Switch Mode

အပိုင်း(၁၁၉၅)

အနောက်ဘက်မှ ခရမ်းရောင်ချီ

မိုးရာသီမှာ လအတော်အတန်ကြာ၍ ရပ်တော့မည့်ဟန် မရ။ မိုးစက်မိုးပေါက်များသည် မူလကလန်၏ တပည့််

မျက်စိတစ်မှိတ်အတွင်း ဝမ်လင်း မူလကလန်တွင် ရှိနေသည်မှာ ဆယ်ရက် ရှိသွားခဲ့ပေပြီ။

ရှုယန်သည်လည်း သူမဆရာထံကနေ ပြန်ရောက်လာခဲ့ကာ မြောက်ပိုင်းမှ ခေါ်လာခဲ့သည့် သေမျိုး(၃၁)ယောက်အကြောင်းကို လျှို့ဝှက်စုံစမ်းနေ၏။ သူမသည် ဝမ်လင်းကို အထူး လေ့လာ၏။ သို့သော် သူမက မည်သည့်အရာကိုမျှ သတိမပြုမိချေ။

သူမ၏ဆရာဖြစ်သူ လုယန်ဖေသည်ပင် ဤကိစ္စကို အလေးအနက် လုပ်ဆောင်၏။ သူမသည်ပင် အချို့သဲလွန်စများ ရရှိရန် မန္တာန်များ အသုံးပြု၍ ကြိုးစားခဲ့သေး၏။ သို့သော် သူမအတွက်လည်း ဘာမှ မထူးခဲ့ပေ။

ဆံပင်ဖြူနှင့်ပုံရိပ်က အချိန်နှင့်အတူ မေ့မေ့ပျောက်ပျောက် ဖြစ်မသွားသေး၊ ပို၍ပင် လေးနက်လာခဲ့၏။ သူမသည် ညပိုင်း ကျင့်ကြံခြင်းကနေ နိုးထလာချိန်တွင်ပင် စိတ်ထဲ၌ ထိုပုံရိပ်နှင့်သူ၏လက်ချောင်းတိုက်ကွက်ကို အလိုလို ပေါ်လာမိနေ၏။

“သူက ဘယ်သူများလဲ…” ထိုမေးခွန်းမှာ ရှုယန်ကို စိတ်ဖိစီးနေစေ၏။

ယနေ့မွန်းတည့်ချိန်တွင် ရှုယန်က တံခါးကို တွန်းဖွင့်ရာ မိုးစက်အချို့ သူမမျက်နှာအား လာစင်၏။ သူမသည် မျက်မှောင်ကြုတ်ကာ လက်ကို ပင့်၍ မျက်နှာထက်မှ မိုးစက်များကို သုတ်သင်သည်။ သူမက တည်တည်ငြိမ်ငြိမ်ပင် လှမ်းလျှောက်လိုက်၏။

မိုးစက်များသည် သူမနှင့် ပေတစ်ဝက်အတွင်းသို့ ရောက်လာချိန်၌ ဘေးဘက်သို့ စီးဆင်းသွားရ၏။ ခြံဝန်းကို ဖြတ်၍ လျှောက်လာနေရင်း ရှုယန်က ဝမ်လင်းအိမ်ရှေ့ရှိ အမျိုးမျိုးသော ဆေးပင်များကို ကြည့်လိုက်၏။

သူ ထင်ကြေးရှိနေသည် ဦးဆုံးလူက ဝမ်လင်း ဖြစ်၏။ သို့ရာတွင် သည်နေ့များအတွင်း သည် စန်နူးအမည်ရ လူငယ်မှာ သူ့တည်ငြိမ်မှုကလွဲ၍ ကျန်တာအားလုံးမှာ အစစ်အမှန် သေမျိုးတစ်ယောက်ကဲ့သို့သာ ရှိနေသည်။

သူမက အကြောင်းရင်းတစ်ခုကိုပင် မတွေးနိုင်၊ သို့သော် သူမသည် ဝမ်လင်း၏အိမ်ထံသို့ အလိုလို လျှောက်သွားမိကာ အပြင်ဘက်တွင် တစ်ခဏ မတ်တပ်ရပ်နေ၏။ သူမက မျက်ခုံးပင့်ကာ အိမ်တံခါးကို တွန်းဖွင့်၏။

“ဆေးပင်တွေကို ဂရုစိုက်ဖို့ ငါ နင့်ကို ဒီနေရာမှာ နေခွင့်ပြုခဲ့တာ။ ဒီနေ့တွေမှာ နင် ဒီအလုပ်ကို သေချာ လုပ်ရဲ့လား…” ရှုယန်က အိမ်ထဲရှိ စားပွဲငယ်ဘေးတွင် ဝါးစာလိပ်တစ်ခုကို ဖတ်နေသော ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ အချို့အကြောင်းပြချက်များကြောင့် သူမ ဝမ်လင်းကို တွေ့လိုက်ချိန်တိုင်း သူမသည် သူမ၏ စိတ်ခံစားချက်ကို ထိန်းချုပ်မှု ခက်ကာ ပုံရိပ်ယောင်ယင်အဆင့်တစ်ယောက် ရှိသင့်သည် တည်ငြိမ်မှုမျိုး မရှိ ဖြစ်ရ၏။

ဝမ်လင်းက မူလကလန်မှ သူ ရရှိခဲ့သော သစ်သားစာလိပ်ကို အောက်ချခဲ့၏။ ထိုစာလိပ်ထဲ၌ တန်ဖိုးရှိသော မည်သည့်အချက်အလက်မှ ရှိမနေ၊ တပည့်များ သိရှိသင့်သည့် အရာများသာ ရှိသည်။ ၎င်းစာလိပ်ထဲ၌ မိုလျိုကုန်းမြေ၏ သမိုးကြောင်းနှင့် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအကြောင်း ရိုးရိုးရှင်းရှင်း မိတ်ဆက်ထားမှုသာ ပါဝင်သည်။

ထိုသစ်သားစာလိပ်များသည် တပည့်အသစ်များကို တိမ်ပင်လယ် ကြယ်အဖွဲ့အစည်းအပေါ် နားလည်မှု ပိုရရှိစေရန်အတွက် ဖြစ်သည်။

စာလိပ်ကို ဖတ်နေရင်း ဝမ်လင်းက လုံးဝ အာရုံနစ်ထားသည် မဟုတ်၊ သူက ဆေးဝါးပညာရပ်နှင့် စိတ်ဝိညာဉ်သားရဲများအကြောင်းကိုလည်း တွေးနေသည်။

သူက တည်ငြိမ်စွာပင် ရှုယန်ကို ကြည့်၏။ ဝမ်လင်းက ထိုင်လျက်ကပင် တည်ငြိမ်စွာ မေးလိုက်၏။ ဆေးပင် တစ်ပင်ပင် သေသွားလို့လား…”

ရှုယန်သည် မင်သက်သွား၏။ ဆေးပင်များသည် အရင်ထက် ပို၍ပင် အရောင်အဆင်း တောက်လာခဲ့သေး၏။ သူမပေးခဲ့သော အမြစ်အချို့သည်ပင် ထူးထူးဆန်းဆန်း အပင်ပေါက်လာခဲ့သေး၏။

ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။ သူက စာလိပ်ကို ကောက်ကိုင်ကာ ဆက်၍ ဖတ်နေ၏။

သူ ပို၍ တည်ငြိမ်လေလေ ရှုယန်က မျက်မှောင် ပိုကြုံ့မိလေ ဖြစ်၏။ သူမ အိမ်ထဲသို့ ဝင်လာသည့်အခိုက်တွင် မွှေးရနံ့တစ်ခု အိမ်ထဲ၌ စိမ့်ဝင်၏။ ဝမ်လင်းက ထိုရနံ့ကို ရင်းနှီး၏။ ရှုယန် ကျင့်ကြံခြင်း မပြုခင်ကပင် ဝမ်လင်းက ထိုခန္ဓာကိုယ်ကိုယ်သင်းရနံ့ကို သိရှိပြီး ဖြစ်၏။

ရှုယန်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ အေးစက်စက် ပြောသည်။ “ဆေးပင်တွေ မသင်တာက နင်နဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝလို့ပဲ။ဆေးပင်တွေမှာ ရေဒြပ်စင်အများကြီး ပါတယ်။ဒါ့ကြောင့်လည်း ဒီအပင်တွေက မိုးကနေ မူလစွမ်းအင်ကို စုပ်ယူနိုင်တယ်…”

“အို…” ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။ သူသည် ရှုယန်ကို မကြည့်ပေ။သူက လက်ထဲရှိ စာလိပ်ကိုသာ ဆက်ဖတ်နေသည်။

“စန်နူး…” ရှုယန်က သူမ၏လှပသောမျက်လုံးရွှဲကြီးဖြင့် ပင့်ကြည့်လာ၏။

ဝမ်လင်းက မျက်မှောင်ကြုံ့ကာ လက်ထဲရှိ သစ်သားစာလိပ်ကို အောက်ချ၍ ရှုယန်ကို အေးတိအေးစက် ပြန်ကြည့်သည်။

ရှုယန်ထံ၌ စကားလုံးများဖြင့် ပြည့်နေ၏။ သူမက သူ့ကို ဆူရန် ပြင်လိုက်၏။ သို့သော် သူမသည် ဝမ်လင်း၏မျက်လုံးများကို မြင်လိုက်ရသည့်အခါ အလိုလိုပင် သူမ၏စကားများကို ပြန်မြိုချမိသွားလေသည်။ သူမသည် မင်သက်မိနေ၏။

“ငါ့အလုပ်က ဆေးပင်တွေကို မသေအောင် ထိန်းသိမ်းဖို့ပါ။ ကိစ္စအထွေးအထူ မရှိရင် ကျေးဇူးပြုပြီး ကျနော့်ကို မနှောက်ယှက်ပါနဲ့တော့…”

ရှုယန်က ဝမ်လင်း၏အကြည့်အောက်တွင် ဘာအကြောင်းရင်းမှမရှိပါဘဲ တုန်ယင်သွားမိသည်။

“ဟိုပုံရိပ်က သူပဲလား…”

ရှုယန်သည် စဉ်းစား၏။ သူက ဝမ်လင်းကို လေးလေးနက်နက် ကြည့်သည်။ ထို့နောက် သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ အခန်းထဲကနေ ထွက်ခွာသွားတော့သည်။

ညနက်ပိုင်းတွင် စားပွဲပေါ်ရှိ ဆီမီးအိမ်မှာ မီးလင်းလာပေပြီ။ အပြင်ဘက်တွင် အမှောင်ထု ကြီးစိုး၏။ မိုးသံလေသံတို့ကာ မိုးကြိုးခြိမ်းသံတို့နှင့် ရောနှောလျက် ရှိသည်။

တောင်လေသည် ဤချိုင့်ဝှမ်းကို တိုက်ခတ်ရာ ညပိုင်းတွင် လေပွေဝဲကတော့များကို ဖြစ်နေစေသည်။ ဝမ်လင်းက စာလိပ်ကို ပြန်ချ၏။ သူ့မျက်လုံးကို မှိတ်လိုက်ပြီးနောက် ခဏတာ စဉ်းစားနေသည်။

သူက စာလိပ်ထဲရှိ အကြောင်းအရာမျးကို ဖြတ်မြင်နိုင်စွမ်းရှိရာ တိမ်ပင်လယ်အပေါ် ခပ်ရေးရေး နားလည်လာခဲ့သည်။ ပို၍ အရေးကြီးသည်က သည်နောက်ပိုင်းလေးရက်အတွင်း သူက သူလိုအပ်သည့် ကျောက်စိမ်းပြားမှ ဆေးဝါးဖော်စပ်သည့် ပညာရပ်ကနေ ဉာဏ်အလင်း ရရှိခဲ့သေးသည်။ သူက မျက်လုံးဖွင့်ကာ ခေါင်းမော့၏။ သူ့အကြည့်မှာ အိမ်ထဲကနေ ထွင်းဖောက်၍ မိုးရေများကို ဖြတ်သန်းပြီး ချိုင့်ဝှမ်းအထက်ရှိ ကောင်းကင်ထက်သို့ တိုက်ရိုက် ကျရောက်သွားသည်။

ထိုနေရာတွင် ဧရာမတိုင်လုံးရှစ်ခုက ကျားကန်ပေးထားသော တာအိုကျောင်းတော်တစ်ခု ရှိနေ၏။

ဝမ်လင်းသည် ထိုကျောင်းတော်အတွင်းမှ အစွမ်းထက်အော်ရာတစ်ခုကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။

သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် အခန်းထဲကနေ ပျောက်ကွယ်သွားလေ၏။

သူ ပြန်ပေါ်လာချိန်၌ သူသည် တိုင်လုံးများထဲမှ တစ်ခု၏ ထိပ်ပေါ်တွင် ရှိနေကာ တာအိုကျောင်းတော် အပြင်ဘက်တွင် ဖြစ်နေသည်။ လေနှင့်မိုးသည် ဤနေရာတွင် အားကောင်းလွန်း၏။ မိုးကြိုး၊လျှပ်စီးတို့ကလည်း တဖျပ်ဖျပ်၊တလက်လက် ရှိ၏။

ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် တာအိုကျောင်းတော် တံခါးကို တွန်းဖွင့်ကာ အထဲသို့ လှမ်းဝင်သည်။

ထိုကျောင်းတော်မှာ ကြီးမားလွန်းခြင်းမရှိ။ အလှဆင်ထားသည့် အပြင်အဆင်များအပြင် ကျောင်းတော်ဗဟို၌ ဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခုသာ သိသိသာသာ ရှိနေ၏။ ၎င်းအက်ကြောင်းထံမှ ခရမ်းရောင်အလင်းကို စိမ့်ထွက်ပေးနေရင်း ကျောင်းတော်တစ်ခုလုံးကို ခရမ်းရောင်ဖြင့် ထိန်လင်းနေစေသည်။ ထိုအက်ကြောင်းနောက်တွင် စင် တစ်ခု ရှိသည်။ ထိုစင်ထံကနေ အတားအဆီးတုန်ခါလှိုင်းများ ထွက်ပေါ်နေသည်။ ထိုစင်ပေါ်၌ အရာသုံးခုကိုသာ တင်ထားသည်။

တစ်ခုက ဓားရှည်၊တစ်ခုက ကျောက်စိမ်းပြား၊ ကျန်တစ်ခုမှာ ဆေးလုံးတစ်လုံးပင်။

ဝမ်လင်း တာအိုကျောင်းတော်ထဲသို့ ဝင်လာသည်နှင့် ဟင်းလင်းပြင်အက်ကြောင်းထဲမှ ခရမ်းရောင်အလင်းသည် အားကောင်းလာသည်။ ထိုအက်ကြောင်းထဲမှ ကြီးမားသည့်စပါးအုံးမြွေခေါင်းကြီး ထွက်လာကာ ဝမ်လင်းကို စူးစိုက်ကြည့်သည်။

ထိုစပါးအုံးမြေကြီးမှာ ခရမ်းနက်ရောင်ရှိ၍ ၎င်း၏မျက်လုံးတွင် ခရမ်းရောင်များနေသည်။ ပုံမှန်အားဖြင့် လူတစ်ယောက်သည် ထိုမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်ခံရရုံဖြင့် တုန်လှုပ်မိမည်။ သို့သော် ၎င်းက ဝမ်လင်းအပေါ်တွင်တော့ သက်ရောက်မှု ရှိမနေပေ။

ဝမ်လင်းက ၎င်းမြွေကို ကြည့်ပင်မကြည့်ဘဲ ကျော်၍ လျှောက်လာ၏။ စပါးအုံးမြွေက ခပ်တိုးတိုး ဟိန်းဟောက်၏။ သို့သော် ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ဖြစ်ပေါ်၏။ ၎င်းက နောက်သို့ စတင် ဆုတ်ကာ ဝမ်လင်းကို သူ့အား ကျော်ခွင့်ပေး၏။ ၎င်းက မတိုက်ခိုက်ဝံ့ချေ။

အမှန်တော့ ဝမ်လင်းသည် ဤနေရာသို့ လွန်ခဲ့သော လေးရက်က ရောက်လာခဲသေး၏။ ကျင့်ကြံခြင်းအဆင့်ဆိုပါက ၎င်းခရမ်းရောင်စပါးအုံးမြေမှာ နိဗ္ဗာကြိုမြင်ခြင်းနောက်ဆုံးအဆင့်နှင့် ယှဉ်တိုက်ခိုက်နိုင်သည်။ သို့သော် ဝမ်လင်းကတော့ ၎င်းကို လွယ်လင့်တကူ သတ်ပစ်နိုင်စွမ်း ရှိနေပေ၏။

ဝမ်လင်းက စင်နားသို့ ရောက်ရှိလာချိန်တွင် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အတားအဆီးအားလုံး ပျောက်ကွယ်သွားလေသည်။ ဝမ်လင်းက ကျောက်စိမ်းပြားကို ကောက်ယူကာ စတင် လေ့လာကြည့်သည်။ သူက ၎င်းကို လွန်ခဲ့သောလေးရက်ကတည်းက တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။ သို့သော် သူက သူတို့၏မန္တာန်နှင့် ကျင့်ကြံခြင်းနည်းလမ်းများကို စိတ်မဝင်စားခဲ့ချေ။ သို့ရာတွင် သူက စိတ်ဝိညာဉ်သားရဲများနှင့် ဆေးဝါးပညာရပ်အပေါ်တွင်တော့ အာရုံစိုက်ပေသည်။

နောက်တစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်လင်းက စဉ်းစားသည်။ ထို့နောက် သူက ထိုကျောက်စိမ်းပြားကို ပြန်ချကာ ဆေးလုံးကို ကောက်ယူ၏။ ထိုဆေးလုံးမှာ လုံးဝ သာမန်ပင်။ လွန်ခဲ့သော လေးရက်က ၎င်းကို ကြည့်ခဲ့ချိန်ကလည်း ဝမ်လင်းသည် စိတ်ဝင်စားစရာ ကောင်းသည့် အချက်တစ်ခုခုကို ရှာတွေ့နိုင်စွမ်း မရှိခဲ့ပေ။

လွန်ခဲ့သော လေးရက်က သူတွေ့မြင်ခဲ့သေ ကျောက်စိမ်းပြားထဲမှ ဆေးပညာအချက်အလက်ပေါ် စဉ်းစားပြီးနောက် သူက အခုလို သည်ဆေးလုံးကို ထပ်စစ်ဆေးကြည့်ရန် ထပ်ရောက်လာခဲ့ခြင်းပင်။

ကျောက်စိမ်းပြားကို လေ့လာကြည့်ပြီးနောက် စိတ်ဝိညာဉ်သားရဲတွင် အဆင့်(၁၃)ဆင့် ရှိမှန်း သိခဲ့၏။ ထိုသားရဲများကို သန့်စင်၍ ဆေးလုံးအဖြစ် ဖန်တီးရာတွင်လည်း အဆင့်(၁၃)ဆင့် ခွဲခြားထားသည်။ အခုဆေးလုံးက မူလကလန်အတွင်း မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခဲ့သော ဆေးလုံးဖြစ်သည်။ ၎င်းက အဆင့်ရှစ် ဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် အဆင့်ရှစ်သားရဲစိတ်ဝိညာဉ် မပါသော ဆေးလုံး ဖြစ်နေသည်။ ထို့ကြောင့် ဤဆေးလုံးမှာ အချည်းနှီး ဖြစ်နေ၏။

သည်ရက်များတွင် ကျောက်စိမ်းပြားကို လေ့လာကြည့်ပြီးနောက် သူက တိမ်ပင်လယ်၏ ဆေးဝါးပညာရပ်မှ အယူအဆသော့ချက်အချို့ကို တဖြည်းဖြည်း ဖမ်းဆုပ်မိလာခဲ့သည်။ သူက ယနေ့တွင် သည်ကျောင်းတော်သို့ ထပ်လာရခြင်းမှာ သူ့ထင်မြင်ချက် မှန်၊မမှန် သိချင်၍ ဖြစ်သည်။

လက်ထဲရှိ ဆေးလုံးကို ကြည့်နေရင်း သူ့ထင်မြင်ချက်မှာ သေချာသွားသည်။

သက်ပြင်းချကာ ဝမ်လင်းက ၎င်းဆေးလုံးကို ပြန်ထား၏။ သူက သူတို့၏ဘိုးဘေး ချန်ထားခဲ့သော ထိုအရာသုံးခကို မယူဆောင်သွားပေ။ သူတို့နှင့် ရန်ငြှိုးတစ်ခုခု မရှိပါက ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်ဖြင့် ကလန်တစ်ခုကို ပျက်စီးစေမည့်အရာတစ်ခုခုအား လုပ်လိမ့်မည် မဟုတ်ပေ။

ကြည့်ရုံမျှဖြင့် သူ့အတွက် လုံလောက်ပေ၏။

“အခု ငါကိုယ်တိုင် ဒီနည်းလမ်းနဲ့ ဆေးလုံးတစ်လုံး သန့်စင်ဖော်စပ်ဖို့ လိုအပ်နေပြီ။ တိမ်ပင်လယ်ကို ရောက်လာတဲ့ ငါ့ရည်ရွယ်ချက်က ငါ့ကျင့်ကြံမှုအဆင့် တိုးတက်အောင် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်…”

ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ထွက်ခွာရန် ပြင်စဉ် ရုတ်တရက် ခေါင်းမော့ ကြည့်သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်သွားသည်။

မိုလျိုကုန်းမြေ၏ အနောက်ပိုင်း၏ ကောင်းကင်ထက်တွင် လျှပ်စီးများ လင်းလက်နေ၏။ တစ်စုံတစ်ယောက်သည် အပြင်ဘက်ကနေ ထုရိုက်သကဲ့သို့မျိုး ခပ်အုပ်အုပ်အသံများ ထွက်ပေါ်နေသည်။

သည်ကုန်းမြေမှာ တိမ်ပင်လယ်ထဲ၌ မြောလွင့်နေခြင်း ဖြစ်၏။ ကုန်းမြေပေါ်တွင် အနက်ရောင်မျှော်စင်တစ်ခုရှိကာ ၎င်းက ကုန်းမြေတစ်ခုလုံးကို ခြုံလွှမ်းသည့် အဖြူရောင်အလင်းကို ထုတ်လွှတ်ပေးထားသည်။ ထိုအလင်းက မြူများကို နောက်သို့ လွင့်သွားစေကာ ကုန်းမြေအတွင်း ဝင်ရောက်မလာအောင် လုပ်ပေးသည့်အပြင် ကုန်းမြေ၏ အဓိကအကာအကွယ်လည်း ဖြစ်သည်။

၎င်းက အခြားကလန်မှ ကျင့်ကြံသူများထံကနေ ကာကွယ်ပေး၏။ သို့သော် ပို၍ အရေးကြီးသည်က ၎င်းသည် ကြမ်းကြုတ်သည့်သားရဲများ ကုန်းမြေကို လာတိုက်ခိုက်ခြင်းကနေလည်း ကာကွယ်ပေးထားခြင်းပင်။ တိမ်ပင်လယ်၌ သားရဲများကို နှစ်ပိုင်းခွဲနိုင်၏။ တစ်ခုက ကျင့်ကြံသူများ ယဉ်ပါးအောင် မွေးမြူသည့် စိတ်ဝိညာဉ်သားရဲများဟု ခေါ်၏။ နောက်တစ်ခုက မြူများကြား ကျင့်ကြံသူများကို သေသည့်အထိ တိုက်ခိုက်သည့် ကြမ်းကြုတ်သည့်သားရဲများဟု ခေါ်၏။

ဤအခိုက်အတန့်၌ ကုန်းမြေနောက်ပိုင်းရှိ ခြုံလွမ်းထားသော အလင်းသည် တွန့်ကြေလာ၏။ထို့နောက် ဘန်းခနဲ မည်ဟည်းကာ ရုတ်တရက် ပျက်စီးသွားလေသည်။

ပျက်စီးသွားသည့် အရံအတားကနေ ပေတစ်ထောင်ခန့် ဖားလောင်းအသွင်ပုံစံ ရှိသော စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။ ၎င်းက လျှပ်စီးမိုးကြိုးများအားလုံးကို ဖြတ်သန်း၍ လာနေသည်။

ထိုစိတ်ဝိညာဉ်သားရဲ တစ်ကောင်တည်းဆိုပါက ကုန်းမြေအထက်ရှိ အရံအတားကို ချိုးဖျက်ဖို့အတွက် မလုံလောက်ပေ။ သို့ရာတွင် ထိုသားရဲ၏ ကျောပေါ်၌ မောက်မာသည့် အဘိုးအိုတစ်ယောက် ရှိနေ၏။ သူက ခရမ်းရောင်လေပြင်းများ ဝန်းရံထားသည့် သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset