Switch Mode

အပိုင်း(၁၁၈၈)

အခြားလောကတစ်ခုသို့ ထွက်ပြေးလေခြင်း

ထိုအသံ ထွက်ပေါ်လာသည့်အခါ ထာဆန်၏ ဦးခေါင်းထက်ရှိ လေးခုမြောက်ကြယ်အတွင်း ထိုင်နေသော ပညာရှိပုံစံသက်လတ်ပိုင်းလူမှာ မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထဲတွင် ရက်စက်မှုတို့ အတိ ပြီးနေ၏။ သို့သော် ခါးသက်ဟန် အငွေ့အသက်လည်း ရှိလို့နေသည်။

“အရှင်လုဖူ…ငါတို့ ကတိကို မမေ့ဘူး။ ဒါပေမယ့် ငါဟာ စွမ်းအားမဲ့နေပြီ။ မင်း…မြန်မြန် ထွက်သွားပေတော့…”

ခါးသီးဟန်ပြည့်နေသော ရှေးဟောင်းအသံတစ်ခု ဤလေဟာနယ်နေရာတွင် တဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ သို့ပေမယ့် လေးခုမြောက်ကြယ်မှာ တောက်ပသထက် တောက်ပလာချေ၏။ ၎င်း၏ တောက်ပမှုမှာ အခြားကြယ်သုံးလုံး၏ တောက်ပမှုနီးပါး ရှိလာချိန်တွင် အသံမှာ လုံးဝ ပျောက်ကွယ်သွားလေသည်။

ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ဝတ်စုံနက်အဘိုးအို၏ အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ ဝမ်လင်းသည်လည်း တုန်လှုပ်မိနေသည်။ ရှေးဟောင်းနတ်ဘုရားအပေါ် သူ့နားလည်မှုအရ သူသည် တစ်ခုခုကို ခပ်ရေးရေး ခန့်မှန်းမိ၏။ ဤအခိုက်အတန့်မှာပင် အရှင်ဝူဂျီဆိုသူ၏ အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

သည်တစ်ကြိမ်မှာ ဒေါသတကြီးအသံ အော်ဟစ်လိုက်ခြင်းပင်။

“မြန်မြန် ထွက်သွားကြတော့…”

လေးခုမြောက်ကြယ်မှာ မူလတုန်းက အဆုံးစွန်နက်မှောင်နေခဲ့၏။ သို့ရာတွင် ထာဆန်နိုးထလာသည်နှင့် ယင်းကြယ်မှာ အသက်ဝင်လာဟန် တူ၍ ဆက်လက် မှိန်ဖျော့နေခြင်း မရှိတော့ပေ။ ၎င်းသည် စတင်လင်းလက်ခဲ့ပေပြီ။

အနှီကြယ်ထဲ၌ ထိုင်နေသောပညာရှိပုံစံသက်လတ်ပိုင်းလူက ပုံမှန်ဟုသာ ထင်ရ၏။ သို့သော် သေချာကြည့်ပါက ထိုသူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ကြယ်အောက်ခြေတွင် နစ်မြုပ်၍ ယှက်လိမ်ပေါင်းစည်းနေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိရပေလိမ့်မည်။

အလင်းမှာ ကြုံရာကျာပမ်း လင်းလက်လာခဲ့ခြင်းမဟုတ်၊ ထိုပညာတတ်ပုံစံသက်လတ်ပိုင်းလူကို ဗဟိုပြု၍ စတင်လင်းလာခဲ့ခြင်း ဖြစ်သည်။ အလင်း တောက်ပလာချိန်တိုင်း ပညာတတ်ပုံစံသက်လတ်ပိုင်းလူ၏ အသားအရေမှာ ဖြူသထက် ဖြူရောလာခဲ့တော့သည်။

အခုချိန်၌ သူ ရှိနေသော နေရာမှာ လင်းထိန်နေ၏။ သူ့ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း ခြောက်သွေ့သွားသည်။ ခုချိန်တွင် သူသည် အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေ၏။

သို့သော် သူသည် မသေဆုံးခဲ့၊ သေဆုံးသွားမည်လည်း မဟုတ်၊ သူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဤနေရာတွင် အချိန်ကုန်ဆုံးခဲ့ပေသည်။ သူက လက်မလျော့လိုခဲ့၊ ထိုစိတ်ကပင် သူ့ကို ရုန်းကန်စေခဲ့သည်။ သူက သူ့ကျင့်ကြံမှုအဆင့်ကို အသက်သွင်းရင်း သူ့မျက်နှာအမူအရာမှာ ရှုံ့တွနေသည်။ ထိုသူက မာန်သွင်းအော်ဟစ်လေ၏။

ဝတ်စုံနက်နှင့်အဘိုးအို၏ မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွားသည်။ သူ့အမူအရာမှာလည်း အလေးအနက် ဖြစ်လာကာ သူသည် နောက်သို့ ဆုတ်သည်။ သူ့မျက်လုံးကတော့ ထာဆန်၏ခေါင်းထက်ရှိ လေးခုမြောက်ကြယ်ထံသို့သာ စူးရဲစွာ ကြည့်နေသည်။ သူက ထိုနေရာကနေ အရှင်ဝူဂျီ၏အသံ ထွက်ပေါ်လာခဲ့သည်ကို ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။

သို့ရာတွင် ထူးဆန်းသည်က သူ့နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်သည့်အခါ သူက ဘာတစ်ခုကိုမျှ ရှာမတွေ့ဘဲ ဖြစ်နေခြင်းပင်။

အရှင်ဝူဂျီ၏စကားများကို တွေးမိသည့်အခါ ဝတ်စုံနက်အဘိုးအို၏ စိတ်သည် တုန်လှုပ်မိပေပြီ။ သူက နောက်သို့ တုံ့နှေးခြင်းမရှိ ပြန်ဆုတ်လေ၏။

“မင်းတို့ ဘယ်သူမှ မလွတ်နိုင်ဘူး…” ထာဆန်၏အေးစက်စက်အကြည့်ထဲ၌ အထင်သေးမှုမှာ ပို၍ပင် အားကောင်းလာ၏။ လှောင်ပြောင်မှုပါ ပါနေသည်။ သူ့အကြည့်က လူတိုင်းကို ပုရွတ်ဆိတ်ကဲ့သို့ အထင်သေးသည့်အကြည့်မျိုး ဖြစ်၏။ မောက်မာလွန်းလှပေသည်။

“မင်းက အရှင်ဝူဂျီပြီးရင် ငါ့ရဲ့ ငါးခုမြောက်ရှေးဟောင်းနတ်ဘုရား ဖြစ်လာရမယ်…”

ထာဆန်၏အသံမှာ လောကတွင် ပဲ့တင်ထပ်သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်း ခပ်ကြမ်းကြမ်း လှမ်း၏။ ဤအခိုက်၌ သူ့လေးခုမြောက်ကြယ်မှာ လွန်စွာ တောက်ပသွားသည်။

ထိုအလင်းမှာ ကျန်သည့် ကြယ်သုံးလုံးနှင့် အတော်လေး ခြားနားကာ ၎င်းသည် ပျက်စီးတော့မည့်ကဲ့သို့ ထင်မှားရသည်။ ထိုအဖြစ်က ထာဆန်၏ ညာခြေလှမ်းမှုကို ခဏတော့ တန့်သွားစေသည်။

ဝတ်စုံနက်အဘိုးအိုက နောက်သို့ ဆုတ်နေ၏။ သို့သော် သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ဓားကျိုးတစ်လက် ပေါ်လာသည်။ ထိုဓားက ဓား၏ တစ်ဝက်သာ ရှိ၏။ သို့သော် ၎င်းဓားကျိုး ပေါ်လာသည်နှင့် အံ့မခန်းဖိအားတစ်ခု ပျံ့လွင့်လာတော့သည်။

အဘိုးအိုက သူ့လျှာထိပ်ကို ကိုက်၍ အနှီဓားကျိုးပေါ်သို့ သွေးထွေးထုတ်သည်။ ထို့နောက် သူက ၎င်းဓားကို ထာဆန်ထံသို့ ပစ်လွှတ်သည်။

ဓားကျိုးသည် တဝီဝီမြည်ဟီး၍ သတ်ဖြတ်ချင်စိတ်အပြည့်အဝဖြင့် ဓားစွမ်းအင်တို့ကို ထုတ်လွှတ်ကာ တဟုန်ထိုး တိုးဝင်သွားသည်။ ထာဆန်၏ ညာခြေထောက် ဆက်မလှမ်းခင်မှာ ဓားကျိုးနှင့် သူ့ခြေထောက် တွေ့ဆုံ၏။ ထာဆန်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့ညာခြေထောက်မှာ ဓားကျိုးကြောင့် သွေးထွက်သွားရလေ၏။

မထင်မှတ်စွာဖြင့် ၎င်းဓားကျိုးမှာ ထာဆန်၏ ညာခြေထောက်ကို ထွင်းဖောက်သွားနိုင်၏။ ၎င်းက ခုခံနိုင်စွမ်းမဲ့အားတစ်ခုကို သယ်ဆောင်ကာ ခြေထောက်ကို ထွင်းဖောက်၍ ထာဆန်၏မျက်နှာထံသို့ ဦးတည်သည်။

ဓားကျိုးမန္တာန်တိုက်ခိုက်မှုမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများ လုပ်နိုင်စွမ်းထက် အလွန်လှမ်းနေ၏။ ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူများသည်ပင် ဤဓားကျိုး၏ အမြန်နှုန်းကို မှီကြလိမ့်မည် မဟုတ်ပေ။

လက်ဖျစ်တစ်တွတ်အချိန်မျှဖြင့် ဓားကျိုးသည် ထာဆန်၏ညာခြေထောက်ကို ထွင်းဖောက်သွားခဲ့ပြီး ဖြစ်နေ၏။ နောက်ထပ် လျှပ်တပြတ်အတွင်း ယင်းဓားကျိုးသည် ထာဆန်၏မျက်နှာနား ရောက်သွားကာ လေးခုမြောက်ကြယ်ထံသို့ ဦးတည်သည်။

ထိုအခိုက်တွင် လေးခုမြောက်ကြယ်ထံမှ ထွက်ပေါ်နေသည့် အလင်းမှာ ပိုအားကောင်းလာ၏။ အရှင်ဝူဂျီက လွတ်မြောက်ရန် ရုန်းကန်နေသည့်အလား။ သို့သော်လည်း ဓားကျိုးသည် အတားအဆီးအားလုံးကို ကျော်ဖြတ်လာခဲ့ကာ လေးခုမြောက်ကြယ်နှင့် ပေတစ်ရာအတွင်းသို့ ရောက်ရှိလာချိန်တွင် တတိယမြောက်ကြယ်မှာ အပြင်းအထန် လင်းလက်သည်။ မမျှော်လင့်စွာ လူတစ်ယောက်သည် ထိုတတိယမြောက်ကြယ်ကနေ လှမ်းလျှောက်ထွက်လာပေသည်။

ထိုသူမှာ အရိုးစုနှင့်တူ၏။ သူ့မူလပုံပန်းအသွင်ကို တွေ့မြင်ရဖို့ရာ မဖြစ်နိုင်တော့၊ သူက အဝတ်ဗလာကင်းမဲ့နေသေးသည်။ သူက ခြေတစ်လှမ်းဖြင့် ဓားကျိုးနား ရောက်သွား၍ ၎င်းကို ကြမ်းတမ်းစွာ ထိုးချသည်။

ထိုလက်သီးချက်၏ ကျက်သရေရှိမှုကို ဖော်ပြရန်မှာ ခက်ခဲလှ၏။ ဝမ်လင်းအမြင်တွင် ထိုလက်သီးချက်သည် ဟန်သားကိုက် စီးဆင်း၍ လောက၏ ဥပဒေသအချို့ကိုပါ အသက်ဝင်စေသည်ဟု ထင်၏။ ထိုသို့ ဖော်ပြချက်ပင် သိပ်တော့ မသင့်တော်လှသေး၊ အကြောင်းကား ထိုသူ၏ တိုက်ခိုက်မှု လက်သီးချက်ကြောင့် လောကရှိ ဥပဒေသသည်ပင် ပြောင်းလဲသွားသည်ဟု ထင်ရသောကြောင့်ပင်။

ဓားကျိုးသည် ရုတ်တရက် ရပ်တန့်သွား၏။ လက်ချောင်းနှစ်ချောင်း ဓားကျိုးပတ်လည်တွင် ပေါ်လာသည်။ ဓားကျိုး မည်မျှ ရုန်းကန်ပါစေ ၎င်းသည် ထိုလက်ချောင်းနှစ်ချောင်းထံကနေ မလွတ်နိုင် ဖြစ်သွားသည်။

သို့ရာတွင် ထိုလက်ချောင်းများ၏ ပိုင်ရှင်၊ အရိုးစုကဲ့သို့ ကျင့်ကြံသူမှာလည်း ပြင်းထန်သောဖိအားကို ခံစားရလေ၏။ သူ့ခန္ဓာကိုယ်ကနေပင် ပျက်စီးတော့မည့်ကဲ့သို့ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့နက်မှောင်သောမျက်လုံးတို့မှာ တောက်ပသွားကာ သူ့မျက်ခုံးနှစ်ခုကြားတွင် လခြမ်းကွေးအမှတ်အသား ပေါ်လာ၏။ ထိုအမှတ်အသားက လူတိုင်း၏ အမြင်တွင် တောက်ပသွားသည်။

မာန်သွင်းသံနှင့်အတူ သူ့ညာလက်က ဓားကျိုးကို ဘေးတစ်ဖက်သို့ လမ်းကြောင်းလွှဲ၍ အထက်သို့ ဆက်တက် ပျံသန်းသွားစေသည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် အရိုးစု၏ ရင်ဘက်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး သူသည် တတိယမြောက်ကြယ်ထံသို့ အလျင်အမြန် ပြန်ဝင်ရောက်သည်။

ထိုမြင်ကွင်းမှာ ဝမ်လင်း၏မျက်နှာကို ခါးသီးသွားစေသည်။

ဝတ်စုံနက်အဘိုးအို၏မျက်လုံးမှာ နောက်တစ်ဖန် လင်းလက်သွားသည်။ ထို့နောက် သူက သူ့ညာလက်ကို တုံ့နှေးခြင်းမရှိ ဝေ့ယမ်းလိုက်ရာ ဓားကျိုးသည် ပျောက်ကွယ်သွားလေ၏။ သူသည် ချက်ခြင်းပင် နောက်လှည့်၍ ထွက်ခွာရန် ပြင်သည်။ သူသည် မြန်လွန်းလှကာ ဟင်းလင်းပြင်အက်ကြောင်းကို ချိုးဖျက်၍ ထွက်သွားပေတော့မည်။

“မင်း မလွတ်နိုင်ပါဘူး…” ထာဆန်၏မျက်လုံးထဲတွင် တစ္ဆေအလင်းတစ်ခု လှစ်ဟပေါ်ထွက်၏။ ငါးခုမြောက်ကြယ်သည် လုံးဝနက်မှောင်နေဆဲပင်။ သို့သော် ဤအခိုက်အတန့်၌ ၎င်းကြယ်မှာ အချို့မန္တာန်ကြောင့် ၎င်းဘာသာ စတင်လှည့်ပတ်လာသည်။ ထိုလှည့်ပတ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ငါးခုမြောက်ကြယ်သည် တွင်းနက်တစ်ခုနှင်ပင် တူညီနေသည်။

ထာဆန်၏ နှဖူးထက်ကနေ ထိုကြယ်သည် ပျံသန်းလာကာ ဝတ်စုံနက်နှင့်အဘိုးအိုထံသို့ တန်းတန်းမတ်မတ် ဦးတည်ဝင်လာသည်။

သို့ရာတွင် ထိုကြယ်ပျံသန်းလာချိန်တွင် လေးခုမြောက်ကြယ်မှာ တောက်ပ၍ အလင်းတို့ ပေါက်ကွဲထွက်သည်။ ၎င်းအလင်းသည် ငါးခုမြောက်ကြယ်အလင်းကို ထွေးပတ်ကာ ပျံသန်းထွက်လာရင်း ထိုကြယ်၏ လမ်းကြောင်းကို ပိတ်ဆို့သည်။

“အရှင်လုဖူ…မြန်မြန်ထွက်သွားတော့၊ ဒီအဘိုးအို မှားခဲ့တာ၊ သိပ်ကိုမှားခဲ့တာ၊ ငါက နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်ကို ချိုးဖျက်ဖို့အတွက် ဒီတော်ဝင်ရှေးဟောင်းနတ်ဘုရားရဲ့ စွမ်းအားကို ရဖို့ အငမ်းမရ မကြိုးစားသင့်ခဲ့ဘူး။ အခုတော့ ငါဟာ ဒီလိုပုံစံနဲ့ အဆုံးသပ်ခဲ့ရပြီ…”

လေးခုမြောက်ကြယ်အတွင်း၌ အရှင်ဝူဂျီသည် သွေးအန်ထွက်၏။ သူ့ခန္ဓာကိုယ်က တုန်ယင်သည်။ သူသည် ငါးခုမြောက်ကြယ်က အရှင်လုဖူကို စုပ်ယူခြင်းကနေ တားဆီးရန် ရှေးဟောင်းနတ်ဘုရားနှင့် သူ့ဆက်နွှယ်နေမှုကို အသုံးပြုနေခြင်းပင်။ သူက အရှင်လုဖူသာ ဝါးမြိုခံရပါက သူ့တစ်သက်လုံး လွတ်မြောက်နိုင်တော့မည် မဟုတ်သိကို သိထားသည်။

သူသာ လွတ်မြောက်လိုပါက အရှင်လုဖူကို ကယ်တင်ပေးဖို့ရာ စွန့်စားရပေမည်။ ထိုမှသာ အနာဂတ်တွင် သူ ရှင်သန်နိုင်ဖို့ အခွင့်အရေးတစ်ခု ပိုင်ဆိုင်မည် ဖြစ်၏။

ဝတ်စုံနက်အဘိုးအိုက တုံ့နှေးမနေ၊ သူက ရှေ့သို့ ခြေလှမ်း၏။ သူ့နောက်တွင် လှိုင်းတွန့်များ ပေါ်လာကာ ဝဲကတော့အသွင် ဖြစ်ပေါ်သည်။ ဤအခိုက်အတန့်တွင် ထာဆန်၏မျက်လုံးတို့က အေးစက်လာကာ သူ့ငါးခုမြောက်ကြယ်၏ ဝါးမြိုခြင်းကို လစ်လျူရှုလိုက်သည်။ သူက သူ့ညာလက်ကို ပင့်မြှောက်၍ လေဟာနယ်ကို ဆွဲယူ၏။ ထိုအခါ ခရမ်းရောင်အလင်းတန်းတို့ ပေါ်လာပြီး ကျင့်ကြံခြင်းဂြိုဟ်တော်တော်များများ အရွယ်အစား ရှိသည့် လှံကြီးကို ဖွဲ့တည်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံ။

ထိုအရာကား အစစ်အမှန်ရှေးဟောင်းနတ်ဘုရား ရတနာ၊ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ဖြစ်ချေ၏။

လှံကို ကိုင်ထားလျက် ထာဆန်၏ဟန်ပန်မှာ ကြမ်းကြုတ်နေ၏။ သူက ထိုလှံကို ပစ်လွှတ်လိုက်လေပြီ။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက လေထုကို တဝီဝီ ဖြတ်သန်းသွားသည်။ ၎င်းထံ၌ ရှေးဟောင်းနတ်ဘုရားစွမ်းအားအပြည့်အဝ ပါဝင်နေ၏။ ယင်းလှံမှာ ဝတ်စုံနက်နှင့်လူထံသို့ တိုးဝင်လာချေသည်။

၎င်းလှံ၏ အမြန်နှုန်းမှာ မျက်စိအမြင်၊ သို့တည်းမဟုတ် နတ်ဘုရားအာရုံဖြင့်ပင် မထောက်လှမ်းနိုင်ပေ။ ဟင်းလင်းပြင်အက်ကြောင်းထဲ၌ လှံ ဖြတ်သန်းသွားသည့်တစ်လျှောက် အပျက်အစီးဆက်တိုက် ဖြစ်သွားလေ၏။

ဝတ်စုံနက်အဘိုးအိုမှာ သုန်မှုန်နေ၏။ သူက ဝဲကတော့ထဲသို့ ခြေချပါက သည်လှံကြောင့် ဒဏ်ရာ ရသွားနိုင်၏။ သူ နှောင့်နှေးသွားလျှင်လည်း ငါးခုမြောက်ကြယ်မှာ အရှင်ဝူဂျီလက်ကနေ လွတ်၍ သူ့ကို ဤနေရာတွင် ပိတ်လှောင်ပေဦးမည်။ သူကား ဘေးကြပ်နံကြပ် ဖြစ်နေပေပြီ။

သို့ရာတွင် သူ့ထံ၌ စဉ်းစားနေဖို့ အချိန်မရှိ။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့ရှေ့တွင် ဓားကျိုးတစ်လက် ထပ်မံ ပေါ်လာသည်။ သူက သွေးအန်ထုတ်ကာ သူ့လက်ကို ဝေ့ယမ်း၏။ ထို့နောက် ဓားကျိုးသည် လှံထံသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။

ဝမ်လင်းသည် ဤတိုက်ပွဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူက ထာဆန် မည်မျှသန်မာသည်ကို တွေ့မြင်ရပေပြီ။ သူ့ထံ၌ ထူစီမည်မျှ သန်မာကြောင်း မှတ်ဉာဏ်များ ပိုင်ဆိုင်ထားသော်လည်း အခုကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရခြင်းမှာ မှတ်ဉာဏ်များနှင့် ကွာခြားပေ၏။

သူက လေဟာနယ်ကို ဖြတ်သန်း၍ ပျံသန်းနေသော နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို စူးစိုက်ကြည့်၏။ အခြားသူများအဖို့ ဤလှံမှာ ကောင်းကင်ဘုံ၏ခွန်အားနှင့် တူပေမည်။ သက်ရှိဖြစ်တည်မှုအားလုံးကို ၎င်းလှံက သတ်ပစ်နိုင်စွမ်း ရှိသည်နှင့် တူနေနိုင်သည်။ သို့သော် ဝမ်လင်းအတွက်တော့ သည်လှံမှာ ရတနာတစ်ခုသာ ဖြစ်ချေ၏။

ဓားကျိုးက နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် ချက်ခြင်း ထိပ်တိုက်တွေ့သည်။ ဓားကျိုး၏အရွယ်အစားက ထိုလှံနှင့် ဘယ်လိုမှ မယှဉ်သာပါ။ သို့သော် ၎င်းဓားကျိုး၏ အော်ရာကတော့ လှံထက် အနည်းငယ်မျှသာ အားနည်းပေသည်။ ၎င်းဓားကျိုးကို နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ရှေ့တွင် တွေ့မြင်ရဖို့ မဖြစ်နိုင်သော်လည်း ကျယ်လောင်စွာ ပေါက်ကွဲမှုနှင့်အတူ လှံမှာ ခဏတာ ရပ်တန့်သွားရလေ၏။

ဓားကျိုးသည်လည်း နောက်သို့ ပြန်ကန်ထွက်ကာ လေဟာနယ်အတွင်း ပျောက်ကွယ်သွားသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက တုန်ယင်နေ၏။ လှံအတွင်းကနေ တဝုန်းဝုန်းအသံများ မည်ဟည်းနေပြီးနောက် ၎င်းသည် နောက်တဖန် တိုးဝင်လာတော့သည်။

“ထာဆန်ရဲ့ ကြယ်က ဝတ်စုံနက်အဘိုးအိုကို ဝါးမြိုခွင့် ပြုပေးလို့ မရဘူး…” ဝမ်လင်း၏ စိတ်ထဲတွင် ထိုအတွေးသာ ရှိ၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ခဏတာ တုံ့နှေးသွားခိုက်တွင် သူသည် ချီတုံချတုံ ဖြစ်မနေဘဲ ရှေ့သို့ တိုးသွား၏။ သူ့အမြန်နှုန်းမှာ အကန့်အသတ်သို့ ရောက်လာပြီးနောက် နတ်ဘုရားသတ်ဖြတ်ခြင်းလှံရှေ့သို့ ရောက်သွားသည်။

သူ့လှုပ်ရှားမှုက ဝတ်စုံနက်နှင့်အဘိုးအိုကို မျက်မှောင်ကြုံ့သွားစေသည်။အရှင်မီးတောက်ကို တုန်ယင်သွားစေသည်။ အလောင်းကောင်ကလန်မှ ဘုရင်ရှစ်ပါးကို ထိတ်ပျာသွားစေ၏။ ဝမ်လင်းသည် မျက်လုံးမှိတ်၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ နီးကပ်လာချိန်တွင် သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး မူလစိတ်ဝိညာဉ်အမျှင်တန်းတစ်ခု ချန်ထားခဲ့သည်။ ၎င်းမူလစိတ်ဝိညာဉ်အမျှင်တန်း မပျက်စီးခင် သူ့မူလစိတ်ဝိညာဉ်မှာ ချိပ်ဟန်တစ်ခုကို ဖြစ်စေ၍ နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို အမိန့်တစ်ခု ပေးခဲ့နိုင်၏။

“ငါ့ စိတ်ဆန္ဒနဲ့ မင်း(လှံ)ကို တားဆီးတယ်…”

နတ်ဘုရားသတ်ဖြတ်ခြင်းလှံက ခဏတာ တုံ့ဆိုင်းသွား၏။ သို့သော ပြင်းထန်သောအော်ရာတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ ထာဆန်၏စိတ်ဆန္ဒကို ကိုယ်စားပြု၏။သူ့စိတ်ဆန္ဒက ဝမ်လင်း၏ ရောတိရောရဲ့မူလစိတ်ဝိညာဉ်နှင့် ထိပ်တိုက်တွေ့ကာ ပျက်စီးသွားစေသည်။

“ရှေးဟောင်းနတ်ဘုရားပထမဆုံးကြယ်အတွက် ငါ မင်းကို ကယ်တင်ပေးလိုက်မယ်…”

ထိုအသံမှာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အကြွင်းအကျန် ပျက်သုန်းမသွားခင်တွင် သူ နောက်ဆုံးကြားလိုက်ရခြင်းပင်။

ဝမ်လင်း၏ နှောက်ယှက်မှုက ဝတ်စုံနက်နှင့်အဘိုးအို ဝဲကတော့ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားဖို့ အချိန်ရသွားစေသည်။ အရှင်မီးတောက်နှင့် ဘုရင်ရှစ်ပါးတို့သည်လည်း ဝဲကတော့ထဲသို့ တရကြမ်း ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံက ထိုဝဲကတော့ကို တိုက်ရိုက် ဝင်စောင့်၏။ ပြင်းထန်သောအားတစ်ခုက သည်ဝဲကတော့ကို ဖြတ်သန်းသွားသည်။ ဝဲကတော့အတွင်းကနေ ထွက်လာကာစ အရှင်မီးတောက်သည် ထိုအား၏ သက်ရောက်မှုကို ခံရကာ သွေးအန်ထုတ်ရ၏။ သူသည် ချက်ခြင်း အားနည်းသွားသည်။ သူ့ခြေထောက်နှစ်ချောင်းမှာလည်း ပေါက်ကွဲသွား၍ သူ့မူလစိတ်ဝိညာဉ်သည်ပင် မတည်မငြိမ် ဖြစ်သွားရလေသည်။

သူက နာကျင်ကြောက်မက်ဖွယ် ပြုံး၏။ ထာဆန်အပေါ် သူ့အမုန်းတရားမှာ ပိုများပြားလာသည်။ အဖျက်အစီးအား နောက်တစ်ကြိမ် ထွက်ပေါ်လာသည်ကို တွေ့မြင်သည့်အခါ အရှင်မီးတောက်၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်လာ၏။ သူက သူ့ခန္ဓာကိုယ်ကို လက်လွှတ်ကာ သူ့မူလစိတ်ဝိညာဉ် သပ်သပ်ဖြင့်လွတ်မြောက်အောင် လုပ်သည်။

ဝတ်စုံနက်နှင့်အဘိုးအိုက အရှင်မီးတောက်နားသို့ ရောက်လာပြီး သူ့ကို ဆွဲခေါ်ကာ ပျောက်ကွယ်သွားတော့သည်။

ဘုရင်ရှစ်ပါးသည်လည်း နောက်ဆုံးတွင် လွတ်မြောက်လာနိုင်၏။ သို့သော် တုန်လှုပ်ဖွယ်အားက ချက်ခြင်း သူတို့ထံ ရောက်ရှိလာသည်။ သူတို့ရှစ်ယောက်လုံး၏ ခန္ဓာကိုယ်မှာ တုန်ယင်ကာ ပျက်စီးသွားပြီး အေးစက်စက်အော်ရာ ရှစ်ခု လွတ်မြောက်လာသည်။ သို့ရာတွင် ထိုကြောက်မက်ဖွယ်စွမ်းအားရှေ့တွင် ၎င်းအော်ရာရှစ်ခုထဲမှ ငါးခုသည် ပျက်စီးသွားရသည်။

ကျန်သည့်သုံးယောက်မှာ ခေါင်းတလားများကို ထုတ်ယူကာ တဟုန်ထိုး တိုးဝင်ပြီး ခန္ဓာကိုယ်အသစ်ဖြင့် ထွက်ပြေးရန် ပြင်သည်။ သို့ရာတွင် တုန်ခါလှိုင်းအားမှာ နောက်တစ်ကြိမ် ရောက်လာရာ သူတို့၏ခန္ဓာကိုယ်သစ်များကိုပါ ထပ်မံ ပျက်စီးသွားစေပြန်သည်။

ထိုသို့ဖြစ်မှုက သံသရာလည်နေ၏။ သူတို့ထဲမှ နောက်ထပ်တစ်ယောက် သေဆုံးသွားကာ သွေးအမျှင်တန်းတစ်ခု ကျန်ခဲ့လေသည်။

ကျန်သည့် အလောင်းကောင်ကလန်မှ ဘုရင်နှစ်ပါးမှာလည်း သူတို့၏ စဉ်းစားဉာဏ်ပင် ဆုံးရှုံးနေပေပြီ။ ထိုအားက သူတို့ထံ နောက်ထပ် နီးကပ်လာသည်ကို တွေ့သည့်အခါ သူတို့သည် ပျောက်ကွယ်ရပေတော့မည်။ ထိုအချိန်မှာပင် သူတို့ဘေး၌ အနက်ရောင်ဝဲကတော့တစ်ခု ရုတ်တရက် ပေါ်လာကာ လက်နှစ်ဖက် ဆန့်ထွက်လာ၏။ ထိုလက်နှစ်ဖက်က သူတို့နှစ်ယောက်ကို ဆွဲခေါ်ကာ ဝဲကတော့ထဲသို့ ဆွဲသွင်းလိုက်လေသည်။

“အုပ်စိုးသူအရှင်…” သူတို့က ဝမ်းသာ သွားကြ၏။ သူတို့သည် ထိုလက်နှစ်ဖက်ကို မခုခံဘဲ ဝဲကတော့ထဲသို့ ဆွဲသွင်းခံရခြင်းကို အလိုက်သင့် ရှိစေသည်။ ဤအခိုက်မှာပင် နတ်ဘုရားသတ်ဖြတ်ခြင်းလှံမှ ပေါက်ကွဲအားသည် ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။ တစ်ယောက်ယောက် ဒဏ်ရာရကာ ညီးသံတစ်ခုကို ကြားလိုက်ရ၏။ သို့သော် ကြည့်ရသည်မှာ ထိုသူတို့က ရှင်သန်နေတုန်း ဖြစ်ဟန် တူ၏။ ထို့နောက်တွင် ဝဲကတော့သည် ပျောက်ကွယ်သွားတော့သည်။

ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက် အရံဂြိုဟ်ပေါ်ရှိ ပုံမှန်တွေ့နေကျ တောင်တစ်လုံးအတွင်း၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာသည်။ ခဏတာ တွေဝေပြီးနောက် သူသည် ချက်ခြင်း မတ်တပ်ထရပ်ကာ သူ့ညာလက်ကို ဝေ့ယမ်း၍ အမျိုးသမီးအလောင်းကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် မြေပြင်ထက်ရှိ အစီအရင်ကို ဖျက်စီးကာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြု၍ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း ပြန်ပေါ်လာချိန်တွင် သူက ဟင်္သာပြဒါးဂြိုဟ်နှင့် အတော်‌ဝေးသောနေရာတွင် ရောက်ရှိနေပေပြီ။ သို့ရာတွင် ဝမ်လင်းသည် ရပ်တန့်ခြင်းမရှိ ခပ်မြန်မြန်ပင် ဆက်သွားသည်။ သူ့မျက်နှာကတော့ ဖြူရော၊သုန်မှုန်နေ၏။ သူသည် အရင်တုန်းကတည်းက ကြောက်ရွှံ့မှုကို လုံးဝ မခံစားခဲ့ဖူးပေ။ သို့သော် အခု သူ့စိတ်သည် တုန်ယင်နေ၏။ ထာဆန်၏ စကားများမှာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေလေ၏။

“ငါမင်းကို ပထမဆုံးရှေးဟောင်းနတ်ဘုရားကြယ်အတွက် ကယ်တင်ပေးမယ်…”

“ငါသာ ထာဆန်နဲ့ ရင်ဆိုင်ရရင် ငါ့မူခန္ဓာကိုယ်ဟာ ကပ်ဘေးခုနစ်ခု၊စမ်းသပ်ချက်သုံးခုကို ဖြတ်ကျော်ပြီးရင်တောင်၊ ငါ့မှာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ရှိခဲ့ရင်တောင် ငါဟာ သူ့လက်သီးချက်တစ်ချက်နဲ့တင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်း၏အမူအရာမှာ ခါးသီးဟန် ဖြစ်နေ၏။ သူသည် ထာဆန် လွတ်လာမလား၊ မလွတ်လားဘူးလားကို သေချာမသိ။ သို့သော် သူက မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ဆက်နေ၍ မဖြစ်တော့မှန်းကိုတော့ သိသည်။သူသည် တတ်နိုင်သမျှ မြန်မြန်ထွက်သွားကာ ထာဆန်ကို ရင်ဆိုင်နိုင်သည့်စွမ်းအား မရှိသေးသ၍ ဘယ်တော့မှ ဘယ်တော့မှ ပြန်လာ၍ မဖြစ်ပေ။

ဝမ်လင်းက ခါးသက်သက် ဟန်ပန်ဖြင့်ပင် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာချိန်၌ သူ့ကိုယ်သူအတွက် လွတ်လမ်းတစ်ခု ဖန်တီးထားသည့် နေရာသို့ ရောက်နေပေပြီ။ ထိုနေရာမှာ ဝေးခေါင်သည့် ဂြိုဟ်တစ်ခု ဖြစ်ချေ၏။ သူက အဇူရာနဂါးနတ်အင်ပါယာနှင့် မတွေ့ဆုံခင်မှာပင် ဤနေရာတွင် အစီအရင်တစ်ခုကို ကြိုချထားခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset