Switch Mode

အပိုင်း (၁၂၀၁)

ထိန်းချုပ်ခြင်း

ကြယ်မြေပုံတွင် ထိုကုန်းမြေကို ကိုင်လူဝံဟု ခေါ်၏။ ၎င်းကုန်းမြေပေါ်တွင် တောင်တန်းများစွာ ရှိကာ မြူများအတွင်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ တောင်များထံကနေ ကြမ်းကြုတ်သည့် သားရဲဟိန်းသံများ ထွက်ပေါ်၏။

မြို့ပျက်များမှာ သည်မြူများကြား နေရာတိုင်းတွင် ရှိနေ၏။ ထိုအချက်က သည်ကုန်းမြေမှာ အတိတ်တုန်းက စည်ပင်ဝပြောခဲ့မှန်း ပြသနေသည်။

သို့ရာတွင် အခုချိန်တွင် ပျက်စီးနေပေပြီ။

ဤအခိုက်အတန့်၌ တောင်များထဲမှ တစ်ခုတွင် သိပ်သည်းထူးကဲသော သားရဲတစ်ကောင်၏ ဟိန်းသံသည် သိသာလေ၏။ ၎င်းက မြူများကြားကပင် လှိုင်ထွက်နေသည်။

ထိုတောင်မှာ လုံးဝ အနက်ရောင်၊ ဓားတစ်ချောင်းကဲ့သို့ ကောင်းကင်ယံထိ ထိုးတက်သည့် ပုံစံ ရှိသည်။ တောင်တစ်လျှောက်တွင် ပေတစ်ရာနီးပါး လူဝံကြီးများသည် တောင်ထိပ်ထံသို့ ဝရောသုန်းကား သွားနေကြသည်။

ဧရာမအနက်ရောင်လူဝံကြီး တစ်ကောင်သည် လူသားကဲ့သို့ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ ၎င်းက ပေတစ်ထောင်ထက် မနည်း မြင့်မား၏။ ၎င်း၏ လက်ကြီးများသည် ထင်ရှူးပင်လုံးပတ်ခန့် ရှိ၏။ ၎င်းထိုင်နေသော နေရာတွင် ဧရာမခရမ်းရောင်သစ်ပင်ကြီး တစ်ပင် ရှိ၏။ ၎င်းအပင်ကြီးက အုံ့စိုင်းနေ၏။ အပင်၏ ပင်စည်ကတော့ ခြောက်သွေ့လုနီးပါး ဖြစ်ကာ သက်တမ်းအလွန်ရင့်ပြီကို ပြသနေသည်။ သို့ရာတွင် ၎င်းအပင်ကြီး သေရမည့်အစား အကိုင်းအခတ်များစွာဖြင့် ထိုးထိုးထောင်ထောင် ရစ်ဆိုင်းနေဆဲပင်။

ထူးဆန်းသည်က အပင်၏ အရွက်များက နှင်းကဲ့သို့ဖြူဆွတ်၏။ သစ်ရွက်များပေါ်ရှိ အကြောများကိုပါ ရှင်းရှင်းလင်းလင်း မြင်ရသည်။အဖြူ၊အနက် ရောနေသည့် လက်စီးစုပ်ခန့် အသီးနှစ်လုံးလည်း အပင်ထက်တွင် ရှိ၏။ထူးဆန်းသော မြင်ကွင်းပင်။

ဧရာမလူဝံကြီးက မျက်လုံးဖွင့်လာ၏။ ၎င်း၏မျက်လုံးထဲက ကြမ်းကြုတ်သောအကြည့် ထွက်ပေါ်ကာ မြူများကြား ထွင်းဖောက်သွားသည်။ ထိုအကြည့်က တောင်ထွတ်နှစ်ခုကြား ကြမ်းကြုတ်သည့်သားရဲများစွာ ဝန်းရံထားသော အဖြူရောင်ပုံရိပ်တစ်ခုထံ ကျရောက်လာ၏။

၎င်းက ဝမ်လင်းကို ကြည့်မိချိန်၌ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ အနက်ရောင်လေပြင်းကို ပေါ်လာစေပြီး လူဝံနက်ဒါဇင်ချီ၏ အသက်ကို ယူဆောင်သွားသည်။ ဝမ်လင်းက ခေါင်းမော့ကာ ထိုအေးစက်စက်အကြည့်နှင့် တွေ့ဆုံ၏။

ဝေါင်း…။

တောင်ထိပ်ဆီမှ ကောင်းကင်တုန်ဟည်းစေလောက်သည့် ဟိန်းသံ ထွက်ပေါ်လာ၏။ ဝမ်လင်း ပတ်လည်ရှိ သားရဲများ၏ ကြမ်းကြုတ်မှုမှာ ပိုဆိုးလာသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို အစိတ်စိတ် စုတ်ဖြဲပစ်ကာ စိတ်ဝိညာဉ်ကို ဝါးမြိုပစ်လိုဟန် ရသည်။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် သူ့ရှေ့ရှိ သားရဲများစွာကို ကြည့်၏။ သူက ရှေ့သို့ တရကြမ်းတိုးကာ အလင်းတန်းအဖြစ် ပြောင်း၍ တောင်ထိပ်ထံ ဦးတည်သည်။

ကောင်းကင်ထက်၌ ခြင်သားရဲဆယ်ကောင်ကျော်ကလည်း မြည်ဟည်းနေ၏။ ၎င်းတို့က သိမ်းငှက်ကဲ့သို့ သားရဲအချို့၏ ဝန်းရံထားခြင်း ခံရသည်။ ထိုသားရဲများက ကြမ်းတမ်းသည့်အော်ရာကို ပေးစွမ်းကာ ခြင်သားရဲများနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို စတင်လေ၏။

ဝမ်လင်းသည် ရှေ့သို့ ဆက်တိုးလာသည်။သူ့လမ်းအား လာပိတ်သည့် သားရဲအားလုံးမှာ သူ့လက်တစ်ဝေ့တွင် သွေးမိုးအဖြစ် ပေါက်ကွဲထွက်၏။ သူ့လက်ကို သိုလှောင်နေရာလွတ်ထဲသို့ ဆန့်ထုတ်ရာ ဓားများ ပျံသန်းထွက်လာကြသည်။ ထိုဓားများသည် ဝမ်လင်းကို ဝန်းပတ်ကာ ဓားအစီအရင်တစ်ခု ဖြစ်တည်သည်။ သူက တောင်ထိပ်သို့ သွားရာလမ်းတွင် ရပ်တန့်ခြင်းမရှိ၊ သတ်ဖြတ်၍ သွား၏။

အဝေးမှ ကြည့်ပါက အဖြူရောင်အလင်းတန်းတစ်ခု အံ့မခန်းနှုန်းဖြင့် ရွှေ့နေကာ သွေးမျိုးများ ရွာစင်းကျစေပြီး တောင်ထိပ်ထံ နီးကပ်လာသည်ကို တွေ့မြင်ရပေမည်။

ထိုင်လျက် ရှိနေသည့် ဧရာမလူဝံကြီးက ရန်လိုစွာ ကြည့်၍ ထလာ၏။ ၎င်း ထလာချိန်၌ တောင်တစ်ခုလုံး တုန်ခါသည်။ ၎င်းသည် ဝမ်လင်းထံသို့ တောင်အောက်အတိုင်း ဆင်းချလာသည်။ ၎င်းသည် ဝမ်လင်းက အရှိန်မနှေး၊ ချက်ခြင်းပင် သူတို့သည် ထိပ်တိုက်တွေ့လုနီးပါး ဖြစ်၏။

လူဝံနက်ကြီးက ရန်လိုစွာဖြင့် ၎င်း၏ ညာလက်ဖြင့် ရိုက်ချသည်။ သို့သော် ဝမ်လင်းမှာ ချက်ခြင်း သဲလွန်စမရှိ ပျောက်သွားရာ လူဝံကြီး၏ ရိုက်ချက်က လွဲချော်သွားတော့သည်။ ထို့နောက် ဝမ်လင်းသည် တောင်ထိပ်ပေါ်ရှိ ဧရာမသစ်ပင်ကြီးနားတွင် ပြန်ပေါ်လာသည်။

ဧရာမလူဝံကြီး၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ ၎င်းက မာန်ဟိန်းသံ ပြုသည်။ ၎င်းက ၎င်း၏ ညာလက်ကို ဝေ့ယမ်းကာ လေပြင်းတစ်ခုကို ဖြစ်စေ၍ ဝမ်လင်းထံ ဦးတည်စေသည်။

ဝမ်လင်း၏ ညာလက်က သစ်ပင်ကြီးထံ ကျရောက်ကာ ညင်သာစွာ ပုတ်၏။ ထိုသစ်ပင်ကြီးမှာ အမြစ်ကနေ ပျောက်ကွယ်ကာ ဝမ်လင်း၏ သိုလှောင်နေရာလွတ်ထဲသို့ ထည့်သိမ်းခြင်း ခံလိုက်ရပေတော့သည်။

လေပြင်း ရောက်ရှိလာချိန် ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရှေ့သို့ လက်ညွှန်သည်။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ ပေါ်လာကာ သူ့ဘေးပတ်လည်တွင် သတ်ဖြတ်ခြင်းမုန်တိုင်းတစ်ခု ဖြစ်၏။ ထိုစွမ်းအင်ကား ရစ်သိုင်းကာ လေပြင်းထံ တိုးဝင်သည်။

လေပြင်းသည် ချက်ခြင်းပင် ပျက်စီးသွား၏။ သတ်ဖြတ်ခြင်းစွမ်းအင်ကတော့ ရပ်တန့်ခြင်းမရှိသေးဘဲ ထိုဧရာမလူဝံကြီးထံသို့ ရိုက်ချလာသည်။

ဧရာမလူဝံကြီးကား ကောင်းကင်ဟိန်းသံကို ထုတ်ဖော်၏။ သတ်ဖြတ်ခြင်းစွမ်းအင်သည် ၎င်း၏ခန္ဓာကိုယ်နှင့် ထိမိချိန်၌ သွေးများ ပန်းထွက်စေကာ ၎င်း၏ခန္ဓာကိုယ်ကို လေထဲသို့ လွင့်ထွက်သွားစေသည်။

ဝမ်လင်းက ခေါင်းမော့၏။ သူ့မျက်လုံးမှာ လက်ခနဲ ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်က ကြယ်ပျံတစ်စင်းအလား လူဝံကြီးနား ရောက်သွားသည်။ သူက ထိုလူဝံကြီး၏ ခန္ဓာကိုယ်ကို အကြိမ်များစွာ လက်ညွှန်သည်။

သူ့လက်ချောင်း ကျရောက်လာတိုင်း ဧရာမလူဝံကြီးသည် နာကျင်စွာ ဟိန်း၏။ တုန်ယင်၏။ ဝမ်လင်း လက်ချောင်း ကျရောက်ချိန်တိုင်း ၎င်း၏ခန္ဓာကိုယ်တွင် အပေါက် ဖြစ်ကာ သွေးများစွာ ပန်းထွက်ကာ ပတ်ဝန်းကျင်ကို သွေးဖြင့် စွန်းထင်းစေသည်။

မူလစွမ်းအင်တန်းများက ဝမ်လင်း၏ လက်ချောင်းကနေ တစ်ဆင့် ထိုလူဝံနက်ကြီးထံသို့ ဝင်ရောက်ကာ ချိပ်ပိတ်မှုတစ်ခု ဖြစ်ပေါ်သည်။

ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းကာ အေးစက်စက် ပြောသည်။ “မင်း ငါ့ သားရဲ စိတ်ဝိညာဉ် ဖြစ်လာဖို့ ဆန္ဒရှိလား…” သူက သည်အရိုင်းကုန်းမြေတွင် ရောက်နေသည်မှာ ခုနစ်ရက် ရှိခဲ့ပြီ ဖြစ်၏။ သူက ကြမ်းလှသည့်သားရဲများစွာကို သတ်ပစ်ခဲ့ပြီး ဖြစ်ကာ ဆေးပင်မြောက်များစွာကိုလည်း စုဆောင်းခဲ့ပြီးပင်။

ထိုသားရဲများထဲမှ အချို့မှာ မန္တာန်များကိုပါ သုံး၍ ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ကြပေသည်။ အဆင့်ငါးရှိ ကြမ်းကြုတ်သည့် သားရဲများမှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ယှဉ်နိုင်၏။ သို့သော် ၎င်းတို့မှာ ဝမ်လင်း၏ သတ်ပစ်ခြင်းကို ခံရကာ သူတို့၏ စိတ်ဝိညာဉ်များသည်ပင် ယူဆောင်ခြင်း ခံရသည်။

ဤဧရာမလူဝံနက်မှာလည်း အဆင့်ငါးသားရဲ ဖြစ်၏။ သို့သော် ၎င်း၏ ခန္ဓာကိုယ်မှာ အကြမ်းခံလွန်းသည်။ ဝမ်လင်း၏ ရိုက်နှက်ခြင်း ခံရသည်တောင်မှ ၎င်းသည် ဒဏ်ရာအပြင်းအထန်သာ ရ၍ သေမသွားခဲ့ပေ။ အဆင့်ငါးသားရဲများကြား ၎င်းက အထွတ်အထိပ်တွင် ရှိကာ အချိန်မရွေး အဆင့်ခြောက်သို့ ချိုးဖျက်နိုင်မည့်ဟန် ရ၏။ ထို့အတွက်ကြောင့်လည်း ဝမ်လင်းသည် ၎င်းသားရဲကို ရုတ်တရက် လိုချင်မိသွားခြင်းပင်။

ဝမ်လင်းကို ပြန်ဖြေသည်က ပိုမိုဒေါသပုန်ထသည့် ဟိန်းသံနှင့် လူဝံ၏ဘယ်လက်မှ လက်သီးချက်ပင်။ လူဝံ၏ လက်သီးချက်က လေပြင်းကို ဖြစ်စေကာ ရှေးဟောင်းနတ်ဘုရား၏ လက်သီးချက်၏ ဖျော့တော့သောအော်ရာတစ်ခုပင် ပါဝင်နေသေး၏။ ထိုအဖြစ်က ထိုလူဝံနက်မှာ မည်မျှ အားကောင်းကြောင်းကို ပြ၏။

ဝမ်လင်းသည် မျက်မှောင်ကြုံ့၏။ သူက သူ့မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းထားခြင်းမဟုတ်၊ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှာ ထိုလူဝံနက်လောက် မသန်မာပေ။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ လက်သီးချက်ကို ရှောင်ရန် ပြင်သည်။ သို့သော် ထိုအခိုက်အတန့်၌ အချို့အမည်မသိအကြောင်းရင်းများကြောင့် သူ့စိတ်ထဲ၌ ရှေးဟောင်းနတ်ဘုရား၏ လက်ကို လက်ဝါးဖြင့် ပိတ်ဆို့သည် အဘိုးအို၏တိုက်ကွက်ကို ပြန်မြင်ယောင်မိသည်။

ဝမ်လင်းသည် ထိုလေပြင်းကို ရင်ဆိုင်ရင်း စဉ်းစား၏။ သူက လုံးဝ တည်ငြိမ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်အားလုံးမှာ သူ့လက်ဝါးထံ ရွှေ့လျား စုဝေးကာ တုန်ဟည်းသံ ဖြစ်စေသည်။ သူက သူ့မျက်လုံးကို မှိတ်၏။ ထာဆန်၏ လက်ကို ဟန့်တားသည့် အဘိုးအို၏ လက်ဟန် မြင်ကွင်းကို ထပ်ခါထပ်ခါ မြင်ယောင်သည်။ ဝမ်လင်းက ဉာဏ်အလင်းအာရုံကို တဖြည်းဖြည်း ရရှိလာ၏။

သည်အရိုင်းကုန်းမြေပေါ်တွင် မြူအတွင်း၌ သူက ထာဆန်အား ဆန့်ကျင်သည့် အဘိုးအိုကဲ့သို့ အလားတူ အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။

ဝမ်လင်းသည် အရင်ကတည်းက တတိယအဆင့်ကို မြင်ကာ ချင်းလင်၏ ကူညီမှုဖြင့်လည်း တတိယအဆင့်ကို တွေ့ကြုံနိုင်စွမ်း ရှိခဲ့သည်။ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အတွင်း၌ ဝတ်စုံနက်အဘိုးအို အသုံးပြုခဲ့သော မန္တာန်မှာလည်း တတိယအဆင့်ကျင့်ကြံခြင်းစွမ်းအား ပါနေမှန်း သိသာသည်။

လေပြင်းသည် ဝမ်လင်း၏အဝတ်အစားများကို နောက်သို့ လွင့်စင်ကာ လူဝံနက်ကြီး၏ လက်မှာလည်း နီးကပ်လာသည်။ ၎င်းလက်က ဝမ်လင်းကို ရိုက်ချလာခါနီးပေပြီ။ ဝမ်လင်းက မျက်လုံးဖွင့်၏။ သူ့လက်ဝါးကို ညင်သာစွာဖြင့် ထိုလူဝံနက်ကြီး လက်ပေါ်သို့ နေရာချသည်။

လက်ဝါးထံမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏လက်ဝါးထဲရှိ မူလစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။ မိုးခြိမ်းသံတစ်မျှ မြည်ဟည်း၏။ သူ့အဝတ်အစားများသည် လေထဲ၌ တဖျပ်ဖျပ် လင်းလက်ကာ သူ့ဆံပင်ဖြူများသည် နောက်သို့ လွင့်ဝဲသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်က တစ်စက်မျှ ရွှေ့မသွားပေ။

လူဝံနက်ကြီး၏ ခန္ဓာကိုယ်ကတော့ တုန်ယင်သွား၏။ ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ဖော်မပြနိုင်စွမ်းရှိသည့် နာကျင်မှုကို ခံစားရလေသည်။

ဝမ်လင်း၏မျက်လုံးတို့က တောက်ပသထက် တောက်ပလာသည်။ ဟိုအဘိုးအို၏ တိုက်ကွက်လှုပ်ရှားမှုက သူ့စိတ်ထဲတွင် ပေါ်လာကာ သူက အတုယူလုနီးပါး ဖြစ်လာသည်။ သူက သူ့ဘယ်လက်ကို မသိလိုက်ပါဘာသာ မကာ သူ့ညာလက်ဝါးနောက်သို့ ခပ်သွက်သွက် လက်ညွှန်သည်။

သူ့လက်ချောင်းထိပ် ကျဆင်းလာချိန်၌ လောကရှိ မူလစွမ်းအင်သည် စုဝေးကာ သူ့လက်ဝါးထံတွင် သိပ်သည်းသည်။ သုံးကြိမ်သုံးခါ ညွှန်ပြီးနောက် ဝမ်လင်း၏မျက်နှာမှာ အနည်းငယ် နီမြန်းလာ၏။ သို့သော် သူ့မျက်လုံးတို့က လင်းလက်၏။ သူက မာန်သွင်းသည်။

ဝုန်း…ဝုန်း…ဝုန်း…။

ဧရာမလူဝံနက်ကြီးသည် ချက်ခြင်း နောက်ဆုတ်၏။ သူ့လက်ကနေ သွေးများစွာ ပန်းထွက်ကုန်သည်။ ရှင်းလင်းသည့်လက်ဝါးရာမှာ ထိုလူဝံနက်ကြီး၏ လက်ပေါ်တွင် ကျန်ခဲ့ကာ ၎င်း၏လက်ချောင်းကနေ အက်ကြောင်းသုံးခု ဖြစ်၏။ လက်ချောင်းကနေသည် အက်ကြောင်းသည် လူဝံနက်ကြီး၏လက်မောင်းတစ်လျှောက် မြန်ဆန်စွာ ပျံ့နှံ့သည်။

အက်ကြောင်းများ ဆက်လက် ပျံ့နှံ့နေ၏။ တုန်ဟည်းသံများ ဆက်လက်မြည်ဟည်းကာ သွေးများ နေရာအနှံ့သို့ ပြန့်ကြဲသည်။

ဝမ်လင်း၏မျက်လုံးတို့မှာ တောက်ပသည်။ သူက ဧရာမလူဝံကြီးကို ကြည့်ပင်မကြည့်၊ သို့သော် သူ့ညာလက်ထဲ၌ ဉာဏ်အလင်း၏အငွေ့အသက် ပါနေဟန် ရသည်။ သူက ထိုမန္တာန်ကို မည်သည့်မန္တာန်မှန်း မသိ၊ သူက လောကရှိ မူလစွမ်းအင်ကိုသာ ရွှေ့လျားစေကာ သူ့ကိုယ်ပိုင်မူလစွမ်းအင်ကိုပင် အသုံးမပြု၊ ထိုအစား သူက မူလစွမ်းအင်ကို ထိန်းချုပ်ခြင်းသာ ဖြစ်သည်။

လောကရှိ မူလစွမ်းအင်ကို ထိန်းချုပ်ခြင်းက ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ဖြစ်စေသည်။

ဝမ်လင်း၏ အတွေးများကို နာကျင်စွာအော်သံသည် နှောက်ယှက်သွား၏။ လူဝံနက်ကြီး၏ မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်သည်။ ၎င်းက သူ့ခန္ဓာကိုယ်သို့ ပျံ့နှံ့သည့် အက်ကြောင်းသုံးခုကို ကြည့်သည်။ လူဝံနက်သည် လှုပ်ရှားရန်ပင် ခက်ခဲကာ သူ့ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ဖြစ်တော့မည့်ကဲ့သို့ ခံစားရသည်။

အန္တရာယ်ကို ရင်ဆိုင်ရချိန်၌ လူဝံနက်ကြီးသည် အဖြူရောင်စတင် တောက်ပလာ၏။ ထိုအဖြူရောင်အလင်းအောက်တွင် ပုံရိပ်ယောင်စိတ်ဝိညာဉ်တစ်ခုသည် ၎င်း၏ဦးခေါင်းထက်တွင် ပေါ်လာသည်။

ထိုပုံရိပ်ယောင်စိတ်ဝိညာဉ်မှာ ဝေဝါးမှုန်၏။ သို့သော် ၎င်းက လူဝံနက်ကြီးထက် လူသားပုံစံနှင့် ပိုတူသည်။ ၎င်းက လူဝံနက်ကြီးထံကနေ ထိုးထွက်ကာ ထွက်လာချင်ဟန် တူ၏။

ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးတို့မှာ လင်းလက်သည်။

ကျောက်စိမ်းပြားထဲကအတိုင်းဆိုပါက ထိုမန္တာန်မှာ အဆင့်ခြောက်သားရဲသာ အသုံးပြုသည့် မန္တာန်ဖြစ်သည်။ ထိုလူဝံနက်ကြီးမှာ အခုလို သေရေးရှင်ရေးအခိုက်အတန့်၌ မမျှော်လင့်စွာပင် အဆင့်ချိုးဖျက်သွားသည်။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ လူဝံနက်ကြီး၏ ရှေ့သို့ ချက်ခြင်း ရောက်ရှိလာသည်။ ထို့နောက် သူ့ညာလက်ကို အောက်သို့ ရိုက်ချရာ လူဝံနက်ကြီး၏ စိတ်ဝိညာဉ်သည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ပြန်ကန်ဝင်သွားသည်။

ဝမ်လင်းသည် ဧရာမလူဝံနက်ကြီး၏ မျက်လုံးကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “ငါ့စိတ်ဝိညာဉ်သားရဲ ဖြစ်လာမလား…”

လူဝံနက်ကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်၏။ ၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်သည်။ ၎င်း၏ ဉာဏ်အလင်းကနေ နိုးထလာပြီ ဖြစ်ရာ ဝမ်လင်း၏စကားလုံးများကို နားလည်ပေသည်။ ၎င်းက ခေါင်းညိတ်၏။

ဝမ်လင်းက သူ့ညာလက်ဖြင့် လူဝံနက်ကြီးကို ထိရိုက်ရာ ၎င်း၏ခန္ဓာကိုယ်ထက်ရှိ အက်ကြောင်းသုံးခုသည် ချက်ခြင်း ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ သူ့ညာလက်ဖြင့် သားရဲထိန်းချုပ်သည့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ လူဝံပေါ်တွင် နေရာချသည်။ ချိပ်ပိတ်မှုသည် လူဝံနက်ကြီး၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်ကာ ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်၌ ခြင်သားရဲများသည် ကောင်းကင်ယံထက်၌ သိမ်းငှက်လိုပုံစံသားရဲအားလုံးကို သတ်ပစ်နိုင်ခဲ့ပြီ ဖြစ်ရာ ဧရာမလူဝံနက်ဘေးတွင် ဝဲလာကြ၏။ ဝမ်လင်းက လူဝံနက်ကြီး၏ ပုခုံးထက်တွင် ထိုင်ချကာ ရှေ့တည့်တည့်သို့ ကြည့်သည်။

ဧရာမလူဝံကြီးက မာန်ဟိန်းကာ ရှေ့ရှိ အကွာအဝေးသို့ ကြယ်ပျံတစ်စင်းကဲ့သို့ တိုးထွက်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset