ်ရှားစွာ ဟိန်းသံမပေးဘဲ မနေနိုင် ဖြစ်၏။ ၎င်းက ၎င်း၏ အပြုအမူလုပ်ဆောင်မှုကို ကျေနပ်နေဟန် ရ၏။
ဝမ်လင်းကို ပို၍ ညစ်ကျယ်ကျယ် ပြုံးမိစေသည်က ထိုလူဝံနက်မှာ ဤအရိုင်းကုန်းမြေ၌ ကျော်ကြားသူဟု ခံစားမိခြင်း ဖြစ်၏။ ၎င်းက နောက်ကနေ လိုက်လံလာသည့် သားရဲများကို ရှောင်သည့်နေရာတွင်လည်း တော်ပေ၏။
ထိုကြမ်းကြုတ်သည့်သားရဲများသည် ၎င်းတို့၏ ဆေးပင်များကို တစ်ကြိမ်တစ်ခါသာ ခိုးယူခံရရုံဖြင့် အခုလိုမျိုး အမော့ဆို့သည့်အထိ နောက်ကနေ လိုက်မည် မဟုတ်။ ၎င်းတို့၏ မျက်လုံးထဲ၌ ရူးသွပ်မှု အရိပ်အယောင်တို့ ရှိနေကြ၏။
ဝမ်လင်းက ထိုသားရဲများ၏ ဆေးပင်များထဲမှ အချို့မှာ တောင်ထိပ်များပေါ်တွင် မပေါက်ရောက်ဘဲ တစ်နေရာရာတွင် ကွယ်ဝှက်ထားပုံရသည်ဟု တွက်ချက်မိ၏။ ထိုနေရာများကို ရှာတွေ့ဖို့ကတော့ ဝမ်လင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရုံသာ လို၏။ မဟုတ်ပါက ထိုနေရာများကို မြူများကြောင့် သူ့မျက်လုံးအမြင် သပ်သပ်ဖြင့် ရှာတွေ့နိုင်ဖို့မှာ ခက်ခဲလွန်းသည်။
သို့သော် လူဝံနက်ကတော့ ဤဆေးပင်များ မည်သည့်နေရာတွင် ဝှက်ထားသည်ကို သိသည့်အလား ရှိနေ၏။ ၎င်းက ဆေးပင်များကို လုယူခိုးယူရင်း လျှပ်စီးတန်းအလား ပြန်ထွက်ခွာနေ၏။
အခုလို ဆေးပင်များကို လုယူသည့် နေ့များတွင် လူဝံနက်က ဝမ်လင်းကို ရင်းနှီးလာ၏။ တစ်ခါတစ်ရံ ၎င်းက ၎င်း၏ ကျောထက်ရှိ ဝမ်လင်းကို စိတ်သဘောတူသည့်သူ ဟူသော သဘောမျိုးဖြင့် ကြည့်လာတတ်သည်။
ထို့အတွက်ကြောင့် ဝမ်လင်းက သည်လူဝံနက်ကို ယဉ်ပါးအောင် လုပ်ခဲ့သည့် နေ့များကို ပြန်စဉ်းစားကြည့်သည်။ သူက သူ့ပိုအားကောင်းသော ကျင့်ကြံခြင်း၊ လူဝံနက်ကို ဒဏ်ရာရစေခြင်းကို ထုတ်ဖော်ပြသခဲ့တာတောင်မှ ၎င်းမှာ နာခံဖို့ ဆန္ဒမရှိခဲ့သည်ကို သိ၏။ ထိုအစား ၎င်း၏ မျက်လုံးထဲ၌ အမုန်းတရားနှင့် ငြင်းဆန်လိုမှုသာ ရှိခဲ့သည်။
“ဒါပေမယ့်လည်း ငါတို့နောက်ကို လိုက်လာတဲ့ သားရဲတွေက များလွန်းနေတဲ့ပုံပဲ…”
ဝမ်လင်းက လူဝံနက်၏ ကျောထက်တွင် ထိုင်နေကာ သူ့နောက်ရှိ သားရဲအုပ်ကြီးကြောင့် ဖြစ်ပေါ်သည့် ဖုန်မှုန့်မုန်တိုင်းကို ကြည့်သည်။ သူ့နောက်ရှိ ဒေါသတကြီး အဆတ်မပြတ်အော်သံများက နားထဲ တိုးဝင်လာနေ၏။
သူက ခြင်သားရဲများကိုတော့ သူ့သိုလှောင်နေရာလွတ်ထဲ ပြန်သိမ်းထားပြီး ဖြစ်သည်။ ခုလက်ရှိ အခြေအနေမှာ ခြင်သားရဲများကို အပြင်ထုတ်ထားဖို့ မသင့်တော်ပေ။
သူ့နောက်သို့ လိုက်လာသည့် ကြမ်းကြုတ်လှသောသားရဲများမှာ များပြားလွန်းသည်။ ၎င်းတို့ထံမှ ဆေးပင်များ ခိုးယူခြင်း မခံရသော သားရဲများပင် ပါဝင်နေသည်။ ၎င်းတို့က လူဝံနက်ကို မြင်သည်နှင့် သားရဲအုပ်နှင့် ပေါင်းကာ ၎င်းနောက်သို့ လိုက်လာကြသည်။
ဤကြမ်းကြုတ်ရူးသွပ်နေသည့် သားရဲများက လူဝံနက်ကို မိကိုမိ ရမည်ဟု ဆုံးဖြတ်ထားကြဟန် တူ၏။
လူဝံနက်သည် ထိုအခြင်းအရာများကို မတွေ့မြင်သည့်အလား။ ၎င်းက ပြေးနေရင်း ရံဖန်ရံခါ မန္တာန်များကို ရှောင်ရန် သူ့ခန္ဓာကိုယ်ကြီးကို တွန့်လိမ်သေးသည်။
ဝမ်လင်းက ပြုံး၍ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်သည်။ သူက အဝါရောင်အဆောင်ကို ထုတ်၍ လူဝံနက်၏ ပုခုံးထက်ပေါ်တွင် နေရာချပေးသည်။
ချက်ခြင်းပင် အဝါရောင်မုန်တိုင်းတစ်ခုသည် လူဝံနက်ပတ်လည်တွင် ပေါက်ကွဲထွက်လာကာ ကောင်းကင်ထက်သို့ ထိုးတက်၏။ လူဝံနက်၏ ခန္ဓာကိုယ်မှာ တုန်ယင်၍ ၎င်း၏မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့် ပြည့်သည်။ ၎င်း၏အမြန်နှုန်းမှာ ရုတ်တရက် တိုးလာ၏။ ၎င်းက လေထဲသို့ ခုန်တက်ကာ သားရဲအုပ်ကြီးရှေ့သို့ ကျရောက်သွားပေပြီ။
သို့ရာတွင် ၎င်းသည် ချက်ခြင်း ထွက်မပြေးသေး။ သားရဲအုပ်ထံ ဟိန်းဟောက်၏။ ထို့နောက် ၎င်းသည် သားရဲအုပ်ထံသို့ တရကြမ်း တိုးဝင်လာကာ လက်သီး၊ခြေထောက်များဖြင့် ကန်ကျောက်၊ထိုးနှက်၍ ဘေးတစ်ဖက်သို့ ဖောက်ထွက်သည်။
သားရဲအားလုံး ဟိန်းဟောက်ကြကာ ပို၍ပင် ရူးသွပ်လာကြသည်။
လူဝံနက်က နောက်ပြန်တိုးဝင်သည်ကို တွေ့သည့်အခါ ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုံ့ကာ လူဝံနက်၏ပုခုံးကို ပုတ်သည်။ လူဝံနက်သည် ချက်ခြင်း ရပ်တန့်သွား၏။ ၎င်းက နောက်တစ်ကြိမ် ထပ်ပြေးပြန်သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ လူဝံနက်က ပိုမြန်ဆန်လာ၏။ ၎င်းက သူ သိထားသော ဆေးပင်များ ရှိသည့်နေရာတိုင်းကို သိမ်းကြုံး၍ ပတ်သွားပြီး ဆေးပင်များကို ယူ၍ ချက်ခြင်း ထွက်ခွာသည်။
ဝမ်လင်းနောက်ရှိ သားရဲအုပ်ကတော့ ပို၍ပို၍ များလာ၊ကြီးလာသည်။ မြေကြီးထုသည် တုန်ယင်၏။ မြူများသည် တဝီဝီလှည့်ပတ်သည်။
အရိုင်းကုန်းမြေကို လှည့်ပတ်သွားပြီးနောက် လူဝံနက်မှာ ကျေနပ်သည့်ပုံ မရသေးပေ။ ၎င်းက ကုန်းမြေ၏ ဗဟိုချက်သို့ ဦးတည်လာ၏။ သားရဲအုပ်ကြီးကလည်း ၎င်းနောက်ကနေ လိုက်ပါလာသည်။ ဝမ်လင်းသည် အချိန်ကို တွက်၏။ သူက လူဝံနက်ကို မတားဆီးသေးပေ။
လူဝံနက်နှင့် အတူရှိနေသည့် သည်နေ့များတွင် ဝမ်လင်းက ဤကုန်းမြေ၏ သားရဲများ၏ အဆင့်သည် အတွင်းဘက်သို့ ရောက်လေလေ ပိုမြင့်မားလေ ဖြစ်မှန်း သိလာခဲ့သည်။ လူဝံနက်က ကုန်းမြေ၏ ဗဟိုချက်ထံသို့ တရကြမ်း ဦးတည်နေသည်။ ထိုနေရာတွင် တောင်တန်းများများစားစား မရှိ၊ ထိုအစား တောင်ကုန်းများဖြင့် ဝန်းပတ်နေသည့် တောင်ကြားများသာ ရှိပေ၏။
တောင်ကြားများက မြူများနှင့် ပြည့်နှက်နေရာ အတွင်းဘက်သို့ မြင်ရဖို့ငှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ၎င်းတောင်ကြားများထံကနေ မသတီစရာဖိအားတစ်ခု မကြာမကြာ ထွက်ပေါ်လာတတ်၏။
လူဝံနက်တောင်ကြားထဲသို့ တိုးဝင်သွားချိန်၌ ဝမ်လင်းက အလေးအနက် ဖြစ်သွား၏။ ထိုတောင်ကြားများမှာ သားရဲဟိန်းသံ မကြားရဘဲ တိတ်ဆိတ်လွန်းနေသည်။ လူဝံနက် ဝင်လာချိန်တွင်လည်း လုံးဝ ဗလာကင်းမဲ့နေ၏။
ဤနေရာရှိ သားရဲများက ပျောက်ကွယ်နေသည့်အလား ထင်မှားရလေ၏။
ဝမ်လင်းသာ ပဟေဍိဖြစ်မိသည် မဟုတ်၊ လူဝံနက်သည်ပင် အရှိန်လျော့သွား၏။ ၎င်းက ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်ကာ ဆက်သွားရမလား၊ မသွားရမလား မသိ ဖြစ်နေသည်။
ဝမ်လင်းက စဉ်းစားကြည့်၏။ ထိုစဉ် မြေကြီးထုသည် တုန်ခါလာ၏။ သားရဲအုပ်မှာလည်း ကုန်းမြေ၏ အလယ်ဗဟိုချက်သို့ ဝရောသုန်းကား တိုးဝင်ကာ လူဝံနက်ထံ ဦးတည်လာနေကြပေပြီ။
ဝမ်လင်းက ခေါင်းမော့၏။ သူ့မျက်လုံးမှာ လက်ခနဲ ဖြစ်သွားကာ ရှေ့တည့်တည့်သို့ လက်ညွှန်သည်။ လူဝံနက်မှာ ချက်ခြင်းပင် ရှေ့သို့ တရကြမ်း တိုးဝင်၏။ ဝမ်လင်း၏ အမိန့်အောက်တွင် ၎င်းက ခပ်မြန်မြန် မရွှေ့လျား၊ သားရဲအုပ်က တဖြည်းဖြည်း မီလာကြသည်။
အချိန်သည် မြန်ဆန်စွာ ကုန်ဆုံး၏။ လူဝံနက်က တောင်ကြားတစ်လျှောက် သွားလာနေရင်း သားရဲအုပ်က တရကြမ်း ဝင်လာသည်။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ထိုင်နေရာကနေ ထကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်သည်။ တစ်ချိန်တည်းမှာ အရှေ့တည့်တည့်မှ သုန်မှုန်သောအသံတစ်ခု ထွက်ပေါ်လာ၏။
“အဆိပ်ငါးပါးကလန်ဟာ ဒီနေရာမှာ ကိစ္စတစ်ခု ရှိတယ်။ ဝင်လာတဲ့လူ…မြန်မြန်ထွက်သွားစမ်း…၊အား…” သုန်မှုန်သောအသံတစ်ခုသည် စကားဆိုရာ ယင်းအသံက ငိုငြီးသံသို့ ပြောင်း၏။
ထိုအသံပိုင်ရှင်က လူဝံနက်နောက်သို့ များပြားလွန်းသောသားရဲအုပ်ကြီး လိုက်လာသည်ကို တွေ့မြင်သိမှာ သိသာသည်။
ထိုအခိုက်တွင် ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် သေဆုံးစိတ်ဝိညာဉ်များ ဝန်းရံကာ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲထားသည့် တောင်ကြားအပြင်ရှိ ဧရာမအရိုးခေါင်းရှစ်ခုကို တွေ့သည်။
သူက ထိုအရိုးခေါင်းများထဲမှ တစ်ခုအပေါ်တွင် ပိန်ကပ်ကပ်အဘွားအိုတစ်ယောက် မတ်တပ်ရပ်နေသည်ကိုလည်း တွေ့မြင်ပေ၏။
ထိုအဘွားအို၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။ သည်နေရာရှိ မြူများက သူမကို အဝေးသို့ မမြင်နိုင် ဖြစ်စေသည်။ သူမ၏ နတ်ဘုရားအာရုံပင် အကန့်အသတ် ရှိ၏။ သို့ရာတွင် မြေပြင်ထု တုန်ခါလှိုင်းများက ပိုပို အားကောင်းလာကာ သိပ်မကြာခင်တွင် အဆုံးမဲ့သားရဲများသည် သူမ၏နတ်ဘုရားအာရုံ အဝန်းအဝိုင်းထဲသို့ ဝင်လာသည်။
ထိုအခိုက်အတန့်တွင် သူမသည် ပင့်သက်မရှိုက်မိဘဲ မနေနိုင် ဖြစ်ရ၏။ သို့ရာတွင် သူမ၏ကျင့်ကြံမှုအဆင့်ဖြင့် သူမဉာဏ်ရည်မှာ မြင့်သည်။ လူဝံနက်ကို တွေ့မြင်ပြီးနောက် သူမသည် ချက်ခြင်းပင် ထိုသားရဲအုပ်ကြီးမှာ လူဝံနက်နှင့်၎င်း၏ပုခုံးထက်ရှိ ဆံပင်ဖြူကျင့်ကြံသူနောက်သို့ လိုက်လာကြမှန်း ချက်ခြင်း သိသည်။
သူမ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပေါ်လာ၏။ သူမသည် အခုအဖြစ်အပျက်ကို တိုက်ဆိုင်မှုတစ်ခုဟု မယုံပေ။ သန့်ရှင်းသောပန်းကလန်က စေလွှတ်သည့် အင်အားစုများ သို့တည်းမဟုတ် အခြားကလန်ခြောက်ခုမှ တစ်ယောက်ယောက်သည် စောလျင်စွာ ရောက်ရှိလာခြင်းလော။
“သူတို့ ရောက်လာတာ မြန်လိုက်တာ…” ထိုအဘွားအိုက ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ လူဝံနက်ထံ ဦးတည်သည်။ သူမရှေ့တွင် အဆိပ်မြူက စတင် ပျံ့လွင့်၏။
ဝမ်လင်း၏ မျက်လုံးမှာ လင်းလက်သွား၏။ သူက ချက်ခြင်းပင် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည့် နေရာသို့ မတော်တဆ ရောက်လာပြီကို သဘောပေါက်သွားသည်။ ထိုအရိုးခေါင်းရှစ်ခုမှာ ပိတ်လှောင်သည့် အစီအရင်တစ်ခု ဖြစ်တာ သိသာ၍ တောင်ကြားထဲရှိ လူတစ်ယောက် သို့မဟုတ် သားရဲတစ်ကောင်ကို သတ်ပစ်ဖို့အတွက်ပင်။
သို့ရာတွင် သူ့အတွက် ရှင်းပြနေဖို့ အချိန် မရလိုက်ပေ။ အဘွားအိုသည် မြန်လှ၏။ အဆိပ်သည် လွင့်လာခဲ့ပေပြီ။ သူမ၏ သတ်ဖြတ်လိုစိတ်ပါ ပါ၏။ ဝမ်လင်းက လူဝံနက်ပေါ်ကနေ ခုန်ဆင်းကာ လူဝံနက်ကို အမိန့်တစ်ခုကို ပေးသည်။
လူဝံနက်သည် တောင်ကြားပတ်လည်ရှိ အရိုးခေါင်းရှစ်ခုထံ တိုက်ရိုက် ဦးတည်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်သည်။ အနက်ရောင်လေပြင်းသည် ချက်ခြင်း ပေါ်လာကာ နဂါးနက်များအဖြစ်သို့ ပြောင်း၍ အဘွားအိုထံ တိုးဝင်သွားသည်။
အဘွားအို၏ ကျင့်ကြံမှုအဆင့်မှာ စုန့်ဝူဒီနှင့် အတူတူ၊ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ဖြစ်၏။ သို့ရာတွင် သူမ၏ အဆိပ်ကျင့်ကြံမှုက အလွန်အစွမ်းထက်လှသည့်အတွက် စုန့်ဝူဒီထက် များစွာ သာနေသည်။ အနက်ရောင်လေပြင်း နီးကပ်လာသည်ကို တွေ့မြင်သည့်အခါ သူမသည် ချိပ်ဟန်တစ်ခုကို ချက်ခြင်း ဖြစ်စေပြီး ပါးစပ်အပြည့် လေလုံးသုံးလုံးကို ထွေးထုတ်သည်။
ပထမလေလုံးက အနီရောင်မြူအဖြစ် မြန်ဆန်စွာ ပျံ့လွင့်သည်။ ၎င်းက လေပြင်းနက်နှင့် ထိပ်တိုက်တွေ့ကာ တုန်ဟည်းသံများ ဖြစ်ပွားသည်။
ဒုတိယလေလုံးက အနက်ရောင်ရေအဖြစ် ပြောင်းကာ မိုးကဲ့သို့ ပက်ဖြန်းလာသည်။ ၎င်းသည် အနီရောင်မြူကို ထွင်းဖောက်ကာ ဝမ်လင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်သည်။ အနက်ရောင်ရေစက်တိုင်းတွင် ထူးဆန်းသောအဆိပ်ပါ၏။ ရေတစ်စက်ဖြင့်ပင် သူ့အသွေးအသားကို သွေးကန်အဖြစ်သို့ ဆွေးမြေ့သွားစေဖို့ရာ လုံလောက်သည်။
တတိယလေလုံးက ခုနစ်ရောင်စုံ တောက်ကာ ပေတစ်ထောင်ကျော် ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းသည်။
“အဆိပ်ဘုရင်…ကျေးဇူးပြုပြီး ပေါ်လာပါ၊ အဆိပ်စိတ်ဝိညာဉ်ချိပ်ပိတ်မှု…” အဘွားအိုသည် ရက်စက်၏။ ချက်ခြင်းပင် သူမ၏ အစွမ်းထက်ဆုံးမန္တာန်များကို အသုံးပြုလာသည်။ အဆိပ်ဘုရင်ရုပ်တု၏ မျက်လုံးမှာ လင်းလက်သည်။ ထို့နောက် အလင်းက အထည်ဒြပ် ဖြစ်လာဟန် တူကာ ရုပ်တုရှေ့တွင် အနက်ရောင်အမှတ်အသားတစ်ခု ဖြစ်ပေါ်သည်။
ချိပ်ဟန် ပေါ်လာသည်နှင့် ဝမ်လင်းထံ တိုးဝင်လာ၏။ ၎င်းချိပ်ဟန်အမှတ်အသားသာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့လျှင် သူ့အသွေးအသားသည် သွေးကန်အဖြစ်သို့ ပြောင်း၊ သူ့မူလစိတ်ဝိညာဉ်သည်ပင် ချက်ခြင်း အဆိပ်ကြောင့် သေဆုံးသွားနိုင်သည်။
ထိုအဘွားအိုမှာ အလွန်ရက်စက်လှ၏။ နိဗ္ဗာနလေဟာနယ်ဆေးညွှန်းကို သူမ ယူဖို့အတွက် သူမသည် ဝမ်လင်းကို သူမ၏အစွမ်းထက်ဆုံး မန္တာန်ကို သုံးကာ သတ်ပစ်ရန် ကြိုးစားလာသည်။ သူမသည် ဝမ်လင်း သူမ၏ မန္တာန်များအား ရှောင်မည်ကို ပူပန်မိ၏။ ထို့ကြောင့် သူမက လက်ဝေ့ယမ်းရာ လျှပ်စီးအလား မြွေငယ်တစ်ကောင် ပေါ်လာသည်။ ထိုမြွေငယ်မှာ သူ၏ အသက်နှင့် ချိတ်ဆက်ထားသည့် သားရဲ ဖြစ်၍ လုံးဝ နက်မှောင်သည်။ ၎င်း၏ ဦးခေါင်းထက်၌ ကြက်ဖအမောက်ကဲ့သို့ သေးငယ်သောသရဖူတစ်ခု ရှိသည်။ ၎င်း ပေါ်လာသည်နှင့် ငါးညှီနံ့မှာ ဤဧရိယာတွင် ပြည့်နှက်သွားသည်။
***