ဝမ်လင်းသည် ရွှံ့နွံများအတွင်း တလှုပ်လှုပ်ဖြစ်နေသော တောအုပ်ထဲ၌ လမ်းလျှောက်နေသည်။ သူက ရွှံ့နွံထဲ၌ လက်သီးစုပ်ခန့်ဖားအချို့ ခုန်ပေါက်နေသည်ကိုလည်း မြင်၏။ ၎င်းတို့က မိုးရွာသဖြင့် ပျော်နေကြဟန်တူ၏။
ဝမ်လင်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းသို့ ဝင်လာပြီးကတည်းက သူ့အဖို့ အရာရာမှာ ထူးဆန်းနေသည်ဟု ခံစားမိသည်။သူက သူ ဘယ်နေရာတွင် ရှိနေသည်ကို မသိ၊ လမ်းလျှောက်နေရင်း စဉ်းစားကြည့်နေသည်။
သူက သည်နေရာသို့ လာရောက်ခဲ့ခြင်းမှာ ထာဆန်ကို ရှောင်နိုင်ဖို့ ဖြစ်၏။ သို့သော်လည်း ထာဆန်၏စွမ်းအားဖြင့် ကြယ်အဖွဲ့အစည်းနှစ်ခုကြားရှိ အရံအတားကို ချိုးဖျက်ပစ်ဖို့ရာ လွယ်လှပေသည်။ ကြည့်ရသည်မှာ အချိန်ကြလာပါက သူ့အတွက် ပုန်းဖို့နေရာ မရှိလောက်တော့ပေ။
“ဒီလို ဦးတည်ရာမဲ့ ထွက်ပြေးနေမယ့်အစား တိမ်ပင်လယ်မှာ ခြေကုပ်တစ်ခု ရအောင် တတ်နိုင်သမျှ လုပ်သင့်တယ်လို့ ငါ ထင်တယ်။ ငါ့မူလခန္ဓာကိုယ်ဟာ ကပ်ဘေးခုနစ်ခုစမ်းသပ်မှုသုံးခုကို ဖြတ်ကျော်ပြီးခဲ့ရင်တော့ အနာဂတ်အတွက် လမ်းကြောင်းတစ်ခုနဲ့ ပတ်သတ်ပြီး ငါ စဉ်းစားရလိမ့်မယ်…”
ဝမ်လင်း၏ မျက်လုံးထဲတွင် ပူပန်ဟန် အရိပ်အမြွက် ဖြစ်ပေါ်နေ၏။
“လောလောဆယ် အရေးကြီးဆုံးက တိမ်ပင်လယ်က ကျင့်ကြံသူတစ်ယောက်အဖြစ် ငါ့ကိုယ်ငါ အမည်တပ်နိုင်ဖို့ပဲ…” ဝမ်လင်းသည် ကျဆင်းနေသည့် မိုးရေစက်များကို မော့ကြည့်၏။
မဟာမိတ်မှာတုန်းကကဲ့သို့ နှင်းပွင့်များနှင့် တစ်သားတည်း ပေါင်းစပ်သလိုမျိုး ဝမ်လင်းက ပြုလုပ်ရပေဦးမည်။
ရှေ့သို့ ဆက်သွားနေရင်း သူ့ခန္ဓာကိုယ်မှာ သေးသထက် သေးငယ်လာ၏။ သူ့ဆံပင်များမှာ တဖြည်းဖြည်းချင်း နက်မှောင်လာသည်။ သူ့ပုံပန်းအသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူ့ပုံစံက သာမန် ဆင်းရဲသား ပညာတတ် တစ်ယောက်ဟန်ပန်နှင့် တူသွားသည်။ သူသည် မိုးသည်းနေသော တောအုပ်ထဲကနေ လှမ်းလျှောက်ထွက်လာလေ၏။
မိုလျိုကုန်းမြေ၏ မိုးရာသီမှာ လအတော်အတန် ကြာ၏။ သည်မိုးရာသီမှာ မြေကြီးများ ငွေ့ရည်စွတ်၊ လူများ အရိုးအချင်များ ကိုက်ခဲ၊ မိုးဉတု ရပ်တန့်သွားခါနီးချိန်တွင် သံချေးနံ့ကဲ့သို့ မြေသင်းနံ့ကို ရရှိပြီးမှ ရပ်တန့်သွားတတ်သည်။
ကျင့်ကြံသူ ဖြစ်စေ၊ သေမျိုး ဖြစ်စေ မိုလျိုကုန်းမြေထက်ရှိ လူတိုင်းသည် ထိုအခြင်းအရာနှင့် အသားကျနေခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူများကတော့ ဒီလိုမိုးရာသီတွင် တံခါးပိတ်ကျင့်ကြံခြင်း သို့မဟုတ် သားရဲများကို အမဲလိုက်ခြင်းတို့ ပြုလုပ်တတ်သည်။ အခု မိုးရာသီတွင်တော့ မိုလျိုကုန်းမြေ၏ ကလန်တစ်ခုမှ ကလန်သားအားလုံးနီးပါးသည် မိုးထဲလေထဲသို့ ထွက်လာကြကာ ကုန်းမြေ၏ မြောက်ဘက်ပိုင်းထံသို့ ဦးတည်လာနေကြသည်။
အလင်းတန်းများက ကောင်းကင်ထက်တွင် ပြည့်နှက်နေ၏။
မြောက်ပိုင်းရေကျေးရွာကတော့ ၎င်း၏ နာမည်နှင့် အညီ ရှိနေ၏။ ၎င်းရွာမှာ မိုလျိုကုန်းမြေ၏ မြောက်ဘက်ပိုင်း ကီလိုမီတာ ငါးရာရှိ တောအုပ်အတွင်း တည်ရှိသည်။ ရွာသူရွာသာအများစုကတော့ လယ်စိုက်၍ အသက်မွေးကြသည်။ အုပ်စုဖွဲ့၍ အနီးအနားရှိ တောင်ကြားတွင် အမဲလိုက်ကြသည့်သူအချို့လည်း ရှိကြသည်။
မြောက်ပိုင်းရေကျေးရွာမှ လူများသည် အခုလို မိုးရာသီတွင် တောထဲသွား၍ ရေဖားပြုတ်များကို ဖမ်းစီးခြင်းတွင် အတွေ့အကြုံ ရှိနေကြပေပြီ။ အခုလို မိုးရာသီအအတွင်း ရွာသားများက လေးကြိမ်၊ငါးကြိမ် လောက် တောထဲ သွားတတ်ကြ၏။ သူတို့ ပြန်လာတိုင်း ခြင်းပလောင်းထဲ၌ ရေဖားပြုတ်များအပြည့် ပြန်ပါလာတတ်ကြသည်။
ထိုသို့ ဖားသွားရှာကြသူများ ပြန်လာတိုင်း သူတို့ မိသားစုများက မိုးကာများဝတ်ကာ စီးကြိုကြသည်။ ကလေးငယ်များသည်ပင် ရေဖားပြုတ်များ ဖမ်းယူလာကြသော သူတို့၏အဖေ၊အစ်ကို၊ ဦးလေး ဖြစ်သူများကို စိတ်လှုပ်ရှားဟန် ကြည့်ကြ၏။
သို့ရာတွင် ယခုတစ်ခေါက် မိုးရာသီတွင်တော့ ထိုရွာသားများသည် တောထဲကနေ ရွာသို့ ပြန်ရောက်လာချိန်၌ ဖားပြုတ်များအပြင် လူတစ်ယောက်ကိုပါ ခေါ်လာခဲ့ကြ၏။ ထိုသူမှာ သာမန်၊ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ပင်။ ကြည့်ရသည်မှာ သူက မိုးအေးသည့်ဒဏ်ကို မခံနိုင်ဟန် တူကာ ရွာသားတစ်ယောက် လက်ဆောင်ပေးထားသော မိုးကာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက ထူးဆန်းသည့်ဟန်အမူအရာနှင့် တိတ်တဆိတ် မတ်တပ်ရပ်နေ၏။ သူက သူ့ရှေ့ရှိ ရွာလေးကို ကြည့်နေသည်။ သူ့မျက်လုံးထဲတွင်တော့ အတိတ်ကိုအောက်မေ့မှုနှင့်တမ်းတရိပ်တို့ သမ်းနေသည်။
“ညီလေးစန်…ဒါက ငါ့တို့ မြောက်ပိုင်းရေကျေးရွာပဲ။ မင်း…ဒီရွာမှာ မိုးရာသီကုန်တဲ့အထိ နေနိုင်တယ်။ အဲ့ဒီနောက်တော့ မင်းက တောင်ပေါ်လမ်းအတိုင်း ဆက်သွားရင် နွေဦးမြို့ကို ရောက်လိမ့်မယ်…”
ဗလတောင့်တောင့်လူကြီးက သူ့ရေဖားများ ထည့်ထားသည့် ခြင်းပလောင်းကို တစ်စုံတစ်ယောက်ထံ ကမ်းပေးရင်း ဝမ်လင်းကို ပြုံးပြသည်။
ဝမ်လင်းသည်လည်း သူ့လက်နှစ်ဖက်ကို စုပ်ကာ ပြုံး၍ ကျေးဇူးစကား ဆိုသည်။
ဗလတောင့်တောင့်နှင့်လူက သူ့လက်ကို ခါကာ ပြုံး၍ ပြောသည်။ “ငါက လုံးဝ ကျောင်းမနေဖူးခဲ့ဘူး။ ဒါ့ကြောင့် ဘယ်လိုယဉ်ကျေးမှုနဲ့ ပြုမူဆက်ဆံရလဲ ငါ မသိဘူး။ ငါတို့က လမ်းပေါ်မှာ တွေ့ခဲ့မှတော့ ၊ မိတ်ဆွေတွေ ဖြစ်မှတော့ ညီအကိုချင်း ခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ ဒီနေ့ မိုးသည်းတယ်ကွ။ အိမ်ထဲ မြန်မြန်သွားကြရအောင်…။ မိန်းမရေ…အိမ်နောက်ဘက်အခန်းကို သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် မြန်မြန်ရှင်းလင်းပေးဦး၊အဲ့မှာ အစ်ကိုစန်နေလိမ့်မယ်…”
မိုးကာ ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်က ထိုအမျိုးသားဖြစ်သူနား ရောက်လာ၏။ သူမက ဝမ်လင်းကို ကြည့်၍ ပြုံးပြသည်။ သူမသည် သူမ၏ယောကျ်ားဖြစ်သူကို ဝမ်လင်း ဘယ်သူဘယ်ဝါ မေးမနေ၊ အိမ်ထဲသို့ ခပ်မြန်မြန် ပြန်သွား၏။ နောက်ဘက်အခန်းကို သန့်ရှင်းပြီးသည့်နောက် သူမက အိပ်ယာခင်းတစ်ခုကို နေရာချသည်။
ထိုဗလတောင့်တောင့်လူကြီးမှာ ရွာတွင် ဩဇာရှိသူတစ်ယောက်၊ သို့အတွက်ကြောင့် အိမ်နီးနားချင်းများက ညပိုင်းတွင် အိမ်လည်လာကြသည်။ သူတို့သည် ထိုကဲ့သို့ လူစု၍ အရက်များ သောက်တတ်ကြ၏။ ဝမ်လင်းသည် ဝိုင်းဘေးတွင် ထိုင်ကာ အရက်ခွက်ကို ကိုင်ထားလျက် ရှိသည်။ သူသည် သောက်ရင်း ပြုံး၍ သေမျိုးများကို ကြည့်နေ၏။ သူ့စိတ်နှလုံးမှာ တည်ငြိမ်နေသည်။
သောက်စားပြီးနောက် ဗလတောင့်တောင့်လူကြီးက အားပါးတရ ရယ်မော၏။ အသက်လေးဆယ်ဝန်းကျင် ယောက်ျားသားများထဲမှ တစ်ယောက်က ဝမ်လင်းထံ အရက်ခွက် ကမ်းပေးရင်း ပြောသည်။ “အစ်ကိုစန်…ငါတို့မိသားစုရဲ့ တတိယအစ်ကိုက သင့်ကြောင့်သာ မဟုတ်ရင် သူ မြေကိုက်ခံရလို့ သေလောက်ပြီတဲ့။ ဒီအဘိုးအိုက သင့် အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကို မမေ့ပါဘူး…”
ထိုသို့ ပြောပြီးနောက် သူက အရက်တစ်ခွက်လုံး မော့သောက်ချသည်။
ဝမ်လင်းကလည်း ပြုံးပြ၏။ ထို့နောက် သူက စားပွဲဝိုင်းမှ အရက်အိုးကို လှမ်းယူကာ ပါးစပ်အပြည့် သောက်ချရင်း ပြောသည်။ “ဒီအရက်က သိပ်မပြင်းသလိုပဲ…”
ဝိုင်းဖွဲ့သောက်နေကြသည့် ရွာသားများသည် ဝမ်လင်း စကားကို ကြားသည့်အခါ လက်ခုပ်လက်ဝါး ထတီးကြ၏။ ဝမ်လင်းကို အိမ်နောက်ဘက်ခန်းတွင် နေခိုင်းသည့် သူက ရယ်မောကာ ဆိုလာသည်။ “မိန်းမရေ…မြောက်ပိုင်းရေရွာရဲ့ အရက်ထဲက သုံးအိုးလောက် သွားယူပါဦး။ငါ အစ်ကိုစန်ကို အရက်ပြင်းပြင်းအချို့ မြည်စမ်း ကြည့်စေချင်လို့…”
ဗလတောင့်တောင့်နှင့်လူ၏ ဇနီးက ခေါင်းယမ်းကာ အိမ်ထဲသို့ ဝင်သွား၏။ သူ့ဂျူနီယာနှစ်ယောက်ကျော်ကလည်း နောက်ကနေ လိုက်သွားကြ၏။ သိပ်မကြာခင်မှာပင် အရက်အိုးသုံးလုံး ဝိုင်းထဲ ရောက်လာခဲ့ပေပြီ။
အချိန်သည် အခုလို သောက်ရင်းစားရင်း ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေသည်။ သည်လိုနှင့် ဖျပ်ခနဲပင် တစ်လတာ ကုန်ဆုံးသွားခဲ့လေပြီ။ မိုးရာသီ မကုန်ဆုံးသေးသော်ငြား မိုးနည်းလာခဲ့ပေပြီ။ အချို့နေ့များဆို မိုးမရွာဘဲ နေသာ၍ပင် ရှိသေး၏။
ဝမ်လင်းက သည်ရွာတွင် ကျော်ကြားနေပေပြီ။ လူတိုင်းသည် သူ့ကို အသောက်တော်သော အေးအေးဆေးဆေး ရှိလှသည့် အိမ်နီးနားချင်းတစ်ယောက်အဖြစ် လက်ခံနေကြပြီ ဖြစ်သည်။ ရွာသားများက သူ့ကို သမားတော်တစ်ယောက်အဖြစ်လည်း အသိအမှတ်ပြုထားကြ၏။ ခါးမာသော ရွာသူရွာသားများနှင့် ရွာအကြီးအကဲများသည်ပင် ဝမ်လင်း၏ ဆေးပညာကို မျက်မြင်တွေ့ကာ လက်ခံခဲ့ကြသည်။
သူတို့က ဝမ်လင်း၏ သစ်သားပန်းပုများကိုလည်း သဘောကျကြသည်။ ဝမ်လင်းမှာ သမားတော်လည်းဖြစ် ပန်းပုဆရာလည်း ဖြစ်လာခဲ့သည်။
အချိန်သည် ဆက်တိုက် ကုန်ဆုံးနေရင်း သူသည် ထာဆန်နှင့်အရေးကိစ္စကိုမေ့၊ ကျင့်ကြံသူတစ်ယောက်၏ သေခြင်းရှင်ခြင်း အခြေအနေတို့ကိုမေ့၊ ဘဝ၏လှဲ့ဖြားမှုတို့ကိုမေ့ထား သကဲ့သို့ပင်။
သူက အခုလိုမျိုး ငြိမ်းအေးသည့် ဘဝ၊ ရွာသားများ၏ ကြည်နူးဖွယ်ဘဝမျိုးကို နှစ်သက်၏။ သို့သော်လည်း ဝမ်လင်းက သည်လိုမျိုး ဘဝမှာ ခဏတဖြုတ်သာ မကြာခင်တွင် ပျောက်ကွယ်သွားမည်ကို သိထားပေသည်။
မူလကလန်မှ ကျင့်ကြံသူများသည် မိုလျိုကုန်းမြေ၏ မြောက်ဘက်ပိုင်းသို့ ရောက်လာခဲ့ကြပြီ ဖြစ်၏။ သူတို့သည် သေမျိုးများကြား ကျင့်ကြံဖို့ အရည်အချင်း ရှိသည့်သူကို ထပ်ခါထပ်ခါ ရှာဖွေနေကြသည်။ အချို့မှာ လူငယ်၊ အချို့က သက်လတ်ပိုင်း ဖြစ်ကြ၏။ ကလန်၏ဆံဖြူအကြီးအကဲများကတော့ ထိုသူများကို ကြည့်ရှုကြသည်။ သို့သော် အများစုသည် သူတို့ ရှာလိုသည့်လူနှင့် မကိုက်ညီကြပေ။
ယနေ့တွင် ကျင့်ကြံသူတစ်ယောက်သည် မြောက်ပိုင်းရေကျေးရွာသို့ ရောက်ရှိလာ၏။ ထိုသူမှာ အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသည်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိ၏။ သူ့အသက်အရွယ်၊ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက လူငယ်မျိုးဆက်ကြား ခေါင်းဆောင်တစ်ယောက်ဟုပင် ယူဆနိုင်သည်။
ထိုကျင့်ကြံသူ၏ဟန်ပန်က အေးစက်စက်၊ ထို့ကြောင့် ရွာသားများမှာ သူ့ကို မြင်သည်နှင့် ကြောက်လန့်ကုန်၏။ သူတို့အားလုံး အိမ်ထဲကနေ ထွက်လာကြကာ မိုးထဲ၌ တုန်ယင်နေကြသည်။ မိုလျိုကုန်းမြေမှ လူများသည် ကျင့်ကြံသူများကို သိကြ၏။ သူတို့သည် ထိုကျင့်ကြံသူသာ ဒေါသထွက်လာခဲ့ပါက လူတစ်ယောက်ကို သတ်ပစ်ဖို့မှာ တစ်ဒင်္ဂမျှသာ ကြာမည်ကို နားလည်ထားကြသည်။
ကျောက်ယုက ရွာသား သေမျိုးကို ကြည့်နေရင်း မျက်မှောင်ကြုတ်၏။ မိုးစက်များက သူနှင့် သုံးပေအကွာတွင်သာ ရှိနေရာ သူ့ဝတ်စုံကို သန့်ရှင်းစေမြဲ ရှိနေသည်။
ရွာသားများကတော့ မိုးရေများ စိုစွတ်ရွှဲနစ်၍ အေးစက်နေကြသည်။ လူငယ်များက တော်သေး၏။ သို့သော် ကလေးငယ်များကမူ အအေးဒဏ်ကြောင့် တုန်ယင်နေကာ သူတို့၏မိဘများက ထွေးပိုက်ဖတ်ထားပေးရသည်။
သူတို့အားလုံးသည် ဤနေရာတွင် ရပ်နေကြရသည်မှာ ဆယ့်ငါးမီနစ်နီးပါးကြာနေပေပြီ။ သို့သော်လည်း ထိုကျင့်ကြံသူက ဘာစကားတစ်ခွန်းမှ မပြောသေးပေ။
“တန်…တန်ခိုးရှင်…မိုးအေးလို့ ကလေးတွေလည်း အားနည်းနေပြီ။ သူတို့ အချိန်အကြာကြီး အအေးဒဏ်ကို မခံနိုင်လောက်ကြဘူး…။ဒါ့ကြောင့်…”
ဝမ်လင်းကို ခေါ်လာခဲ့သော ဗလတောင့်တောင့်နှင့်လူက စကားစဆိုသည်။ သူ့သမီးလေးမှာ ဖြူရောအေးစက်နေပေပြီ။
သို့ရာတွင် သူ့စကားမဆုံးသေးခင်မှာပင် ကျောက်ယု၏ အေးစက်စက်အကြည့်က ကျရောက်လာ၏။ ထိုအကြည့်ဖြင့်ပင် ဗလတောင့်တောင့်လူက သူ့စကားများကို ပြန်မြိုချလိုက်ရတော့သည်။
ကျောက်ယုက အေးစက်စက်နှာခေါင်းရှုံ့၍ ပြောလာသည်။ “သူတို့က မိုးဒဏ်မခံနိုင်ရင် ဘယ်လိုလုပ် ကျင့်ကြံသူတေွ ဖြစ်လာနိုင်ပါ့မလဲ…” သူ့နှာခေါင်းရှုံ့သံထဲ၌ သူ့ကျင့်ကြံမှုအဆင့် အရိပ်အမြွက် ပါ၏။ ထိုအသံက ရွာသူရွာသားများ နားထဲ၌ ပဲ့တင်ထပ်သွားကာ သူတို့၏မျက်နှာများသည် ဖြူရောကုန်လေ၏။
ဝမ်လင်းသည်လည်း လူအုပ်အတွင်း၌ ရှိနေ၏။ သူ့ဟန်ပန်မှာ သုန်မှုန်နေသည်။ သူသည် လူအုပ်ထဲကနေ လှမ်းထွက်လာကာ ကျောက်ယုထံသို့ လှမ်းသွား၏။
ကျောက်ယုက မင်သက်သွား၏။ သူက လှမ်းဟောက်ရန် ပြင်သည်။ သို့သော် သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန်ဖြင့် ပြည့်သွား၏။ သူ့အကြည့်က ဝမ်လင်းထံကနေ ရွာသားများထံသို့ ကျရောက်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။ “မင်းတို့အားလုံး…ပြန်သွားကြတော့…”
ရွာသားများသည် မင်သက်သွားကြ၏။ သူတို့သည် သူတို့၏ကလေးများကို ခေါ်ကာ အိမ်ထဲသို့ ဝရောသုန်းကား အမြန် ပြန်ဝင်ကြသည်။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မမြင်ရသောအပူလှိုင်းတစ်ခုသည် ရွာသားများ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ အအေးဓာတ်ကို ဖယ်ရှားပေးသွားသည်။
မိုးသည်းညထဲမှာပင် ဝမ်လင်းက ရှေ့ကနေ ဦးဆောင်လျှောက်၏။ ကျောက်ယုက သူ့နောက်ကနေ လိုက်လာ၏။ သူသည် ဆက်၍ စိတ်ရှုပ်ထွေးမနေတော့၊ သို့သော် သူသည် သူ့စိတ်ဝိညာဉ် ဆုံးရှုံးနေသကဲ့သို့ ဖြစ်နေသည်။
မူလကလန်၏ လုပ်ဆောင်လှုပ်ရှားမှုများမှာ တစ်လနီးပါး ရှိလာခဲ့ပေပြီ။ သူတို့သည် မိုလျိုကုန်းမြေ၏ မြောက်ပိုင်းကနေ သေမျိုး(၃၁)ယောက်ကို ခေါ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။ သူတို့ကြား၌ ဆယ့်ခုနစ်ယောက်မှာ ဆယ်ကျော်သက်၊ ကျန်သည့်သူများက လူငယ်များ ဖြစ်ကြ၏။ သူတို့အားလုံးသည် မူလကလန်သို့ ပို့ဆောင်ခြင်း ခံရကာ ဧရာမချိုင့်ဝှမ်းတွင် အထိုင်ချကြရသည်။
မူလကလန်၏ အကြီးအကဲလေးယောက်က ထိုလူ(၃၁)ယောက်ကို အရေးတကြီးအဖြစ် ထားရှိ၏။ ထိုသူများကြားထဲ၌ အမျိုးသမီးအကြီးအကဲ လုယန်ဖေ ခေါ်ဆောင်ခဲ့သော သူတစ်ယောက် ရှိ၏။ ထိုသူမှာ မြောက်ပိုင်းရေကျေးရွာမှ စန်နူး အမည်ရ လူငယ်ပင်။
***
gg
Good