သည်ဂြိုဟ်မှာ ကန္တာရကဲ့သို့ ခြောက်ကပ်နေခြင်းတော့မဟုတ်၊ သေမျိုးမြို့တော် အများအပြား ဂြိုဟ်ပေါ်တွင် ရှင်သန်နေထိုင်ကြ၏။ ကျင့်ကြံသူတော်တော်များများ ဂြိုဟ်ထံသို့ ရောက်မလာသည့်အတွက်ကြောင့် ဤဂြိုဟ်မှာ အတော်လေး အေးချမ်းမှု ရှိပေသည်။ အခုအချိန်က ထိုဂြိုဟ်ပေါ်တွင် ဆောင်းရာသီ ရောက်နေ၏။ နှင်းပွင့်များက ကောင်းကင်ယံကနေ ကျဆင်းနေလျက် ရှိသည်။ အချို့ကျေးရွာများတွင် နှင်းပွင့်များမှာ ကလေးငယ်တို့အဖို့ ဆော့ကစားဖို့ရာအတွက် စွဲဆောင်မှုတစ်ခုလိုမျိုးပင် ဖြစ်နေသေးသည်။
ယနေ့တွင် ဤဂြိုဟ်ပေါ်၌ အဓိကပွဲတော်တစ်ခု ကျင်းပနေ၏။ ထိုပွဲတော် ဖြစ်တည်ခဲ့ရသည့် ဇာစ်မြစ်မှာ အချိန်တိုက်စားမှုအောက်တွင် ပျောက်ကွယ်ခဲ့ရပြီး လူတော်တော်များများမှာ မေ့နေခဲ့ကြပေပြီ။ သို့သော်လည်း ပွဲတော်ကျင်းပသည့် ရိုးရာကတော့ လက်ဆင့်ကမ်းလာရင်း ဓလေ့တစ်ခုပင် ဖြစ်လာခဲ့သည်။
အိမ်တိုင်းအိမ်တိုင်းမှာ မီးတိုင်များ ထွန်းထားကြ၏။
ညအချိန်ဖြစ်သော်လည်း အိမ်တိုင်းအိမ်တိုင်းထံမှ အလင်းရောင်က နှင်းပွင့်များကို ရောင်ပြန်၍ လင်းနေစေသည်။ ထို့အတွက်ကြောင့် ညအချိန်ပင် ဖြစ်လင့်ကစား နေ့အလင်းချိန်ကဲ့သို့ ရှိနေသည်။
လူငယ်တစ်ယောက်က နှင်းပွင့်များကြား တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်နေ၏။ နှင်းပွင့်များအထက်တွင် သူ့ခြေရာများ ကျန်ခဲ့၏။ သို့သော်ငြား ခြေရာများမှာ နက်ရှိုင်းလှခြင်းမရှိရာ နှင်းများဖြင့် ပြန်လည် ဖုံးအုပ်သွားတော့သည်။
ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ဆံပင်များသည်ပင် အဖြူရောင်။ သူ့ဆံပင်ထက်သို့ နှင်းပွင့်များ ကျဆင်းချိန်တွင် နှင်းလား၊ ဆံပင်လား ခွဲဖို့ရာ မဖြစ်နိုင်တော့ချေ။
ညလေအေးစက်စက်က မြေပြင်ထက်ရှိ နှင်းများကို လေထဲသို့ ဆော်ဩလေကာ ကျဆင်းနေသည့် နှင်းစက်နှင်းပွင့်တို့ဖြင့် ရောနှောလေသည်။
လူငယ်သည် ဤနှင်းထုကို ဖြတ်၍ ငြိမ်သက်စွာ လှမ်းလျှောက်နေသည်။ နှင်းများမှာ ထူထဲလှ၏။
လူငယ်၏ အဖြူရောင်ဝတ်စုံက ပါးလှပ်လွန်းသည်။ သူ့ဘောင်းဘီနှင့်ဖိနပ်တို့မှာလည်း ခပ်ပါးပါးပင်။ သို့သော် သူသည် အအေးဒဏ်ကို စိုးရွှံ့ဟန် မရပေ။ သူသည် လေနှင့်နှင်းတို့ကို ငြိမ်သက်စွာ ရင်ဆိုင်သည်။ နှင်းများကြား လမ်းလျှောက်နေရင်း သူ့စိတ်နှလုံးက အတိတ်ကိုအောက်မေ့မှု၊ ခါးသီးမှုတို့နှင့် ပြည့်၏။
အမှောင်ထုအတွင်း၊ နှင်းဝေသောညတစ်ည၊ သူ့ဘေးပတ်လည်တွင်က မည်သူတစ်ဦးတစ်ယောက်မျှမရှိ။ သူ့ကို တိုက်ခတ်နေသောလေနှင့် ကျဆင်းနေသည့်နှင်းတို့ကသာ အဖော်ပြုပေးထားသည်။
အချိန်မည်မျှကြာမှန်း မသိအောင် လှမ်းလျှောက်ပြီးသည့်နောက် ထိုလူငယ်မှာ ရပ်တန့်လိုက်သည်။ သူ ရှိနေသောနေရာမှာ ကုန်းမြေတစ်ခုကို မြင်ရဖို့ရာ မဖြစ်နိုင်ပေ။ မြေပြင်တစ်ခုလုံးသည် နှင်းတို့ဖြင့် ဖုံးအုပ်နေချေသည်။
ဤနေရာက နှင်းကွင်းပြင်တစ်ခုသာ ဖြစ်၏။
ဤနှင်းကွင်းပြင်အတွင်း တစ်ကိုယ်တည်း လမ်းလျှောက်နေသည့်သူကတော့ ဝမ်လင်းပင်။
“ဒီနေရာပဲ…” ဝမ်လင်းက ခေါင်းမော့၍ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်သည်။
သူက ဦးခေါင်းထက်မှ နှင်းပွင့်တို့ကို ခေါင်းယမ်း၍ ခါကျလိုက်သည်။ ဝမ်လင်းက အသက်ဝဝရှုသွင်းပြီးနောက် သူသည် အဖြူရောင်မြူထုအဖြစ် ပြောင်းကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူက ညင်သာစွာ ခြေတစ်လှမ်းလှမ်း၏။ ပတ်ဝန်းကျင်မှာ တုန်ခါသွားသည်။ ဤအခိုက်တွင် သည်ဧရိယာအတွင်းရှိ နှင်းထုအားလုံးကို မုန်တိုင်းတစ်ခုက ရိုက်ခတ်ကာ ကောင်းကင်ယံသို့ လွင့်ဝဲသွားစေသည်။ နှင်းသည် လေ၏ သယ်ဆောင်သွားခြင်း ခံရ၏။
နှင်းများ ပျောက်ကွယ်သွားသည့်နောက် သည်ပေတစ်သောင်းဧရိယာတွင်း၌ ဧရာမအစီအရင်ကြီးတစ်ခု ပေါ်လာသည်။ ထိုအစီအရင်မှာ အလွန်တရာ ရှုပ်ထွေး၏။ ၎င်းအတွင်း၌ ကျောက်တုံးအပိုင်းအစများစွာ ရှိနေသည်။
တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ ထိုအစီအရင်ထဲသို့ ခြေလှမ်းဝင်သည။ ထို့နောက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သူ့သိုလှောင်နေရာလွတ် ပွင့်ဟလာသည်။ အတွေးတစ်ချက်ဖြင့်ပင် သူ သည်နေရာသို့ လာသည့် လမ်းတစ်လျှောက်တွင် စုဆောင်းလာခဲ့သော ကျောက်တုံးများမှာ တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာကြသည်။ ၎င်းတို့က လေထုထဲ၌ ခြုံလွှမ်းထား၏။
ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရင်း ထိုကျောက်တုံးများသည် ပြန့်ကြဲ၍ မတူညီသော နေရာများသို့ ကျရောက်သည်။
ချက်ခြင်းပင် အစီအရင်သည် လင်းလက်လာ၏။ အသက်ဝင်မည့် အရိပ်လက္ခဏာ ပြသလာသည်။ အစီအရင် အသက်ဝင်လာနေရင်း ကျဆင်းနေသည့် နှင်းများမှာ အနားသို့ မကပ်နိုင်၊ အစီအရင်၏ အဝေးသို့သာ ပြန်လွင့်စင်ကြသည်။
ဝမ်လင်းက မြေပြင်ထက်တွင် ထိုင်ကာ တိတ်တဆိတ် တွေးနေ၏။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ထဲမှ မူလစိတ်ဝိညာဉ်တစ်ခုကို လှမ်းဆွဲယူသည်။ ထိုမူလစိတ်ဝိညာဉ်မှာ မျက်လုံးမှိတ်၍ အသိကင်းလွတ်လျက် ရှိ၏။
မူလစိတ်ဝိညာဉ်ကို လက်ဖြင့် ဆုပ်ကိုင်ထားရင်း ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ၎င်းထံသို့ အကြိမ်များစွာ လက်ညွှန်၏။ လက်တစ်ချက်ညွှန်တိုင်း မူလစိတ်ဝိညာဉ်သည် တုန်ယင်၏။ ထို့နောက် ဝမ်လင်းက ၎င်းကို လေထဲသို့ ပစ်လွှတ်သည်။ မူလစိတ်ဝိညာဉ်သည် တွန့်လိမ်ခေါက်ကွေးသွားပြီးနောက် ဝဲကတော့တစ်ခု ဖြစ်သွားသည်။
ထိုဝဲကတော့က တဝီဝီ လှည့်ပတ်ကာ နာကျင်ထိတ်လန့်စွာ အော်သံများ ၎င်းအတွင်းကနေ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်၌ မြေပြင်ထက်ရှိ အစီအရင်သည် အသက်ဝင်လာသည်။ အစီအရင်သည် လင်းလက်လာ၏။ ထိုအလင်းက ဝဲကတော့ထဲသို့ ဝင်ရောက်သည်။
တစီစီအသံများ ထွက်ပေါ်လာကာ ဝဲကတော့သည် ဆက်တိုက်ဆိုသလို ဖွင့်ဟလာသည့်ပုံ ရသည်။ ဝမ်လင်း ထိုင်နေလျက် ရှိနေရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ တည်ငြိမ်စွာ ဆိုသည်။ “စိတ်ဝိညာဉ်ကို လမ်းညွှန်အဖြစ် အသုံးပြုစေ…”
ဝဲကတော့ထံမှ သွေးအလင်းတစ်ခု ချက်ခြင်း ထွက်ပေါ်လာသည်။ ဝမ်လင်း စကားသံ ထွက်ပေါ်လာသည်နှင့် သွေးအလင်းသည် ဝဲကတော့ထဲသို့ ဝင်ရောက်၏။ ကြည့်ရသည်မှာ အစီအရင်၏စွမ်းအား အားလုံး စုပ်ယူခြင်း ခံရသည့်အလား၊ ၎င်းအစီအရင်သည် ဖုန်မှုန့်ဖြစ်သွားတော့သည်။ အတွင်းရှိ ကျောက်တုံးများသည်ပင် ပြာမှုန့်ဘဝသို့ ရောက်၏။
ကောင်းကင်ထက်မှ ဝဲကတော့သည် လှည့်လည်နေရာကနေ ရပ်တန့်ကာ တလက်လက် တောက်ပသည်။ ၎င်းဝဲကတော့အတွင်းကမူ လျှောက်လမ်းတစ်ခု ရှိနေ၍ နက်မှောင်သည်။
ဝမ်လင်းသည် မတ်တပ်ထရပ်၏။ သူက ဝဲကတော့ထဲသို့ ခြေလှမ်းသည်။ သူက မြေပြင်ထက်သို့ လည်ပြန်ကြည့်၏။ အခုဂြိုဟ်မှာ သူနှင့် စိမ်းလှသော်လည်း မဟာမိတ်ကြယ်အဖွဲ့အစည်းတွင်သာ ရှိနေဆဲ ဖြစ်၏။ ဤနေရာမှာ သူ့အိမ်၊သူ့မိသားစု၊သူ့မိတ်ဆွေများ၊ သူ့ဇာတ်လမ်း တို့၏ အော်ရာတစ်ခုတော့ ပါနေဆဲပင်။
“ဘယ်အချိန်ကျမှ ငါ ပြန်လာရမလဲ မသိရဘူး။ ဘယ်တော့မှ ပြန်မလာနိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ ကံကောင်းစွာနဲ့ ငါ့ ခရီးကို နှင်းနဲ့လေက ပို့ဆောင်ပေးသေးလို့ပေါ့။ ဒါဟာ လုံလောက်ပါပြီလေ…”
ဝမ်လင်းသည် တစ်ချက် ရယ်မော၏။ သူ့အကြည့်ကတော့ ခါးသက်နေဟန် ပေါ်သည်။ သူသည် ဝဲကတော့အတွင်းနက်ပိုင်းသို့ လျှောက်လှမ်းကာ တဖြည်းဖြည်းချင်း သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။
သည်လူသူသိပ်မသိသောဂြိုဟ်၏ နှင်းကွင်းပြင်းများထံကနေ ဝဲကတော့သည် ပျောက်ကွယ်သွားလေ၏။ ဝမ်လင်း၏ ရယ်မောသံကတော့ ပဲ့တင်ထပ်ကာ ကျန်ခဲ့သေးသည်။ ထိုရယ်သံမှာလည်း နှင်းနှင့်အတူ လွင့်ပါးသွားရသည်သာ ဖြစ်လေ၏။
အတိတ်ကာလက ကောင်းကင်ဘုံနယ်မြေ လေးခု၏ အောက်တွင် ကြယ်အဖွဲ့အစည်းတစ်ခုစီ ပိုင်ဆိုင်ခဲ့ကြ၏။ မိုးကောင်းကင်ဘုံနယ်မြေတွင် မဟာမိတ်ကြယ်အဖွဲ့အစည်းရှိကာ ယင်းကြယ်အဖွဲ့အစည်း၌ အဆင့်ကိုးနိုင်ငံတစ်ခုသာ ရှိသည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင်တော့ ရှေးဟောင်းအချိန်များက အမွေအနှစ်ဆက်ခံကို ဆက်ခံရရှိထားသည့် ကျင့်ကြံခြင်းမိသားစုများ ရှိသည်။ ထိုမတူညီသော ပတ်ဝန်းကျင်က ကျင့်ကြံခြင်းနည်းလမ်းများနှင့် ကြယ်အဖွဲ့အစည်းတစ်ခုစီ၏ ကျင့်ကြံသူများ၏ လုပ်ပုံကိုင်ပုံကို အတော်လေး ခြားနားစေခဲ့သည်။ သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ကွာခြားမှုကတော့ ကြီးမားပေသည်။
မဟာမိတ်၏ တင်းကြပ်သောစည်းမျဉ်းများနှင့် ယှဉ်ပါက အလုံးစုံကောင်းကင်သည် ပို၍ လွတ်လပ်မှု ရှိ၏။ သို့ရာတွင် ထိုလွတ်လပ်မှုမှာ မိသားစု၏ ဂုဏ်ကျက်သရေ အဆင့်အတန်းအတွက် ပေးအပ်ခံရခြင်းသာ။
လေကောင်းကင်ဘုံနယ်မြေအောက်ရှိ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ ထိုကြယ်အဖွဲ့အစည်းနှစ်ခုနှင့် အတော်လေး ကွာခြားလှ၏။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းက အလုံးစုံကောင်းကင်ထက် ကြီးမားပေသည်။ ကြယ်အဖွဲ့အစည်းလေးခုကြားတွင် တိမ်ပင်လယ်က အကြီးမားဆုံးဟု ဆိုနိုင်၏။ ၎င်း၏ ဟင်းလင်းပြင်မှာ နက်မှောင်ခြင်းမရှိဘဲ ပါးလှပ်လှပ်မြူလွှာတစ်ခုနှင့် အုံ့ဆိုင်းနေသည်ကို တွေ့ရပေမည်။ ထိုမြူလွှာမှာ တိမ်ပင်လယ်၏ နေရာတိုင်းလိုလိုတွင် တည်ရှိပေ၏။ နတ်ဘုရားအာရုံသည်ပင် ၎င်းမြူလွှာထုကို အဆင့်တစ်ခုထိသာ ထောက်လှမ်းထွင်းဖောက်နိုင်ပေမည်။
မြူထုကမှ ထာဝရနီးပါး တည်ရှိလာခဲ့သည့်အတွက်ကြောင့်မို့ တိမ်ပင်လယ်ကြည်အဖွဲ့အစည်းသည် ကြယ်အဖွဲ့အစည်းတစ်ခုနှင့်ပင်မတူ၊ တိမ်ပင်လယ်တစ်ခုနှင့်သာ သာ၍ ဆင်တူနေသည်။ ထိုအရာမှာ ၎င်းနာမည်၏ မူလအကြောင်းရင်းတည်း။
တမူထူးလှသော မြူထုကြောင့် အစွမ်းထက်ကျင့်ကြံသူများသည်ပင် ကြယ်မြေပုံ မရှိပါက လမ်းပျောက်သွားနိုင်၏။ သူတို့သည် ထိုမြူထုအတွင်း၌ ထာဝရ ပိတ်မိကောင်း ပိတ်မိသွားနိုင်သည်။
ဟင်းလင်းပြင်ကွေးညွတ်ခြင်း မန္တာန်သည်ပင် သက်ရောက်ခြင်း ခံရ၏။
မည်သူကမျှ ထိုမြူထု၏ မူလဇစ်မြစ်ကို မသိကြပါ။ တိမ်ပင်လယ်တွင် ပြည့်နှက်နေသော မြူထုသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ မပျောက်ကွယ်ခင်ကတည်းက တည်ရှိခဲ့ဟန် တူ၏။
အရှေ့၊အနောက်၊တောင်၊မြောက် ဟူ၍ ပိုင်းခြားထားသော အလုံးစုံကောင်းကင်၊ မဟာမိတ်တို့ဖြင့် မတူသည်က တိမ်ပင်လယ်တွင် ထိုကဲ့သို့ အရပ်မျက်နှာကို ခွဲခြားထားတာ မရှိခြင်းပင်။ တိမ်ပင်လယ်သည် ကျင့်ကြံသူများအဖို့ တိတိကျကျ တည်နေရာတစ်ခုကို သိရှိရန် ခက်ခဲမှုကို ဖြစ်စေနိုင်သည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းကို အရပ်မျက်နှာ ပိုင်းခြား၍ မရသည်မှာလည်း မြူထုကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ၎င်းကို မြူထုပါဝင်မှုအပေါ် အခြေခံကာ ပိုင်းခြားထားသည်။အတွင်းကနေ အပြင်ထိ စုစုပေါင်း အဆင့်ကိုးခုဖြင့် ခွဲခြားထားသည်။
ထိုအဆင့်းကိုးခုသည် အမှန်တကယ် ပုံပန်းအသွင် မညီညာသော စက်ဝန်းကိုးခု ဖြစ်သည်။ အပြင်ဘက်ဆုံးမှာ အဆင့်တစ်၊ အတွင်းကျဆုံးက အဆင့်ကိုး ဖြစ်သည်။
မိုလျိုကုန်းမြေမှာ ငါးခုမြောက်မြူအဆင့်တွင် ရပ်တည်သည်။ အဝေးမှ ကြည့်ပါက ထိုကုန်းမြေ၏ တည်ရှိမှုသည် ဝေဝေဝါးဝါးသာ ရှိသည်။ ကုန်းမြေ၏ ဗဟိုချက်တွင် ကုန်းမြေတစ်ခုလုံးကို ခြုံလွှမ်းထားသော ခပ်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်ပေးနေသည့် မိုးထိမြင့်မားသော မျှော်စင်နက်ကြီးတစ်ခု ရှိသည်။ ထိုအဖြစ်က မြူများကို ကုန်းမြေအနားသို့ ကပ်မလာအောင် ပြုလုပ်ပေးထားသည်။ ထို့ကြောင့် သည်ကုန်းမြေပတ်လည် ဧရိယာမှာ ကြည်လင်ရှင်းလင်းသည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် အစစ်အမှန်ကျင့်ကြံခြင်းဂြိုဟ်များ လုံးဝ မရှိသည်တော့မဟုတ်၊ သို့သော် နည်းပါးလွန်းလှ၊တွေ့ရခဲလှ၏။ အများစုမှာ အဆင့်ခုနစ်နှင့် အထက်အဆင့်ဧရိယာများတွင်သာ ရှိ၍ စုစုပေါင်းဆို ကျင့်ကြံခြင်းဂြိုဟ်ပေါင်း တစ်ရာပင် မပြည့်ပေ။
အဆင့်ခုနစ်အောက်တွင်တော့ အများစုသည် လွင့်မြောနေသည့် ကုန်းမြေများ ဖြစ်ကြသည်။ ထိုကုန်းမြေတစ်ခုစီက မတူညီသောကလန်တစ်ခုကို ကိုယ်စားပြုသည်။
မိုလျိုကုန်းမြေ၏ မြောက်ဘက်ပိုင်းတွင် မိုးများ ရွာသွန်းလျက် ရှိနေ၏။ မိုးများသည် ကောင်းကင်ယံကနေ သွန်းလောင်း၍ လောကကို မိုးရေစက်တို့ဖြင့် ခြုံလွှမ်းနေစေသည်။ မြေပြင်မှာ ရွှံ့ထနေ၏။
အချို့သားရဲငယ်များက ထောင့်တစ်နေရာ၊ချောင်တစ်နေရာတွင် မိုးခိုနေကြသည်။ ရွှံ့မြေထက်တွင် လှုပ်ရှားနေသော ရောင်စုံမြွေ အချို့လည်း ရှိ၏။ သူတို့အတွက်ကတော့ မိုးရွာသွန်းသောညက အစာရေစာ ရှာဖို့ရာ အကောင်းဆုံးအချိန်ပင်။
ထိုနေရာမှာ တောအုပ်တစ်ခု ဖြစ်၏။ သစ်ပင်သစ်ရွက်များပေါ်သို့ ကျဆင်းနေသော မိုးသံမှ တစ်ပါး အခြားအသံဗလုံဟူ၍ မည်မည်ရရ မကြားရချေ။ တိတ်ဆိတ်နေသကောင်းကင်ယံတွင်တော့ လျှပ်စီးတို့ ရံဖန်ရံခါ လင်းလက်နေကာ မြေပြင်ထက်ရှိ အမှောင်ထုကို တစ်ချက်တစ်ချက် အလင်းပေးသည်။
တောအုပ်အတွင်းနက်ပိုင်းတွင် ပေတစ်ထောင်ခန့် အစီအရင်တစ်ခု ရှိသည်။ မိုးရွာသွန်းနေရင်း မြေစေးများကို မိုးစက်များက တိုက်စားရာ အစီအရင်သည် ပိုထင်ရှားနေတော့သည်။
ထိုနေရာပတ်လည်တွင် မည်သည့်ကျင့်ကြံသူမှ ရှိမနေချေ။ ထိုအစီအရင်ကို စောင့်ကြပ်နေသော ကျင့်ကြံသူအုပ်စုမှာ လွန်ခဲ့သောသုံးလကတည်းက ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ သို့ရာတွင် သူတို့က အစီအရင်ကိုတော့ မဖျက်စီးခဲ့၊ မျှော်လင့်ချက်တစ်စွန်းတစ ရှိနေသေးဟန် တူ၏။
ညသည် လျှပ်စီးတို့ တလက်လက်၊တဖျပ်ဖျပ်ဖြင့် ရှိနေ၏။ အစီအရင်ထံကနေ အက်ကွဲသံများ ထွက်ပေါ်လာသည်။ သို့သော် မိုးသံလေသံတို့ကို ထိုအက်သံကို ဖိနှိပ်ထားသည်။
အစီအရင်ကနေ အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာကာ ၎င်းအစီအရင်ကို ဖြည်းဖြည်းချင်း ခြုံလွှမ်းသည်။
မိုးကလည်း ပို၍ သည်းထန်စွာ ရွာချလာသည်။ လျှပ်စီးတန်းတို့ကလည်း တဖျပ်ဖျပ် ပိုလင်းလက်လာ၏။
***