Switch Mode

အပိုင်း(၁၁၉၀)

မိုး

မိုလျိုကုန်းမြေထုမှ တောအုပ်၏ အရှေ့ဘက်ပိုင်းတွင် တောင်တန်းတစ်ခု ရှိလေ၏။ ထိုတောင်တန်းမှာ စက်ဝန်းပုံစံ ထူးထူးဆန်းဆန်း တည်ရှိနေခြင်းပင်။

ထိုစက်ဝန်းပုံစံတောင်တန်းကြားတွင် ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ရှိသည်။

ထိုချိုင့်ဝှမ်းထဲတွင် အဆောက်အဦများ ပြည့်နေ၏။ ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အလင်းက ညအမှောင် ထိန်လင်းစေသည်။ သို့သော်လည်း ထိုချိုင့်ဝှမ်းအတွင်း ဝမ်းနည်းမှု အငွေ့အသက်အာရုံတို့ ရှိလို့နေသည်။ အသည်းအသန် ရွာသွန်းနေသော မိုးသည်ပင် ထိုဝမ်းနည်းမှုကို အနည်းငယ်မျှ ပျောက်ကွယ်သွားအောင် မစွမ်းသာနိုင်ပေ။

အနှီချိုင့်ဝှမ်း အပြင်ဘက် တောင်ပတ်လည်တွင်ပေတစ်ရာခန့်ထူထဲသော တိုင်လုံးကြီး ရှစ်ခု ပြန့်ကြဲ တည်ရှိသည်။ ထိုတိုင်လုံးရှစ်ခုမှာ တစ်ခုနှင့်တစ်ခု တူညီသောအကွာအဝေးတိုင်း ညီတူ ကွာဟနေသည်။ ၎င်းတို့က တောင်ကနေ မြင့်တက်ကာ မိုးထိ ထိုးနေသည်။

လေထု ပေတစ်သိန်းအမြင့်လောက်တွင် ထိုတိုင်ရှစ်လုံး၏ ထက်၌ တာအိုကျောင်းတော်တစ်ခု ရှိလို့နေသည်။ အကွာအဝေးတစ်ခုကနေ ကြည့်ပါက တိုင်လုံးရှစ်ခုက ယင်းတာအိုကျောင်းတော်ကို ထောက်ပံ့ကာ လေထဲ၌ မားမားကြီး ရှိနေစေသည်နှင့် တူ၏။

ခမ်းနားထည်ဝါမှုကလွဲ၍ ဤကျောင်းတော်မှာ သာမာန်ဆန်လွန်းလှသည်။ ၎င်းကျောင်းတော်မှာ တစ်မူထူးရုံသာမက အားကောင်းသောဖိအားကိုလည်း ပေးစွမ်းနေသည်။ ယခုအခါတွင် မိုးသည် ရွာသွန်းလျက် ရှိနေရင်း တောင်တန်းများကြား၌ ခေါင်းလောင်းသံတစ်ခု ပဲ့တင်ထပ်သွားသည်။

ခေါင်းလောင်းသံက မိုးသံလေသံကို ချိုးဖျက်သွား၏။ သို့ရာတွင် ခေါင်းလောင်းသံက အောက်ဘက်ချိုင့်ဝမ်းရှိ ဝမ်းနည်းမှုကို ပိုတိုးစေပုံရသည်။

ကျင့်ကြံသူများစွာက ချိုင့်ဝှမ်းအတွင်း အဆောက်အဦများကနေ လှမ်းလျှောက်ထွက်လာကြ၏။ သူတို့ကြား၌ ယောက်ျား၊မိန်းမ၊ ကလေး အရွယ်စုံ ပါသည်။ သူတို့အားလုံးမှာ တာအိုဝတ်စုံများ ဝတ်ဆင်ထားကြသည်။ မိုးရွာနေဆဲ ဖြစ်သဖြင့် သူတို့၏ ဆံပင်များမှာ မိုးရေရွှဲကုန်၏။ သူတို့သည် မည်သည့်မန္တာန်ကိုမှ အသုံးမပြုကြ၊ မိုးစက်များ မျက်နှာထက်သို့ လာစင်နေရင်းဖြင့်ပင် တာအိုကျောင်းတော်ထံသို့သာ ဝမ်းနည်းစွာ ကြည့်နေကြသည်။ မိုးနှင့်မျက်ရည်တို့ ရောနှောကာ သူတို့၏ ပါးပြင်ထက်သို့ ကျဆင်းလေ၏။

တာအိုဝတ်စုံနှင့်အဘိုးအိုတစ်ယောက်က ချိုင့်ဝှမ်းအထက်ရှိ တာအိုကျောင်းတော်ထဲတွင် ထိုင်နေ၏။ သူ့ပုံစံက ကြင်နာတရား ရှိလွန်းသည့်ပုံ၊ သို့သော် သူ့မျက်နှာမှာ ဖြူရောနေ၏။ သူသည် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင်နေ၏။ သူ့အသွင်ဟန်ပန်မှာ တည်ငြိမ်သည်။

သူ့ရှေ့တွင် လူလေးယောက် ဒူးထောက်နေကြသည်။ ထိုလေးယောက်တွင် သုံးယောက်မှာ အမျိုးသား၊တစ်ယောက်က အမျိုးသမီး ဖြစ်သည်။ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့မှာ သက်လတ်ပိုင်းအရွယ်ရှိကြကာ ကျန်အမျိုးသားနှစ်ယောက်ကတော့ အဘိုးအိုများ ဖြစ်ကြသည်။

သူတို့သည် ဝမ်းနည်းသည့်အမူအရာဖြင့် ဒူးထောက်နေကြသည်။ သူတို့မျက်နှာထက်၌လည်း ဂါဝရတရားနှင့်လေးစားမှုတို့ အပြည့်။ အလွန်လှသော အမျိုးသမီးဖြစ်သူက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ သူ့ မျက်လုံးထောင့်မှ မျက်ရည်တို့ စီးကျနေသည်။

အဘိုးအို၏ မျက်လုံးထဲ၌ ကြင်နာမှုတို့ ပြည့်၏။ သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ “ဆရာ့ရဲ့ သက်တမ်းက ကုန်ခါနီးပြီ။ မင်းတို့အားလုံး ဒီလောက်ထိ ဝမ်းနည်းမနေသင့်ဘူး။ ကျင့်ကြံသူအားလုံးဟာ တနေ့မှာ ဒီလိုပဲ သေကျရလိမ့်မယ်။ ဆရာထွက်သွားခဲ့တဲ့နောက် မူလကလန်ဟာ မင်းတို့ လေးယောက်အပေါ် မှီတည်သွားပြီ…”

“ဆရာ…” အမျိုးသမီးဖြစ်သူ၏ မျက်လုံးကနေ မျက်ရည်များ ပိုစီးကျလာတော့သည်။ သူမသည် အဘိုးအိုကို ကြည့်ကာ စိတ်ထဲ၌ အတိတ်ကမှတ်ဉာဏ်များ တဖျပ်ဖျပ် ဖြစ်နေသည်။

ကျန်သုံးယောက်က ပို၍ပင် ဝမ်းနည်းဟန် ပေါ်လာ၏။

“ကံမကောင်းစွာနဲ့ ငါဟာ နိဗ္ဗာဖြိုခွဲခြင်းအဆင့်ကို ချိုးဖျက်နိုင်စွမ်း မရှိခဲ့ဘူး။ မဟုတ်ရင် အဆင့်ရှစ်စိတ်ဝိညာဉ်မူလကလန်ကို သွားခဲ့တဲ့ ခရီးစဉ်မှာ ပင်မကလန်က တစ်စုံတစ်ယောက်ရဲ့ ငါ့ရှင်သန်ခြင်းဓာတ် အတော်တော်များများကို စုပ်ယူခြင်းခံရမှာ မဟုတ်ဘူး။ အခုလိုမျိုးလည်း အဆုံးသပ်တော့မှာ မဟုတ်ဘူး…”

အဘိုးအိုသည် ခေါင်းခါ၏။ သူ့မျက်လုံးထဲတွင် စိတ်တိုင်းမကျ ငြင်းဆန်မှုတို့ ရှိနေ၏။ သို့သော် သူ့အတွက် အကူအညီမဲ့နေပေပြီ။

သက်လတ်ပိုင်းလူက လက်သီးခပ်တင်းတင်း ဆုပ်ကာ ပြောလာ၏။ “ဆရာ…ဒီခရမ်းရောင်တာအိုကလန်က ငါတို့ မိုလျိုကုန်းမြေပေါ်မှာ အစီအရင်တစ်ခု နေရာချခဲ့တယ်။ သူတို့က လျှို့ဝှက်ပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းကို သွားကြတာ။ သူတို့ ပြန်မလာနိုင်တဲ့ အခါကျရင် ပင်မကလန်ဟာ သူတို့ရဲ့ ဒေါသကို ငါတို့အပေါ် ပုန်ချကြလိမ့်မယ်…”

အဘိုးအိုသည် စဉ်းစား၏။ သူ့မျက်နှာက ပို၍ ဖြူရောလာသည်။ သူ့ခန္ဓာကိုယ်က‌နေ သေဆုံးခြင်းအော်ရာကို ထုတ်လွှတ်နေပေပြီ။ သူသည် ဖြည်းဖြည်းချင်း ပြောလာသည်။ “ပင်မကလန်ဟာ ဒီလိုလုပ်ဖို့အတွက် အကြောင်းပြချက်တစ်ခု ရှိရမယ်။ သူတို့ရဲ့ အကြောင်းပြချက်ကို နားလည်ဖို့ မကြိုးစားကြနဲ့။ မင်းက မကျေနပ်ဘူးဆိုရင်‌ ပင်မကလန်က ဦးစီးပြီး နှစ်တစ်ရာအတွင်း ကျင်းပမယ့် ပြိုင်ပွဲမှာ ငါ့မူလကလန်ကို နောက်ဆုံးနေရာကနေ လွတ်အောင် လုပ်ပေး၊ ဒါဆိုရင် မင်းရဲ့ ဆရာဟာ သေသွားပြီးရင်တောင့် ဝမ်းပန်းတသာ ရယ်မောနိုင်လိမ့်မယ်…”

သူတို့လေးယောက်သည် တိတ်ဆိတ်စွာ စဉ်းစားသွားကြ၏။ သူတို့၏ ဝမ်းနည်းမှုထဲ၌ ခါးသီးမှု အငွေ့အသက်ပါ ပါဝင်နေသည်။ နှစ်တစ်ရာတိုင်း ကျင်းပသည့် ကလန်ပြိုင်ပွဲမှာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ကြီးမားလှသည့်အခမ်းအနား ဖြစ်၏။ သူတို့သည် အမြဲတမ်း နောက်ဆုံးနေရာသာ ရခဲ့ကာ ဘယ်တုန်းကမှ မားမားစွင့်စွင့် မဖြစ်ခဲ့ဖူးပေ။

အဘိုးအို၏ သေဆုံးခြင်းအော်ရာသည် ပို၍ ဆိုးလာသည်။ သူက အသက်ခပ်ဝဝရှုသွင်းကာ အဆောက်အဦ ပြင်ပရှိ မိုးစက်များကို ကြည့်သည်။ သူ့ သွေ့ခြောက်နေသည့် လက်ကို ပင့်မြှောက်သည်။ လွန်ခဲ့သော လအချို့က သူ့လက်မှာ ခုလိုမျိုး မဟုတ်၊ သို့သော် အခုချိန်တွင်တော့ သူ့အသွေးအသားတို့မှာ ခမ်းခြောက်နေသည့်အလား။ သူ့လက်မှာ အရိုးစု၏လက်နှင့်ပင် တူနေသေးသည်။

အဘိုးအို၏လက်ကို တွေ့သည့်အခါ သူ့တပည့်အမျိုးသမီး၏ မျက်လုံးထဲကနေ မျက်ရည်များ ပိုစီးကျလာတော့သည်။ ကျန်သည့်သုံးယောက်ကတော့ လက်သီးတင်းတင်း စုပ်ထားမိကြ၏။ သူတို့သည် သွားများတင်းနေအောင် ကြိတ်ထားရသဖြင့် မေးရိုးများပါ ပြုတ်ထွက်တော့မတတ်ပင်။

အဘိုးအိုကတော့ သူ့ညာလက်ကို မကြည့်၊ လေဟာနယ်ထဲသို့ လက်ဝေ့ယမ်းသည်။ သိုလှောင်နေရာလွတ်အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုအက်ကြောင်းမှာ ခရမ်းရောင်ရှိ၏။ ၎င်းပေါ်လာသည်နှင့် ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာသည်။

ခဏအကြာတွင် ခရမ်းနက်ရောင်ဧရာမစပါးအုံးမြေကြီးတစ်ကောင်၏ ဦးခေါင်း ဆက်ခနဲ ထွက်ပေါ်လာသည်။ ၎င်း၏ခေါင်းမှာ ပေဒါဇင်ချီကြီးမားသည်။ ပေါ်လာသည်နှင့် ဤတာအိုကျောင်းတော်အတွင်း ဖိအားများ ပြည့်နှက်သွား၏။

သို့ရာတွင် ထိုစပါးအုံးမြေမှာ ပင်ပန်းနေဟန် ပေါက်သည်။ ၎င်း၏ ဦးခေါင်းက အဘိုးအိုကို ဝန်းရံလှည့်ပတ်လိုက်သည်။ ၎င်း၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ရှိနေလျက် လျှာဖြင့် အဘိုးအိုကို ထိတွေ့သည်။

“ငါ သေသွားပြီးရင် ဒီအဆင့်ငါး ခရမ်းမျက်လုံးစပါးအုံးမြွေဟာ ငါ့မူလကလန်ရဲ့ ကလန်သားရဲ ဖြစ်လာလိမ့်မယ်။ မင်းတို့အားလုံး…သူ့ကို ကောင်းကောင်း ပြုစုကြ…”

အဘိုးအို၏မျက်နှာမှာ ဆက်၍ ဖြူရောမနေတော့ ၊နီမြန်း၍ပင် လာသည်။ သူက အားပြည်သွားသကဲ့သို့ ထင်ရ၏။ သို့ရာတွင် ထိုအရာမှာ ငြှိမ်းသေခါနီး မီးတောက်၏ နောက်ဆုံး ထတောက်ခြင်းမျိုးတည်း။

“အခု ဆရာ့ရဲ့ နောက်ဆုံးလက်ကျန်နဲ့ မဟာစိတ်ဇောစိတ်ဝိညာဉ်မန္တာန်ကို အသုံးပြုပြီး ငါ့မူလကလန်အတွက် စိတ်ဝိညာဉ်လက်တွဲဖော်ကလေးကို ရှာရမယ်…။ ဒီလိုတွေးမိတော့ ငါ့ဆရာကလည်း ငါ့ကို အခုလိုမျိုး ရွေးချယ်ခဲ့တာ။ အဲ့အချိန်တုန်းကတော့ ငါဟာ ရွာသားလူငယ်လေးတစ်ယောက်ပေါ့…”

အဘိုးအိုသည် အတိတ်ကိုပြန်အောက်မေ့ကာ ပြုံးသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ ထို့နောက် သူသည် မျက်လုံးမှိတ်လိုက်သည်။

သူတို့လေးယောက်က သူတို့ရှေ့ရှိ အဘိုးအိုကို တိတ်ဆိတ်စွာ ကြည့်သည်။ သူတို့သည် အတိတ်တုန်းက ပြင်ပတွင် မသေဆုံးခဲ့သော ကလန်ခေါင်းဆောင်များသည် သူတို့၏ သက်တမ်းဖြင့် မဟာစိတ်ဇောစိတ်ဝိညာဉ်မန္တာန်ကို အသုံးပြုကြမှန်း သိထားကြသည်။ ထိုမန္တာန်သည် အနာဂတ်၌ မူလကလန်ကို အကျိုးပြုပေးမည့် မိုလျိုကုန်းမြေပေါ်ရှိ တစ်စုံတစ်ယောက်ကို ကူညီ၍ ရှာဖွေပေးခြင်းပင်။

ထိုမန္တာန်မှာ ဆန်းကြယ်လှသည်။ မည်သူကမျှ ၎င်း၏ အလုပ်လုပ်ပုံကို ရှင်းရှင်းလင်းလင်း မသိကြပေ။ တာအိုဝတ်စုံနှင့်အဘိုးအိုသည်ပင် ၎င်းမန္တာန်ကို ရှင်းလင်းစွာ နားမလည်ချေ။ သူက ထိုမန္တာန်မှာ ကြာမြင့်ခဲ့သောအချိန်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်းကိုသာ သိထား၏။

ထိုမန္တာန်က အမြဲတမ်းတော့ မအောင်မြင်တတ်ပေ။ အမှန်တော့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပြီးသည့်နောက် မူလကန်၏ ကလန်ခေါင်းဆောင်တိုင်းက သေဆုံးခါနီးအချိန်တွင် ၎င်းမန္တာန်ကို အသုံးပြုတတ်ကြ၏။ ထိုနှစ်ပေါင်းများစွာ အတောအတွင်း ထိုမန္တာန်က နှစ်ကြိမ်သာ အောင်မြင်ဖူး၏။ ကျန်သည့်အကြိမ်များက ကျရှုံးကာ မူလကလန်အတွက် သင့်တော်သည့်သူ မိုလျိုကုန်းမြေပေါ်တွင် မတည်ရှိဟုသာ ညွှန်ပြခဲ့ပေသည်။

တာအိုဝတ်စုံနှင့်အဘိုးအို၏ နောက်ဆုံးလက်ကျန်သက်တမ်းနှင့်မူလစွမ်းအင်တို့ ပေါက်ကွဲထွက်လာ၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် အပြာရောင်မီးတောက်တစ်ခု ပေါ်လာ၏။ ထို့နောက် သူက သူ့တပည့်လေးယောက် ရှေ့မှောက်ကနေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

သူ့နတ်ဘုရားအာရုံက ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံကာ စိတ်ဝိညာဉ်လက်တွဲဖော်ကလေးငယ်ကို ရှာဖွေလေ၏။

သူက ထပ်ခါထပ်ခါ ရှာသည်။ သို့သော် စိတ်ဝိညာဉ်လက်တွဲဖော်ကလေးငယ်၏ လက္ခဏာကို လုံးဝ မတွေ့ပေ။ တာအိုဝတ်စုံနှင့်အဘိုးအိုက မဟာစိတ်ဇောစိတ်ဝိညာဉ်မန္တာန် မအောင်မြင်သည်ကို တွေ့သည့်အခါ သက်ပြင်းချ၏။

ဤအခိုက်အတန့်၌ လောင်ကျွမ်းနေသေ မီးတောက်အောက်ရှိ တာအိုကျောင်းတော်ထဲတွင် သူ့ဦးခေါင်းသာ ကျန်ခဲ့၏။ သူက လုံးဝ ပျောက်ကွယ်သွားတော့မတတ် ရှိသည်။

သို့ရာတွင် ဤအခိုက်လေးမှာ သူ့နတ်ဘုရားအာရုံက မိုလျိုကုန်းမြေ၏ မြောက်ဘက်ပိုင်း မိုးရွာသွန်းနေခြင်းကနေ ထွက်ပေါ်လာသည့် အလင်းတစ်ခုကို သတိပြုမိ၏။ သူသည် ထိုတောအုပ်ကို အာရုံစိုက်မိသည့် အကြောင်းရင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ သွားရောက်နိုင်သည့် ဂိတ်ပေါက်ဝ ရှိနေခြင်းကြောင့် ဖြစ်သည်။

သူက တည်နေရာရွှေပြောင့်ခြင်းအစီအရင် လင်းလက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်၏။ တစ်ချိန်တည်းမှာ အဖြူရောင်ပုံရိပ်တစ်ခု လှမ်းလျှောက်ထွက်လာသည်ကိုလည်း တွေ့သည်။ ထိုပုံရိပ်၏ ဆံပင်ဖြူများက ညနက်ထဲ၌ လွင့်ဝဲနေ၏။ မိုးများသည်ပင် တုန်ယင်ရဟန်တူ၏။ ပို၍ ထူးဆန်းသည်က ခြိမ်းနေသောမိုးကြိုးလျှပ်စီးတို့ကပါ ထိုသူ့ကို ထိတ်လန့်နေသည့်ပုံ ပေါ်နေခြင်း ဖြစ်၏။

“ဒါက…သူ…” တာအိုဝတ်စုံနှင့်အဘိုးအို၏ စိတ်သည် အပြင်းအထန် တုန်ယင်သည်။ သူ့စိတ်သည် အခုလောက် ဘယ်တုန်းကမျှ ရှင်းလင်းမနေဘူး။ သူ ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်ကို တွေ့မြင်လိုက်ချင်းချင်း သူသည် ကြောက်မက်ဖွယ်ခန့်မှန်းချက်တစ်ခုကို ပြုလုပ်မိ၏။

ထိုသူသည် တိမ်ပင်လယ်မှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

သည်အခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်က ကောင်းကင်ထက်သို့ အေးစက်စက်ကြည့်နေ၏။ သူ့အကြည့်က မိုးကြိုးတို့ကို ရှိန့်စေကာ နောက်သို့ ဆုတ်စေသည်။ တာအိုဝတ်စုံနှင့်အဘိုးအိုသည် တုန်လှုပ်နေမိသည်။ ထိုလူငယ်၏အကြည့်က သူ့စိတ်ကိုပါ တုန်ခါစေသည်။ မဟာစိတ်ဇောစိတ်ဝိညာဉ် မန္တာန်ကို အသုံးပြုထားခြင်းကြောင့် သူသည် အထူးဥပဒေ တစ်ခုနှင့် ပေါင်းစပ်နေကာ ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်၏ ပတ်လည်တွင် မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များစွာ ရှိနေသည်ကို တွေ့မြင်ရသည်။ ထိုမကျေမချမ်းစိတ်ဝိညာဉ်အားလုံးက အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို ကြမ်းကြုတ်စွာ စူးစိုက်ကြည့်နေကြသည်။ သို့သော် မည်သူကမျှ သူ့အနီးအနားသို့ မတိုးဝံ့ကြပေ။

ထိုသူများအားလုံးမှာ ဝမ်လင်းလက်ဖြင့် သေဆုံးခဲ့သော သူများ ဖြစ်ကြသည်။

အဆုံးစွန်အန္တရာယ်အာရုံတစ်ခု သူ့စိတ်ထဲတွင် ပြည့်နှက်လာသည်။ သူက သူ့နတ်ဘုရားအာရုံကို ပြန်သတိဝင်ရန် ကြိုးစား၏။ သူသည် ထိုသတင်းကို သူ့တပည့်များထံ တက်နိုင်သမျှ မြန်မြန် ပြောမှ ဖြစ်ပေမည်။ သူက သူ့တပည့်များကို ထိုလူငယ်နှင့် လွတ်ကင်းအောင် ရှောင်ကာ ပင်မကလန်ထံသို့ သတင်းပို့ခိုင်းရပေမည်။

တာအိုကျောင်းတော်ထဲ၌ တည်ရှိမှုလောင်ကျွမ်းခံရလုနီးပါး အဘိုးအိုသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ ထိုလုပ်ဆောင်ချက်က သူ့ရှေ့ရှိ တပည်လေးယောက်ကို ခေါင်းမော့လာစေသည်။

“မြောက်ပိုင်းနယ်မြေ…” အဘိုးအိုက သည်စကားနှစ်ခွန်းကိုသာ ပြောလိုက်နိုင်၏။ သူ့သက်တမ်းမှာ အဆုံးသပ်သွားခဲ့ရပြီ။ သူ့မူလစိတ်ဝိညာဉ်မှာ ပျက်စီး၍ နတ်ဘုရားအာရုံက လေဟာနယ်အတွင်း ပျောက်ကွယ်သွားတော့သည်။ သူ့တည်ရှိမှုအားလုံးမှာ ဤလောကကနေ ပပျောက်သွားခဲ့ပေပြီ။

အဘိုးအိုက လောကတွင် ပျောက်ကွယ် သေဆုံးခါနီးလေး အချိန်၌ အတင်းကြိုးစားရုန်းကန်၍ နောက်ထပ်စကားနှစ်ခွန်းကို ထပ်ပြောသွားသေးသည်။

“ဆံပင်ဖြူ…”

သူတို့လေးယောက်သည် သူတို့၏ ဆရာသေဆုံးသွားသည့်အခါ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေကြသည်။ သူတို့ဆရာ နောက်ဆုံးချန်ထားခဲ့သော စကားလေးခွန်းက သူတို့အား တုန်လှုပ်မိစေသည်။ သို့သော် သူတို့က ဆရာ၏မျက်နှာမှာ ဘာကြောင့် တုန်လှုပ်မှုတို့နှင့် ပြည့်နေသည်ကို နားမလည်နိုင် ဖြစ်ရ၏။

မူလကလန်ထဲ၌ ခေါင်းလောင်းသံသည် ပဲ့တင်ထပ်ကာ ချိုင့်ဝှမ်းအတွင်း ငိုသံတို့ ပြည့်နှက်သွား၏။ ခေါင်းလောင်းသံ မြည်နေရင်း ဝမ်းနည်းမှု၊ အောက်မေ့မှု၊ စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့်ကြောက်ရွှံ့မှုတို့ ရှိလို့နေသည်။

“မူလကလန်ရဲ့ တပည့်အားလုံး မိုလျိုကုန်းမြေရဲ့ မြောက်ပိုင်းကိုသွားပြီး ဆံပင်ဖြူ ပိုင်ဆိုင်ထားတဲ့ ဘယ်ကျင့်ကြံသူကိုမဆို သွားရှာကြချေ…”

မိုလျိုကုန်းမြေ၏ မြောက်ဘက်ပိုင်းတွင် ဝမ်လင်းသည် သူ့အကြည့်ကို ကောင်းကင်ထက်ကနေ နောက်ဆုတ်၏။ မိုးသည် ရွာနေဆဲ သူ့ခန္ဓာကိုယ်ပေါ်သို့ မိုးစက်များ ကျဆင်းနေ၏။ မိုးရေတို့က သူ မဟာမိတ်မှ ထွက်မလာခင် သူ့ဝတ်စုံပေါ်တွင် တင်ကျန်ခဲ့သော နှင်းတို့ကို ပျော်ဝင်သွားစေသည်။ ထို့နောက် ဝမ်လင်းသည် သည်သူစိမ်းကုန်းမြေပေါ်တွင် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သွားတော့သည်။

မဟာမိတ်ရဲ့ နှင်း၊ တိမ်ပင်လယ်ရဲ့ မိုး။

“ငါ ထွက်လာခဲ့တဲ့ အခါမှာ နှင်းစက်တွေက ငါ့ကို ပို့ဆောင်တယ်။ ငါ ရောက်လာတဲ့အခါမှာ မိုးရေစက်တွေက ငါ့ကို ကြိုဆိုကြတယ်။ မဆိုးပါဘူးလေ…”

ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ လေကို အားပါးတရ ရှိုက်သွင်းလိုက်၏။ ထို့နောက် သူသည် တောအုပ်အတွင်းနက်ပိုင်းသို့ လမ်းလျှောက်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset