Switch Mode

အပိုင်း(၁၁၉၂)

မူလကလန်

မူလကလန်၏ တောင်ပိုင်းခြံဝန်း။ ချိုင့်ဝှမ်းဖြစ်နေသော်လည်း တောင်တန်း၏ တောင်ဘက်ပိုင်းတွင် အဆောက်အဦများ ရှိနေပေသည်။ အထူးသဖြင့် ဆယ့်နှစ်ရာသီ နီမြန်းနေသော အနီရောင်တောအုပ်အတွင်း၌ အနီရောင်အဆောက်အဦတစ်ခု ရှိနေခြင်းပင်။ ၎င်းအဆောက်အဦပေါ်တွင် ကခုန်သော ကြိုးငှက်ပုံများ ထွင်းထုထားကာ အလွန်လှ၏။

လုယန်ဖေမှာလည်း ထိုကဲ့သို့ အနီရောင်ဆန်လှ၏။ မူလကလန်ရှိ လူတိုင်းနီးပါး ဤအချက်ကို သိရှိကြသည်။ သူမ၏ အိမ်တင် နီရုံသာမက သူမသည် အနီရောင်အဝတ်အစားကိုသာ စွဲစွဲမက်မက်ခံစားချက် ရှိလေသည်။

အခုအချိန်၌ လုယန်ဖေက အနီရေင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ ဆံပင်များက နောက်ကျောဘက်တွင် ဝဲလွင့်လျက်။ သူမသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေလျက်၊ သူမ၏ မျက်နှာမှာ ဝမ်းနည်းမှု မပျောက်ကွယ်သွားသေးဘဲ ဖြူရောရော ရှိနေသည်။ ထိုအဖြစ်က သူမ၏ အသားအရေကို နီမြန်းကာ ပို၍ လှသွားစေသည်။

သို့ရာတွင် သူမ၏ စီနီယာအစ်ကို သုံးယောက်သည်ပင် သူမ၏ ယခုလိုချစ်ခင်စရာ မြင်ကွင်းကို အသိအမှတ်ပြုဖို့ရာ အရည်အချင်း မပြည့်မှီပေ။ အကြောင်းကတော့ သူတို့၏ ကျင့်ကြံမှုအဆင့်များက လုယန်ဖေထက် အနည်းငယ် နိမ့်သောကြောင့်တည်း။

နိဗ္ဗာနကြိုမြင်ခြင်းအဆင့် လုယန်ဖေသည် မူလကလန်တွင် နံပါတစ်အလှပိုင်ရှင်လည်း ဖြစ်၏။ သူမသည် အဆင့်ငါးနယ်မြေအတွင်း အလွန် ကျော်ကြားသူပင်။ သူမနှင့် ပတ်သတ်၍ စိတ်ဝင်စားသူ အများအပြား ရှိကြသော်လည်း သူမဆရာ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူကြောင့် မည်သူကမျှ သူမအနား မကပ်ဝံ့ကြပေ။ သို့ရာတွင် သူမ၏ဆရာ သေဆုံးသွားချိန်၌ မူလကလန်မှာ အားအနည်းဆုံးအခြေအနေသို့ ဆိုက်ရောက်ခဲ့ရတော့၏။

အခုချိန်၌ လုယန်ဖေက ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထား၏။ ထိုကျောက်စိမ်းပြားမှာ ခရမ်းရောင် ရှိ၍ သူမက ၎င်းကို ညှစ်ချေလိုက်သည်။ သူမ၏ လက်သည်ပင် အနည်းငယ် ဖြူသွားလေ၏။

သူမ၏ မျက်လုံးထဲ၌ အရှက်ခွဲခံရမှု ရှိနေ၏။ သို့သော် သူမက အံ့ကြိတ်ခံရုံသာ ရှိသည်။ သူမသည် ထိုကျောက်စိမ်းပြားကို ကြေမွသွားစေလို၏။ သို့သော် သူမက အကျိုးဆက်ကို တွေးမိချိန်၌ အရှက်ခွဲခံရမှုမှာ ပိုတိုးလာတော့သည်။

အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်ပြီးနောက် သူမက သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ သူမရှေ့ရှိ အမျိုးသမီးတပည့်သုံးယောက်ကို ကြည့်သည်။ ထို့နောက် တည်ငြိမ်စွာ ဆိုသည်။ “သူတို့ကို ဝင်လာခိုင်းလိုက်…”

လုယန်ဖေ၌ တပည့်သုံးယောက်သာ ရှိ၏။ သုံးယောက်လုံးကလည်း အမျိုးသမီးသာ ဖြစ်ကြသည်။ ဒုတိယတပည့် ရှုယန်မှာ ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်၏။ သူမသည် ပုံရိပ်ယောင်ယန်အဆင့်သို့ ခြေတစ်ဝက်လှမ်းနိုင်ခဲ့ပြီး ဖြစ်သည်။

ရှုယန်က သူမဆရာလောက် မလှပသော်လည်း သူမသည် အလွန်နူးညံ့ကာ ညင်သာလှသော ကိုယ်ရေးကိုယ်သွေး ရှိ၏။

လူလေးယောက် ဝင်လာဖို့ သိပ်မကြာလိုက်ပေ။ ထိုသူတို့ အခန်းထဲ ဝင်လာချိန်၌ သူတို့သည် အသက်ပင် ခပ်ပြင်းပြင်း မရှုဝံ့ကြချေ။ သူတို့က ခေါင်းငုံ့ထားလျက် ရှိကာ မည်သို့ ပြုလုပ်ရမှန်း မသိ ဖြစ်နေ၏။

လုယန်ဖေ၏အကြည့်က ထိုလူငယ်လေးယောက်ထံသို့ ကျရောက်လာရင်း ခပ်တိုးတိုး ဆို၏။ “အကြီးဆုံးတပည့်၊တတိယတပည့်…နင်တို့ သူတို့ကို ခေါ်သွားပါ။ သူတို့ရဲ့ ပါရမီက သာမန်ပဲ။ သူတို့ စိတ်ဝိညာဉ်လက်တွဲဖော်ကလေးငယ် ဖြစ်လာ၊မဖြစ်လာကတော့ ကံပေါ်မူတည်တယ်။ တစ်လကြာပြီးရင် သူတို့က ဆရာ ချန်ထားခဲ့တဲ့ ခရမ်းရောင်မျက်လုံးရဲ့ အသိအမှတ်ပြုမှု မခံရရင် သူတို့ကို အိမ်ပြန်ပို့လိုက်ကြ…”

အမျိုးသမီးတပည့်နှစ်ယောက်မှာ တလေးတစား ခေါင်းညိတ်ကြသည်။ ထို့နောက် သူတို့သည် ထိုလေးယောက်ကို ခေါ်ကာ ပြန်ထွက်ခွာသွားသည်။

“ဆရာ…သုံးယောက်ကျန်သေးတယ်…သူတို့က နည်းနည်းတော့ အသက်ကြီးနေကြပြီ…”

ဘေးတစ်ဖက်မှ ရှုယန်က ပြောလာ၏။

လုယန်ဖေက ခရမ်းရောင်ကျောက်စိမ်းပြားကို ကြည့်ကာ ကြမ်းတမ်းစွာ ဆုပ်ညှစ်ထားသည်။ ခဏတာ စဉ်းစားပြီးနောက် သူမက ခေါင်းယမ်း၍ ပြောသည်။ “သူတို့ကို တွေ့ဖို့ မလိုတော့ဘူး။ နင့် လက်အောက်မှာပဲ ခေါ်ထားလိုက်။ ဆရာ လုပ်စရာ ရှိသေးတယ်။ ဒါ့ကြောင့် နင် ထွက်သွားနိုင်ပြီ…”

ရှုယန်က အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။ သူမသည် လုယန်ဖေ၏ လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်မိနေသည်။ သူမက ပါးစပ်ဟကာ တစ်ခုခု ပြောရန် ပြင်သည်။ သို့သော် အဆုံးသပ်၌ သူမသည် သက်ပြင်းချကာ အခန်းထဲကနေ တလေးတစား ပြန်ထွက်သည်။

လုယန်ဖေ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နေ၏။ သူမသည် ကျောက်စိမ်းပြားကို ဆုပ်ကိုင်ညှစ်ထားသည်။ သူမ၏ မျက်လုံးထဲရှိ အရှက်ခွဲခံရမှုမှာ သတ်ချင်စိတ်ဖြင့် အစားထိုးသွားသည်။

“ရုဒီ…ငါ လီယန်ဖန် သေဆုံးရမယ် ဆိုရင်တောင် နင့်ကျင့်ကြံမှုလက်တွဲဖော် ဖြစ်လာမှာ မဟုတ်ဘူး…”

အနီရောင်အဆောက်အဦ အပြင်ဘက်တွင် လူသုံးယောက် ရှိ၏။ ဝမ်လင်းကလွဲ၍ ကျန်သည့်နှစ်ယောက်မှာ လူငယ်အရွယ်ထက် အနည်းငယ် အသက်ကြီးပုံ ရသည်။ သူတို့ထဲမှ တစ်ယောက်သည် ရိုးရှင်းသောအဝတ်အစားများ ဝတ်ဆင်ထား၏။ အခြားတစ်ယောက်က မိစ္ဆာဆန်သည့်ပုံ အနည်းငယ် ပေါက်သည်။ သူက အပြာရောင်အင်္ကျီကို ဝတ်ဆင်ထား၏။

ရှုယန်သည် သူမ၏စိတ်နှလုံးထဲ၌ ပူပန်မှုနှင့် ထွက်လာကာ သူတို့သုံးယောက်ကို ကြည့်သည်။ သူမက အပြာရောင်အင်္ကျီနှင့်လူငယ်ကို မြင်သည့်အခါ မျက်မှောင်ကြုံ့သွားသည်။

“နင်တို့သုံးယောက်…အဲ့အတိုင်းနေဦး…။နင်တို့သုံးယောက်ကို ငါ ကလန်ရှိ ခေါ်သွားပေးမယ်…” ရှုယန်က သူမ၏လက်ကို ဝေ့ယမ်း၏။ ထို့နောက် တိမ်ထုများ ပေါ်လာကာ သူတို့သုံးယောက်ကို တောင်ပိုင်းဧရိယာ၏ တောင်ခြေသို့ ခေါ်ဆောင်သွားတော့သည်။

သူတို့ ခြံဝန်းတစ်ခု အပြင်ဘက်သို့ ရောက်လာဖို့ရာ အချိန်သိပ်မကြာလိုက်ချေ။ ထိုခြံဝန်းထဲ၌ အပင်တော်တော်များများ စိုက်ပျိုးထားကြကာ အိမ်များလည်း ရှိသည်။

တိမ်ထုသည် ပျောက်ကွယ်သွားချိန်၌ အပြာရောင်ဝတ်စုံနှင့်လူငယ်မှာ ဖြူရောသွားသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်၏။ သူသည် ဘေးဘက်သို့ ပျို့အန်လိုက်ရ၏။ တိမ်ထုသည် မြန်လွန်း၏။ သူ့အတွက် ပထမဆုံး စပျံသန်းရသကဲ့သို့ သူ့သတ္တိကိုပင် ဆုံးရှုံးခဲ့ရသည်။

ရိုးရှင်းသော လူငယ်၏ မျက်နှာမှာလည်း ဖြူရောသွား၏။ သူ့ခန္ဓာကိုယ်က တုန်ယင်သွား၏။ သို့သော် သူသည် မပျို့အန်ပေ။

ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်ပင်။ သူ့အကြည့်က ခြံဝန်းထဲရှိ အပင်များပေါ်သို့ ကျရောက်သွားကာ တစ်ခုချင်းကို‌ သေချာ ကြည့်သည်။

ရှုယွမ်က ဝမ်လင်းကို ကြည့်၏။ သူမ၏မျက်လုံးမှာ တောက်ပသွားသည်။ သူမသည် ဝမ်လင်း၏ တည်ငြိမ်မှုနှင့်ပတ်သတ်၍ အတော်လေး စိတ်ရှုပ်ထွေးမိ၏။ သူမသည် ဝမ်လင်း၏အကြည့်က ဆေးပင်များအပေါ် ကျရောက်နေသည်အား တွေ့မြင်ချိန်၌ မမေးမိဘဲ မနေနိုင် ဖြစ်ရသည်။ “နင်…ဒီအပင်တွေကို သိလား…”

“အချို့အဝက်ပါ…” ဝမ်လင်းက ထိုသို့ ခပ်ဖြည်းဖြည်း ဆိုရင်း သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလာ၏။ “ငါက သမားတော်တစ်ယောက်ပဲ…”

ရှုယန်က ဝမ်လင်းကို သေချာကြည့်၍ ပြောသည်။ “နင်က ဒီဆေးပင်တွေထဲက တစ်ချို့ကို သိတယ်ဆိုတော့ နင် ဒီမှာပဲနေ၊ ဒီနေရာက ဆေးပင်တွေကို ဂရုစိုက်ချေ…”

ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။ အနည်းငယ် အာရုံစိုက်လိုက်ပြီးနောက် သူမက ၎င်းကို ပစ်လွှတ်သည်။

ကျောက်စိမ်းပြားသည် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားလေ၏။

ထိုမန္တာန်မှာ ရိုးရှင်းသောလူငယ်ကို စိတ်လှုပ်ရှားသွားစေသည်။ အလင်းတန်းနှစ်ခု အကွာအဝေးတစ်ခုကနေ ရောက်လာဖို့ရာ အချိန်သိပ်မကြာလိုက်ပေ။ ထိုအလင်းတန်းနှစ်ခုမှာ လူငယ်ကျင့်ကြံသူနှစ်ယောက် ဖြစ်၏။

“ဆရာ့ကို နှုတ်ဆက်ပါတယ်…” ထိုကျင့်ကြံသူနှစ်ယောက်က ရှုယန်ရှေ့တွင် လေးစားသည့် အမူအရာဖြင့် ရပ်နေကြသည်။

“သူတို့နှစ်ယောက်နေဖို့အတွက် နေရာတစ်ခု စီစဉ်ပေးလိုက်။ သူတို့ကို ပထမအဆင့်သုံးလွှာအတွက် မန္တာန်တွေလည်း ပေးလိုက်…” ရှုယန်သည် အမိန့်ပေးလိုက်ပြီးနောက် ခြံဝန်းထဲသို့ လှမ်းလျှောက်သွားသည်။ ထို့နောက် သူမသည် လှည့်၍ ဝမ်လင်းထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “နင်…ဝင်လာခဲ့…”

ဝမ်လင်းသည် တည်ငြိမ်သည့်ဟန်ပန်ဖြင့်ပင် ခြံဝန်းထဲသို့ လှမ်းဝင်လိုက်သည်။ သည်နေရာရှိ ဆေးပင်များ၏ ရနံ့က သူ့မျက်နှာထံ တိုးဝင်လာသည်။ ထိုအဖြစ်က သူ့ကို လန်းဆန်းသွားစေသည်။ သူသည် ပုံမှန်အတိုင်းဟု ထင်ရသော်လည်း တုန်လှုပ်မိပေသည်။ သည်ခြံဝန်းထဲတွင် မဟာမိတ်နှင့်အလုံးစုံကောင်းကင်တို့တွင် မျိုးတုန်းသွားကြပြီ ဖြစ်သော ဆေးပင်များစွာ ရှိနေသည် မဟုတ်လား။

“နင် ဒီမှာ နေရမယ်…” ရှုယန်သည် သူမရှေ့ရှိ သစ်သားအိမ်ကို လက်ညှိုးထိုးပြသည်။ သူမက ဝမ်လင်းကို လေ့လာခဲ့ပြီးသလောက် ထိုသူသည် တည်ငြိမ်လွန်းလှသည်ဟု ခံစားနေရသည်။ သူသာ ကျင့်ကြံသူ တစ်ယောက် ဆိုလျှင် တော်သေး၏။ သို့သော် သူမ မည်သို့ပင် စစ်ဆေးကြည့်သည်ဖြစ်စေ ထိုစန်နူးထံ၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အရိပ်အယောင်မှ ရှိလို့မနေပေ။ ထိုအဖြစ်က သူမကို ကြီးစွာ အံ့အားသင့်မိစေသည်။

သို့ရာတွင် သူမသည် အများကြီးတွေးမနေတော့။ သူ့ကို ဆေးပင်များအား ဂရုစိုက်ရပုံစိုက်နည်းနှင့် ကျင့်ကြံဖို့ မန္တာန်များ ပေးပြီးနောက် သူမသည် ဝမ်လင်းကို လစ်လျူရှုလိုက်တော့၏။ သူမက ခြံဝန်းအလယ်ရှိ အိမ်ထံသို့ သွားကာ စတင်ကျင့်ကြံသည်။ သူမက အထည်ဒြပ်ယန်အဆင့်သို့ ရောက်ရှိရန် ကြိုးစားနေသူ ဖြစ်၏။ ထို့ကြော့င် သူမသည် သူမဆရာအတွက် အကူအညီတစ်ချို့ကို ပေးနိုင်သည်။

သူမက သူမဆရာ၏လက်ထဲရှိ ခရမ်းရောင်ကျောက်စိမ်းပြား အကြောင်းတွေးမိချိန်၌ ခါးသက်သက်ခံစားမိသည်။ သူမသည် သူမဆရာ၏အလှတရားမှာ အစွမ်းထက်ကျင့်ကြံသူများစွာကို စွဲဆောင်နိုင်မှန်း သိထား၏။ ကလန်၏ ဘိုးဘေး သေဆုံးသွားချိန်၌ သူမဆရာ အပေါ် လူအများ၏ စိတ်နှလုံးမှာ လှုပ်ရှားခဲ့ပေပြီ။

သူမသည် သူမ၏ဆရာဦးလေး သုံးယောက်က ကူညီပေးရန် ငြင်းဆိုသည့်အကြောင်း တွေးမိသည့်အခါ အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားမိလေ၏။

“ငါ ဒီတစ်ကြိမ် အထည်ဒြပ်ယန်အဆင့်ကို မရောက်နိုင်ရင် ငါ့မှာ စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏ ဆေးလုံးကို သောက်ဖို့ပဲ ရှိတော့တယ်…” ထို‌ခွဲခွာခြင်းမရဏဆေးလုံး၏ ကြောက်မက်ဖွယ် ကောင်းပုံ အကြောင်းတွေးမိသည့်အခါ ရှုယန်သည် အသက်ဝဝရှုသွင်းမိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက မျက်လုံးမှိတ်ကာ စတင် ကျင့်ကြံချေသည်။ သူမက သူမ၏နယ်ပယ်ကို အနည်းငယ် ချိုးဖျက်နိုင်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူမ၏အဆင့်မှာ အထည်ဒြပ်ယန်သို့ ရောက်ရှိဖို့ သိပ်မဝေးတော့ပေ။

ရှုယန် ထွက်သွားသည့်နောက် ဝမ်လင်းက ပြုံး၏။ သူ့ကိုယ်ပိုင်အိမ်သို့ မသွားခင် သူသည် ဆေးပင်များကို ဝေ့ကြည့်လိုက်သေးသည်။ သူက သူ့အိမ်မှာ သိပ်မကြီးမားလှသည်ကို တွေ့၏။ အိပ်ယာတစ်ခုအပြင် သစ်သားစားပွဲတစ်ခုသာ ရှိ၏။

စားပွဲပေါ်တွင်တော့ ဆီမီးအိမ်တစ်ခု ရှိသည်။

အညောင်းအညာ ဆန့်လိုက်ပြီးနောက် ဝမ်လင်းက အိပ်ယာပေါ်တွင် လှဲလျောင်းကာ သစ်သားခေါင်မိုးကို မော့ကြည့်နေ၏။ သူက စိတ်သက်သာရာရ၍ အနားရသည့်ပုံ ပေါ်နေသည်။သူသည် အခုလို အေးဆေး မနေရသည်မှာ အချိန်ကြာလွန်းခဲ့ပေပြီ။ မြောက်ပိုင်းရေကျေးရွာ ဖြစ်စေ၊ အခုနေရာ ဖြစ်စေ သူ့အဖို့ ရှားတောင့်ရှားခဲ စိတ်အေးချမ်းမှုကို ပေး၏။

သူ့အဆင့်ရောက်သည့်အထိ ကျင့်ကြံပြီးနောက် ကျင့်ကြံခြင်းအပြင် အရေးကြီးဆုံးအချက်များမှာ တာအိုနှင့်ဥပဒေသတိုကို နားလည်ရန်ပင် ဖြစ်သည်။ လှဲလျောင်းနေရင်း ဝမ်လင်းက တည်ငြိမ်မှုကို ခံစားမိ၏။ သူသည် အကြံဉာဏ်စိတ်ကူးတစ်ချို့ကိုလည်း ခပ်ရေးရေး ဖမ်းဆုပ်မိသည်။

“အမှန်နဲ့အမှား…ဖြစ်နိုင်တာက အခုချိန်မှာ ငါဟာ အမှန်နဲ့အမှားကြား ရောက်နေတာလား…” ဝမ်လင်းသည် ပြုံးမိ၏။သူသည် သူ့မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ကောင်းကင်ထက်၌ အမှောင်ထု တဖြည်းဖြည်း ကြီးစိုးလာ၏။ အခန်းထဲ၌လည်း လုံးဝ မှောင်နေပေပြီ။ ဝမ်လင်းသည် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သို့သော် သူသည် မီးအိမ်ကို မီးမထွန်းသေးပေ။ ထိုအစား သူက ထထိုင်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေသည်။ ထို့နောက် သူသည် သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ လက်ညွှန်သည်။ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲထွက်၏။

သူ့ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်တို့သည် မူလကလန်၏ တောင်ပိုင်းခြံဝန်းထဲတွင် ပိုင်းခြားစွာ ထွက်ပေါ်လာခဲ့သည်။

သူ့မူလခန္ဓာကိုယ်မှာ ထိုင်နေ၏။ သူ့ခါးအောက်ပိုင်းရှိ အရာအားလုံးမှာ အရိုးများသာ ဖြစ်သည်။ သူ့အရိုးများသည် နက်မှောင်ကာ ဖျော့တော့တော့ အနီရောင်လိုင်းများ အရိုးတစ်လျှောက်တွင် ရှိသည်။ တစ်ယောက်ယောက်ကသာ ထိုအခြင်းအရာကို တွေ့မြင်ပါက သူတို့သည် လုံးဝ အံ့အားသင့် ပင့်သက်ရှိုက်မိပေမည်။

မူလခန္ဓာကိုယ်သည် သူ ဟင်္သာငှက်နတ်ကလန်တွင် ရှိစဉ်က ပို၍ ဆိုးဝါးလာခဲ့၏။ ကြည့်ရသည်မှာ သူ့ဒဏ်ရာများ ပိုဆိုးလာသည့်ပုံ ရသည်။

အမှန်တော့ ဝမ်လင်းသည် သူ ဟင်္သာငှက်နတ်ကလန်တွင် ရှိစဉ် မိုးကောင်းကင်ဘုံနယ်မြေ၌ အဇူရာနဂါးနတ်အင်ပါယာကို ကယ်တင်ရန် ထွက်လာခဲ့ချိန်ကတည်းက မူလခန္ဓာကိုယ်နှင့် ပြန်ပေါင်းစည်းထားခဲ့ပေ၏။ သို့ရာတွင် မူလခန္ဓာကိုယ်၏ ပြဿနာများကြောင့် သူတို့ ပေါင်းစည်းထားလျှင်ပင် သူ့ထံ၌ အသုံးပြုရန် ရှေးဟောင်းနတ်ဘုရားစွမ်းအား များများစားစားမကျန်တော့ပေ။

“ရှေးဟောင်းနတ်ဘုရားတွေဟာ ကပ်ဘေးခုနစ်ခု၊စမ်းသပ်ချက်သုံးခုကို တွေ့ကြုံရတယ်။ ထူစီရဲ့ မှတ်ဉာဏ်တွေအရ ငါ ကြယ်ခြောက်လုံးအဆင့်ကို ရောက်ရှိပြီးမှ ပထမစမ်းသပ်မှုရဲ့ ဦးဆုံးစမ်းသပ်မှုနှစ်ခုကို တွေ့ကြုံသင့်တာ။ အခုလောက် ပထမစမ်းသပ်မှုကို မြန်မြန် ရင်ဆိုင်ရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”

“ပထမစမ်းသပ်မှုမှာ အသွေးအသားကပ်ဘေးနဲ့ အရိုးကပ်ဘေးဆိုပြီး ပါဝင်တယ်။ နှစ်ခုလုံးက တကယ့်ကို အားကောင်းကြတယ်…” ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်ကို ကြည့်နေရင်း သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူ့သိုလှောင်နေရာလွတ် အက်ကြောင်းတစ်ခု ပွင့်ဟကာ လက်သီးစုပ်ခန့် သွေးသလင်းကျောက်များ ပျံသန်းထွက်လာသည်ထိုသွေးသလင်းကျောက်အားလုံးမှာ သွေးအလင်းကို ထုတ်လွှတ်နေ၏။ သို့သော် ထူးဆန်းလှသည်က ထိုအလင်းများသည် အခန်းအတွင်း၌သာ ရှိ၍ အပြင်သို့ စိမ့်မထွက်ခြင်းပင်။ ဝမ်လင်းသည် သွေးသလင်းများကို ကြည့်ကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ ထိုသွေးသလင်းများက သူ့မူလခန္ဓာကိုယ်ထံသို့ ပျံသန်းလာ၏။ ၎င်းတို့က အရိုးစုတစ်ဝက်ဖြစ်နေသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တဖြည်းဖြည်းချင်း ဖုံးလွှမ်းသည်။

သူ့မူလခန္ဓာကိုယ်သည် ၎င်း၏မျက်လုံးကို ဖွင့်ဟ၏။ ထို့နောက် ၎င်းသည် မြေပြင်ထဲသို့ နစ်မြုပ်ကာ အခန်းထဲကနေ ပျောက်ကွယ်သွားတော့သည်။ သူသည် ဆက်၍ နစ်မြုပ်နေရင်း မိုလျိုကုန်းမြေ၏ အတွင်းနက်ပိုင်းထိ ရောက်ရှိသွားသည်။ ထို့နောက် သူသည် မျက်လုံးမှိတ်ကာ သွေးသလင်းထံမှ အော်ရာများကို စတင် စုပ်ယူသည်။

ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်၏ စမ်းသပ်မှုသုံးခုကပ်ဘေးခုနစ်ခု စောလျင်စွာ ရောက်ရှိလာချိန်၌ ထူစီ၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်သည်။ မှတ်ဉာဏ်များကို လေ့လာကြည့်ရှုပြီးနောက် သူသည် ဉာဏ်အလင်းရရှိကာ ခန့်မှန်းမှုတစ်ခုကို ရရှိသွားသည်။ သူ့ရှေးဟောင်းခန္ဓာကိုယ်မှာ အစစ်အမှန်ရှေးဟောင်းနတ်ဘုရားနှင့် ယှဉ်ပါက အပြည့်စုံပေ။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားသွေး မရှိပါဘဲ ပထမစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ဖို့မှာ အလွန်ခက်ခဲပေ၏။

သို့ရာတွင် ထိုအရာက သူ့ခန့်မှန်းတွက်ချက်မှုမျှသာ ဖြစ်၏။ ဝမ်လင်းက သူ့မူလခန္ဓာကိုယ်သည် ပထမစမ်းသပ်မှုမှ အသွေးအသားကပ်ဘေးကို ဖြတ်ကျော်နိုင်မလား မသေချာပေ။

စဉ်းစားနေရင်းဖြင့် အချိန် ကုန်လာ၏။ နံနက်ခင်းအလင်းရောင်ပင် အခန်းထဲသို့ တိုးဝင်လာခဲ့ပေပြီ။ မိုးတဖြောက်ဖြောက် ရွာသံလည်း ဝမ်လင်းနားထဲသို့ တိုးဝင်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset