ပိုင်ရှောင်ချန်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို လှမ်းကြည့်လိုက်သည့်အခါ ရင်းနှီးနေသည့် မျက်နှာပေါင်းများစွာကိုမြင်လိုက်ရသည်။ စုန့်ချွဲ၊ စုန့်ကျင်းဝမ်၊ ရွှီရှောင်ရှန်း၊ ကျားလဲ့၊ နတ်ဆရာ နှင့်အခြား လူများစွာ ပါလေသည်။ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးအတုမဲ့တို့မှာလည်း သွေးတိမ်တိုက်များထဲတွင် ပါသည်။
ထိုလူအုပ်ထဲတွင် သူရှာမတွေ့သည့် တစ်ယောက်ထဲသောသူမှာ ရွှယ်မေ့ဖြစ်သည်။
သို့သော်လည်း ယခုတွင် သူမအကြောင်းတွေးတောနေရန် အချိန်မရှိချေ။ လက်ရှိတွင် သွေးပင်လယ်ကြီးမှာ လောချိန်တောင်တန်း၏ မီတာ တစ်သောင်းငါးထောင်အကွာတွင် ရောက်နေပြီဖြစ်သည်။
ထိုမျှကွာဝေးပါသော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူများမျက်နှာပေါ်ရှိ သတ်ဖြတ်လိုစိတ်များကို သူက မြင်နိုင်ပေသည်။ စုန့်ကျင်းဝမ်၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုသော စိတ်များနှင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးအပါအဝင် သွေးတိမ်တိုက်ထဲရှိ လူများ၏ အကြည့်မှာ လျှပ်စီးကဲ့သို့ တလက်လက် ထနေတော့သည်။ သူတို့အားလုံးမှာ အသေအကျေတိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
ထိုအချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ မန္တန်အစီအရင်များ၏ အလင်းရောင်များက မြင့်တက်လာသည်။ ဘီလူးကြီးများက ဟိန်းဟောက်လိုက်ကြပြီး စစ်ရထား ရာချီမှာလည်း လှုပ်ရှားတော့မည့်အလား စူးရှသည့် အလင်းတန်းများထုတ်လွှတ်နေသည်။
ပိုင်ရှောင်ချန်းမှာ လှမ်းကြည့်လိုက်သောအခါ ဘီလူးတစ်ကောင်ထဲတွင် ဖက်တီးကျန်းကြီးကို တွေ့လိုက်ရသည်။ သူက မျက်နှာကို တပ်အပ်မမြင်ရသော်လည်း ဖက်တီးကျန်းကြီးကို ကောင်းကောင်းသိသဖြင့် ရက်စက်ကြမ်းကြုတ်နေသည့် မျက်နှာထားမျိုးဖြစ်မည်ဖြစ်ကြောင်း သေချာနေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တပ်ဖွဲ့များအပေါ်တွင် လျှပ်စီးများ ကခုန်နေကြပြီး မှော်သင်္ကေတများမှာလည်း တလက်လက်တောက်ပနေသည်။ ကြယ်စင် ဆယ့်ခုနစ်လုံးမှာ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး လေပေါ်တွင် ခမ်းနားထည်ဝါစွာ ဝဲပျံနေကြသည်။ ဂိုဏ်းစောင့်အကြီးအကဲများမှာ သူတို့၏ နတ်ဘုရားစွမ်းအင်များကို ထုတ်ရန် ပြင်နေကြပြီဖြစ်သည်။
ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက သူ၏ လက်ကို ဖြည်းညင်းစွာမြှောက်လိုက်လေသည်။ သူ၏လက်များ လေပေါ်က ပြန်ကျလာသောအခါ တပ်ဖွဲ့တစ်ခုလုံးက အားအကုန်ထုတ်ကာ တိုက်ကြမည်ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ တပ်ဖွဲ့ကလည်း ပြင်ဆင်ပြီးသားဖြစ်သည်။ သွေးတိမ်များထဲတွင် အဓိက ခေါင်းဆောင်ကြီးက ဘီလူးကြီးအသွင်ပြောင်းကာ စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် လောချိန်တောင်တန်းကို စိုက်ကြည့်နေသည်။ တိုက်ခိုက်ဖို့ အမိန့်ပေးရန် သူက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
စစ်တပ်နှစ်ခု အကြားရှိ အကွာအဝေးမှာ သေးသထက် သေးလာသည်။ တစ်သောင်းငါးထောင် မီတာ…. ကိုးထောင်မီတာ…. ခြောက်ထောင်မီတာ…. သုံးထောင်မီတာ…
တိုက်ပွဲမှာ အချိန်မရွေး စတင်တော့မည်ဖြစ်သည်။
ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏ လက်က လေပေါ်မှပြန်ကျလာလုဆဲဆဲဖြစ်နေသည်။ အဓိက ခေါင်းဆောင်ကြီး၏ ပါးစပ်မှလည်း စကားသံများ ထွက်လာလုဆဲဆဲပင်။ ထိုအချိန်တွင် နဝမမြောက် အစီအရင် ဘီလူးမန္တန်၏ ဝမ်းဗိုက်ထဲရှိ ပိုင်ရှောင်ချန်းမှာ မျက်လုံးများရဲရဲနီကာ စိုးရိမ်စိတ်များဖြင့် နှလုံးသားမှာ တဆစ်ဆစ် နာကျင်နေတော့သည်။
ဤဂိုဏ်းနှစ်ဂိုဏ်းကို သူက စစ်မဖြစ်စေချင်သလို လူများသေကျေမည်ကိုလည်း သူ မလိုလားပေ။ ငယ်ငယ်လေးထဲက ယခုအထိ သူအလေးထားသည်မှာ ထာဝရ အသက်ရှင်သန်ရန်ဖြစ်သည်။ သူကိုယ်တိုင်က ထာဝရနေထိုင်ချင်သလို သူနှင့်ရင်းနှီးသည့် လူများကိုလည်း ထာဝရ ရှင်သန်နေသည်ကို သူက မြင်ချင်သည်။
သူ၏ စိုးရိမ်မှုများက ဒေါသအဖြစ်ပြောင်းလဲသွားပြီး သူက ပူပန်နေသဖြင့် အော်ဟစ်လိုက်လေရာ ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးပင် တုန်လှုပ်သွားနိုင်တော့သည်။ သူ၏ အသက်နှင့်ထပ်၍ စွန့်စားရတော့မည်ဖြစ်ကြောင်း သူက သိလိုက်ပြီဖြစ်သည်။ စစ်တပ်နှစ်ခုက တိုက်ခိုက်ရန်ပြင်လိုက်စဥ်မှာပင် သူက နဝမမြောက်အစီအရင်၏ ဘီလူးကြီးထဲမှ တစ်ယောက်ထဲ ပျံထွက်သွားသည်။
သူထိုသို့ ပျံထွက်သွားလိမ့်မည်ဟု မည်သူမှ မတွေးထားချေ။ ဖြစ်လာတော့မည့် တိုက်ပွဲကြီးကို လူတိုင်းက တုတ်တုတ်မလှုပ်ပဲ ဂရုတစိုက်ကြည့်နေကြစဥ်တွင် နဝမြောက် အစီအရင်ထဲမှ ပိုင်ရှောင်ချန်းက နောက်ကျောတွင် တောင်ပံတစ်စုံထုတ်ကာ လောချိန်တောင်တန်းအပြင်ဘက်သို့ ပျံထွက်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
လောချိန်တောင်တန်းကို ကာကွယ်နေသည့် တောက်ပသောဒိုင်းကာကြီးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထံမှ ကာကွယ်ရန် စီမံထားသဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအပေါ် သက်ရောက်မှု မရှိချေ။
မည်သူမှ ဘာမှမလုပ်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းမှာ လောချိန်တောင်တန်းများ၏ အပြင်ဘက်ရှိ လေပေါ်တွင် ဝဲပျံနေတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ လူတိုင်းက လုံးဝကို အံ့သြသွားကြပြီး အလန့်တကြား ထအော်လိုက်ကြတော့သည်။
ဖက်တီးကျန်းကြီးမှာ မျက်လုံးပြူးသွားပြီး ဂယောင်ခြောက်ခြား ဖြစ်သွားတော့သည်။ ပိုင်ရှောင်ချန်း အဘယ့်ကြောင့် တစ်ယောက်ထဲပျံထွက်သွားသည်ကို သူက နားမလည်နိုင်လောက်အောင် ဖြစ်နေသည်။
” ရှောင်ချန်း။ ဘာလုပ်တာတုံးဟ။ ပြန်လာခဲ့စမ်း။”
ဟိုရှောင်မေ့မှာ ဘီလူးတစ်ကောင်ထဲတွင်ရှိနေပြီး ဖြစ်ပျက်နေသည်များကို မြင်လိုက်သောအခါ သူမက တုန်ရီသွားပြီး လှမ်းအော်လိုက်လေသည်။
” ကိုကြီးရှောင်ချန်း….အကို…”
အမှတ်သုံးဖက်တီးဟီနှင့် ရွှီပေါက်ချိုင်တို့မှာ မှင်တက်သွားကြသည်။ သူတို့မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။ ကျိုးရှင်းချီမှာ မန္တန်အစီအရင် ဘီလူးတစ်ကောင်ကို ထိန်းချုပ်နေသည်ဖြစ်ပြီး သူမ မြင်နေရသည်များကို မယုံကြည်နိုင်သော်လည်း အော်ဟစ်လိုက်လေသည်။
” ပိုင်ရှောင်ချန်းးးး”
လီချင်းဟောက်မှာ လေပေါ်တွင် ကြယ်စင်တစ်လုံးအလား မြင့်မားစွာ ပျံဝဲနေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက အပြင်သို့ ပျံထွက်သွားကြောင်းကို ကြားလိုက်ရသောအခါ သူ၏မျက်လုံးများမှာ ရူးသွပ်နေသည့်အလား ပြူးကျယ်သွားသည်။
” မင်းဘာလုပ်နေတာတုံး ပိုင်ရှောင်ချန်းး”
ရူးသွပ်လုနီးပါးဖြစ်သွားသည်မှာ သူတစ်ယောက်ထဲမဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က ဒေါသတကြီး လှမ်းအော်လိုက်သည်။ ဂိုဏ်းတည်ထောင်သည့် ခေါင်းဆောင်ကြီးပင်လျှင် မယုံကြည်နိုင်သဖြင့် မှင်တက်နေသည်။
ဝိညာဥ်စွယ်၊ ပေဟန်လဲ့၊ ရွှီဆုန်နှင့် အခြားလက်ရွေးစင်များမှာလည်း ကြောင်အန်းအန်းဖြစ်သွားသည်။ ရှမ်ကွမ်းထျန်ယုံမှာ အနည်းငယ် တုန်ရီသွားပြီးနာက် ပိုင်ရှောင်ချန်း သေချာပေါက် သေတော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုမီးတောက်တစ်ခု လင်းလက်သွားသည်။
ဤအရာများမှာ ဖော်ပြရန် ကြာမြင့်ပါသော်လည်း ပိုင်ရှောင်ချန်းပျံထွက်သွားသည့်အချိန်နှင့် လူအုပ်ကြီး တုန့်ပျံသည့်အချိန်မှာ အနည်းငယ်သာ ခြားသည်။ လူတိုင်းက တုန်လှုပ်နေသဖြင့် အသက်ရှူများမှားနေချိန်တွင် လီချင်းဟောက်နှင့် ခေါင်းဆောင်ကြီးများက ပိုင်ရှောင်ချန်းကို သွားကယ်ရန် ပျံထွက်သွားကြသည်။
တောင်တန်း၏ အပြင်ဘက်ရှိ ဂိုဏ်းနှစ်ဂိုဏ်းကြားတွင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
” ရပ်ကြတော့။ မတိုက်ခိုက်ကြပါနဲ့။ ကျုပ်ပြောတာ နားထောင်ကြပါဦး။”
သူက ထိုသို့ ပြောသော်လည်း မည်သူမှ မရပ်သွားချေ။ ထို့အပြင် တစ်ခဏအကြာတွင် အံ့အားသင့်နေသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက သူတို့မြင်နေသည့်လူမှာ မည်သူဖြစ်ကြောင်း သိသွားကြသည်။
” ပိုင်ရှောင်ချန်းပါလား။ ”
စုန့်ချွဲက ထိပ်ဆုံးမှ အော်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသများထွက်လာပြီး ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်သည်။ သူက တုန့်ဆိုင်းမနေပဲ ချက်ချင်း လှုပ်ရှားလိုက်လေသည်။
” သေချင်နေတယ်ပေါ့ ဟုတ်လား။ မင်းရဲ့ ဆန္ဒကို ဖြည့်ပေးရတာပေါ့ကွာ။”
စုန့်ချွဲတစ်ယောက်သာ ထိုသို့ တုန့်ပြန်သည်မဟုတ်ချေ။ အခြားသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက ပိုင်ရှောင်ချန်းဖြစ်ကြောင်း သိသွားကြသည့်အခါ ကျေနပ်သွားကြတော့သည်။ သူတို့က ရယ်မောကာ သူ့ဆီသို့ ဦးတည်လိုက်ကြသည်။
” ဒီ ပိုင်ရှောင်ချန်းဆိုတဲ့ ကောင်က ရူးနေတာလားဟ ။ သူတစ်ယောက်ထဲ ပျံထွက်လာတာ မယုံနိုင်ဘူး။ ”
” ဘာဖြစ်ဖြစ်ကွာ။ ထောင်ချောက်ဆင်ထားတာဆိုရင်တောင် ဂရုစိုက်ဘူး။ ငါသူ့ကို သတ်မယ်ဟေ့။”
” ဟားဟားဟား။ ပိုင်ရှောင်ချန်းက တစ်ယောက်ထဲဟေ့။ ဒီကောင်တော့ အသက်ပျောက်ပြီပဲ။” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်မှ လူများစွာပျံထွက်လာကြသည်။ အဆုံးအစမဲ့ အမှောင်ထုအနီးရှိ သွေးသခင်များကမူ တိုက်ပွဲအတွင်း ပိုင်ရှောင်ချန်းကို သတ်ရန် အချင်းချင်း တိုင်ပင်ထားကြပြီးဖြစ်သည်။ သို့သော်လည်း သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် အရေးပါကြောင်းကို သူတို့ကသိသဖြင့် သူတစ်ယောက်ထဲကို ဝိုင်းတိုက်ရန် အခွင့်အရေးရနိုင်မည် မဟုတ်ဟု တွေးထားကြသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာရူးမိုက်စွာနှင့် တစ်ယောက်ထဲပျံထွက်လာပြီး တိုက်ခိုက်နေသည်ကိုရပ်ရန် ကလေးကလား လျှောက်အော်နေတော့သည်။ သွေးသခင်သုံးယောက်က အသံကုန်အော်ရယ်ရင်း လျှပ်စီးတန်းများအလား လျင်မြန်စွာ ပျံထွက်လာကြသည်။
စုန့်ကျင်းဝမ်ပင်လျှင် ချက်ချင်း လှုပ်ရှားလိုက်လေသည်။ နတ်ဆရာ၊ ကျားလဲ့နှင့် အခြားလူမြောက်မြားစွာတို့မှာ ပိုင်ရှောင်ချန်းကို တိုက်ခိုက်သည့် ပထမဦးဆုံးလူဖြစ်ရန် ဆာလောင်နေကြတော့သည်။
” ပိုင်ရှောင်ချန်းကို သတ်ကြ။”
စစ်တပ်နှစ်ခုက အလွန်မဝေးကွာသဖြင့် ပိုင်ရှောင်ချန်းကို သတ်ချင်နေသည့်လူများမှာ သူနှင့် အလွန်နီးကပ်နေသည်။ ထိုမြင်ကွင်းကြောင့် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ရယ်မောလိုက်သည်။
” ပျော်စရာ တယ်ကောင်းပါလားကွ။” သူက ထိုသို့ဆိုကာ ရှေ့သို့တစ်လှမ်း လှမ်းလိုက်သည်။ သူက ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ကာ သတ်ရန်ပြင်လိုက်စဥ်မှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ထျယ်မုက တည်နေရာရွှေ့ပြောင်းလိုက်ကာ သူ၏လမ်းတွင်ပိတ်ရပ်လိုက်သည်။
ခေါင်းဆောင်ကြီးအနှိုင်းမဲ့ ပျံထွက်လာသည့်အခါ တဂျုန်းဂျုန်းမြည်သံများက ပဲ့တင်ထပ်လာသည်။ ထိုအခါ ခေါင်းဆောင်ကြီး လီကျစ်မိုက အေးစက်စက်နှာမှုတ်ကာ ပြေးထွက်သွားပြီး သူ၏လမ်းကိုပိတ်လိုက်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တည်ထောင်သူ ခေါင်းဆောင်ကြီးမှာ တင်းမာသည့်မျက်နှာထားဖြင့် သတ်ဖြတ်လိုသောအငွေ့အသက်များထုတ်ကာ ပျံထွက်သွားသည်။ သူ၏ အကြံမှာ ပိုင်ရှောင်ချန်းကို ဆွဲခေါ်ပြီး ဒိုင်းကာထဲသို့ ပြန်ခေါ်သွားရန်ဖြစ်သော်လည်း သူ၏ အနီးသို့မရောက်ခင်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပင်မ ခေါင်းဆောင်ကြီးက တည်နေရာရွှေ့ပြောင်းကာ သူ၏ရှေ့သို့ ရောက်လာပြီး တားဆီးလိုက်လေသည်။
မည်သူမှ စကားတစ်ခွန်း မပြောကြချေ။ လူတိုင်းက ချက်ချင်းပင် တိုက်ကွက်များ ထုတ်လိုက်ကြသည်။ လောချိန်တောင်တန်းများအကြားမှ ဟိုယွင်ဖေးနှင့် ပိုင်ရှောင်ချန်း၏အခြားမိတ်ဆွေများ စီးနင်းထားကြသည့် မရေမတွက်နိုင်သော ဘီလူးကြီးများ ပြေးထွက်လာကြသည်။ သူတို့အားလုံးနှင့် လီချင်းဟောက်တွင် ပန်းတိုင်တစ်ခုသာရှိသည်။ ပိုင်ရှောင်ချန်းကို ကယ်တင်ရန်ဖြစ်သည်။
” ပိုင်ရှောင်ချန်း။ ဒီကို ပြန်လာခဲ့။”
သူ၏ စကားများကို မည်သူမှ ဂရုမစိုက်ကြောင်း ပိုင်ရှောင်ချန်းက သိသွားသည်။ ခေါင်းဆောင်ကြီးများမှာ တိုက်ခိုက်နေကြပြီဖြစ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။
သူက စစ်မြေပြင်၏ အလယ်တည့်တည့်တွင် စစ်တပ်နှစ်ခုက တစ်ခုကို တစ်ခု ဝင်လုံးရန် ပြင်နေကြသည်ကို ကြည့်နေတော့သည်။ သူ့ကိုသတ်ရန် လာနေသည့် ကျင့်ကြံသူများကမူ မီတာသုံးရာအကွာတွင် ရောက်နေပြီဖြစ်သည်။ ကျားလီကမူ အမည်မသိသောပညာရပ်တစ်ခုကိုသုံးကာ အံ့မခန်းအရှိန်တစ်ခုဖြင့် ပျံသန်းလာရာ သူက အနီးဆုံးသို့ရောက်နေသည်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်စပြုလာပြီဖြစ်သည်။ ရူးသွပ်နေသည့် မျက်ဝန်းများဖြင့် သူက မည်သည်ကိုမှ ဂရုမစိုက်တော့ပဲ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်မှ ကျင့်ကြံသူများကို လှမ်းအော်လိုက်သည်။
” မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း။”
ပိုင်ရှောင်ချန်းက ထိုသို့ပြောသောအခါ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက အသံကုန်အော်ရယ်ကုန်ကြသည်။
” ပိုင်ရှောင်ချန်းရာ။ ငါကတော့မင်းကို တကယ့် လက်ရွေးစင်အစစ်တစ်ယောက်လို့ ထင်လိုက်ရတာ။ ဒါပေမဲ့ ကြည့်ရတာ မင်းက ကျပ်မပြည့်တဲ့ ကောင်တစ်ယောက်ပဲကွ။”
” ဟားဟား။ ငါတို့နောက်ဆုတ်လိမ့်မယ်လို့ မင်းက ထင်နေတာလား။ မင်းကိုယ်မင်း ဘာကောင်မှတ်နေတုံးကွ။”
” ပိုင်ရှောင်ချန်း။ မင်းက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တော့ ဟုတ်ရင်ဟုတ်မယ်။ ဒါပေမဲ့ စစ်မြေပြင်ပေါ်မှာဆို မင်းက တစ်ခဏအတွင်း အလောင်းပေါ်သွားမှာ။”
ပိုင်ရှောင်ချန်း၏ စကားများကိုကြားပြီးနောက် သွေးသခင်သုံးယောက်မှာ သူလုံးဝရူးသွပ်နေပြီဖြစ်ကြောင်း လက်ခံသွားကြတော့သည်။
ကျားလဲ့က ခေါင်းကိုနောက်ပစ်၍ အားပါးတရရယ်မောကာ ပို၍လျင်မြန်စွာပင် ရှေ့သို့ ပျံသန်းလာတော့သည်။ သူက ပိုင်ရှောင်ချန်းကို သတ်သည့်လူ ဖြစ်ရန်အလိုမရှိချေ။ သူ့ကိုပထမဆုံးတိုက်ခိုက်သူသာ ဖြစ်ချင်နေသည်ဖြစ်သည်။ ထိုအရာမှာ အနာဂတ်တွင် ပြောစရာပုံပြင်ကောင်းတစ်ခုဖြစ်လာမည် မဟုတ်ပါလော။
” မင်းငါ့ကို လာနောက်နေတာလား။ မင်းလို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အောက်တန်းစားကများ ငါတို့ကို အမိန့်ပေးလို့ရမယ်ထင်နေတာလား။” ကျားလီက အော်ပြောလိုက်သည်။
ပိုင်ရှောင်ချန်းမှာ တင်းမာနေသည့် မျက်နှာထားဖြင့် သူ့ဆီပြေးလာနေသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို ကြည့်နေတော့သည်။ သူ၏ အိတ်ကို ပုတ်လိုက်ကာ ညမုဆိုး မျက်နှာဖုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ အင်္ကျီလက်ကို ခါယမ်းကာ ဆိုလိုက်လေသည်။
” ဘာလို့ အမိန့်ပေးလို့ရလဲ ဟုတ်လား။ ငါက အလယ်တောင်ရဲ့ သွေးသခင် ဖြစ်ေနလို့ပေါ့ကွာ။”
ထိုစကားလုံးများတွင် သတ်ဖြတ်လိုစိတ်များ၊ သံမဏိကဲ့သို့မာကျောမှုများ၊ အမျက်ဒေါသများနှင့် မိစ္ဆာဆန်မှုများ ပါဝင်ရောနှောနေတော့သည်။ သူက မျက်နှာဖုံးကို တပ်လိုက်သည့်အခါတွင် ကြောက်မက်ဖွယ် အငွေ့အသက်ကြီးတစ်ခုက ကမ္ဘာကြီးကို ဖုံးလွှမ်းသွားတော့သည်။