Switch Mode

အပိုင်း(၁၁၉၆)

သက်တံ

မောက်မာလှသည့် ရယ်သံက ပဲ့တင်ထပ်နေ၏။ အဘိုးအိုအပြင် ခရမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်လည်း ရှိနေသည်။

“နောက်ဆုံးတော့ ဒီမူလကလန်ဟာ ဒီလူငယ်သခင်ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာတော့မယ်…”

ထိုအနက်ရောင်သားရဲကြီးသည် မိုလျိုကုန်းမြေအတွင်းသို့ ဝင်ရောက်လာပေပြီ။ ၎င်း၏ ဦးခေါင်းထက်တွင် ရပ်နေသော အဘိုးအိုက လူငယ့်ကို ချစ်ခင်စွာကြည့်၍ ပြုံးသည်။

လူငယ်သည် ပြုံးရွှင်နေရင်း သူ့အောက်ဘက်ရှိ စိတ်ဝိညာဉ်သားရဲကြီးက အံ့မခန်းနှုန်းဖြင့် ကုန်းမြေအရှေ့ပိုင်းရှိ မူလကလန် ရှိရာသို့ ဦးတည်လာနေသည်။

“ခရမ်းရောင်တာအိုကလန်ရဲ့ လူငယ်သခင် ရောက်လာပြီ။ မူလကလန်က ဘာကြောင့် ထွက်မကြိုဆိုရတာလဲ…” အဘိုးအို၏ သုန်မှုန်သော အသံသည် မြည်ဟိန်းထွက်လာသည်။ ကုန်းမြေပေါ်ရှိ တစ်ခုတည်းသော မူလကလန်က ထိုအသံကို ရှင်းရှင်းလင်းလင်း ကြား၏။ အဘိုးအိုက လူငယ်သခင်သည် အခုလို အများမြင်ကွင်း၌ လွှမ်းမိုးရသည့်ဟန်ပန်ကို ကြိုက်နှစ်သက်မှန်း သိထားပေ၏။ ပုံမှန်ဆို ထိုအဘိုးအိုက ထိုကဲ့သို့ ပြုမူမည်မဟုတ်၊ သို့သော် ခုချိန်၌ မူလကလန်၏ ကံကြမ္မာက သူ့လက်ထဲတွင် ကျရောက်နေပြီ မဟုတ်လား။ ထို့ကြောင့် သူက လူငယ်သခင်နှင့်အတူ မောက်မောက်မာမာ ပြုမူနေခြင်းပင်။ သူက သူ့လက်ကို ဝေ့ယမ်းရာ ခရမ်းရောင်လေပြင်းတစ်ခု ရှေ့သို့ ပျံ့လွင့်သွား၏။

ကျဆင်းနေသည့် မိုးစက်များအားလုံး နောက်သို့ လွင်စင်ကုန်သည်။ ထိုလေပြင်း ဖြတ်သန်းသွားချိန် မိုးသည်ပင် ရပ်တန့်ပေးရသည့်ဟန် တူသည်။ လျှပ်စီးမိုးကြိုးများသည် ထိုလေပြင်း၏ ထိုးခွဲခြင်းကို ခံရသည်။

သည်အခိုက်အတန့်၌ မူလကလန်၏ တပည့်များအားလုံး ကျင့်ကြံနေရာကနေ နိုးထလာကြ၏။ သူတို့၏မျက်နှာများသည် အနောက်ဘက်မှ ပြင်းထန်သောဖိအားတစ်ခု သူတို့ထံ အချိန်မရွေး ရောက်လာနိုင်သည်ဟု ခံစားမိကာ မျက်နှာများ ဖြူရောနေကြသည်။

မူလကလန်၏ အရှေ့ဘက် တောင်ထိပ်ပေါ်တွင် အကြီးအကဲလေးယောက်ထဲမှ သက်လတ်ပိုင်းလူက ခါးသီးသည့်ဟန်အမူအရာဖြင့် ရှိနေ၏။ သူက တိတ်တဆိတ် မျက်လုံးမှိတ်ထား၏။ သို့သော် သူက သူ့မျက်လုံးကိုယ်သူ အတင်းပြန်ဖွင့်၏။ ထို့နောက် သူသည် အလင်းတန်းအဖြစ် ပြောင်းကာ အနောက်ဘက်သို့ ပျံသန်းသွားလေသည်။

“ဆရာ…လောကကနေ ထွက်သွားတာနဲ့ ခရမ်းရောင်တာအိုကလန်ဟာ အခုလို မောက်မောက်မာမာ လုပ်တော့တာပဲ။ ငါ ဒါကို သည်းခံမှ ရမယ်။ ဒါပေမယ့် ဘာကြောင့် ငါ လီရှောင်တန်က တစ်ကြိမ်လောက် မောက်မာခွင့် မရတာလဲ။ ငါ သေရမယ်ဆိုရင်တောင် မကျေမချမ်းစိတ်ဝိညာဉ်အဖြစ် သေမယ်..”

မြောက်ပိုင်းနှင့်အနောက်ပိုင်း တောင်ထိပ်များထံကနေလည်း သက်ပြင်းချသံများ ထွက်ပေါ်လာ၏။ အဘိုးအိုနှစ်ယောက်သည် ပျံသန်းထွက်လာကြ၏။ သူတို့သည် အနောက်ဘက်သို့ ပျံသန်းသွားကြရင်း တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ အခုချိန်၌ မူလကလန်အတွင် ကံကြမ္မာ အဆုံးအဖြတ်ချိန်ပင်။ သူတို့သည် ဆက်၍ သည့်မခံနိုင်တော့ပေ။

သို့ရာတွင် သူတို့ သည်းမခံနိုင်လျှင်ပင် သူတို့ ဘာလုပ်နိုင်ပါ့မည်နည်း။ သူတို့က ခရမ်းရောင်တာအိုကလန်၏ လူငယ်သခင်ကို သတ်ဝံ့ကြပါမည်လော။ ထို့အပြင် ထိုအဘိုးအို၏ စကားလုံးများထဲမှ စွမ်းအားက သူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေဖို့ရာ လုံလောက်နေပြန်၏။

“စုန့်ဝူဒီ… သူဟာ အတိတ်တုန်းက ဆရာ့ကို ရှုံးခဲ့တယ်။ အခု ဆရာ သေသွားပြီ ဆိုတော့ သူ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီ။ ဖြစ်နိုင်တာက မူလကလန်ရဲ့ ကျရှုံးမှုဟာ ကံကြမ္မာပေလား…”

တောင်ပိုင်းရှိ တောင်ထိပ်ပေါ်တွင် လုယန်ဖေသည် သူမ၏ အနီရောင်ခန်းမအတွင်း အနီရောင်ဝတ်စုံဖြင့် မတ်တပ်ရပ်နေ၏။ သူမ၏မျက်နှာထက်တွင် ဝမ်းနည်းမှုနှင့် သတ်ဖြတ်လိုမှုတို့ ပြည့်၏။ သူမသည် အနီရောင်အလင်းတန်းအဖြစ် ပြောင်းကာ အနောက်ဘက်သို့ ဦးတည်၏။

“ရူဒီ…ငါ လုယန်ဖေ သေရမယ် ဆိုရင်တောင် ငါ နင့်ကို နာခံမှာ မဟုတ်ဘူး…” လုယန်ဒီက ပျံသန်းရင်း သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ မျက်ရည်စတို့က မိုးရေနှင့်အတူ ရောလေ၏။ မိုးလား၊ သူမ၏မျက်ရည်လား ခွဲခြားဖို့ရာ မဖြစ်နိုင်ပေ။

မူလကလန်၏ မဟာအကြီးအကဲလေးယောက်၏ နောက်တွင် သူတို့၏ တိုက်ရိုက်တပည့်များ ရှိ၏။ သူတို့သည် ထိတ်လန့်မှု၊ ပြတ်သားမှု၊ ဒေါသစိတ်တို့ဖြင့် ပြည့်နေရင်း အနောက်ဘက်သို့ ပျံသန်းလာကြသည်။

ရှုယန်က သူတို့ကြား၌ ရှိနေ၏။ သူမ၏ မျက်နှာက သေဖို့ရာ ဆုံးဖြတ်ထားမှုကို ပြသ၏။ သို့ရာတွင် အချို့အကြော်းပြချက်များကြောင့် သူမသည် ပျံသန်းနေရင် ပုံရိပ်နှစ်ခုသည် သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။

ပုံရိပ်တစ်ခုမှာ ဆံပင်အနက်ဖြင့် ပိန်ပိန်ပါးပါး၊ သို့သော် သူက ရေလျင်ကဲ့သို့ တည်ငြိမ်သည်။ အခြားပုံရိပ်တစ်ခုကတော့ ဆံပင်ဖြူနှင့်၊ သူ့လက်ချောင်းဝေ့ယမ်းမှုက လောကကို ပြိုကျစေနိုင်လောက်သည်။

ထိုပုံရိပ်နှစ်ခုသည် သူမ၏ စိတ်ထဲ၌ ထပ်ခါထပ်ခါ ပေါ်နေလေ၏။

ဝမ်လင်းက တာအိုကျောင်းတော်ထဲ၌ မတ်တပ်ရပ်ကာ သူ့ရှေ့တွင် ပျောက်ကွယ်သွားကြသည့် အလင်းတန်းများကို ကြည့်နေ၏။ သူသည် ခေါင်းယမ်းမိ၏။ သူက သူ ရှိနေသော မူလကလန်မှာ ဖျက်စီးခံရတော့မည်ဟု တွေးမိသည်။

အဆုံးသပ်တွင် သူက မျက်မှောင်ကြုံ့ကာ ခပ်တိုးတိုး ဆို၏။ “ဒါဟာ တကယ့်ကို ပြဿနာပဲ…”

သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရှေ့သို့ ခြေလှမ်း၏။ သူ့ခြေလှမ်းအောက်တွင် လှိုင်းတွန့်များ ပေါ်လာပြီးနောက် သူသည် တာအိုကျောင်းတော်ထဲကနေ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်း ပေါ်လာချိန်၌ ကြောက်ကြောက်လန့်လန့် ခပ်အုပ်အုပ် ဟိန်းသံ ပေးနေသော စပါးအုံးမြွေမှာလည်း ထိုးထွက်လာ၏။ ၎င်းက ဝမ်လင်း ထွက်သွားသည့်နေရာကို ဟိန်းသံ ပြုသည်။ ဝမ်လင်း ထွက်ခွာကာ အချိန်အတန်ကြာထိ ပြန်မလာမှန်း ၎င်းက သိ၏။ ထို့ကြောင့် ၎င်းက ဟိန်းဟောက်ဝံ့ခြင်းပင်။

မိုလျိုကုန်းမြေ၏ ညပိုင်းမှာ အဆုံးသပ်ခါနီး၍ အာရုံဦး စရောက်လာပေတော့မည်။ သည်အချိန်တွင် ခရမ်းရောင်လေပြင်းက ကောင်းကင်အနှံ့တွင် ပျံသန်းတိုက်ခတ်ကာ ၎င်းနောက်တွင် အနက်ရောင်စိတ်ဝိညာဉ်သားရဲ ကပ်ပါလာ၏။ အဘိုးအိုက မောက်မာကာ တည်ငြိမ်၏။ သူသည် မူလကလန်ကို လွယ်လင့်တကူ ရင်ဆိုင်နိုင်သည်ဟု ယုံကြည်ချက် ပြည့်၏။

သူ့ဘေးရှိ ခရမ်းရောင်ဝတ်စုံလူငယ်က စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်၏။သူက အော်ဟစ်လာသည်။

“ဦးလေးစုန့်…လုယန်ဖေကို ဒဏ်ရာ အပြင်းအထန်ပဲ ရစေပြီး…မသတ်နဲ့။ သူ့ကို ငါ ရက်အနည်းငယ်လောက် ကစားပေးပြီး သူ့မူလစွမ်းအင်ကို ခြောက်ခမ်းတဲ့အထိ စုပ်ယူမယ်။အဲ့တာပြီးမှ သူ့ကို သတ်လည်း သိပ်နောက်မကျပါဘူးလေ…”

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က လျှာသပ်လေ၏။

သူ့ဘေးမှ အဘိုးအိုက ခေါင်းညိတ်ပြ၏။ သူက စကားပြောဟန် ပြင်ပြီးမှ ရုတ်တရက် မင်သက်ကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်သည်။

သူက သူ့ရှေ့ရှိ လေဟာနယ်တွင် ပေါ်လာသော လှိုင်းတွန့်များကို ကြည့်သည်။ ပြင်းထန်သောမူလစွမ်းအင်လှိုင်းသည် စတင် ပျံ့လွင့်လာသည်။ အဖြူရောင်ဆံပင်နှင့်လူ တစ်ယောက်သည် လှိုင်းများကြားကနေ လှမ်းလျှောက်ထွက်လာသည်။

ထိုဆံပင်ဖြူလူက အေးစက်စက်အသွင်ဟန်ပန် ရှိ၏။ သူ ပေါ်လာသည်နှင့် မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လောကတွင် ပြည့်နှက်သည်။ အနက်ရောင်စိတ်ဝိညာဉ်သားရဲက ချက်ခြင်း ရပ်တန့်ကာ အဘိုးအို၏အသွင်သည် ပြောင်းလဲသွားသည်။ ခရမ်းရောင်လူငယ်က မျက်မှောင်ကြုံ့၏။ သူက သူ့ဘေးရှိ အဘိုးအိုကို တစ်ခုခု ပြောရန် ပြင်သည်။ အဘိုးအိုက ဝမ်လင်းကို အလေးအနက်ကြည့်ကာ ပြောလာ၏။ “ငါဟာ ခရမ်းရောင်တာအိုကလန်ရဲ့ စုန့်ဝူဒို။ ရောင်းရင်းကျင့်ကြံသူက ငါ့ကို မျက်နှာသာ ပေးပြီး သွားခွင့် ပြုနိုင်မလား…”

အဘိုးအို၏စကားကို ကြားသည့်အခါ ခရမ်းရောင်ဝတ်စုံနှင့်လူငယ်သည် မင်သက်သွား၏။ သူက ဝမ်လင်းကို သေချာကြည့်လိုက်မိသည်။

“ငါ သင့်ကို မျက်နှာသာအချို့ ပေးလို့ရတယ်။ ဒါ့ကြောင့် သင် ဒီနေရာကနေ ချက်ခြင်းထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့နဲ့…”

ဝမ်လင်း၏‌ အေးစက်စက်အသံက အဘိုးအိုထံ လေအေးကဲ့သို့ ထိုးစိုက်လာသည်။

အဘိုးအို၏အသွင်က ချက်ခြင်း သုန်မှုန်လာ၏။ သူသည် မူလကလန်၏ဘိုးဘေးထက် အားနည်းသော်လည်း နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။ သူက အခြားလူ၏ ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ဖြတ်မြင်ခြင်း မရှိသည့်အတွက်ကြောင့်သာ ယဉ်ကျေးနေခြင်း ဖြစ်သည်။ သို့သော် သူက အခြားသူမှာ အခုလောက် မောက်မာနေလိမ့်မည်ဟု

“ဘယ်လောက်မောက်မာတဲ့ လေသံလဲ…။ မူလကလန်ရဲ့ ဘိုးဘေးတောင် ငါတို့ ခရမ်းရောင်တိမ်ကလန်နဲ့ ရင်ဆိုင်ရရင် သူဟာ…” ထိုအဘိုးအို၏ စကားမဆုံးခင်မှာပင် သူ့နောက်မှ ခရမ်းရောင်လူငယ်က ရယ်မောလာ၏။

ဝမ်လင်းသည် စကားဆက်၍ မဆိုတော့၊ သူ့မျက်လုံးထဲ၌ အေးစက်မှု လင်းလက်သွားသည်။ သူက ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ တရဟော ထိုးထွက်လာသည်။

သည်အခိုက်အတန့်၌ မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ ပေါ်လာသည်။ သိပ်သည်းသော သတ်ဖြတ်ခြင်းစွမ်းအင်က အေးစက်စက်စွမ်းအင်များစွာကို ပေါ်ထွက်လာစေ၏။ ပတ်ဝန်းကျင်ရှိ မိုးစက်မိုးပေါက်များသည်ပင် ရေခဲသလင်းများအဖြစ်သို့ ပြောင်းလဲကုန်သည်။

ပေတစ်ထောင်ခန့် သားရဲစိတ်ဝိညာဉ်က ချက်ခြင်း တုန်ယင်၏။ ၎င်းသည် သတ်ဖြတ်ခြင်းစွမ်းအင်၏ အန္တရာယ်ကို ချက်ခြင်း သတိပြုမိသည်။ အန္တရာယ်ကို ခံစားမိသည်နှင့် ၎င်းက လူငယ်၏အမိန့်ပေးခြင်းမရှိပါဘဲ နောက်သို့ ချက်ခြင်း စဆုတ်သည်။

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်၏ မျက်နှာမှာ ဖြူရောသွားသည်။ သို့သော် သူက လှမ်းအော်ဟစ်၏။ “သင်…”

သို့ရာတွင် သည်တစ်ကြိမ်၌ သူ့စကား မဆုံးသေးခင်မှာပင် အဘိုးအိုသည် ချက်ခြင်းပင် လူငယ်ကို လှမ်းရိုက်ကာ သူ့အား စိတ်ဝိညာဉ်သားရဲထံ ပျံသန်းသွားစေ၏။ ထို့နောက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အနက်ရောင်စိတ်ဝိညာဉ်သားရဲနှင့်အတူ အမြန်ပြန်ဆုတ်သည်။

“မြန်မြန်ထွက်သွား။ ငါ ဒီလူ့ကို သတ်ပြီးမှ မင်းနဲ့ လာတွေ့မယ်…”

အဘိုးအိုက အလေးအနက် ဖြစ်လာ၏။ စိတ်ဝိညာဉ်သားရဲထံ လှမ်းပြောပြီးနောက် သူက ဝမ်လင်းထံ တရကြမ်း ဝင်လာသည်။

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်သည် ထိုအဘိုးအို ဤမျှ အလေးအနက် ဖြစ်သည်ကို မြင်တွေ့ခဲ၏။ ထို့ကြောင့် ကြောက်ရွှံ့မှုမှာ သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူက အနက်ရောင်စိတ်ဝိညာဉ်သားရဲနှင့်အတူ နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏။ သူ့ဘေးပတ်လည်ရှိ သတ်ဖြတ်ခြင်းစွမ်းအင်များသည် အရူးအမူး ဖြစ်လာသည်။ စွမ်းအင်အမျှင်တန်းတစ်ခုစီသည် ငြီးသံ ပေးကာ အဘိုးအိုထံ တိုးဝင်လာလေ၏။

အဘိုးအို၏ မျက်လုံးသူငယ်အိမ်မှာ ချက်ခြင်း ကြုံ့သွားသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေကာ ခရမ်းရောင်လေပြင်းကို ပေါ်လာစေပြီး သတ်ဖြတ်ခြင်းစွမ်းအင်နှင့် ထိပ်တိုက်တွေ့စေသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။

“မိုး ဆင့်ခေါ်ခြင်း…” ဝမ်လင်းသည် သူ့ဘယ်လက်ကို မြှောက်၍ ကောင်းကင်ထက်သို့ လက်ညွှန်သည်။ ထိုအခိုက်အတန့်၌ ပေတစ်ထောင်၊ ပေတစ်သောင်း၊ ပေတစ်သိန်းအတွင်းရှိ မိုးစက်များအားလုံးမှာ တုန်ခါသည်။ ဝမ်လင်း လက်ညွှန်ချက်နှင့်အတူ မိုးစက်တိုင်းက တုန်ယင်ကာ မူလစွမ်းအင်သည် ၎င်းတို့ကို လွှမ်းခြုံ၏။ ထို့နောက် မိုးစက်များသည် အဘိုးအိုထံ တိုးဝင်သည်။

အဘိုးအို၏ စိတ်နှလုံးထဲရှိ တုန်လှုပ်မှုမှာ စကားဖြင့်ပင် ဖော်ပြ၍ မစွမ်းသာတော့ပေ။ သူက သည်အဖြူရောင်ဆံပင်နှင့်လူငယ် အသုံးပြုလိုက်သည့် မန္တာန်နှစ်ခုကို လုံးဝ မမြင်တွေ့ခဲ့ဖူးချေ။ သို့သော် ထိုမန္တာန်၏ စွမ်းအားက သူ့ကို ပင့်သက်ရှိုက်မိစေသည်။ သူက ရှောင်ရန် ပြင်၏။ ထိုအချိန်တွင် ဝမ်လင်း၏ အေးစက်စက်အကြည့်က သူ့ထံ ကျရောက်လာသည်။ ဝမ်လင်းက စကားတစ်ခွန်းကို တည်ငြိမ်စွာ ဆိုသည်။

“ရပ်တန့်ခြင်း…”

အဘိုးအို၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက လေထဲတွင် တန့်သွားသည်။ ထိုအခိုက်အတန့်၌ သူ့ဘေးပတ်လည်ရှိ ရေခဲသလင်းများစွာသည် အဘိုးအိုထံ စုဝေးလာသည်။ ခဏအကြာတွင် ဧရာမရေခဲသလင်းကြီးတစ်ခု လေထဲ၌ ပေါ်လာ၏။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိသေး။ သူ့ညာလက်ကို ဆန့်ထုတ်ရာ သူ့သိုလှောင်နေရာလွတ်အက်ကြောင်း ပေါ်လာ၏။ သံချေးတတ်သံဓားသည် ဝမ်လင်း၏ လက်ထဲတွင် ချက်ခြင်း ပေါ်လာသည်။

သူက ဓားနှင့်အတူ ရှေ့သို့ ဆက်လျှောက်ကာ ဓားကို ပင့်၍ ကြမ်းတမ်းတမ်းစွာ ပိုင်းချသည်။

လောကသည် ခုချိန်တွင် တောက်ပနေဆဲ၊ သို့သော် ဓား ကျဆင်းလာချိန်တွ် လောကတစ်ခုလုံးမှာ အဆုံးစွန်တောက်ပမှုနှင့် လွှမ်းခြုံသည်။

ကောင်းကင်ယံ တုန်ဟည်းမှု ဖြစ်ပေါ်၏။ ရေခဲသလင်းများသည် မရေမတွက်နိုင်သော သွေးအစိတ်အပိုင်းများအဖြစ် တစစီ ဖြစ်ကုန်သည်။ အဘိုးအို၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်၏။သူ့ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ဖြစ်ရင်း မယုံကြည်နိုင်ဟန် ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်မှာ ထိုဖိအားအောက်၌ တစစီဖြစ်ကာ မူလစွမ်းအင်တုန်လှုပ်မှုလှိုင်းထဲတွင် ပေါက်ကွဲထွက်လေသည်။

အဖြစ်အပျက်အားလုံးမှာ အသက်ရှုချိန်အနည်းငယ်သာ ကြာလိုက်၏။ ချက်ခြင်း သတ်ပစ်ခြင်း။

သေရသည့်အချိန်ထိပင် ထိုအဘိုးအိုက အခုလောက် အချိန်တိုအတွင်း သူ အသတ်ခံလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်သွားဟန် တူ၏။ သို့ရာတွင် သူ့ သေဆုံးမှုက အကျိုးအကြောင်း မဆီလျောသည်တော့ မဟုတ်ပါ။ ကျင့်ကြံခြင်းလောက၌ သတ်ဖြတ်ခြင်းစွမ်းအင်ဖြစ်စေ၊ မိုးဆင့်ခေါ်ခြင်းဖြစ်စေ တုန်လှုပ်ဖွယ်ရာ မန္တာန်များ ဖြစ်သည် မဟုတ်လား။ ထို့အပြင် အတုအပနိဗ္ဗာနလေဟာနယ်ရတနာက နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူ အထွတ်အထိပ်ကို မသေဆုံးစေလျှင်ပင် သူ့အရေပြားလွှာကို ဆုံးရှုံးသွားစေဖို့ရာ လုံလောက်ပေသည်။

ဝမ်လင်း၏ တိုက်ပွဲဝင်အတွေ့အကြုံများကို ထည့်တွက်ခြင်း မရှိလျှင်ပင် ဤစုန့်ဝူဒီသည် လူသေတစ်ယောက် ဖြစ်နေပေပြီ။

စုန့်ဝူဒိုကို ချက်ခြင်း သတ်ပစ်ပြီးနောက် ဝမ်လင်းက သိပ်ဝေးသော နေရာသို့ မရောက်သေးသည့် အနက်ရောင်စိတ်ဝိညာဉ်သားရဲထံ လှမ်းကြည့်သည်။ ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က သူ့စဉ်းစားဉာဏ်များအားလုံး ကင်းလွတ်ကာ ကြောက်ကြောက်လန့်လန့် အာခေါ်ခြစ်၍ အော်လိုက်သည်။

ဝမ်လင်းသည် ထိုလူငယ်ကို အေးစက်စက် ကြည့်ကာ ရှေ့သို့ ခြေလှမ်းသည်။

ဝမ်လင်းနောက်တွင် အလင်းတန်းများ ပေါ်လာ၏။ အဆုံးစွန်ကြောက်ရွှံ့မှုနှင့် ပြည့်နေသော အော်သံသည် မူလကလန်၏ အကြီးအကဲလေးယောက် နားထဲသို့ ရှင်းရှင်းလင်းလင်း တိုးဝင်လာသည်။ လုယန်ဖေ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လေ၏။

sချက်ခြင်းပင် ကောင်းကင်သည် ပြန်ကြည်လင်၏။ မိုးစက်များ လွင့်ပါးသွားပေပြီ။ ကောင်းကင်ယံတွင် ခပ်ရေးရေး သက်တံရောင် ပေါ်လာသည်။ ပုံရိပ်တစ်ခုသည် အနက်ရောင်သားရဲစိတ်ဝိညာဉ် နောက်သို့ လိုက်သွား၏။ သူ့အဖြူရောင်ဆံပင်များက လွင့်ဝဲနေလျက်၊ ထိုပုံရိပ်က လုယန်ဖေ၏ မျက်လုံးထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset