Switch Mode

အပိုင်း (၁၁၉၉)

ရှုယန် ခေါင်းကိုက်ပြီ…

ရွှေရောင်အလံငယ်ကို ကိုင်ထားရင်း ဝမ်လင်းက သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်သည်။ သူသည် စဉ်းစားနေ၏။

“အဆုံးစွန်ယင်ကို အထောက်အပံ့ ဖြစ်စေဖို့ အမျိုးသမီးတွေရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုတာဟာ လုံးဝ မှားတာပဲ။ အတိတ်တုန်းက ရှေ့ဖြစ်ဟောသူဟာ ဘိုင်ဝေရဲ့ အဆုံးစွန်ယင်ခန္ဓာကိုယ်ကို အသုံးပြုပြီး ၎င်းရဲ့ အထွတ်အထိပ် ရောက်တဲ့အချိန်မှာ အဆုံးစွန်ယန်ဓာတ်ကို ထုတ်ယူခဲ့တယ်။ဒါကမှ နည်းလမ်းအမှန်…”

“ပြီးပြည့်စုံတဲ့ အဆုံးစွန်ယင်ဓာတ်ကို ရဖို့အတွက်က လူတစ်ယောက်ဟာ ယန်ဓာတ်မှာ အထွတ်အထိပ် ရောက်မှ ဖြစ်မှာ…”

ရွှေရောင်အလံကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် ခေါင်းယမ်း၏။ အကြည့်တစ်ချက်ဖြင့်ပင် သူသည် သည်အမျိုးသမီးယင်စိတ်ဝိညာဉ်များ ထည့်သွင်းထားခြင်း ခံရသည်မှာ မလွန်မကြာသေးမှန်း သိမြင်သည်။

“ဒါက တကယ့်ကို အဓိပ္ပာယ် မရှိတာ…” ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၏။ ရွှေရောင်အလံတွင်း မုန်တိုင်းထန်သွားစေသည်။ သူ့နတ်ဘုရားအာရုံက ထိုအမျိုးသမီးများ၏ စိတ်ဝိညာဉ်များကို ပိတ်လှောင်ထားသည့် အစီအရင်များကို ဝင်ဆောင့်ကာ ၎င်းတို့ကို ကျိုးပျက်စေသည်။

ထိုအစီအရင်များ တစစီဖြစ်သွားချိန်၌ နာကျင်ထိတ်လန့်နေသော စိတ်ဝိညာဉ်များ ပျံသန်းထွက်လာကြ၏။ ၎င်းတို့၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်၏။ သို့ရာတွင် ၎င်းတို့သည် အသတ်မခံရခင်၊ရူဒီ၏ အလံထဲ၌ ပိတ်လှောင်ထားခြင်း မခံရခင်က သူတို့၏ကလန်များတွင် ပါရမီ ရှိခဲ့ကြသူများ ဖြစ်၏။ ထို့ကြောင့် သူတို့သည် ချက်ခြင်း အဖြစ်သနစ်ကို နားလည်သွားကြပြီး ဝမ်လင်းကို တိတ်တဆိတ် ဦးညွတ်ကြသည်။ သူတို့သည် လွတ်လပ်မှု၊ ခါးသီးမှု၊ ကျေးဇူးတင်မှု စသဖြင့် အရိပ်အယောင်များကို ပြသရင်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ဖြစ်နိုင်သည်က သူတို့ နောက်ဘဝသို့ ဝင်ရောက်ရန် ပြန်လည်မွေးဖွားကြမည်လော၊ သို့မဟုတ် နိတ္တိ ဖြစ်သွားကြမည်လော။

ပျောက်ကွယ်သွားသည့် စိတ်ဝိညာဉ်များကို စူးစိုက်ကြည့်နေလျက် ဝမ်လင်းက တိတ်ဆိတ်ငြိမ်သက်နေ၏။ သိပ်မကြာခင်မှာပင် ထိုစိတ်ဝိညာဉ်အားလုံး ပျောက်ကွယ်ကာ အဆုံးစွန်ယင်စိတ်ဝိညာဉ်တစ်ခုသာ ကျန်ခဲ့တော့၏။

အဆုံးစွန်ယင်က မာန်ဟိန်း၍ ထိုအမျိုးသမီးများ၏ စိတ်ဝိညာဉ်များ ပျောက်ကွယ်ချိန်၌ ထိုးထွက်လာ၏။ ၎င်းသည်လည်း လွတ်မြောက်လိုသည့်အလား။ ၎င်းက ထိုးထွက်လာခိုက်၊ ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့ဘယ်လက်ဖြင့် အတားအဆီးတစ်ခုကို ဖြစ်စေပြီး ရွှေရောင်အလံပေါ်သို့ နေရာချလိုက်သည်။

ထို့နောက် အပြာရောင်တစ်ချက် လင်းလက်သွား၏။ အဆုံးစွန်ယင်စိတ်ဝိညာဉ်မှာ သံပြားတစ်ချပ်နှင့် ဝင်ဆောင့်သလို ခံစားရပြီး ဟိန်းသံပေးရင်း နောက်ပြန်လွင့်သွားရသည်။ ဝမ်လင်းသည် သူ့ဘယ်လက်ဖြင့် နောက်ထပ် အတားအဆီးများကို ဤရွှေရောင်အလံပေါ်သို့ ထပ်မံဖြစ်ပေါ်စေရင်း ၎င်းယင်စိတ်ဝိညာဉ်ကို လစ်လျူရှုထားသည်။ သူက ၎င်းကို လုံးဝ ချိပ်ပိတ်ပစ်ပြီးနောက် သိမ်းဆည်းလိုက်တော့၏။

“ဒီအဆုံးစွန်ယင်ဓာတ်ကို မြင့်တက်စေတဲ့ နည်းလမ်း မှားနေတဲ့အပြင် ပြီးပြည့်စုံမှုလည်း မရှိဘူး။ ဒီအလံက ရူဒီ ပိုင်ဆိုင်မှတော့ ခရမ်းရောင်တာအိုကလန်မှ ပိုမိုတဲ့ သဲလွန်စတွေ ရှိကို ရှိရလိမ့်မယ်…”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ခရမ်းရောင်ပုလင်းကို ကောက်ယူလိုက်၏။

ထိုကျောက်စိမ်းပုလင်းက နွေးနေပြီး အတွင်း၌ အပူစီးကြောင်းတစ်ခု လှည့်ပတ်နေသည်။ မူလစွမ်းအင် လှည်ပတ်မှုက အဆုံးမဲ့ လှည့်ပတ်နေမှုကို ဖြစ်နေစေသည်။ ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ပုလင်းကို ဝန်းရံထား၏။ သူ့နတ်ဘုရားအာရုံ၏ သက်ရောက်မှုအောက်တွင် ထိုပုလင်းသည် တဖြည်းဖြည်း ဝေဝါးလာကာ အတွင်း၌ ဆေးလုံးသုံးလုံး လှည့်ပတ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။

ထိုဆေးလုံးများမှာ အကြမ်းဖျဉ်းအားဖြင့် အရွယ်ညီကာ ခရမ်းရောင်တောက်ပမှုကို ပေးစွမ်းနေသည်။ ၎င်းတို့ထံမှ ကြမ်းကြုတ်သောအော်ရာတစ်ခု ထွက်ပေါ်နေ၏။

သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဝမ်လင်း၏အကြည့်က တတိယမြောက်ပစ္စည်းပေါ်သို့ ကျရောက်သွားသည်။ ထိုအရာမှာ ကလေးလက်မောင်းအရွယ်အစားလောက် ရှိသည့် အမွှေးတိုင်တစ်ချောင်းပင်။ သူက ထိုပစ္စည်းနှင့် မစိမ်းပေ။ အတိတ်တုန်းက မဟာမိတ်တွင် ရှိခဲ့စဉ် သူသည် ခြင်သားရဲ၏ မှတ်ဉာဏ်ထဲ၌ ၎င်းအမွှေးတိုင်မျိုးကို တွေ့မြင်ခဲ့ဖူး၏။ တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် ၎င်းအမွှေးတိုင်ကို အသုံးပြုကာ ခြင်သားရဲများကို စိတ်ရှုပ်ထွေးပြီး ၎င်းတို့ကို သွေးဆောင်ဖြားယောင်းကာ နတ်လေးပါးကလန်ကနေ ခေါ်ဆောင်ခဲ့ဖူးသည် မဟုတ်လား။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မိုးရာသီ ကုန်လွန်၍ မိုလျိုကုန်းမြေတွင် နေသာနေပေပြီ။ ဝမ်လင်းက မူလကလန်ရှိ သူ့ဘဝကို အသားကျလာသည့်ပုံ ရကာ အချိန်အများစုကို ဆေးဝါးဖော်စပ်ရာတွင် လေ့လာခြင်းဖြင့် ကုန်ဆုံးနေခဲ့သည်။

ရှုယန်သည် သူ့ခြံဝန်းထဲ၌ နေသော စန်နူးဆိုသည့်သူကို အလွန်လေးစား၏။ ဝမ်လင်းသည် အခုထိ ဝန်မခံသေးသော်လည်း ရှုယန်၏ အလိုလိုသိစိတ်အရ သည်စန်နူးမှာ ဆံပင်ဖြူနှင့်ကျင့်ကြံသူ ဖြစ်မှန်း သိနေခဲ့လေ၏။

သူမက ဝမ်လင်း၏ ပုံရိပ်နှင့် ခမ်းနားသည့်လက်ချောင်းတိုက်ခိုက်မှုကို တွေးမိတိုင်း စိတ်ဖိစီးမိ၏။ သည်အခိုက်အတန့်၌ သူမက ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ စူးစိုက်ကြည့်နေမိသည်။

“ဒါက နင်းရွှေမြက်ပဲ။ ဒီပစ္စည်းက ဆေးလုံးတွေ ဖန်တီးရာမှာ ကူညီပေးတယ်။ မူလကလန်ရဲ့ ဆေးလုံးအများစုဟာ ဒီမြက်ကို လိုအပ်ပါတယ်…” တိမ်ပင်လယ်တွင် ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းအဆင့်တစ်ခု ရောက်သည်နှင့် သူတို့သည် ဆေးဝါးဖော်စပ်မှုတွင် နားလည်ရာ၌လည်း အဆင့်တစ်ခု ရောက်လာခဲ့ပေသည်။ သူမအဖို့ စန်နူးနှင့် ပတ်သတ်သည့် ပဟေဍိဖြစ်မိသည်က သည်စန်နူးသည် အများသိကြသော ဆေးဝါးအမျိုးအမည်များကိုပင် မသိဘဲ ဖြစ်နေခြင်းတည်း။

ဝမ်လင်းအဖို့ ဆေးဝါးများကို သန့်စင်မွန်းမံဖို့အတွက် သူသည် အရင်ဦးဆုံး ဆေးပင်များ၏ နာမည်နှင့်သက်ရောက်မှုကို မှတ်နေရ၏။ မဟာမိတ်တွင် သူ သိထားခဲ့သော အချို့ဆေးပင်များကလည်း သည်နေရာတွင် မတူညီသော အခေါ်အဝေါ်နှင့် ရှိနေသည်။ ထို့ကြောင့် ရှုယန်သည် ဝမ်လင်း မေးခွန်းများ မေးဖို့ရာ ပစ်မှတ်တစ်ခု ဖြစ်လာတော့၏။

“ဒါဟာ တိမ်မင်ဆေးပင်ပဲ။ တိမ်ချို့ယွင်းခြင်းဆေးလုံးအတွက် သော့ချက်အနေနဲ့ ပါဝင်တယ်…”

ဝမ်လင်း၏အမူအရာမှာ အေးစက်တည်ငြိမ်သည်။ သူသည် ဤဥယျာဉ်ထဲရှိ ဆေးပင်များအားလုံးကို အချိန်တိုအတွင်း မှတ်ထားနိုင်ခဲ့ပြီ ဖြစ်၏။

ဝမ်လင်းသည် ဉယျာဉ်ပတ်လည်ကို ကြည့်ကာ မေးလိုက်သည်။ “ဒီမှာ မြူပန်းအပင် မရှိဘူးလား…” သူတာအိုကျောင်းတော်အတွင်း ကြည့်ခဲ့သည့် ကျောက်စိမ်းပြားထဲတွင် ဆိုထားသည်က အဆင့်ခြောက် သို့မဟုတ် ပိုမြင့်သည့်ဆေးလုံးများကို သန့်စင်ဖို့အတွက် ထိပ်တန်းသားရဲစိတ်ဝိညာဉ်များအပြင် ပိုမိုအရေးကြီးသည့် ဆေးပင်များ လိုအပ်သည်ဟူ၍ပင်။ ထိုဆေးပင်များထဲမှ တစ်ခုသည် မြူပန်း ဖြစ်၏။

“မြူပန်းဟာ ကြယ်မြူတွေ ခြုံလွှမ်းနေတဲ့ ကုန်းမြေထုထဲမှာပဲ ပေါက်တယ်။ ပြောကြတာက မြူတွေပို သိပ်သည်းလေလေ မြူပန်းတွေ ပိုရှိလေတဲ့။ မူလကလန်မှာတော့ အခြောက်ခံထားတဲ့ မြူပန်း သုံးခုပဲ ရှိတယ်လို့ ကျွန်မ သိထားတယ်။ ဒီမြူပန်းတွေဟာ ဆရာဦးလေးလီနဲ့အတူ ရှိနေခဲ့တာ…”

ရှုယန်သည် ရှင်းပြပြီးနောက် သူမက ထပ်ပြော၏။

“ဆရာဦးလေးလီရဲ့ ဆေးဝါးပညာရပ် အရည်အချင်းဟာ မူလကလန်မှာ ယှဉ်နိုင်သူ မရှိဘူးလို့ ယူဆလို့ ရတယ်…”

ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။ သူသည် ရှုယန်ကို ဆက်၍ အာရုံမစိုက်တော့ပေ။ ထိုအစား သူသည် သူ ဖတ်ရှုခဲ့သော ဆေးဝါးပညာရပ်ကို အခြေခံကာ အချို့ဆေးပင်များကို စုဆောင်းပြီး သူ့အိမ်သို့ ပြန်သွားသည်။

ဝမ်လင်း ဆေးပင်များ ယူသွားသည်ကို မြင်နေရသည့်အခါ ရှုယန်၏ စိတ်နှလုံးမှာ ကိုက်ခဲမိ၏။ သို့သော် သူမသည် မျက်နှာပေါ်၌ မည်သည့်အမူအရာကိုမျှ မပြဝံ့ပေ။ ဝမ်လင်းက သူ့အခန်းထဲသို့ ပြန်လျှောက်လာနေရင်း ရှုယန်သည် ခပ်သွက်သွက် လှမ်းပြော၏။ “သင်…ဆေးဖော်စပ်တဲ့အခန်း လိုအပ်ရင် ခြံဝန်းအရှေ့ဘက်ကို သွားနိုင်တယ်။ အဲ့နေရာမှာ ဆေးမီးပြင်းဖိုတစ်ခု ရှိတဲ့အပြင် မြေမီးနဲ့ အကာအကွယ်အစီအရင်တွေလည်း ရှိတယ်။ အဲ့လိုဆိုရင် ဆေးမီးပြင်းဖို ပေါက်ကွဲရင်တောင် အန္တရာယ် မဖြစ်နိုင်တော့ဘူး…”

“မလိုဘူး…” ဝမ်လင်းက နောက်ပြန်လှည့်မကြည့်ဘဲ သူ့အခန်းထံသို့ လျှောက်သွားလေ၏။

ဝမ်လင်း လုံးဝ ထွက်မသွားခင်မှာပင် ရှုယန်က ခြေစောင့်၏။ သူမသည် မကျေမနပ် ဖြစ်နေပေသည်။ သည်ဉယျာဉ်ထဲရှိ ဆေးပင်အများစုက သူမ အချိန်ယူ စုဆောင်း ပျိုးထောင်ထားခဲ့ခြင်း မဟုတ်လား။ အချို့ဆိုလျှင် သူမ ဆရာ ပေးထားခဲ့ခြင်းပင်။ သည်ဉယျာဉ်ထဲရှိ ဆေးပင်အများစုမှာ ရှုယန်နှင့်သူမဆရာတို့၏ ကိုယ်ပိုင်တန်ဖိုးထားသည့်အရာများဟုပင် ဆိုနိုင်၏။

ကလန်၏ တပည့်များသည်ပင် ထိုအချက်ကို သတိထားရကာ သည်ဆေးပင်များရှိရာသို့ မလာဝံ့ကြချေ။ ရှုယန်မှာ ၎င်းဆေးပင်တို့ကို အတော်လေး တန်ဖိုးထား၏။ သို့ရာတွင် ဝမ်လင်း ၎င်းဆေးပင်တို့ကို ယူသွားချိန်၌ သူမအဖို့ အကူအညီမဲ့ရလေ၏။ သူက သူမ၏ စကားကို နားမထောင်ဘဲ ဆေးဝါးဖော်စပ်သည့်အခန်းသို့လည်း မသွားခဲ့ပေ။ အထူးသဖြင့် သူက ဤဉယျာဉ်ထဲရှိ ဆေးပင်အများစု နာမည်ကိုပင်မသိ၊ အခုအကြိမ်က သူ့အဖို့ ပထမဆုံး ဆေးဝါးသန့်စင်ဖော်စပ်မည်မှာ သိသာနေသည်။

ဆေးလုံး ပေါက်ကွဲသည်နှင့် အိမ်သာ ပျက်စီးရုံမဟုတ်၊ ဉယျာဉ်သည်ပင် သက်ရောက်မှု ရှိသွားနိုင်၏။ ရှုယန်က မကျေမနပ်ဖြင့် ခြေစောင့်လိုက်ရသော်လည်း သူ့ကိုတော့ မတားဆီးဝံ့ပေ။

“ဟက်…ဆေးဝါးအခန်းထဲ မသွားဖူးဆိုတော့ သူ့မှာ ကိုယ်ပိုင်ဆေးမီးပြင်းဖို ရှိတယ်လို့ ဆိုလိုနေတာပဲ။ သူဟာ သူ့မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ကို အသုံးပြုပြီး ဂျူနီယာတစ်ယောက်ကို ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာပဲ သိတဲ့လူ။ အနိုင်ကျင့်တယ်…”

ရှုယန် ပိုတွေးမိလေလေ ပို၍ ဒေါသထွက်မိလေပင်။ သူသည် အပြင်ဘက်တွင် ထိုင်ချကာ စောင့်ဆိုင်းနေ၏။ ဆေးလုံး ပေါက်ကွဲချိန်၌ သူမသည် ဉယျာဉ်ထဲရှိ ဆေးပင်များကို ကာကွယ်ရဦးမည် မဟုတ်လား။ အစောပိုင်းက သူမ ဝမ်လင်းအပေါ် ရှိခဲ့သော အမြင်ကောင်းများမှာလည်း လွင့်ပါးသွားခဲ့ပေပြီ။

“မောက်မာလိုက်တာ။ မောက်မာလိုက်တာ…” ရှုယန်က ဝမ်လင်း၏ပုံစံဟန်ပန်ကို တွေးမိသည့်အခါ သူမသည် ပို၍ပင် ဒေါသ ထွက်လာမိ၏။

“ဆေးဝါးပညာရပ်ဟာ ကျင့်ကြံခြင်းနဲ့ ပတ်သတ်မှု အချို့ ရှိပေမယ့်လည်း ဒါဟာ အများကြီးတော့ သက်ရောက်မှု မရှိဘူး။ ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ အတွေ့အကြုံနဲ့ မရေမတွက်နိုင်အောင် ကြိုးစားမှု လိုအပ်တယ်။ ကျင့်ကြံမှုအဆင့် ဘယ်လောက်ပဲ မြင့်မြင့် ပထမဆုံးအကြိမ် ဆေးလုံး ဖော်စပ်မှု အောင်မြင်မှုနှုန်းကတော့ မြင့်မှာ မဟုတ်ဘူး…”

ရှုယန်သည် မျက်မှောင်ကြုံ့နေ၏။ သူမသည် သူမကိုယ်သူမ ပြန်အာရုံစိုက်မိရာ အကူအညီမဲ့စွာဖြင့် အစောင့်တစ်ယောက်ကဲ့သို့ မတ်တတ်ရပ်နေရသည်ကို တွေ့လိုက်ရ၏။

ဝမ်လင်းကတော့ ရှုယန် မကျေမနပ် ဖြစ်နေမှုကို အာရုံစိုက်မနေပေ။ အခန်းထဲ ပြန်ရောက်လာပြီးနောက် သူက ထိုင်ချကာ လက်ဝေ့ယမ်း၏။ သူ ယူဆောင်ခဲ့သည့် ဆေးပင်များသည် လေထဲတွင် မြောလွင့်သွားသည်။ သူ့ဘယ်မျက်လုံးက တောက်ပသွားကာ ချက်ခြင်းပင် မီးတောက်များသည် သူ့ဘယ်မျက်လုံးထဲ၌ လောင်ကျွမ်းလာသည်။

ဆေးဝါးပညာရပ်၌ ဆေးမီးပြင်းဖိုသည် မဖြစ်မနေ လိုသည် မဟုတ်ပါ။ ဆေးမိးပြင်းဖိုက ဆေးအာနိသင် မလွင့်ပါးအောင်၊ ဆေးလုံးပုံသဏ္ဌာန်အတွက် အပူပေးရာ၌ ပိုကောင်းမွန်အောင်သာ ကူညီပေးခြင်းပင်။

ထိုအချက်များက ဝမ်လင်းအဖို့ ပြဿနာတစ်ခု မဟုတ်ပေ။

လောကရှိ မီးများသည် သူ့ စိတ်ဆန္ဒရှိသလို ရွှေ့လျားခိုင်းစေနိုင်၏။ အခုချိန်၌ အဖြူရောင်မီးတောက်များ ပေါ်လာကာ ဝမ်လင်းအား လှည့်ပတ်သည်။ မီးများသည် စတင်သိပ်သည်းကာ မီးလုံးအထိ ဖြစ်လာ၏။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်သည်။ လေထဲရှိ ဆေးပင်များအားလုံးမှာ မတူညီသော နေရာများသို့ ပြန့်ကြဲသွား၏။ အစိတ်အပိုင်းတစ်ခုက ဘေးတစ်ဖက်သို့၊ ကျန်အစိတ်အပိုင်းတစ်ခုက မီးလုံးထံသို့ တိုးဝင်လာသည်။

ဤအကြိမ်မှာ တိမ်ပင်လယ်၌ ဝမ်လင်းအဖို့ ပထမဆုံးအကြိမ် ဆေးလုံးသန့်စင် ဖော်စပ်ခြင်းပင်။ ၎င်းသည် အဆင့်သုံးဆေးလုံးသာ ဖြစ်သော်လည်း ဝမ်လင်းက အလေးအနက် ထားနေဆဲပင်။ သူက မီးလုံးကို စူးစိုက်ကြည့်ကာ သူ့အကြည့်သည် အတွင်းသို့ ထွင်းဖောက်သည်။

သည်ဆေးပင်များက မီးလုံးအတွင်း၌ မြန်ဆန်စွာ အရည်ပျော်ကာ အစအနများ ဖြစ်လာသည်။ သို့ရာတွင် ဝမ်လင်း၏ မီးကို ထိန်းချုပ်မှုအောက်တွင် ၎င်းတို့က ပြာမှုန့်ဘဝသို့ ပြောင်းမသွားဘဲ စတင် ပေါင်းစပ်၏။ ၎င်းတို့က တစ်ခုနှင့်တစ်ခု အခြားတစ်ခု၏ ဆေးအာနိသင်တို့ကို စုပ်ယူရင်း စတင် ပေါင်းစပ်သည်။

သိပ်မကြာခင်တွင် ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ရာ သိုလှောင်နေရာလွတ်ပေါ်လာသည်။ အနက်ရောင်အလင်းတန်းတစ်ခု ဝမ်လင်းလက်ထဲကနေ ပျံသန်းထွက်သွား၏။

ထိုအနက်ရောင်အလင်းထဲ၌ ဖားလောင်းနှင့်တူသည့်သားရဲစိတ်ဝိညာဉ် ပါရှိသည်။ ၎င်းက ရူဒီ၏ သားရဲတည်း။ ထိုသားရဲသည် ရူဒီနောက်တွင် လိုက်ခဲ့စဉ်က အလွန်မောက်မာခဲ့၏။ ၎င်းက သေမျိုးများ၊ ဒဏ်ရာရထားသော ကျင့်ကြံသူများကို ရက်ရက်စက်စက် ဝါးမြိုခဲ့ဖူးသည်။ ၎င်းက သွေးနှင့်အသားကို ပါးစပ်အရသာ တွေ့ခဲ့ပေ၏။

သို့ရာတွင် အခုချိန်၌ ၎င်းသားရဲစိတ်ဝိညာဉ်မှာ ကြောက်ရွှံ့မှုကြောင့် တုန်ယင်နေကာ အဆတ်မပြတ် ဟိန်းသံပေးနေ၏။ ၎င်းက ဝမ်လင်း၏ လက်ထဲကနေ ချိုးဖျက်လို၏။ သို့သော် ၎င်းက မည်မျှပင် ကြိုးစားပါစေ အချည်းနှီးပင်။

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သားရဲစိတ်ဝိညာဉ်သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ပြီး ဆေးလုံးနှင့် ပေါင်းစပ်သည်။ သိပ်မကြာခင်တွင် ဆေးနံ့တစ်ခု အခန်းအတွင်း၌ စတင် ပျံ့လွင့်လာ၏။

ထိုအခိုက်အတန့်၌ ဝမ်လင်းက သူ့ညာလက်ကို မီးလုံးထံသို့ ဆန့်ထုတ်ရင်း ဆေးလုံးကို ဖမ်းယူကာ မျက်မှောင်ကြုတ်သည်။ သားရဲစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတော်တော်များများမှာ ချက်ခြင်း ဆွဲထုတ်ယူလိုက်ခြင်း ခံရသည်။

ဝမ်လင်း၏ ညာလက် ဆေးလုံးကနေ ပြန်ခွာလိုက်ချိန်တွင် တဝက်တပျက်ဆေးလုံးမှာ တုန်ခါ ပျက်စီးသွား၏။ ထို့နောက် အပျက်အစီးအားတစ်ခုသည် စတင် ပျံ့လွင့်သည်။

သို့ရာတွင် မီးလုံးက ၎င်းကို ထွေးခြုံထားရာ ၎င်းအားမှာ ရပ်တန့်သွားပြီး ခပ်အုပ်အုပ်အသံများသာ ဖြစ်စေပြီး မီးလုံးကို ချိုးဖျက် မသွားပေ။

“ဆေးလုံးပေါက်ကွဲခြင်း…” အိမ်အပြင်ဘက်ရှိ ရှုယန်က ထိုခပ်အုပ်အုပ်အသံများကို ကြားရသည်နှင့် ချက်ခြင်း မတ်တတ်ထရပ်သည်။ သူမက အလွန်စိတ်ဖိစီးနေ၏။ သို့ရာတွင် ခဏတာ စောင့်ဆိုင်းပြီးသည့်အထိ မည်သည့်ပေါက်ကွဲမှုကိုမှ မတွေ့ကြံလာရပေ။ သူမက ဝမ်လင်း သုန်မှုန်စွာဖြင့် အိမ်အပြင်သို့ ထွက်လာသည်ကို တွေ့လိုက်ရာ၏။သူက ဉယျာဉ်ထဲမှ ပိုများသည့် ဆေးပင်များကို ထပ်ယူဆောင်သည်။

ရှုယန်က နောက်ဆုံးတွင် တုန့်ပြန်လာ၏။ သူမက ချက်ခြင်းပင် ခြေစောင့်၏။ သူမက ဝမ်လင်းထံကနေ တရားမျှတမှုတစ်ခုခု ရလို၏။ သို့သော် ခုချိန်၌ ဝမ်လင်း၏ သုန်မှုန်နေသည့်အမူအရာကို တွေ့သည့်အခါ သူမသည် ကြောက်မိလေ၏။ သူမက စိတ်ထဲကနေသာ အပြစ်တင်လိုက်ရသည်။

“ဘယ်လိုတောင် အနိုင်ကျင့်တာလဲ။ ဟက်…ဒီဆေးလုံးလည်း အခုတစ်ကြိမ် ထပ်ပေါက်ကွဲဦးမှာ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset