ထိုစကားမှာ ရိုးရှင်းလွန်း၏။တည်ငြိမ်လွန်း၏။ သို့သော် ၎င်းစကားသံ ရှုယန်၏စိတ်ထဲသို့ ကျရောက်လာချိန်တွင် သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူမဘေးပတ်လည်ရှိ လောကသည်ပင် ပြိုဆင်းကျကာ အံ့မခန်းပါးလှပ်သည့်အမျှင်တန်းများသည် သူမအား ထွေးပတ်သွားသည့် ဥပဒေသတစ်ခု ပေါ်လာသည်။ ရှုယန်၏ခန္ဓာကိုယ်၊မူလစိတ်ဝိညာဉ်၊မူလစွမ်းအင်တို့အားလုံးမှာ ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသည်။
သူမ၏ စိတ်သည်ပင် အေးခဲသွားရသည်။
ဝမ်လင်း၏ ပုံရိပ်က ရှုယန်ရှေ့တွင် ပေါ်လာ၏။
အဝတ်အစားများဖြင့် ဖုံးအုပ်ထားသည်။ သူမထံကနေ မွှေးရနံ့တစ်ခု ထွက်ပေါ်နေသည်။
သူမ၏အသွင်ဟန်ပန်သည် သူမ၏အရင်ဆုံးဖြတ်ချက်ပြတ်သားမှု ဖြစ်ပေါ်ဟန် အတိုင်း ရှိမြဲ ဖြစ်နေ၏။
ဝမ်လင်းက ရှုယန်၏လက်ထဲကနေ အနက်ရောင်ဆေးလုံးကို ယူကာ သေချာကြည့်သည်။ ဆေးလုံးအရောင်မှာ နက်မှောင်လွန်း၏။ အကြည့်တစ်ချက်ဖြင့်ပင် ၎င်းဆေးလုံးမှာ သင့်စိတ်ကို နစ်မြုပ်သွားစေနိုင်လောက်ဟန် ရသည်။
“ထူးဆန်းလိုက်တဲ့ ဆေးလုံးပဲ…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ဆေးလုံးကို ကြည့်ရှုရာ စတင်တွက်ချက်ကြည့်သည်။ ဝမ်လင်း၏ ဆေးပညာအပေါ် ဗဟုသုတက အတားအဆီးများအပေါ် ကျွမ်းကျင်မှုထက် များစွာ အားနည်းသည်။ သို့သော် သူ့ကျင့်ကြံမှုအဆင့်မှာ မြင့်မားနေပြီ ဖြစ်၏။ ထို့ကြောင့် သူ့နတ်ဘုရားအာရုံဖြင့် ဆေးလုံးတည်ဆောက်ပုံကို ခွဲခြမ်းသိမြင်နိုင်သည်။
သို့ရာတွင် အများစုမှာ သူ နားမလည်နိုင်သည့် အရာများ ဖြစ်နေ၏။ ပို၍ အရေးကြီးသည်က သူသည် ဆေးလုံးအတွင်း၌ စိတ်ဝိညာဉ်တုန်ခါလှိုင်းကို ခံစားမိသည်။
“စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်သွား၏။ သူက ဆေးလုံးကို ထပ်မံ ကြည့်သည်။ သူသည် ဆေးလုံးအတွင်းရှိ စိတ်ဝိညာဉ်တုန်ခါလှိုင်းကို ခံစားရသည်မှာ မမှားဟု ဆုံးဖြတ်၏။ ထိုစိတ်ဝိညာဉ်မှာ သန်မာလှခြင်းမရှိသော်လည်း အကြမ်းထည်တော့ ရှိနေသည်သာ ဖြစ်သည်။
မျက်လုံးမှိတ်လိုက်ကာ ဝမ်လင်းက ဆေးလုံးကို မကိုင်ထားသလို ခံစားမှု ရ၏။ သို့သော် ကြမ်းကြုတ်သည့်သားရဲ၏ စိတ်ဝိညာဉ်ကို ခံစားမိ၏။ ထိုအရာမှာ လူဝံတစ်ကောင်၏ စိတ်ဝိညာဉ် ဖြစ်ကာ အလွန်ကြမ်းတမ်းသည်။ ၎င်းသည် သူ့လက်ထဲ၌ပင် ရုန်းကန်နေဟန် ရ၏။ သို့သော် ၎င်းပေါ်၌ ချိပ်ပိတ်မှုများစွာ ရှိနေ၏။
သူသည် မျက်လုံးဖွင့်သည့်နောက် ထိုပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားသည်။ ဝမ်လင်းသည် ဆေးလုံးကို ရှုယန်၏ လက်ကြားထဲသို့ ပြန်ထည့်ပေးကာ နောက်သို့ ဆုတ်၍ ရှေ့သို့ လက်ညွှန်သည်။
ရှုယန်ပတ်လည်ရှိ မမြင်ရသော အမျှင်တန်းများသည် မြန်မြန်ဆန်ဆန် ပျောက်ကွယ်ကာ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမအတွက် ခဏတာ ကုန်လွန်သွားသကဲ့သို့ ခံစားမိ၏။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က သူမထက် များစွာ မြင့်၏။ ထို့ကြောင့် သူမသည် ရပ်တန့်ခြင်းမန္တာန်ကြောင့် ပုံမှန်မဟုတ် ဖြစ်သွားသည်ကိုပင် မထောက်လှမ်းနိုင်ပေ။ သူမက အစောပိုင်းက ပြတ်သားဟန်အတိုင်း ပြန်ဖြစ်သွားကာ ဆေးလုံးကို မြိုချလိုက်လေ၏။
ဝမ်လင်းက သူမနောက်တွင် ရပ်ကာ တည်ငြိမ်စွာ လေ့လာကြည့်နေသည်။
ရှုယန်ကတော့ သူမနောက်တွင် လူတစ်ယောက် ရှိနေသည်ကို သတိမပြုမိပေ။ဆေးလုံးကို မြိုချလိုက်ပြီးနောက် ရှုယန်၏မျက်နှာမှာ နီမြန်းသွားပြီး နာကျင်ဟန် ဖြစ်ပေါ်၏။ သူမ၏ နှဖူးထက်ကနေ ချွေးပြန်လာ၏။ သိပ်မကြာခင်တွင် သူမ၏အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်ကာ ခန္ဓာကိုယ်နှင့် ကပ်ကုန်သည်။
နောက်ဘက်မှ ဝမ်လင်းက သူ့ရှေ့ရှိ အမျိုးသမီးတစ်ယောက်၏ လှပသောကောက်ကြောင်းကို ရှင်းလင်းစွာ မြင်နေရပေ၏။ ရှုယန်၏မျက်နှာက ပို၍ နီမြန်းလာ၏။ သူမ၏မျက်လုံးတို့မှာ မှိတ်ထားလျက်၊ သူသည် သူမ၏ခန္ဓာကိုယ်ထဲ၌ မီးလောင်ကျွမ်းသကဲ့သို့ ခံစားမိနေ၏။
ထိုမီးတောက်က သူမ၏မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းနေခြင်း ဖြစ်ကာ သူမ၏မူလစိတ်ဝိညာဉ်ထဲ၌ နက်ရွှေရောင်မျက်လုံးနှင့်လူဝံ တစ်ကောင်ပေါ်လာလေသည်။ ထိုလူဝံက ကြီးမား၍ ကြမ်းကြုတ်၏။ ၎င်းက ဟိန်းသံပေးကာ သူမ၏မူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်လာသည်။
ရှုယန်၏စိတ်ထဲတွင် မီးတောက်များနှင့် ပြည့်နှက်နေ၏။ သူမ၏မူလစိတ်ဝိညာဉ်က အစောပိုင်းတည်းက ဒဏ်ရာ ရထားခဲ့ပြီး ဖြစ်ကာ မီးတောက်များသည် အလွန်နာကျင်စေသည်။ သို့သော် သူမက နောက်မဆုတ်ချေ။ သူမ၏စိတ်သည် တိုက်ပွဲကွင်းပြင်ကဲ့သို့ ဖြစ်နေ၏။ သူမက ထိုလူဝံနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု စတင်လေပြီ။ လူဝံက ဟိန်းဟောက်၏။ ၎င်းက သူမ၏ မူလစိတ်ဝိညာဉ်ကို စုတ်ဖြဲပစ်ကာ မီးတောက်လောင်ကျွမ်းမှုကနေ လွတ်မြောက်လိုဟန် ရ၏။
သို့ရာတွင် ရှုယန်၏မူလစိတ်ဝိညာဉ်မှာ လူဝံနဲ့ တွယ်ဆက်ထားခြင်း ဖြစ်နေ၏။ မီးတောက်များ သူမကို လောင်ကျွမ်းနေစဉ်တွင် လူဝံသည်လည်း သန့်စင်မွန်းမံခြင်း ခံရလေ၏။ သူမသည် လက်မလျော့၊ သည်အနက်ရောင်လူဝံကို သန့်စင်ပစ်ရပေမည်။
သို့ရာတွင် လူဝံနက်က အလွန်အားကောင်းနေ၏။ ရှုယွမ်၏မူလစိတ်ဝိညာဉ် လောင်ကျွမ်းနှုန်းထက် သန့်စင်နှုန်းက နှေးနေတော့သည်။ ထိုအဖြစ်က ရှုယန်၏မူလစိတ်ဝိညာဉ်ကို နောက်ဆုတ်စေ၏။ သူမ၏မျက်နှာမှာ ပို၍ပင် နီရဲလာပြီး တုန်ယင်နေသည်။
စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏဆေးလုံးကို သောက်သုံးချိန်၌ လူတစ်ယောက်သည် သေခြင်းရှင်ခြင်းမျဉ်းပေါ်တွင် လျှောက်လှမ်းရပေလိမ့်မည်။ ရှုယန်က ထိုအချက်ကို ကောင်းကောင်းသိလေ၏။ သူမက အဆင့်ချိုးဖျက်ကာ သူမ၏ဆရာကို ကူညီပေးနိုင်ဖို့အတွက် စိုးရိမ်ပူပန်မှုသာ ရှိမနေခဲ့ပါက အခုလိုမျိုး သည်ဆေးလုံးကို လွယ်လင့်တကူ မြိုချလိမ့်မည် မဟုတ်ပေ။
သူမ၏ဆရာက သူမကို များစွာ ကူညီပေးခဲ့ဖူး၏။ ထို့ကြောင့် သူမသည် သူမဆရာအတွက် ဘာပဲလုပ်ပေးရ၊လုပ်ပေးရ ဆန္ဒရှိပေသည်။
သူမ၏မူလစိတ်ဝိညာဉ်မှာ လူဝံကြောင့် အနားစွန်းထိ တွန်းပို့ခြင်း ခံရ၏။ ၎င်းက ရှုယန်ကို ခုန်အုပ်ကာ သူမ၏မူလစိတ်ဝိညာဉ်ကို စုတ်ဖြဲပစ်တော့မည့်ဟန်ပင်။
ထိုအခိုက်အတန့်၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၏။ သူသည် ထိုဆေးလုံး၏ သက်ရောက်မှုကို လေ့လာကြည့်လို၏။ ရှုယန်သာ သေသွားခဲ့ပါက သူသည် ထိုသို့ လေ့လာနိုင်မည့် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
“ထားလိုက်ပါတော့လေ…ငါ ဒီမိန်းကလေးကို ကံကောင်းမှုတစ်ခု လက်ဆောင်ပေးလိုက်မယ်…”
ဝမ်လင်းက ရှုယန်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။ ဝမ်လင်း၏နတ်ဘုရားအာရုံက ရှုယန်၏စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ရှုယန်၏ စိတ်ထဲ၌ သူမ၏မူလစိတ်ဝိညာဉ်က ဆက်လက်၍နောက်ဆုတ်နေ၏။ သူမသည် မျှော်လင့်ချက်မဲ့မှုနှင့် ပြည့်နေ၏။ လူဝံသည် နီးကပ်လာ၏။ ၎င်းက ခုန်အုပ်ရန် ပြင်စဉ်မှာ အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။
သူမသည် ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုပုံရိပ်၏ အဖြူရောင်ဆံပင်များ တဖျပ်ဖျပ် ဖြစ်နေသည်ကိုသာ တွေ့မြင်ရ၏။
သူမသည် ထိုဆံပင်ဖြူနှင့်လူ သူမ၏ စိတ်ထဲ၌ ပေါ်လာချိန်တွင် တုန်လှုပ်နေဖို့ပင် အချိန်မရှိပေ။ သူမ၏မူလစိတ်ဝိညာဉ်က ရှေ့တည့်တည့်သို့ မယုံကြည်နိုင်ဟန် ကြည့်ကာ တုန်ယင်နေသည်။
သူမသည် အဖြူရောင်ပုံရိပ်ပေါ်လာကာ ထိုသူသည် သူ့လက်ချောင်းကို ဆက်တိုက် ညွှန်ကာ လူဝံကို အော်ဟစ်၍ နောက်သို့ လွင့်သွားစေသည်ကို တွေ့၏။ လူဝံထံကနေ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာ ပျက်စီး၏။ ၎င်းသည် ဘေးပတ်လည်ရှိ မီးတောက်များ၏ အရူးအမူး သန့်စင်ခြင်းကို ခံရလေသည်။
ရှုယန်က မင်သက်သွားမိ၏။ ထိုလက်ချောင်းက သူမကို ကြီးစွာ တုန်လှုပ်မိစေသည်။ အခုအခိုက်အတန့်၌ သူမ၏ စိတ်ထဲတွင် ထိုလက်ချောင်းတစ်ခုသာ ရှိတော့၏။
သူမက သူမ၏ ဆရာဖြစ်သူ လုယန်ဖေ မန္တာန်များအသုံးပြုသည်ကို တွေ့မြင်ဖူး၏။ သို့သော် သူမသည် သူမ၏ဆရာသည်ပင် အခုလိုလက်ချောင်း၏စွမ်းအားမျိုးကို မထုတ်လွှတ်နိုင်မှန်း သေချာသိသည်။ သူမက ထိုလက်ချောင်း၏ ရှေ့၌ သူမ၏ဆရာဖြစ်သူပင် သေဆုံးသွားနိုင်လောက်သည်ကို စိုးရွှံ့မိရသည်။
သူမက ဘိုးဘေး မသေခင်က မန္တာန်များအသုံးပြုသည်ကိုလည်း တွေ့မြင်ခဲ့ဖူး၏။ ဘိုးဘေးသည်ပင် အခုလိုမျိုးစွမ်းအားကို ထုတ်ဖော်ရန်မှာ ခက်ခဲလောက်၏။ သည်ဆံပင်ဖြူနှင့်လူ၏ သာမန်လှုပ်ရှားမှု တစ်ခုက သူမ၏ စိတ်ကို ကြီးစွာ တုန်လှုပ်မိစေပေသည်။
ဆံပင်ဖြူနှင့်လူက ရှုယန်ကို နောက်ကျောကနေ ကြည့်နေဟန် ရ၏။ ထို့နောက် သူသည် သူမ၏စိတ်ထဲကနေ ပျောက်ကွယ်သွားချေ၏။ သူမ၏စိတ်ထဲ၌သာ ထိုဆံဖြူလူ၏ ပုံရိပ်ကို စွဲထင်စွာ ကျန်ခဲ့တော့၏။
သူမ၏ စိတ်ထဲ၌ လူဝံသည် မီးတောက်များနှင့် သန့်စင်ခြင်း ခံနေရကာ ထူးဆန်းသော စိတ်ဝိညာဉ်အားတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုစိတ်ဝိညာဉ်အားက ရှုယန်၏မူလစိတ်ဝိညာဉ်ထဲသို့ တရဟော ဝင်ရောက်ကာ သူမကို ဆံဖြူလူနှင့်ပတ်သတ်၍ ထပ်မတွေးစေနိုင်တော့အောင် ဖြစ်စေသည်။ သူမက ထိုစိတ်ဝိညာဉ်အားကို စုပ်ယူနေရင်း တဖြည်းဖြည်းဖြင့် ရှီနယ်ပယ်နှင့် ဆင်တူသည့် ထူးဆန်းသောအခြေအနေသို့ ဝင်ရောက်သွားသည်။
ထိုထူးဆန်းသောအခြေအနေအောက်၌ တာအိုအပေါ် နားလည်မှုနှင့် ဆန်းကြယ်လှသော စိတ်ဝိညာဉ်အားမှ ထွက်ပေါ်သည့် ကောင်းကင်နှင့်မြေကြီးသည် သူမ၏ စိတ်ထဲသို့ ဝင်ရောက်၏။ ထိုလူဝံက သာမန်သားရဲတစ်ကောင်မဟုတ်၊ တိမ်ပင်လယ်၌ သီးခြား၊ထူးခြားလှသည့် စိတ်ဝိညာဉ်သားရဲ ဖြစ်၏။ ထိုစိတ်ဝိညာဉ်သားရဲများသည်လည်း တာအိုကို ကျင့်ကြံကြကာ လူသားများကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို နားလည်သည်။
၎င်း၏ ထိုသဘာဝက ဉာဏ်အလင်းရဖို့ရာ ကျင့်ကြံသူများအတွက် အကျိုးဖြစ်စေသည်။ ထိုလူဝံသည် နှစ်ပေါင်းသုံးထောင်ကျော် နေထိုင်ခဲ့ပြီး ဖြစ်၏။ ၎င်း၏ စိတ်ဝိညာဉ်ကို ထုတ်ယူပြီးသည့်နောက် ဆေးဝါးပညာရပ်များဖြင့် သည်စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏဆေးလုံးကို ဖန်တီးခဲ့ခြင်းပင်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ရှုယန်က မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာ၏။ သူမ၏ မျက်လုံးသည် စတင် တောက်ပလာသည်။
ရှုယန်သည် ရုတ်တရက် သူမနောသို့ လှည့်ကြည့်၏။ သို့သော် သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ သူမသည် အခန်းထဲ၌ တစ်ယောက်တည်း ရှိနေ၏။ သို့သော် သူမက ဆံပင်ဖြူနှင့်ပုံရိပ်နှင့်ခမ်းနာသည့်လက်ချောင်း တိုက်ကွက်ကို မေ့နိုင်စွမ်းမရှိပေ။
အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရှုယန်၏အမူအရာမှာ တမျိုးဖြစ်သွား၏။ သူမသည် ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်သည်။ သူမစိတ်ထဲ၌ အဖြူရောင်ပုံရိပ်ကတော့ ကျန်နေဆဲပင်။ သူမသည် ထိုကျင့်ကြံသူကို မရင်းနှီးလှ။ သို့သော် အမျိုးသမီးတစ်ယောက်အနေဖြင့် အရင်က ထိုပုံရိပ်ကို တွေ့မြင်ဖူးသလို၊ကြားဖူးသလိုလို ဖြစ်မိသည်။
“ဒီပုံရိပ်ယောင်က ဆံပင်ဖြူ…ဆံပင်ဖြူ…” ရှုယန်၏မျက်လုံးမှာ တဖြည်းဖြည်း အရောင်တောက်လာ၏။ သူမသည် မဟာစိတ်ဇောစိတ်ဝိညာဉ်မန္တာန် အသုံးပြုပြီးနောက် ဘိုးဘေး ပြောခဲ့သည့် နောက်ဆုံးစကားများကို သူမဆရာ သူမအား ပြောခဲ့ဖူးသည်ကို ပြန်မှတ်မိသွားလေ၏။
“မြောက်ပိုင်း…ဆံပင်ဖြူ…” ရှုယွမ်၏ မို့မောက်သည့် ရင်ဘက်မှာ နိမ့်တုန်မြင့်တုန် ဖြစ်သွား၏။ သူမ၏အသက်ရှုသံပင် ကြမ်းလာသည်။ သူသည် ချက်ခြင်းပင် အိမ်ထဲကနေ ဝရောသုန်းကား ထွက်၍ သူမဆရာထံသို့ ပျံသန်းသွားတော့၏။
ဝမ်လင်းက ပြတင်းပေါက်နားတွင် ရပ်နေရာကနေ ညအမှောင်ထဲသို့ အလင်းတန်းအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားသည်။ သူ့စိတ်ထဲ၌ ဉာဏ်အလင်းတစ်ခု ရရှိသွားခဲ့ပေပြီ။
“ဒီလိုဆေးလုံးမျိုး တိမ်ပင်လယ်မှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဆိုလိုတာက စိတ်ဝိညာဉ်သားရဲတွေက ပိုအစွမ်းထက်လေ ဉာဏ်အလင်းရဖို့မှာ ပိုပြီး အသုံးဝင်လေပဲပေါ့။ ဒီအချက်ဟာ အလုံးစုံကောင်းကင်၊မဟာမိတ်တို့နဲ့ အတော်လေး ကွာခြားတာပဲ…”
စဉ်းစားနေရင်း ဝမ်လင်းက ဟင်္သာငှက်နတ်ကလန်တွင် ရှိခဲ့စဉ် မိုချီ၏ဆရာ သန့်စင်၍ သူ့အား လက်ဆောင်ပေးခဲ့သော သားရဲစိတ်ဝိညာဉ်ကို ပြန်မှတ်မိသွား၏။
ထိုအခိုက်အတန့်၌ မိုလျိုကုန်းမြေနှင့် သိပ်မဝေးသော အဆင့်ငါးနယ်မြေတွင် ပေတစ်ထောင်ခန့်ကျယ်သည့် အနက်ရောင်ဖားလောင်းနှင့်တူသော သားရဲတစ်ကောင် ရှိနေ၏။ ၎င်းက ကြယ်မြူခိုးများကြားတွင် ဖြည်းဖြည်းချင်း ပျံသန်းနေသည်။
ထိုသားရဲ၏ ဦးခေါင်းကြီးက ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုကို နေရာယူထားသည်။၎င်း၏ ဦးခေါင်းမှာ ခန္ဓာကိုယ်တစ်ဝက်ပင် ကျော်၏။ ၎င်းသည် ပါးစပ်ကြီးဟကာ ပျံသန်းနေရင်း မြူခိုးများကို ဝါးမြိုနေဟန် ရကာ ၎င်း၏ထက်ရှသည့် သွားများ လှစ်ဟပေါ်နေသည်။
၎င်း၏ ဦးခေါင်းထက်၌ လူနှစ်ယောက် ရပ်နေ၏။ တစ်ယောက်မှာ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်၊ သူက ချော၏။ သို့သော် သူ့မျက်နှာထက်၌ လွှမ်းမိုးနိုင်မှုနှင့် မိစ္ဆာဆန်သည့် အရိပ်အမြွက် ရှိနေသည်။
လူငယ်နောက်တွင် အဘိုးအိုတစ်ယောက် ရှိနေသည်။ သူက လေးစားသည့်ဟန်ပန်ဖြင့် ရပ်နေသည်။ သို့သော် သူ လူငယ်ကို ကြည့်မိချိန်၌ ချစ်ခင်ဟန် အငွေ့အသက်ပါဝင်နေသည်။
“ငါဟာ လုယန်ဖေကို ငါ့ကိုယ်လုပ်တော် ဖြစ်လာစေဖို့သာမက မူလကလန်ကို ငါ့အတွင်းနန်းတော်အဖြစ် ပြုလုပ်ရမယ်။ ဦးလေးစုန့်…သင် ငါ့အပေါ်မှာ ယုံကြည်မှု ရှိရဲ့လား…”
“ဟိုအဘိုးကြီး မသေခဲ့ရင်တော့ ငါဟာ ယုံကြည်မှု မရှိလောက်ဘူး။ ဒါပေမယ့်လည်း အခုတော့ ငါ တစ်ရာရာခိုင်နှုန်း ယုံကြည်တယ်…”
ထိုအဘိုးအို၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု လင်းလက်သွားသည်။
လူငယ်သည် ရယ်မောကာ နှုတ်ခမ်းသပ်လိုက်၏။ သူသည် တစ်ခုခုကို တွေးမိသွားဟန်ရကာ သူ့မိစ္ဆာဟန် ဖြစ်ပေါ်သည်။
***