အခန်း ( ၂၇၈ )

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ရောက်ရှိလာခြင်း

မာန်သွင်းဟိန်းသံတစ်သံ လွင့်ပျံလာပြီး ဧရာမနဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်မှ ထိုးထွက်နေသော နက်မှောင်နေသည့် အကြေးခွံများနှင့် သွေးနီရောင်မျက်လုံးများ ရှိသည်။ ၎င်းကိုကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းသည် ကောင်းကင်မှင်ရည်ဦးချိုနဂါးကြီးမှလွဲ၍ တခြားမဟုတ်ချေ။

ပိုင်ရှောင်ချန်းသည် မြင်တွေ့နေရသမျှနှင့်ပတ်သက်ပြီး လုံးဝတုန်လှုပ်နေသည်။ တခြားစိတ်စွမ်းအင်ဂိုဏ်းသားများသည်လည်း ခေါင်းများချာချာလည်နေကြသည်။ ကိုးလုံးမြောက် တောင်၊ အဖြူရောင်နေမင်း၊ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများ၊ မန္တန်အစီအရင် ဘီလူးကြီးများ၊ ထိုအရာအားလုံးက အရင်က တစ်ခါမှ မမြင်ဖူးသောအရာများဖြစ်ကြသည်။

ဤအရာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အစစ်အမှန်အင်အားပင် ဖြစ်ပေသည်။

ဂိုဏ်းတစ်ခု၏အင်အားက မည်မျှရှိလဲဆိုသည်ကို ပြသခြင်းလည်းဖြစ်ပေသည်။

လူအားလုံး စိတ်ထဲတုန်ခါနေကြစဉ် အဖြူရောင်နေမင်းအတွင်းရှိ နက်မှောင်နေသော ကျီးကန်းမှ ရုတ်တရက် အော်ဟစ်သံ ထွက်ပေါ်လာသည်။

အာ…အာ..

ကလေးတစ်ယောက် အော်ဟစ်ငိုကြွေးနေသည့်အသံအလား ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေနိုင်အောင် ကျယ်လောင်လှသည်။ လေးကိုင်းအသွင်အားလှိုင်းတစ်ခုက လောချိန်တောင် တန်းကိုဖြတ်၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နယ်နိမိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

အားလှိုင်းကြီးက ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖြတ်ကျော်သွားသည်။ ၎င်းက မီတာသုံးသောင်းအကွာအဝေးထိ ဆက်လက်လွင့်ပျံသွားပြီး အတားအဆီးများကို ရိုက်ခတ်သွားဟန်ရှိကာ အက်ကွဲသံများ လေထဲတွင် ပျံ့နှံ့သွားသည်။ ရုတ်တရက် ကြေးမုံကဲ့သို့ အရာဝတ္ထုတစ်ခုက အစိတ်စိတ်အမွှာမွှာကြေမွသွားသည်ကို မြင်တွေ့လိုက်ရသည်။

တုန့်ပြန်သည့်အနေဖြင့် ကြီးမားသော သွေးရောင်တိမ်တိုက်များ နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။ မီတာသုံးသောင်းရှည်သော အမှတ်အသားတစ်ခု ထွက်ပေါ်လာခြင်းကြောင့် လေထုသည်ပင် တုန်ခါသွားသည်။

သွေးတိမ်များသည် အတားအဆီးကင်းမဲ့စွာ လွင့်ပျံလာပြီး ထိုအထဲမှာ မရေမတွက်နိုင်သော အော်ဟစ်မြည်ကြွေးသံများ ရှိနေသည်။

သွေးတိမ်တိုက်အတွင်းမှာ ရက်စက်ကြမ်းကြုတ်သောမျက်နှာများကို မြင်တွေ့နေရပြီး ယောက်ျားများနှင့် မိန်းမများ၏မျက်နှာများပါဝင်သည်။ သွေးတိမ်တိုက်က စိတ်စွမ်းအင်နတ်ရေစင် ဂိုဏ်းတည်ရှိရာနှင့် နီးကပ်လာသည်ဖြစ်၍ အော်ဟစ်ကြွေးကြော်သံများ ကြားလာရပြီး သွေးရောင် အလင်းများက လောကတခွင်ကို ဖြန့်ကျက်ထားသည်။

သွေးမိုးများ ရွာကျစပြုလာပြီး လျှပ်စီးများလက်လာသည်။ မိုးများ ကျဆင်းလာသည့်နေရာတွင် ရေများနေသည့်အလား သွေးပင်လယ်များဖြစ်ပေါ်လာသည်။ မကြာမီ တဝုန်းဝုန်းမြည်ဟည်းသံများကို ကြားလာရပြီး သွေးပင်လယ်များထက်တွင် သွေးရောင်စစ်သင်္ဘောများကို မြင်လာရသည်။

တချိန်တည်းမှာပင် သန့်စင်ထားသော ရုပ်အလောင်းများနှင့် ဂါဂိုလီများပြည့်နေသော တပ်ဖွဲ့တစ်ခု ထွက်ပေါ်လာသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ရောက်ရှိလာခဲ့လေပြီ။

ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များကျဉ်းမြောင်းသွားပြီး လောချိန်တောင်တန်းများ၏ အပြင်ဘက် သွေးကမ္ဘာကို ကြည့်လိုက်သည်။ လွင့်မျောလာသော သွေးတိမ်တိမ်များနှင့် သွေးပင်လယ် များထဲတွင် စစ်သင်္ဘောများသာမက သွေးရောင်စစ်ရထားများကိုလည်း မြင်တွေ့လာရသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စစ်ရထားများသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စစ်ရထားများနှင့်မတူဘဲ အရိုးများနှင့်ပြုလုပ်ထားရာ အသွင်အပြင်က ကြောက်မက်ဖွယ် ကောင်းလှသည်။

သွေးရောင်စစ်ရထားများကို မရေမတွက်နိုင်သော အပြင်စည်းဂိုဏ်းသားများက ထိန်းချုပ်ထားကြသည်။ သူတို့၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ၊ မိုက်ရူးရဲဆန်သည့် စိတ်များနှင့်ပြည့်နေပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ သူတို့နှင့်အကြည့်ချင်းဆုံမိလေရာ တုန်ခါသွားလေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ သွေးဆာနေသော အကြည့်များကြောင့် အကြည့်ခံလိုက်ရသူတိုင်း တုန်ခါသွားလိမ့်မည်။

စစ်သင်္ဘောများနှင့်စစ်ရထားများအပြင် သွေးပင်လယ်ထဲတွင် မြောက်မြားစွာသော သွေးဘီလူးကြီးများ ပါဝင်သည်။ သူတို့အားလုံးမှာ ထိပ်ပြောင်နေကြပြီး သွေးကလွဲ၍ ဘာမှမရှိချေ။ ၎င်းတို့၏ခြေလှမ်းတိုင်းမှာ ၎င်းတို့ခြေထောက်အောက်ရှိ သွေးပင်လယ် တုန်ခါသွားသည်။ သွေးဘီလူးကြီးများ ပတ်လည်တွင် မရေမတွက်နိုင်သော ဂိုဏ်းသားများလည်း ရှိသည်။

ကောင်းကင်နှင့်မြေကြီးမှာ အဆုံးအစမဲ့ဟန်ရှိသော တပ်ဖွဲ့နှင့်ပြည့်နေရာ လွန်စွာရင်သပ်ရှုမောဖွယ်ကောင်းလှသော မြင်ကွင်းတစ်ခုပင်။

အထက်တွင် သွေးတိမ်တိုက်များရှိပြီး အောက်တွင် သွေးပင်လယ်ရှိသည်။ ထိုနှစ်ခုကြားတွင် အမှောင်ထုကြီးက နေရာယူထားသည်။

တိမ်တိုက်များဆီမှ လျှပ်စီးများ ဝင်းလက်သွားသည့်အခါမှသာ အမှောင်ထုကြီးက လင်းလက်သွားပြီး ရှေးဟောင်းလူ့ဘီလူးကြီးများ၊ ခံစားချက်ကင်းမဲ့သော မျက်နှာများကို မြင်တွေ့ရသည်။ လူ့ဘီလူးကြီးများ၏ခေါင်းများထက်တွင် အမြုတေအဆင့်အငွေ့အသက်များ ထုတ်လွှတ်နေသော အေးစက်တင်းမာနေသည့် ကျင့်ကြံသူများရှိသည်။

ထို့ပြင် သာမန်အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ထိုကဲ့သို့ အငွေ့အသက်များ မထုတ်လွှတ်နိုင်ချေ။ သူတို့ဆီမှ ထွက်ပေါ်နေသည့် သွေးချီများမှာ ပြင်းထန်လှပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သွေးသခင်အဆင့်ကို ကျော်လွန်နေမှန်း ပိုင်ရှောင်ချန်း ပြောနိုင်သည်။ သို့တိုင် တစ်ယောက်စီတိုင်းက သွေးသခင်ဖြစ်ခဲ့ဖူးသည့် လက္ခဏာများ ပြသနေသည်။

ထိုလူများက ဂိုဏ်းထဲတွင် ဂိုဏ်းစောင့်အကြီးအကဲများအဆင့်ထက် ကျော်လွန်သည်ကို နားလည်လိုက် သောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့က ခေါင်းဆောင်ကြီးများအောက် အမြင့်ဆုံးရာထူးကို ပိုင်ဆိုင်ထားပြီး သွေးအေးလူသတ်သမား များဖြစ်ကြပေသည်။

သွေးသခင်များက အမြုတေအဆင့်သို့ ရောက်သောအခါ သွေးအေးလူသတ်သမားများ ဖြစ်လာသည်။

သွေးအေးလူသတ်သမား ဒါဇင်ကျော်က အဆုံးအစမဲ့ အမှောင်ထုထဲမှာ လျှောက်လာနေသည်။ သို့သော်လည်း အမှောင်ထု၏တစ်ချက်စီမှာ နတ်ဘုရားစွမ်းအင်များ ထုတ်ဖော်လျက် ပျံသန်းလာသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲတစ်ရာကျော်ရှိသည်။

သူတို့နောက်တွင် အမှောင်ထုကို ခြံရံလျက် ပျံသန်းလိုက်ပါလာသော အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ထောင်ကျော်ရှိသည်။ မြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပိုမိုခန့်ညားထည်ဝါအောင် ပြုလုပ်ပေးနေသည်။

အဆုံးအစမဲ့အမှောင်ထု၏ရှေ့တွင် အဓိကအင်အားစုလေးစုရှိသည်။ တစ်စုမှာ မြောက်မြားစွာသော ဂါဂိုလီများနှင့်ပြုလုပ်ထားသော အနက်ရောင်ခေါင်းကြီးတစ်ုဖြစ်သည်။ ခေါင်းထက်တွင်ထိုင်နေသည်က အမည်မဲ့တောင်၏ သွေးသခင်နှင့် မဟာအကြီးအကဲတို့ဖြစ်သည်။

ဒုတိယအင်အားကြီးအုပ်စုမှာ မရေမတွက်နိုင်သော သန့်စင်ရုပ်အလောင်းများ ဝန်းရံထားသည့် ကြီးမားသော ခေါင်းတလားတစ်လုံးဖြစ်သည်။ ခေါင်းတလားထက်တွင် ရုပ်အလောင်းတောင်ထိပ်၏ သွေးသခင်နှင့် မဟာအကြီးအကဲတို့က တင်ပျဉ်ခွေလျက် ခံစားချက်ကင်းမဲ့နေသော မျက်လုံးတွေနှင့် ကြည့်နေသည်။

တတိယအင်အားကြီးအုပ်စုမှာ ကြောက်မက်ဖွယ်စွမ်းအားများ ထုတ်လွှတ်နေသော အသွေးအသားများပေါင်းစပ်ထားသည့် ဧရာမလက်ကြီးတစ်ဖက်ဖြစ်သည်။ လက်ဝါးထက်တွင် နွံအိုင်တောင်ထိပ်၏ မဟာအကြီးအကဲနှင့်သွေးသခင်တို့ တင်ပျဉ်ခွေလျက် ထိုင်နေသည်။

နောက်ဆုံးအင်အားကြီးအုပ်စုမှာ ဧရာမသွေးဓားတစ်လက်ဖြစ်သည်။ စူးရှပြတ်သားပြီး သွေးရောင်အလင်းများ ဖြာထွက်နေကာ လေကိုခွင်း၍ ပိုင်းဖြတ်တော့မည့်ဟန် ရှိနေသည်။ ထိုဓားထိပ်တွင် လူတစ်ယောက်ကိုသာ တွေ့မြင်နိုင်သည်။

ထိုလူသည် စုန့်ကျင်းဝမ်ဖြစ်ပြီး တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်ပြီး လှပသော သူမ၏မျက်နှာထက်တွင် စိတ်ပျက်နေသော အ၇ိပ်အယောင်တစ်ခု ဖြစ်ပေါ်နေသည်။ ညမုဆိုးပျောက်ကွယ်သွားခြင်းကြောင့် အလယ်တောင်ထိပ်၏အင်အားစုက တခြားတောင်ထိပ်များကို မယှဉ်နိုင်သည်မှာ ထင်ရှားသည်။ စစ်ပွဲသို့သွားရမည်ကို ထည့်တွက်ကြည့်လျှင် ထိုအကျိုးဆက်က ပိုမိုထိရောက်ခဲ့သည်။

အောက်ဘက်ရှိ သွေးပင်လယ်ထဲတွင် အပြင်စည်းနှင့်အတွင်းစည်းဂိုဏ်းသားများ မရေမတွက်နိုင်အောင် ရှိလေသည်။ လောချိန်တောင်များနှင့်နီးကပ်လာသည့်အတွက်ကြောင့် သူတို့၏အော်ဟစ်ကြွေးကြော်သံများ တိတ်ဆိတ်ငြိမ်သက်သွားကာ သတ်ဖြတ်လိုသောစိတ်များ လွင့်ပျံတက်လာသည်။

အထက်ရှိ အခြေခိုင်မာခြင်းအဆင့်အကြီးအကဲများသည် ပျံသန်းနေရင်း ရံဖန်ရံခါ သူတို့၏ အင်္ကျီလက်များကို လှုပ်ခါလိုက်ရာ လေပြင်းများဖြစ်ပေါ်လာပြီး အပြင်စည်းနှင့်အတွင်းစည်းဂိုဏ်းသား များကို တဆက်တည်းပျံသန်းသွားအောင် ပြုလုပ်လိုက်သည်။ သူတို့က လေထဲ ပျံသန်းနေသည့်အတွက်ကြောင့် သွေးရောင်အလုံးကြီးတစ်ခုအလား အထူးအစီအရင်များအဖြစ်သို့ စုစည်းသွားသည်။

မြေပြင်သို့ ပြန်လည်ဆင်းသက်လာသောအခါ မြေပြင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာပြီး ရာကျော်သောဂိုဏ်းသားများမှာ ပြိုကွဲသွားကာ ဆက်လက် ရွေ့လျားသွားပြန်သည်။

သွေးရောင်အလုံးကြီးများက ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းလှပြီး ဂိုဏ်းသားများကို လုံးဝ အကြောက်အလန့်မရှိအောင် ပြုလုပ်ပေးနေဟန်ရှိသည်။ သူတို့က မြေပြင်ထက်တွင် ရင်သပ်ရှူမောဖွယ် ပုံစံနှင့် ပျံသန်းနေကြလေ၏။

ထိုသွေးလုံးများသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တိုက်ပွဲဝင်မှော်စွမ်းအားများထဲမှ တစ်ခုဖြစ်သည်။

ပိုင်ရှောင်ချန်း၏ ခေါင်းတစ်ခုလုံး ထူပူနေသည်။ အလယ်တောင်ထိပ်၏ သွေးသခင် ဖြစ်ခဲ့သည့် အတွက်ကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်း သူကောင်းစွာသိထားသည်။ သို့တိုင် သူသတိမထားမိသောအရာများ ဂိုဏ်းမှာရှိသေးကြောင်း သိလိုက်ရသောအခါ တုန်လှုပ်သွားသည်။

သူက ဧရာမသွေးဓားကြီးထက်တွင် မာနကြီးစွာ တစ်ကိုယ်ထဲ ထိုင်နေသော စုန့်ကျင်းဝမ်ကို ကြည့်လိုက်သောအခါ သူ၏ရင်ထဲတွင် ခံစားချက်များ ရောပြွမ်းလျက် ထွက်ပေါ်လာပြီး စိုးရိမ်ကြောင့်ကြစိတ်များ ခံစားလာရသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထက် ပိုမိုအထင်ကြီးစရာ ကောင်းသည်မှာ ထင်ရှားသည်။ သို့တိုင် ဤအခြင်းအရာက သာမန်ဂိုဏ်းသားများနှင့် ကျင့်ကြံသူများသာ ရှိသေးသည်။ သူတို့၏ အစစ်အမှန်အင်အားစုများ၊ ဂိုဏ်းချုပ်ကြီးများက သွေးတိမ်တိုက်များထဲမှာ ရှိနေသည်။

ထိုတိမ်တိုက်များအတွင်းမှာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေနိုင်သော ပုံရိပ်ရှစ်ခုအပါအဝင် ကြောက်မက်ဖွယ်မျက်နှာများကို ဖုံးကွယ်ထားသည်။ သူတို့က ဘယ်သူမှ မောမကြည့်ဝံ့သော အံ့သြတုန်လှုပ်ဖွယ်ကောင်းသည့်လူများဖြစ်သည်။

ထိုလူရှစ်ယောက်အနက် တစ်ယောက်စီကို လေပွေများက ဝန်းရံထားလျက်ရှိရာ ကြည့်မိသူတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များကလွဲပြီး ဘာမှ မမြင်ရချေ။

ထိုလေပွေရှစ်ခုအနက်တစ်ခုအတွင်းမှာ အလွန်တရာကြီးမားကာ နက်မှောင်နေသည့် ဂါဂိုလီတစ်ကောင်ရှိပြီး ၎င်း၏ခေါင်းထက်တွင် တဖျပ်ဖျပ်လက်နေသည့် မျက်လုံးတွေနှင့် အဘိုးအို တစ်ယောက်ထိုင်နေသည်။

နောက်ထပ်လေပွေတစ်ခုထဲတွင် မကြာသေးခင်က နှိုးဆွထားခဲ့သော ကြောက်မက်ဖွယ် ရုပ်အလောင်းဖြစ်သည့် မဟာဖုတ်ကောင်တစ်ကောင်ရှိသည်။ မဟာဖုတ်ကောင်၏ပခုံးထက်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးဟန်ရန် ရှိသည်။

ခေါင်းဆောင်ကြီးအတုမဲ့သည် နောက်ထပ်လေပွေတစ်ခုအတွင်းမှာရှိပြီး သူ့ခန္ဓာကိုယ်ကို တောင်များနှင့်လခြမ်းများကို ပိုင်းဖြတ်နိုင်သည့် ဓားတစ်သိန်းက ဝန်းရံထားသည်။

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် လေဝဲတစ်ခုအတွင်းရှိ သွေးတံခွန်၏ထိပ်ဖျားမှာ ရှိနေသည်။ တံခွန်ကို ရွှေရောင်မှော်သင်္ကေတများဖြင့် ထွင်းထုထားပြီး လျှပ်စီးများ တဖျပ်ဖျပ်လက်နေကာ သွေးပင်လယ်ဆီသို့ စိမ့်ဝင်သွားနေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးရှစ်ယောက်လုံး ရှိနေကြသည်။ သူတို့ထဲမှ တစ်ယောက်ဖြစ်သော ခေါင်းဆောင်သည့်လူက သွေးရောင်လူ့ဘီလူးကြီးအသွင်ယူထားသည်။ ထိုဘီလူးကြီး၏ ညာဘက်လက်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ဆောက်ထားပုံနှင့် လွန်စွာ ဆင်တူသည်။

ထိုခေါင်းဆောင်ကြီးသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လက်ရှိအဓိက ခေါင်းဆောင်ကြီး ဖြစ်ပေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ခေါင်းဆောင်ကြီးရှစ်ယောက်ရှိသော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ငါးယောက်သာ ရှိသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများ ထုတ်ဖော်ပြသလာခဲ့လေပြီ။ အဓိကခေါင်းဆောင်ကြီး၏ ပတ်လည်တွင် ကြီးမားသော သွေးရောင်သစ်ပင်တစ်ပင်ရှိပြီး ရှေးဟောင်းအငွေ့အသက်များကို ထုတ်ဖော်နေသည်။ ထိုသစ်ပင်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ အဖိုးတန်ဆုံးရတနာတစ်ခု ဖြစ်သည်။

မီတာသုံးရာရှိသော သွေးရောင်ကြေးမုံပြင်တစ်ချပ်လည်း ရှိသေးသည်။ ထိုကြေးမုံထဲတါင် မရေမတွက်နိုင်သော ပုံရိပ်များရှိနေပြီး အော်ဟစ်မြည်ကြွေးနေကာ ဖောက်ထွက်လာတော့မည့်အလား ရှိနေသည်။ ထို့ပြင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တတိယမြောက်ရတနာဖြစ်သော တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့် သွေးရောင်သံလိုက်တုံးနှစ်တုံးလည်း ရှိသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ အဖိုးတန်ရတနာများသည်လည်း စိတ်စွမ်းအင်နတ်ရေစင် ဂိုဏ်းရှိရတနာများထက် သာလွန်နေသည်။

သို့သော် သူတို့၏အမြင့်ဆုံးရတနာက ပိုမိုကြောက်မက်တုန်လှုပ်ဖွယ်ကောင်းနေသည်။ တပ်ဖွဲ့၏အထက်၊ ခေါင်းဆောင်ကြီးများနှင့် သွေးရောင်တိမ်တိုက်များအထက်တွင် စာခြောက်ရုပ်တစ်ခု ရှိနေသည်။

စာခြောက်ရုပ်ကို အပေါ်ယံကြည့်လျှင် သာမန်ဟုထင်ရသော်လည်း အနီးကပ်ကြည့်လျှင် ၎င်း၏ညာလက်တွင် လူ့အရေပြားတစ်ချပ်ကို ဆုပ်ကိုင်ထားပြီး တခြားဘက်တွင် ချိန်ခွင်တစ်ခု ရှိနေသည်ကို တွေ့ရလိမ့်မည်။ ၎င်း၏မျက်နှာထက်တွင် ရှုံ့မဲ့နေသော အပြုံးတစ်စ ရှိနေပြီး မည်သူမဆို ၎င်းကို ကြည့်လိုက်လျှင် ကြောက်ရွံ့စိတ်များ ရိုးတွင်းခြင်ဆီအထိ ဖြစ်တည်သွားလိမ့်မည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရောက်ရှိလာခြင်းတွင် ကောင်းကင်ယံရှိ သွေးရောင်တိမ်တိုက်များ၊ မြေပြင်ရှိ သွေးပင်လယ်များ၊ ထူးဆန်းသော အမှောင်ထုများ ပါဝင်သည်။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်က လောချိန်တောင်တန်းကို ဖျက်ဆီးတော့မည့်အလား ရောက်လာဟန်တူနေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏လမ်းရှိ မည်သူမဆို ဝိညာဉ်နှင့်ခန္ဓာ ပျက်စီးလွင့်ပျယ်လျက် သေဆုံးသွားရလိမ့်မည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျင့်ကြံသူများမှာ ခေါင်းတစ်ခုလုံး ချာချာလည်နေသော်လည်း တိုက်ခိုက်လိုစိတ်များ အပြင်းအထန်ထွက်ပေါ်လာတော့သည်။

သူတို့၏စိတ်ဆန္ဒတွေက လေထဲရှိ လျှပ်စီးများ၊ မှော်သင်္ကေတများနှင့် ပေါင်းစပ်သွားကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ချက်ချင်းတွန်းလှန်တော့မည့်အလား တဝုန်းဝုန်းမြည်ဟည်းသံများ ဖြစ်ပေါ်လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset