“ငါ့အတွက် ကိုးကောင် လိုနေတုန်းပဲ။ ဒါပေမယ့်လည်း ဒီဧရိယာတွင်းမှာ ရှိတဲ့ ကြယ်ကျားတွေက ကုန်ပြီ။ ငါ ပိုဝေးတဲ့ နေရာကို သွားရတော့မယ်…” သက်လတ်ပိုင်းလူက ညစ်ပြုံးပြုံး၏။ သို့သော် သူ ဆက်စကားမဆိုခင်မှာပင် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်သည်။ သိုလှောင်နေရာလွတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်လာကာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ပေါ်လာသည်။
ထိုစိတ်ဝိညာဉ်အပိုင်းအစမှာ ရူဒီ၏ပုံသဏ္ဌာန်ရှိ၏။ သူ့မျက်လုံးထဲ၌ မသေခင် ကြောက်ရွှံ့မှုနှင့် ပြည့်ကာ ထိုသက်လတ်ပိုင်းလူ၏ ရှေ့တွင်ပင် လွင့်ပျောက်သွားတော့သည်။
“ဂျူနီယာသခင်…” ခရမ်းရောင်ဝတ်စုံဖြင့် အဘိုးအိုမျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ်သွား၏။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်လာသည်။
သက်လတ်ပိုင်းလူက စိတ်ဝိညာဉ်အပိုင်းအစပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။ သူက တစ်စက်လေးပင် မလှုပ်ရှား၊ သူ့မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်သည်။
သူ့ဘေးရှိ အဘိုးအိုမှာ တုန်လှုပ်မိနေ၏။ သူက ကလန်ခေါင်းဆောင်ကို ကြည့်ကာ သူ့စိတ်နှလုံးမှာ တုန်ယင်သည်။ သူက သည်ကလန်ခေါင်းဆောင်နောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါက်နေခဲ့ပေပြီ။ ထို့ကြောင့် သူက ကလန်ခေါင်းဆောင် ပို၍ တည်ငြိမ်လေလေ ပိုမိုကြီးမားသည့် မုန်တိုင်းတစ်ခု ရောက်လာတော့မည်ကို သိထားပေ၏။
“ရူဒီ ဘယ်ကို သွားခဲ့လဲ…” အချိန်အတန်ကြာပြီးမှ သက်လတ်ပိုင်းလူက မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုတစ်ခု ကျွမ်းလောင်နေသည်။ သို့သော် သူ့အသံကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်လှ၏။
အဘိုးအိုသည် ဦးညွတ်ကာ တလေးတစား ပြော၏။ “ဂျူနီယာသခင်လေးဟာ…ဂျူနီယာသခင်လေးက မိုလျိုကုန်းမြေကို သွားခဲ့ပါတယ်…”
သူက တုန်လှုပ်နေဆဲ ဖြစ်ရာ အခုထိ မတည်ငြိမ်နိုင်သေးပေ။ သူသည် အဆင့်ငါးနယ်မြေအတွင်း ရူဒီကို သတ်ဝံ့သည့်သူ၊ ခရမ်းရောင်တာအိုကလန်၏ အရှင်လုယန်ကုန်းကို ရန်စဝံ့သည့်သူ ရှိမှန်း ဘာကြောင့်လည်း ဆိုတာ နားမလည်နိုင် ဖြစ်နေ၏။
“မိုလျိုကုန်းမြေ…မူလကလန်၊ ဒီအကြောင်းကို ဘာကြောင့် ဘယ်သူကမှ ငါ့ကို မပြောခဲ့ကြတာလဲ…” သက်လတ်ပိုင်းလူ၏ အသံမှာ တည်ငြိမ်၏။ သို့သော် သူ့စကားများ အဘိုးအို၏ နားထဲသို့ ကျရောက်လာချိန်တွင် ယင်းအဘိုးအိုမှာ တုန်ယင်သွားသည်။ သူက ရုတ်တရက် တစ်ခုခုကို ပြန်မှတ်မိကာ သူ့မျက်နှာသည် ဖြူရောသွားလေ၏။
“ဂျူနီယာသခင်လေးက…သူ…”
“ကျင့်ကြံသူတစ်ယောက်အနေနဲ့…သူဟာ အလှအပရဲ့ စွဲဆောင်မှု ခံရပြီး မောက်မာလှပါတယ်။ ခရမ်းရောင်တာအိုကလန်ရဲ့ ဂျူနီယာသခင်လေး ဆိုတဲ့ သူ့အဆင့်အတန်းကို အသုံးချပြီး သူဟာ ကလန်များစွာရဲ့ အမျိုးသမီးတပည့်အချို့ကို ဖျက်စီးခဲ့ပါတယ်။ သူဟာ သူတို့ရဲ့ မူလယင်စွမ်းအင်ကို စုပ်ယူတဲ့ ရက်စက်မှုမျိုးကိုတောင် ပြုလုပ်ခဲ့ပါသေးတယ်…”
အဘိုးအို၏ စကားဆုံးသည်ကို စောင့်မနေဘဲ သက်လတ်ပိုင်းလူက ခေါင်းယမ်းကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည့်အလား ဆို၏။
“ကလန်ခေါင်းဆောင်…” အဘိုးအို၏မျက်နှာသည် ဖြူရောနေ၏။
“သူက မိုလျိုကုန်းမြေကို ဘယ်သူနဲ့ သွားခဲ့တာလဲ။ စုန်ဝူဒီနဲ့ မလား။ ဒီကလေးဟာ စုန်ဝူဒီရဲ့ ဂရုစိုက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာ။ သူ့အတွက်တော့ စုန်ဝူဒီဟာ ဒုတိယအဖေလိုပဲ။ သူက မိုလျိုကုန်းမြေကို သွားခဲ့တာ မူလကလန်ရဲ့ လုယန်ဖေ ကြောင့် ဖြစ်လိမ့်မယ်။ သူဟာ ဟိုအရိုးအိုအဘိုးကြီး သေသွားတဲ့ အချက်ကို အခွင့်ကောင်းယူပြီး မူလကလန်ကို သူ့အတွင်းနန်းတော် လုပ်ချင်ခဲ့တာ…”
အဘိုးအိုသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက သူ သိသလောက် ကလန်ခေါင်းဆောင်ကို အမှန်တိုင်း ပြောပြသည်။
သက်လတ်ပိုင်းလူက ခေါင်းမော့ကာ သူ့ရှေ့ရှိ ကြယ်မြူခိုးများကို ကြည့်သည်။ ခဏတာ တိတ်ဆိတ်သွားဟန် ရပြီးနောက် သူသည် နောက်လှည့်ကာ ခရမ်းရောင်ကုန်းမြေထံသို့ လှမ်းလျှောက်သွားတော့သည်။
ဒီအသုံးမကျတဲ့ကလေး…သူ သေသွားခဲ့ပြီ။ ဒါပေမယ့်လည်း ငါဟာ သူ့အဖေ ဖြစ်နေတုန်းပဲ။ သူက ဒီလုယန်ဖေဆိုတဲ့ မိန်းကလေးကို ကြိုက်မှတော့ ငါက ဒီမိန်းကလေးကိုလည်း သူနဲ့အတူ သေခိုင်းရတော့မှာပေါ့။ သူ့ကို သတ်ခဲ့တဲ့သူကိုတော့ ငါကိုယ်တိုင် မြေမြှပ်ပစ်မယ်…”
သက်လတ်ပိုင်းလူက ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်၏။
အဘိုးအို၏ အသွင်သည် ပို၍ ဖြူရောလာ၏။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူက အံ့ကြိတ်၍ ပြောလာသည်။ “ကလန်ခေါင်းဆောင်၊ ဂျူနီယာသခင်လေး ထွက်မသွားခင်တုန်းက ဒီအဘိုးအိုဟာ စုန်ဝူဒီပြောတာ ကြားခဲ့တယ်။ ဂျူနီယာသခင်လေးဟာ ခရမ်းရောင်တာအိုကလန်ကနေ ထွက်ခွာရင် ကောင်းကင်ဘုံယင်အလံကို ယူသွားမယ်တဲ့။ လုယန်ဖေရဲ့ မူလစိတ်ဝိညာဉ်ကို ယူဆောင်ပြီးရင် သူဟာ ယင်ကောင်းကင်ဘုံသားကို အစာကျေးဖို့အတွက် သူ စုဆောင်းခဲ့တဲ့ အမျိုးသမီးမူလစိတ်ဝိညာဉ်အားလုံးကို အသုံးပြုလိမ့်မယ်…”
“ကျေးဇူးမသိတတ်တဲ့ကလေး…”
မိုလျိုကုန်းမြေ၊ မူလကလန်။
လုယန်ဖေသည် သာမန်အိမ်တစ်ခုကို တိတ်ဆိတ်စွာ ကြည့်နေ၏။အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူသည် ခြံဝန်းထဲသို့ လျှောက်လာ၏။ ရှုယန်က သူ့နောက်ကနေ ကပ်ပါလာသည်။
ဝမ်လင်း၏ အိမ်တံခါးမှာ ပိတ်ထားလျက် ရှိသည်။ လုယန်ဖေနှင့်ရှုယန်တို့သည် တံခါးအပြင်ဘက်တွင် တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေသည်။
အချန်အတန်ကြာပြီးနောက် လုယန်ဖေက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ တိုးညင်းစွာ ပြောသည်။ “စီနီယာ ရှိပါသလား…”
“ဒီမှာ မရှိဘူး…” ထိုအိမ်ထဲကနေ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာကာ သူတို့နားထဲသို့ ဝင်ရောက်လာသည်။ သူတို့သည် ထိုအသံကြောင့် ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် မင်သက်သွားမိကြသည်။
လုယန်ဖေက ပြုံး၏။ သူမ၏ အပြုံးမှာ လှလွန်းသည်။ သူမက အိမ်ကို ဦးညွတ်ကာ ညင်သာစွာ ပြောလာသည်။ “ကျွန်မဆရာမှာ ဆရာဦးလေး လုဇီဟောင် လို့ခေါ်တဲ့ ဆရာဦးလေး တစ်ယောက် ရှိခဲ့တယ်။ ဆရာ့ အပြောအရတော့ သူဟာ တာအိုကို ရူးသွပ်လွန်းတယ်တဲ့။ သူဟာ ဘယ်တုန်းကမှ မိုလျိုကုန်းမြေကနေ ထွက်မသွားဖူးဘူး။ အဲ့နောက်မှာ သူဟာ ပျောက်သွားခဲ့တယ်။ သူဟာ ပင်မကလန်ကို ဘယ်တုန်းကမှ မသွားခဲ့ဖူးသလို မိတ်ဆွေသူငယ်ချင်းများစွာလည်း မရှိဘူး။ မူလကလန်မှာတောင့် အချိန်ကာလကြောင့် သူ့ကို မှတ်မိတဲ့သူ သိပ်များများစားစား မရှိတော့ဘူး…”
“စီနီယာအစ်ကိုသုံးယောက်တောင် သူ့ကို မတွေ့ဖူးဘူး။ ဂျူနီယာတစ်ယောက်သာ သူ့ပုံပန်းချီကားကို မြင်ဖူးခဲ့တယ်။ ဒါလည်း ဆရာက ဂျူနီယာ့ကို ပေးခဲ့လို့။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မြင့်မြတ်တဲ့ဆရာဦးလေးလုဟာ ဂျူနီယာရဲ့ လုမိသားစုဘိုးဘေး ဖြစ်နေတာကြောင့်ပဲ…”
“ဒီပုံတူပန်းချီကားဟာ အိုဟောင်းလွန်းပြီး ရွှဲ့ပဲ့နေပြီ။ အခုလာတဲ့လမ်းမှာတင် ဒီပန်းချီကားကို ဂျူနီယာ ဖျက်စီးပစ်လိုက်ပြီ…”
ထိုအရာများကို ပြောလိုက်ပြီးနောက် လုယန်ဖေသည် ပြုံး၍ ထွက်ခွာသွား၏။ ရှုယန်သည် သူမဆရာ၏ စကားများကြောင့် စိတ်ရှုပ်နေမိသည်။ သူမသည် သူမဆရာ ထိုအကြောင်းအရာများကို ဘာကြောင့် ပြောခဲ့မှန်း စဉ်းစား၍ မရ ဖြစ်နေ၏။
ဝမ်လင်းသည် အိပ်ယာထက်တွင် ထိုင်ကာ သူ့လက်ထဲရှိ ကြာပွင့်နက်ကို စူးစိုက်ကြည့်နေ၏။ သူသည် ခေါင်းမော့လာသည်။ သူ့မျက်လုံးတို့က တောက်ပလာ၏။ သူ့အကြည့်က အိမ်ထဲကနေ ထွင်းဖောက်ကာ ထွက်ခွာသွားသည့် လုယန်ဖေပေါ်သို့ ကျရောက်သွားသည့်ဟန် ရ၏။
လုယန်ဖေ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားမိသည်။ သို့သော် သူမက မရပ်လိုက်ပေ။ သူမက တည်ငြိမ်မှုကို ဆက်ထိန်းကာ ခြံဝန်းထဲကနေ ဆက်လျှောက်သွားလေ၏။
“တော်လိုက်တဲ့ အမျိုးသမီး…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။ သူမသည် သူနှင့် တောင်ပေါ်တွင် စကားပြောဖူးတာကလွဲလို့ သူတို့နှစ်ယောက်ကား ပတ်သတ်ဆက်ဆံဖူးတာ မရှိခဲ့ဖူးပေ။ သို့တိုင်တောင်မှ ထိုအမျိုးသမီးသည် မမျှော်လင့်စွာဖြင့် သူမတပည့်၏ တင်ပြမှု၊ တောင်ပေါ်တွင် စကားအပြန်အလှန်ပြောခဲ့ဖူးခြင်း၊ သူ စုန်ဝူဒီနှင့်ရူဒီတို့ကို သတ်ပစ်ခြင်းတို့ကနေ အခုလိုမျိုး အံ့အားသင့်ဖွယ် ကောက်ချက်ကို ချကာ သူ့ထံသို့ အရောက်လာခဲ့ပေသည်။
ရှုယန်သည် သူမ၏ စကားများကို နားမလည်ပေ။ သို့သော် ဝမ်လင်း၏ လှည့်ဖျားတတ်မှု ဉာဏ်ဖြင့် သူက လုယန်ဖေ၏ စကားများကို ရှင်းလင်းစွာ နားလည်ပေ၏။ လုယန်ဖေသည် ဆံပင်ဖြူလူမှာ သူမှန်း သေချနေကာ သူမ၏ စိတ်ထဲ၌ မူလကလန်တွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က လာရောက်ခိုအောင်းပုန်းကွယ်နေခြင်းမှာ ထိုသူသည် သူ့ရန်သူများကနေ ပုန်းနေသည်ဟု ဆိုလိုတာ နားလည်ထားပေသည်။
သို့ရာတွင် လုယန်ဖေက ဝမ်လင်း လိုချင်သည့် အရာတွေကိုတော့ မတွေးနိုင်၊ ထို့ကြောင့် သူမသည် ရန်သူများလက်ထဲကနေသာ ပုန်းကွယ်နေသည်ဟု ပိုသေချာနေသည်ဟုသာ တွေးထင်ခြင်းပင်။
ထို့အတွက်ကြောင့် ဝမ်လင်းသာ မူလကလန်တွင် ဆက်နေလိုပါက သူသည် မည်သူမျှ သံသယမဝင်မည့် ပုံရိပ်အဆင့်အတန်းတစ်ခု လိုအပ်ပေတော့မည်။ လုယန်ဖေ ပြောခဲ့သည့် အကြောင်းအရာများမှာ သူမက ဝမ်လင်းကို ပုံရိပ်နောက်ခံတစ်ခု ပေးလိုက်ခြင်းပင်။ ဝမ်လင်း၏ ရန်သူများကိုတော့ သူမသည် သိသာစွာ လစ်လျူရှုပစ်ဖို့ တွေးထားဟန် ရသည်။
ဝမ်လင်းက သူ့ဘဝတွင် မရေမတွက်နိုင်သောသူများကို တွေ့ကြုံဖူး၏။ သို့သော် သည်လိုဉာဏ်ရည်မျိုး ရှိသည့်အမျိုးသမီးမျိုးမှာ သိပ်များများစားစား မရှိလှပေ။ ထိုအရာမှာ ဉာဏ်ပညာ၊ပညာရှိမှုဟု ဆိုနိုင်ပေ၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ပြုံးကာ ခပ်တိုးတိုး ဆို၏။ “လုဇီဟောင်…ဒီနာမည်က ငါ့ကို တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ ခြေကုပ်တစ်ခု ရစေလိမ့်မယ်…”
ဝမ်လင်းက သူ့ပုံရိပ်ကို များစွာ အာရုံစိုက်ရခြင်းမှာ အလုံးစုံကောင်းကင်တွင် သူ့အတွေ့အကြုံကြောင့် ဖြစ်၏။ ဝမ်လင်းက ထိုအချက်ကို အရင်တုန်းက သတိမထားမိခဲ့၊ထိုအတွက်ကြောင့် အဆုံးသပ်တွင် သူ့အဖို့ အဆင်မပြေမှုများ ဖြစ်စေခဲ့သည်။
အထူးသဖြင့် ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ထိုနောက်ခံပုံရိပ် ပြဿနာကို ဖြေရှင်းရန် ခက်ခဲနေ၏။ လုယန်ဖေ ပြောခဲ့သည့် လုဇီဟောင် ဆိုသည့် နာမည်ကို သူ ယူလိုက်ခြင်းက ထိုပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်မည် မဟုတ်သော်ငြား သူ့ကို ဖြေရှင်းနိုင်မည့် လမ်းစကိုတော့ ပေးနိုင်လေ၏။
သည်ကိစ္စကို ဆက်တွေးမနေတော့ဘဲ ဝမ်လင်းက သူ့ညာလက်ကို ကြာပွင့်နက်ပေါ်တွင် နေရာချလိုက်၏။ ထို့နောက် သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို လေ့လာကြည့်သည်။ ကြာပွင့်နက်မှာ ရတနာတစ်ခု ဖြစ်သော်လည်း သူက များစွာ အလေးမထားခဲ့ပေ။ သို့ရာတွင် သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည့်နောက်တွင် ဝမ်လင်း ထိုကြာပွင့်နက်မှာ အစစ်အမှန်အပင် ဖြစ်နေသည်ကို တွေ့ရှိရာ အံ့အားသင့်သွားမိလေသည်။
ရိုးရှင်းသော ဥပဒေသအစီအရင်များကို ချိပ်ပိတ်မှုတစ်ခုအဖြစ် ထပ်ပေါင်းထည့်ထားခြင်းပင်။
“ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းဟာ ဒီလို သဘာဝအလေျာက် ဖြစ်တဲ့ ရတနာမျိုး ရှိနေတာ ထူးဆန်းလှတယ်။ ကြာပွင့်ပေါ်က ချိပ်ပိတ်မှုသာ ပျက်စီးသွားရင် ဒါဟာ အားကောင်းတဲ့ အကာအကွယ်တစ်ခုကို ဖြစ်စေနိုင်လိမ့်မယ်။ တကယ့်ကို စိတ်ဝင်စားစရာပဲ…”
ဝမ်လင်းက ကြာပွင့်ကို စစ်ဆေးကြည့်ပြီးနောက် ခရမ်းရောင်ဝတ်စုံနှင့်လူငယ် ရူဒီ၏ သိုလှောင်အိတ်ကိုလည်း ကောက်ယူလိုက်၏။
ထိုလူငယ်၏ သိုလှောင်အိတ်ထဲ၌ ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင်သည့် အရာသုံးခု ရှိနေလေ၏။
ခရမ်းရောင်ပုလင်းတစ်ခု၊ ရွှေရောင်အလံငယ်တစ်ခုနှင့် ကလေးလက်မောင်းအရွယ်ခန့် အမွှေးတိုင်တစ်ခု တို့ ဖြစ်ကြသည်။
“ကံမကောင်းစွာနဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီးရင် သိုလှောင်အိတ်ကို မသုံးတော့တာပဲ။ ကိုယ်ပိုင်သိုလှောင်နေရာလွတ်ကတော့ အဲ့လူ သေသွားပြီးရင် အပြင်လူတစ်ယောက်အတွက် သူ့ရတနာပစ္စည်းတွေကို ရှာဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်ရင် ငါ သတ်လိုက်တဲ့ ဒီနိဗ္ဗာနသန့်စင်ခြင်းအဆင့် ရှိကနေ ငါ့အတွက် အသုံးဝင်တဲ ရတနာကောင်းအချို့နဲ့ ဆေးလုံးအချို့ ရနိုင်လောက်တယ်…”
ဝမ်လင်းက ခေါင်းယမ်းလိုက်ရင်း ရွှေရောင်အလံငယ်ကို ကောက်ယူလိုက်၏။ သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်သည့်နောက် သူ့အမူအရာမှာ သုန်မှုန်သွားလေ၏။
အလံငယ်ထဲ၌ ယင်စွမ်းအင်နှင့် ပြည့်နေသည်။ ဝမ်လင်း၏ နတ်ဘုရားအာရုံ ၎င်းထံသို့ ပျံ့လွင့်လာနေရင်း သူသည် ချက်ခြင်းပင် အမျိုးသမီးတစ်ရာကျော်၏ ယင်စိတ်ဝိညာဉ်များကို ချက်ခြင်း တွေ့ရှိသည်။ ထိုအမျိုးသမီးများအားလုံးမှာ လှကြ၏။ အချို့သည် မယှဉ်သာလောက်အောင်ပင် လှသည်။
သို့ရာတွင် ထိုအမျိုးသမီးအားလုံးမှာ ထိတ်လန့်နာကျင်နေသည့်ပုံ ပေါ်သည်။ သူတို့သည် အလံထဲ၌ ချိပ်ပိတ်ထားခြင်း ခံရကာ မလွတ်မြောက်နိုင်ကြပေ။ ထိုအမျိုးသမီးများကို ဝါးမြိုနေဟန် ရသည့် မြွေစိတ်ဝိညာဉ်တစ်ကောင်သည် အလံအတွင်း၌ ရှိနေ၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံ ရောက်ရှိလာချိန်တွင် ၎င်းသည် မင်သက်သွားဟန် ရကာ အိပ်ပျော်နေရာကနေ နိုးထလာပြီး ကြောက်မက်ဖွယ်အော်ရာတစ်ကို ထုတ်လွှတ်သည်။ ဝမ်လင်းက ထိုအော်ရာကို ခံစားမိသည့်အခါ သူ့မျက်လုံးသည်ပင် ကျဉ်းမြောင်းသွားမိသည်။
“ဒါက…” ဝမ်လင်း၏ စိတ်သည် လှုပ်ခါသွား၏။ သူ့နတ်ဘုရားအာရုံကို ထိုသားရဲစိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကနေ ပြန်ဆုတ်၏။ သူသည် ရွှေရောင်အလံကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုံ့နေမိသည်။
“အဆုံးစွန်ယင်ရဲ့ အော်ရာ…” ဝမ်လင်းသည် မတ်တပ်ထရပ်၏။ သူ့တည်ငြိမ်မှုသည်ပင် နှောက်ယှက်ခံရသည်။ စိတ်လှုပ်ရှားမှုက သူ့ထံတွင် ဖြစ်ပေါ်သည်။ သူက အသက်ခပ်ပြင်းပြင်း အကြိမ်အနည်းငယ် ရှုသွင်းရှုထုတ်မိသည်။
“ကံမကောင်းစွာနဲ့…ဒါက ပြီးပြည့်စုံခြင်းမရှိဘူး။ အဆုံးစွန်ယင်ရဲ့ အငွေ့အသက်တော့ပါတယ်။ ဒါပေမယ့်လည်း ဒါကို ဖြစ်ပေါ်စေတဲ့ နည်းလမ်းဟာ လုံးဝ မှားနေတယ်။ ဒါဟာ ရှေ့ဖြစ်ဟောသူ ဘိုင်ဝေကို အသုံးချပြီး ဖန်တီးခဲ့တဲ့ အဆုံးစွန်ယန်နဲ့တော့ မယှဉ်နိုင်ဘူးပဲ။ ဒီအဆုံးစွန်ယင်ဟာ နှိုင်းယှဉ်ဖို့ အရည်အသွေးက စုတ်ပြတ်လွန်းတယ်။ ဒါပေမယ့် ဒါဟာ အဆုံးစွန်ယင်ရဲ့ အမျှင်တန်းတစ်ခု ဖြစ်နေဆဲပဲ…”
ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားကို ထိလိုက်၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ဒြပ်စင်ငါးခု ပြီးပြည့်စုံသွားပြီးနောက် ယင်နှင့်ယန်ဓာတ် လိုအပ်ခဲ့၏။ သူသည် ဘိုင်ဝေထံကနေ အဆုံးစွန်ယန်ဓာတ်ကို ရရှိခဲ့သော်လည်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ဒုတိယအကြိမ် ပြီးပြည့်စုံစေဖို့ရာ အဆုံးစွန်ယင်ဓာတ် လိုအပ်နေခဲ့ပေသည်။
***