Switch Mode

အပိုင်း (၁၂၀၂)

တုန်လှုပ်ဖွယ် ပြောင်းလဲမှု

ဤကြီးမားကျယ်ပြန့်သော ကြယ်အဖွဲ့အစည်းတွင် ကြယ်မြူများနှင့် ပြည့်သည်။ ၎င်းမှာ တိတ်ဆိတ်ငြိမ်သက်ဟန် ရသော်လည်း အမှန်တော့ မြူများအတွင်း လေးလံသည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်သည်။ ဒီနေရာက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အဆင့်ငါးဒေသ ဖြစ်ကာ သည်ကုန်းမြေ၏ လေးဆယ်ရာခိုင်နှုန်းကို ကလန်များက ပိုင်ဆိုင်ထားသည်။

အဆင့်တစ်ကနေ လေးအထိ ဒေသများကတော့ အဆင့်ငါးဒေသ မလှမ်းနိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။ အဆင့်ငါးကလန်တစ်ခုမှ တစ်စုံတစ်ယောက်သည် အဆင့်လေးဒေသသို့ သွားရောက်ပါက သူတို့သည် ရင်သပ်ရှုမောဖွယ်ရာဖြင့် ဆီးကြိုခြင်း ခံရပေမည်။

အခုအချိန်၌ အဆင့်ငါးဒေသတွင် တည်ငြိမ်နေသောမြူထဲ၌ တဝီဝီအသံတစ်ခု ပေါ်လာသည်။ အလင်းတန်းသည် မြူအတွင်း၌ ပျံသန်းလာ၏။ ထိုအလင်းတန်း၌ နဂါးနှင့်တူသည့် စိတ်ဝိညာဉ်သားရဲတစ်ကောင် ပါရှိသည်။ ၎င်းသားရဲပေါ်၌ ထည်ဝါသောကျင့်ကြံသူတစ်ယောက် မားမားရပ်နေသည်။

မြူထုသည် ပို၍ပင် ပြင်းထန်စွာ လှည့်ပတ်၏။ ပတ်ဝန်းကျင်ရှိ သားရဲများအားလုံးသည် ကြောက်လန့်တကြား တကွဲတပြား ပြေးကြသည်။ အလင်းတန်းများစွာက ဖြတ်ကျော်သွား၏။

ထိုမျှနှင့် အဆုံးမသပ်သေးပေ။ တိုတောင်းသည့် ခုနစ်မိနစ်အတွင်း အလင်းတန်းဒါဇင်ထက်မနည်းသည် မြူထုကို ဖြတ်သန်းကာ အဆင့်ငါးဒေသတစ်ခုသို့ သွားနေသည်။

ထိုအလင်းတန်းများထဲ၌ အမျိုးမျိုးသောစိတ်ဝိညာဉ်သားရဲများ ပါရှိသည်။ ထိုသားရဲတစ်ကောင်ချင်းစီ၏ ကျောပေါ်တွင် ကျင့်ကြံသူတစ်ယောက်စီ မတ်တတ်ရပ်နေကြသည်။

ထိုကျင့်ကြံသူအားလုံးမှာ အဆင့်ငါးဒေသမှ မဟုတ်ကြပါ။ သူတို့အားလုံးသည် အဆင့်ခြောက်ဒေသမှ ဖြစ်၏။ ထိုလူများ၏ ပုံပန်းသွင်ပြင်က အဆင့်ငါးဒေသကို တုန်လှုပ်သွားစေနိုင်သည်။

သည်နေရာတစ်ခုသာ မဟုတ်ပေ။ အဆင့်ငါးဒေသအတွင်း နေရာခြောက်နေရာကျော်၌ အခုလိုမျိုး ဖြစ်ပွားလာခြင်းတည်း။ ထိုကျင့်ကြံသူအားလုံးက သုန်မှုန်နေ၏။ သို့သော် သူတို့သည် အဆုံးမဲ့လောဘနှင့်အတူ စိတ်လှုပ်ရှားမှု၊ကျေနပ်မှုတို့ကို ဖုံးကွယ်ထားခြင်းပင်။

အဆင့်ခြောက်ဒေသမှ လာကြသည့် အနှီကျင့်ကြံသူအားလုံးမှာ တူညီသောဦးတည်ချက်တစ်ခုထံသို့ လာနေကြခြင်း ဖြစ်သည်။ ထိုနေရာကား အဆင့်ငါးဒေသရှိ အရိုင်းကုန်းမြေပင်။

ဝမ်လင်း ရှိနေသော အရိုင်းကုန်းမြေ၏ မြောက်ပိုင်းမြေထုသည် မြေထုပေါ်သို့ လေးလံသည့် တစ်ခုခု ကျရောက်နေသည့်အလား ဆက်လက်၍ တုန်ခါနေသည်။ မြူများသည် တဝီဝီလှည့်ပတ်ကာ ရှေ့သို့ လွင့်စင်နေသည်။

ငှက်နှင့်တူသည့် အချို့သားရဲများက မြူများထံကနေ အဝေးသို့ အော်ဟစ်ပျံသန်းကြသည်။ မြေပြင်ထက်တွင် ပိုများပြားသည့်ကြမ်းကြုတ်သော သားရဲများကလည်း ဟိုဒီပြန့်ကြဲကြ၏။ ၎င်းတို့အဖို့ မြူထံမှ တုန်ဟည်းသံသည် အဆုံးစွန် ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်နေသည်။

ခဏအကြာတွင် မြူများကြားကနေ ပေတစ်ထောင်ကျော်ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။ ၎င်းပုံရိပ်မှာ အဆုံးစွန်မာကျောကာ နီးကပ်လာသည်နှင့် ၎င်း၏ပုံပန်းအသွင်သည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပေပြီ။

၎င်းက ဧရာမကြီးမားသည့်လူဝံနက်ကြီးပင်။

လူဝံနက်ကြီးနောက်သို့ မျက်လုံးနီရဲရဲ နွားထီများ လိုက်လာနေသည်။ ၎င်းတို့ကြောင့် မြူများမှာ တဝီဝီ မြည်ဟည်းကာ ဝုန်းဒိုင်းထနေသည်။

ထိုနွားထီးနှင့်တူသည့် သားရဲများအပြင် အများအစားမတူသည့် သားရဲအုပ်တစ်ခုလည်း ရှိ၏။ ၎င်းတို့က ရောနှောကာ တစ်ဖြောင့်တည်း ဖြစ်နေသည်။ ကြည့်ရသည်မှာ လူဝံနက်ကြီးနောက်သို့ ၎င်းတို့က သေသည့်အထိ တစ်ဆုံး လိုက်တော့မည့်ဟန် ရသည်။

ကောင်းကင်ထက်၌ အရူးအမူးလိုက်ပါလာသော ငှက်သားရဲအချို့လည်း ရှိ၏။ ထိုအခြင်းအရာကို တွေ့မြင်မိသည့် လူတိုင်းမှာ ဦးရေပြားပင် ထုံထိုင်းသွားမိစေနိုင်သည်။ အစွမ်းထက်ကျင့်ကြံသူများသည်ပင် ထိုများပြားသည့် သားရဲများကြောင့် တုန်လှုပ်မိနိုင်သည်။ ထိုသားရဲအုပ်ထဲ၌ လူဝံနက်ထံသို့ မန္တာန်များနှင့် ပစ်လွှတ်နေသော အဆင့်ငါးသားရဲများပင် ပါဝင်သည်။

သို့ရာတွင် လူဝံနက်မှာ အင်မတန် အရှောင်ကောင်း၍ ၎င်း၏အရေပြားသည် ထူထဲလွန်းသည်။ ထို့ကြောင့် မန္တာန်များစွာက ၎င်းကို မထိတော့ပေ။ ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့် မန္တာန်ပင် များစွာ သက်ရောက်မှု မရှိတော့ပါ။

လူဝံနက်ကြီးက မြေပြင်ထက်၌ ပြေးနေ၏။ ၎င်း၏ ခြေလှမ်းကြောင့် တုန်ဟိန်းသံများပါ ဖြစ်ပေါ်သည်။ ၎င်းသည် မြန်ဆန်စွာ ရွှေ့လျား၍ ပြေးနေရာ လေပွေလှိုင်းများပါ ထစေသည်။ ၎င်း၏ ရှေ့၌ တောင်တစ်လုံး ရှိနေ၏။ လူဝံသည် ပြေးနေရင်း ၎င်းက မြေပြင်ကို ခပ်ကြမ်းကြမ်း ကန်ထုတ်ကာ မြေကြီးစများကို တစစီလွင့်ထွက်စေသည်။၎င်းက တောင်ပေါ်သို့ ခုန်လွှားတက်ကာ နောက်တောင်တစ်ခုထံသို့ ဦးတည်သည်။

အသက်ရှုစာအနည်းငယ်အချိန်အတွင်း ၎င်းက တောင်ထိပ်သို့ ရောက်လာ၏။ သိမ်းငှက်ကဲ့သို့ သားရဲတော်တော်များများကလည်း လူဝံနက်ထံ တိုးဝင်လာသည်။

သို့ရာတွင် ၎င်းတို့ အနား မရောက်လာခင်မှာပင် လူဝံနက်၏ လက်ဝေ့ယမ်းမှုကြောင့် သွေးမိုးများ ရွာကျရ၏။ ကြည့်ရသည်မှာ မည်သည့်ကြမ်းကြုတ်သည့် သားရဲမဆို ၎င်းလူဝံနက်ကို ဟန့်တားနိုင်စွမ်း ရှိပုံမရချေ။ ၎င်းက တောင်ထိပ်ကို ဝုန်းခနဲ ချနင်းကာ တောင်ထိပ်ရှိ အသိုက်နေရာသို့ လှမ်းသည်။

လူဝံနက်သည် နီးကပ်လာ၏။ ထို့နောက် ၎င်း၏လက်ဖြင့် ထိုအသိုက်ကို တိုက်ရိုက် ရိုက်ချသည်။

ပေါက်ကွဲသံတစ်ခု ဖြစ်ပွား၏။ အသိုက်သည် မရေမတွက်နိုင်သောအပိုင်းအစများအဖြစ်သို့ ကွဲထွက်ကာ ထိုနေရာရှိ အနီရောင်မြက်များ အကွက်ထသွားစေသည်။

လူဝံနက်၏ လက်က ရပ်တန့်သွားခြင်းမရှိသေး၊ အသိုက်နေရာကို ဖျက်စီးပြီးနောက် ၎င်းက အနီရောင်မြက်များအနားရှိ ကျောက်တုံးတစ်ခုကို ဆုပ်ကိုင်ကာ ဆွဲယူသည်။

လူဝံနက်သည် ပျော်ရွှင်စွာ ဟိန်းသံ ပြု၏။ထို့နောက် ၎င်းက အကွာအဝေးတစ်ခုထံ ထပ်ပြေးသည်။

သိမ်းငှက်နှင့်တူသည့် သားရဲများသည် အော်ဟစ်ကာ တစ်ထောင်ထက်မနည်း သိမ်းငှက်သားရဲများက လူဝံနောက်ကနေ လိုက်လာသည့် သားရဲအုပ်နှင့် ပူးပေါင်းသည်။ ထို့နောက် ၎င်းတို့က လူဝံနက်နောက်သို့ လိုက်လံကြသည်။

လူဝံနက်သည် လက်ထဲရှိ ကျောက်တုံးကို ချေမွရာ အနီရောင်မြက်များ ပေါ်လာပြီး ၎င်းကျောက်တုံးကို ပုခုံးထက်ကနေ ကျော်လွန်၍ ပစ်ပေးသည်။ ၎င်းလူဝံ၏ ပုခုံးထက်တွင် ထိုင်နေသော ဝမ်လင်းက ဤအနီရောင်မြက်နှင့်ကျောက်တုံးကို ဖမ်းယူ၏။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူက ၎င်းကို သူ့သိုလှောင်နေရာလွတ်ထဲသို့ ထည့်သိမ်းသည်။

ဝမ်လင်းက လူဝံနက်ကြီး၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပုတ်သည်။ လူဝံနက်သည် ချက်ခြင်း ခံစားမိရာ နောက်ထပ် မြူးထူးစွာ ဟိန်းသံပေးလာသည်။ ၎င်းက ပို၍ပင် မြန်လာဟန် ပေါက်၏။

မြေကြီးထုသည် တုန်ခါနေ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုလူဝံနက်သည် ခုန်ပေါက်ကာ မြန်ဆန်စွာ သွားနေသည်ကို တွေ့နိုင်သည်။ ထိုလူဝံနက်၏ နောက်တွင် သားရဲအုပ်လိုက်ကြီး ပါလာသည်။

ထိုကဲ့သို့ အရိုင်းကုန်းမြေပေါ်တွင် သားရဲများကို ရန်စကာ ဆေးပင်များ မောက်မာစွာ လုယူဝံ့သည့် ကျင့်ကြံသူမျိုးမှာ နည်းပါးပေမည်။ သားရဲတစ်ကောင်၏စွမ်းအားက လန့်စရာမဟုတ်သေး၊ သို့သော် တစ်ထောင်၊တစ်သောင်း၊တစ်သိန်း လောက် သားရဲများ စုဝေးလာပါက ၎င်းတို့၏ စုပေါင်းစွမ်းအားသည် လူတိုင်းကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်သည်။

အခုချိန်၌ သည်နေရာသို့ ရောက်လာသည့် ကျင့်ကြံသူခုနစ်ယောက်အုပ်စု တစ်စု ရှိကာ သူတို့သည် သားရဲများကို စွဲဆောင်မိမည်ကို စိုးရိမ်၍ ထို့ကြောင့် ဆေးပင်များစွာကို မယူဆောင်ကြပေ။ သူတို့က လူဝံနက်ကြီး၏ ဝံ့ကြွားမောက်မာပုံကို တွေ့မြင်သည့်အခါ သူတို့အားလုံး တုန်လှုပ်မိရ၏။

လူဝံနက်ကြီးသည် မြန်ဆန်စွာ ပြေးနေ၏။ ၎င်း တစ်ချက် ခုန်လိုက်တိုင်း ပေထောင်ချီ ကျော်လွန်ကာ နောက်ထပ် တောင်တစ်လုံးထံ ရောက်ရှိသွားသည်။ ထိုတောင်ထိပ်မှာ ဓားအသွင် ရှိကာ အလွန်တရာ မတ်စောက်၏။ သို့သော် လူဝံနက်ကြီးအဖို့တော့ ၎င်းအချင်းအရာမှာ ဘာမှ မဟုတ်ပေ။ ထိုတောင်ပေါ်သို့ ရောက်ရှိလာပြီးနောက် လူဝံနက်ကြီးက တောင်ထိပ်တွင် ပေါက်ရောက်နေသော မြူပန်းတစ်ခိုင်ကို လှမ်းဆွဲယူ၏။

သည်အခိုက်အတန့်၌ ကောင်းကင်ထက်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ပေငါးရာလောက်ကြီးမားသည့် အဆင့်ငါးသိမ်းငှက်ကြီးက လူဝံနက်ထံ ထိုးစိုက်လာသည်။

၎င်းသည် မြန်လွန်း၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက လူဝံနက်နှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။

ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်း ရှိ၏။ သူက ၎င်းသိမ်းငှက်ကြီးကို မမြင်သလိုမျိုး ဟန်ပန်ပင် ရှိနေသည်ဟု ထင်ရ၏။ လူဝံနက်ကြီး၏ မျက်လုံးကျဉ်းမြောင်းသွားကာ တောင်ထိပ်ကို လက်ဖြင့် ဆုပ်ကိုင်ကာ ၎င်း၏ခန္ဓာကိုယ်ကို အားပြု၍ ဝေ့ယမ်းပြီး သိမ်းငှက်ကြီးကို ချက်ခြင်း ညာခြေဖြင့် ကန်ထုတ်သည်။

သိမ်းငှက်နက်ကြီးက နာကျင်စွာ အော်ဟစ်လိုက်ရပြီး သွေးများ နေရာတိုင်းသို့ ပန်းထွက်ကုန်၏။ လူဝံနက်ကြီးသည် ဆက်လက် မတိုက်ခိုက်ပေ။ သို့သော် ၎င်းက ထိုအားကို အသုံးပြုကာ အကွာအဝေးတစ်ခုထံသို့ လှမ်းခုန်သွားလေ၏။

ပိုများပြားသည့် ကြမ်းကြုတ်သောသားရဲများသည် ၎င်းနောက်သို့ ဆက်၍ လိုက်ပါလာကြသည်။

ရှီလောရှင်းက နက်မှောင်သော တောင်ကြားတစ်ခုတွင် ကြာပွင့်သဏ္ဌာန် ထိုင်လျက် ရှိနေသည်။ သူ့မျက်နှာက ဖြူရောကာ ပါးစပ်ထောင့်တွင် သွေးစတို့ ခြောက်ကပ်နေ၏။ သူဆံပင်နက်များက ဖွာလန်ကြဲကာ သူသည် သနားစရာ အခြေအနေ ဆိုက်ရောက်နေသည်။

ထိုဧရိယာတွင် တစ္ဆေငြီးသံ ပဲ့တင်ထပ်ကာ တဝီဝီ မြည်ဟည်းနေ၏။ ထို့နောက် ပုံရိပ်လေးခုသည် ယိမ်းထိုးကာ ရှီလောရှင်းနှင့် ပေသုံးဆယ်အတွင်းသို့ ရောက်ရှိလာပြီး သွေးအန်လိုက်ကြသည်။

“ဆရာ…တတိယညီလည်း သေသွားခဲ့ပြီ။ ငါတို့ မချိုးဖျက်နိုင်ခဲ့ဘူး…” သူတို့မှာ လူငယ်များ ဖြစ်၍ သူတို့၏အဖြူရောင်ဝတ်စုံများသည် သွေးစွန်းနေသည်။

ရှီလောရှင်းက စဉ်းစားနေ၏။ သူသည် မျက်လုံးဖွင့်မလာပေ။ သို့သော် သူ့မျက်နှာထက်၌ ဝမ်းနည်းမှု လှစ်ဟပေါ်နေသည်။

သူနှင့်သူ့တပည့်များက သည်မြူများနှင့် ပြည့်နေသော တောင်ကြားထဲတွင် ရှိနေ၏။ သေဆုံးစိတ်ဝိညာဉ်များက မြူများအတွင်း ပြည့်နေလျက်၊ တောင်ကြားအပြင်ဘက်တွင် အရိုးခေါင်းရှစ်ခုက လွင့်မြောနေသည်။ ၎င်းအရိုးခေါင်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ အစိမ်းရောင်အလင်းကို ထုတ်လွှတ်၍ အစီအရင်တစ်ခု ဖြစ်တည်သည်။

ထိုအစီအရင်မှာ အလွန်ရှုပ်ထွေးလှ၏။ ၎င်းက သည်အရိုင်းကုန်းမြေပေါ်ရှိ မရေမတွက်နိုင်သောနှစ်များက သေဆုံးစိတ်ဝိညာဉ်များကို စုဆောင်းထားခြင်းပင်။ ထို့နောက် ထိုစိတ်ဝိညာဉ်များကို အထည်ဒြပ်ရှိအောင် ပြောင်း၍ ဤအစီအရင်၏ စွမ်းအားအဖြစ် အသုံးပြုသည်။

သေဆုံးစိတ်ဝိညာဉ်များသည် ဆေးလုံးအဖြစ် မသန့်စင်နိုင်ပေ။ ဆေးဝါးဖော်စပ်ရာ၌ အသက်ရှင်နေသော သားရဲစိတ်ဝိညာဉ်များ လိုအပ်၏။

ထိုအရိုးခေါင်းရှစ်ခုထဲမှ တစ်ခု၏ အထက်တွင် အဘွားအိုတစ်ယောက် ထိုင်နေသည်။ ထိုအဘွားအိုက အရိုးစုပုံကဲ့သို့ ရှိကာ ဒေါသထွက်နေသော တစ္ဆေတစ်ကောင်လား။ သေမျိုးတစ်ယောက်ကသာ သူမကို တွေ့မြင်ပါက သေသည့်အထိ ကြောက်လန့်မိသွားပေမည်။ သူမက မျက်လုံးဖွင့်၏။ သူမ၏အကြည့်က မသတီစရာစိတ်ဆန္ဒကို ဖော်ညွှန်းသည်။

“ရောင်းရင်းကျင့်ကြံသူရှီ၊ သင့်မှာ တပည့်လေးယောက်ပဲ ကျန်တော့တယ်။ သင့်တပည့် ဆယ့်ကိုးယောက် သေသွားခဲ့ပြီ။ သူတို့ရဲ့ အသက်ကို ဘာကြောင့် ဆက်ဖြုန်းတီးနေမလဲ။ သင်သာ အဲ့ပစ္စည်းကို လက်ကမ်းပေးရင် ဒီအဘွားအိုက ဒီနေရာကနေ ချက်ခြင်း ထွက်သွားမယ်…”

သုန်မှုန်သောအသံတစ်ခုသည် တောင်ကြားထဲ၌ ပျံ့လွင့်လာကာ တောင်ကြားထဲရှိ လူငါးယောက်၏ နားထဲသို့ ဝင်လာသည်။ လူငယ်လေးယောက်၏ မျက်နှာမှာ သေလောက်အောင် ဖြူရောသွားသည်။ သူတို့က သူတို့၏ဆရာကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။

“ရှီလောရှင်း…ဒီပစ္စည်းက နင့်ဘဝနဲ့ ရင်းရလောက်အောင် မတန်ပါဘူး။ နင့်ကျင့်ကြံမှုအဆင့်က မြင့်ပေမယ့်လည်း နင်ဟာ ငါတို့ အဆိပ်ငါးပါးကလန်ရဲ့ အဆိပ်ကို မိထားခဲ့ပြီ။ နင်သာ နင့်စွမ်းအားအပြည့်ကို ထုတ်ဖော်တာနဲ့ နင် ကျိန်းသေပေါက် သေရလိမ့်မယ်။ ဒါကို သေချာ စဉ်းစားပါ…”

ရှီလောရှင်း၏မျက်နှာမှာ ရှုံ့တွသွားကာ မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာသည်။ သူ့မျက်လုံးတို့က တောက်ပ၏။ သို့သော် သူ့မျက်နှာထက်၌ ခါးသီးမှုတစ်ခု ရှိနေသည်။ သူသည် အဆင့်ခြောက်ဒေသမှ သန့်ရှင်းသောပန်းကလန်၏ တပည့်ခေါင်းဆောင် ဖြစ်ကာ နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့်တွင် ရှိသည်။ သဲလွန်စအချို့ကို ရရှိပြီးနောက် သူက သူ့တပည့်များကို ခေါ်ကာ အဆင့်သုံးဒေသသို့ တစ်ခုခုကို ရှာဖွေရန် ရောက်ရှိလာခဲ့သည်။

မူလတုန်းက သူသည် ထိုသဲလွန်စမှာ မှန်လိမ့်မည်ဟု မထင်မိခဲ့ပေ။ သို့သော် မမျှော်လင့်စွာဖြင့် ထိုသဲလွန်စမှာ မှန်ကန်နေပြီး အရာရာမှာ ချောမွေ့ အဆင်ပြေနေခဲ့သည်။ သို့ရာတွင် သူ ထိုပစ္စည်းကို ရှာတွေ့ပြီးနောက် သူ ရှိနေသော နေရာသာမက သူ ရရှိခဲ့သော ပစ္စည်းအကြောင်းပါ လူအများ သိသွားကြ၏။ သူက ဝိုင်းအုံ၍ တိုက်ခိုက်ခံရကာ သူ့တပည့်များလည်း သေဆုံးခဲ့ရသည်။ သူကိုယ်တိုင်လည်း ထူးဆန်းသောအဆိပ်၏ သက်ရောက်မှုကို ခံခဲ့ရကာ ထိုအဆိပ်ကို ဖြေဖျောက်ရန် ဤတောင်ကြားသို့ ထွက်ပြေးလာခဲ့ရပေသည်။

သို့ရာတွင် သူ ဤအဆိပ်ကို မဖယ်ရှားနိုင်ခင်မှာပင် သူက အဆိပ်ငါးပါးကလန်မှ ဒီအဘွားအို၏ ဖမ်းစီးခြင်းကို ခံရသည်။ သူမက သူမကလန်၏ အစီအရင်ကို အသုံးပြုကာ သူ့အား ဤတောင်ကြားတွင် ပိတ်ထားသည်။ သူက သူ့ကလန်သို့ လျှို့ဝှက်၍ သတင်းပို့ခဲ့ပြီး ဖြစ်၏။ သို့သော် သူ့ကလန်မှ အကူအညီအချို့ ရောက်ရှိလာဖို့မှာ အချိန်တစ်ခုတော့ ကြာပေဦးမည်။

“ရောင်းရင်းကျင့်ကြံသူရှီ…သင့်သန့်ရှင်းသောပန်းကလန်က လူတွေ စေလွှတ်ခဲ့ရင်တောင် ဒါဟာ အသုံးမဝင်ဘူး။ ဒီအဘွားကြီး သိထားသလောက်ကတော့ အဆင့်ခြောက်နယ်မြေအတွင်းမှာ ငါ့အဆိပ်ငါးပါးကလန်အပြင် တောင်ထိပ်စိတ်ဝိညာဉ်ကလန်၊ တာအိုမန္တာန်ကလန်၊ လွတ်မြောက်ခြင်းကလန်၊ မိစ္ဆာစုဆောင်ခြင်းကလန်တို့အားလုံး လာနေကြပြီး သင့် လက်ထဲက ပစ္စည်းကို လုယူကြတော့မယ်…”

“အဆင့်ရှစ် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ ကျောက်စိမ်းပြားနှင့် ဒဏ္ဌာရီလာ နိဗ္ဗာနလေဟာနယ်ဆေးလုံး ဖော်စပ်နည်း…”

***

Comment

Leave a Reply

Options

not work with dark mode
Reset